သူလိုချင်တာ ရတော့မယ်ဆိုတဲ့အတွေးနဲ့ ကလေးရဲ့မျှော်လင့်ချက်မျက်လုံးလေးတွေက ကိုအောင်မောင်းရဲ့တံချုထိပ်က ခြင်းလေးထဲမှာပင်။ မျှော်လင့်ချက်မျက်လုံးလေးတွေက မျက်ရည်စို့နေပေမယ့် အရောင်လေးတွေက တလက်လက်တောက်ပလို့သာ။ စူးစမ်းပြီးရှေ့တိုးလာတဲ့ ကလေးရဲ့လက်သေးသေးလေး ခြင်းထဲအရောက်…..
“အား…မေမေ….မေမေရေ…အီးဟီးဟီး….ပူတယ် ပူတယ်….မေမေ”
ခြင်းထဲကလက်ကို ရုတ်ချည်းထုတ်ပြီး သူ့အမေရှိရာဆီပြေးသွားတဲ့ကလေးနောက်ကို ကိုအောင်မောင်းက တံချုကိုင်ပြီး ပြေးလိုက်လာတဲ့အခါ ကလေးက မိတင်အုန်းရဲ့ ရင်ခွင်ထဲက မထွက်တော့ပေ။
“လူလေး..ဒီမှာ နေမင်းကြီးလေ..ရော့ရော့ ကိုင်ပါဦးကွ”
မိတင်အုန်းရဲ့ရင်ခွင်ထဲ မျက်နှာအပ်ရာကနေ ကိုအောင်မောင်းဘက်ကို လှည့်၍မလာတော့ပေ။
“ကိုအောင်မောင်း ရှင် ဘာကြီးထည့်လာတာလဲ ကျွန်မကို ပြစမ်းပါဦး”
“ဟဲဟဲ ငါ့အကြံမပိုင်လား…ဒီမှာကြည့်” ဟုဆိုကာ ပြလာတဲ့ ခြင်းတောင်းထဲ ကြည့်လိုက်မိတဲ့အခါ ပြာဖုံးနေတဲ့ မီးခဲလေးတွေ။
“နောက်ဆို နင့်သား သိပ်ပူဆာရဲမှာမဟုတ်တော့ဘူး နင်လဲ သိပ်မလိုမလိုက်နဲ့ဟ၊ အလိုလိုက်တော့ ကိုယ်ပဲပင်ပန်းတာပေါ့၊ တစ်ခါတစ်လေ လည်း နဲနဲပါးပါးကြောက်အောင်လုပ်ထားဦးမှပေါ့။ နင်က လူခွဲရှိတာမဟုတ်ဘူး.. ငါက စေတနာနဲ့ပြောတာနော်”
“အင်းပါ ကိုအောင်မောင်းရယ်…. ကျွန်မ နားလည်ပါတယ်။ ပြန်လိုက်ဦးမယ်”
မိညှက်ကိုတောင် နှုတ်မဆက်ဘဲ ထွက်လာခဲ့တဲ့ မိတင်အုန်းတစ်ယောက် ရင်ထဲတော့မကောင်းလှပေ။ မီးခဲကိုသွားကိုင်မိတဲ့သားလေးရဲ့ လက်ကလေးကို ပါးစပ်နဲ့ ငုံပေးလာရင်းက သက်ပြင်းအရှည်ကြီးသာ ချလိုက်မိပါတော့တယ်
“ဟင်း…………………”
“အမလေး မိတင်အုန်းရယ်…ဒီလောက်ရှည်တဲ့ သက်ပြင်းချသံများ ငါဖြင့် တစ်ခါမှကို မကြားဖူးပါဘူးအေ ”
ချက်ချင်းဆိုသလို စိတ်ထဲအရှိအတိုင်းပြောချတတ်တဲ့ဖွားညှက်က ဖွားအုန်းဘာတွေတွေးနေပြန်ပြီဆိုတာ အတတ်သိလိုက်လေသည်။
“ရှေးဟောင်းနှောင်းဖြစ်တွေပေါ့ အညှက်ရယ်….”
ဒီလောက်ဆို ဖွားညှက် သဘောပေါက်လေသည်။ ဒီစကား ဒီမှာတင်ရပ်ကာမှ တော်ပေလိမ့်မည်။ အကြောင်းတစ်ခုခုတိုက်ဆိုင်တိုင်း သားနှစ်ယောက်ကို သတိရကာ မျက်ရည်ကျတတ်တဲ့ ဖွားအုန်းအကြာင်းကို ဖွားညှက်မသိဘဲနေပါ့မလား….။
“ကဲကဲ ငါ ပြန်ဦးမယ် မျက်ရည်လည်ရွဲလုပ်မနေနဲ့ဦး”
“အေးပါ အညှက်ရယ်… ဟောပြောရင်းဆိုရင်း မျက်ရည်တွေက သူ့အလိုလိုကျလာပြန်ပါပြီ…..”
တသွင်သွင်စီးကျလာတဲ့မျက်ရည်တွေကြားမှာ ဖွားအုန်းရဲ့အပြုံးလေးက အားအင်ချိနဲ့စွာ။ သားသမီးတွေဆီစိတ်ရောက်လိုက်တာနဲ့ ထိန်းမရတဲ့ မျက်ရည်တွေက သူ့အလိုလိုစီးကျလို့သာ။ ဘ၀တစ်ခုအဆင်ပြေဖို့ အခြားဘ၀တစ်ခုရင်းနှီးကြရတာ သဘာဝပေလား၊ နိယာမပေလား ဖွားအုန်းမသိ၊ သားသမီးတို့ရဲ့ ဘ၀အဆင့်ဆင့်မြင့်မားစေဖို့ ဖွားအုန်းရင်ကွဲခံလာတာ နှစ်ပေါင်းကမှ မနည်းတော့တာ။
ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ တစ်ယောက်တည်းရင်ကွဲခံကာ ကြိတ်မှိတ်ခံစားခဲ့ရခြင်းက အရာထင်တယ်လို့ဆိုရပေမည်။ ဆုံးပါးသွားတဲ့ ခင်ပွန်းဖြစ်သူရဲ့ဆွေမျိုးတွေမှတစ်ဆင့်အဆက်အသွယ်ဖြတ်ခဲ့တဲ့ဖွားအုန်းရဲ့သားနှစ်ယောက်လုံးက ရန်ကုန်မြို့မှာ အချေကျခဲ့လေသည်။ တစ်နှစ်တစ်ခေါက်အလှည့်ကျရောက်လာကြပေမယ့် အိမ်ထောင်ကျပြီးကတည်းက အဆက်အသွယ်တွေကျဲခဲ့လေတော့သည်။ ကိုယ်စခဲ့တဲ့ “ဇာတ်လမ်းပဲလေ…ကိုယ်ပဲခံရမှာပေါ့၊ အိုး မြို့မှာက မပင်မပန်းဘဲ လုပ်ရတာ၊ တော်မှာလိုမဆင်းရဲဘူး…” အဲဒီလိုအမျိုးမျိုးအဖုံဖုံ အလုံးစုံနဲ့ အားတင်းရင်းကပဲ ဖွားအုန်းဘ၀  အထီးကျန်ဖြစ်နေရခြင်းသာ။ “ငယ်ငယ်က ဒုက္ခပေးတဲ့ကလေးတွေ ကြီးလာတော့လည်း မသိတတ်ကြဘူး” လို့ အများကပြောကြပေမယ့် ဖွားအုန်းကတော့ အဲ့လိုမခံယူမိပေ။ မိသားစုရယ်လို့ဖြစ်သွားကြရင်တော့ ကိုယ့်မိသားစုအရေးက အရေးကြီးဆုံးပဲ မဟုတ်လား..။ မမြင်နိုင်တဲ့လုပ်ဆောင်မှုတွေကြားမှာ သားအကြီးကော အငယ်ပါ နစ်မြုတ်နေမှာတော့ အသေအချာပင်။
အိမ်စုတ်လေးနဲ့ဒီခြံလေးကိုတောင် သံယောဇဉ်မဖြတ်နိုင်တဲ့ဖွားအုန်းက ရင်ကမွေးဖွားထားရတဲ့ သားနှစ်ယောက်ကို ဘယ်မှာသတိမရနေ မည်နည်း။ အများပြောနေကြတဲ့ သားနှစ်ယောက်ရဲ့သတင်းနဲ့အပြိုင်ဆန့်ကျင်ဘက်ဖြစ်စွာခံယူထားတဲ့ ဖွားအုန်းရဲ့အခြေအနေက ပတ်ဝန်းကျင်ကလူတွေအတွက်တော့ အတင်းပြောစရာဖြစ်နေခဲ့လေသည်။
အများပြောနေကြတဲ့ အိုဇာတာကောင်းဖို့ဆိုသည် အဘယ်နည်း။ သားသမီးတွေနဲ့အတူနေရဖို့လား။ အလုပ်မလုပ်ဘဲထိုင်စားရဖို့လား။ ကျန်းမာရေးကောင်းတာလား။ အဘယ်ကိုဆိုလိုသနည်း။ အတူနေသားသမီးတွေရဲ့ဒုက္ခတွေကို ဝေမျှခံစားရဖို့လား….။ အမျိုးမျိုးသော ထင်မြင်ယူဆချက်တွေကြားမှာအပြုံးမပျက်တဲ့ဖွားအုန်းရဲ့ခံယူချက်ကို ဘယ်သူမှ လက်မခံနိုင်ပါချေ။
“ငါက အိုဇာတာ ကောင်းပါတယ်မိညှက်ရယ်….. ငါ့ကို ဒုက္ခပေးမယ့် ဘယ်သားသမီးမှ ငါးအနားမှာမရှိဘူးလေ။ ထမင်းတစ်လုပ်ကိုလည်း မျိုကျအောင် ကြည့်နေရမယ့် မျက်နှာတွေလည်းမရှိဘူးလေ။ အမြင်မတော်လို့ လိုက်ပြောနေရမယ့် ကလေးသူငယ်လည်းမရှိဘူးလေ၊ ကြည်ကြည်ဖြူဖြူနဲ့ပေးလာတဲ့ သားသမီးတွေရဲ့ ငွေလေးက ငါ့အတွက်လုံလောက်ပါတယ်။ သူတို့ဘ၀လေးတွေ အေးချမ်းပျော်ရွှင်နေတယ် ဆိုရင်ပဲ ငါ့ဘ၀ရဲ့အိုဇာတာလေးက ဘယ်လောက်များကြည်နူးစရာကောင်းလိုက်သလဲ နင် မြင်ကြည့်စမ်းပါ မိညှက်ရယ်”လို့ တစ်ခါတုန်းက ပြောခဲ့ဖူးတဲ့ဒီစကားလေးတွေကို မဟာသူရဲကောင်းမကြီး ဖွားအုန်းက မျက်ရည်အ၀ိုင်းသားနဲ့ပြောခဲ့တယ်ဆိုတာ ဖွားညှက်တစ်ယောက်က လွဲလို့ တခြားဘယ်သူမှ သိနိုင်တော့မည်မဟုတ်ချေ။
စိမ့်စမ်းရေ

2015၊ မတ်လ၊ တက္ကသိုလ်ရဟန်းပျိုစာစောင်တွင်ပါပြီး။

Posted by စိမ့်စမ်းရေ on Wednesday, July 6, 2016

0 comments

Post a Comment