“မိညက် မိညက် ထထ ထတော့ ဟိုမှာ
မိတင်အုန်းတောင် သားနှစ်ယောက်နဲ့ ရွာထဲ အုန်းမောင်းလျှောက်တီးပြီးပြီ”
မနှစ်ခြိုက်တဲ့လေသံနဲ့ပြောလာတဲ့
ကိုအောင်မောင်းကို အိပ်ယာထဲကနေ မိညှက် လှမ်းကြည့်လိုက်ပါတယ်။ အမြဲလိုလိုစကားထဲထည့်ထည့်
ပြောလာတဲ့ မိတင်အုန်းတို့သားအမိအကြောင်းကို မိညှက် လုံးဝမကြိုက်ပေ။
“ ရှင် ပြောပြန်ပြီလား ကိုအောင်မောင်း
စကားပြောရင် ဘာဖြစ်လို့ ကျုပ်သူငယ်ချင်းကို ထည့်ထည့်ပြောနေရတာလဲ၊ ကျုပ်ကို နှိုးစရာရှိ
ရိုးရိုးတန်းတန်းနှိုးပေါ့”
စောစောစီးစီးပေမယ့် သတိလွတ်စွာ
မိညှက်အော်ပြောလိုက်တော့
“ဟ မပြောလို့ရမလား မနက်လေးနာရီမတီးခင်ကတည်းက
တစ်ရွာလုံးကို ဆူညံနေတာပဲ။ ရွာနောက်ပိုင်းမှာလဲနေလဲ အရှေ့ပိုင်းက အိပ်မရ၊ တောင်းပိုင်းက
အိပ်မရနဲ့ ဒီလောက်ဒုက္ခပေးတဲ့ကလေးတွေ၊ ငါ တစ်ခါမှ မမြင်ဖူးဘူး၊ ကိုယ့်မှာလည်း သားတွေသမီးတွေနဲ့ပါကွာ…သူ့
လောက်…. ”
“တော့ ကိုအောင်မောင်း… ရှင်
တော်မလား၊ မတော်ဘူးလား စောစောစီးစီး ကျုပ် ရန်မဖြစ်ချင်ဘူးနော်”
“အေးပါကွာ အေးပါ မပြောဆို
မပြောတော့ပါဘူး၊ မင်းအသံကို ကြောက်လွန်းလို့ပါကွာ”
မကြာခဏဖြစ်တတ်တဲ့ ကိုအောင်မောင်းတို့ရဲ့ရန်ပွဲကိစ္စတိုင်း
မိတင်အုန်းရဲ့သားနှစ်ယောက်ကြောင့်ပင်။ လူမမည်သားနှစ်ယောက်ရဲ့ဒဏ်ကို အလူးအလဲိခံနေရတဲ့မိတင်အုန်းကို
စာနာသနားကြပေမယ့် မနက်လေးနာရီထိုးတိုင်း နေ့စဉ်ရက်ဆက် ထထသောင်းကျန်းတတ်တဲ့ဒဏ်ကို တော့
တစ်ရွာလုံးက ငြိုငြင်လာကြသည်။
ညဉ်ဆိုးတယ်ပဲပြောရမလား၊ ဂြိုလ်ကောင်လေးလို့ပဲပြောရမလားမသိပေမယ့်
မိတင်အုန်းရဲ့ သားနှစ်ယောက်စလုံးက စရိုက်အတူတူပင်။ လိုချင်တာရရင်ရ။ မရလို့ကတော့ ချော့ဖို့ပင်မလွယ်၊
ဟိုဟာနဲ့ချော့မရ၊ ဒီဟာနဲ့ခြောက် မရ၊ နောက်ဆုံးမှ ချီပိုးပြီး ရွာထဲပတ်ပေးလိုက်မှ အငို
ရပ်လေတော့သည်။ နေ့ဘက်တွေသိပ်မသိသာလှပေမယ့် ထူးဆန်းစွာ အချိန်မှန် ငိုတတ်တာကတော့ မနက်
လေးနာရီပင်။ စားကောင်းခြင်း မစားရ၊ အိပ်ကောင်းခြင်းမအိပ်ရပေမယ့် မိတင်အုန်းကတော့ သားနှစ်ယောက်အတွက်
ဘယ်တော့မှ မငြိုငြင်ခဲ့ပေ။
“နင့်သားတွေဟယ် ကြီးလာရင် လွယ်ပါ့မလား” လို့ ပတ်ဝန်းကျင်က မေးငေါ့လာသမျှကိုလည်း
“ ဒါကတော့ ကံတရားပေါ့ အမရယ် ” လို့ မိတင်အုန်းက တုန့်ပြန်တတ်လေသည်။
မမြင်နိုင်တဲ့ ကုသိုလ်ကံထက် မြင်နေရတဲ့သားနှစ် ယောက်အရေးက မိတင်အုန်းအတွက် အရေးကြီးဆုံးမဟုတ်ပါလား။
***-----***-----***-----“”
“အမယ် မတင်အုန်း
ဒီလိုကြတော့လည်း နင့်သားတွေက ချစ်စရာလေးတွေပါလား ဟ”
သနပ်ခါးအဖွေားသားနဲ့ချစ်စရာလေးဖြစ်နေတဲ့
သားနှစ်ယောက်ကို ကိုအောင်မောင်းက ချီးကျုးလိုက်ခြင်းပင်။ ပြုံးရယ်နေတော့လည်း ချစ်စရာ
တော့ အကောင်းသားလို့ ထင်မိခြင်းဖြစ်ပေလိမ့်မည်။
“ထုံးစံအတိုင်းပေါ့
ကိုအောင်မောင်းရယ် သောင်းကျန်းပြီးလို့ စားသောက်ပြီး လမ်းလျှောက်ထွက်လာတာ”
“နင်တို့အပိုင်း
ငါ ခဏသွားမလို့။ အေးပါ အေးအေး အိမ်မှာ မိညှက်ရှိတယ်၊ အိမ်ကို ၀င်သွားလိုက်ဦးလေ ”
ကိုအောင်မောင်းနဲ့
မိတင်အုန်းတို့စကားပြောနေချိန်မှာပင် ကလေးတွေကို နှုတ်ဆက်သံတွေက ဆူညံနေလေသည်။
မြင်မြင်သမျှ အထူးအဆန်းသဖွယ်
ဖြစ်နေတာမို့ အကြီးကောင်လေးက သူသိလိုသမျှတွေကို မပီကလာ ပီကလာနဲ့ မေးနေသံကိုလည်း ကြားရ
လေသည်။
“ မေမေ ဒါကြီးက
ဘာလဲ၊ ဟိုးမှာ ဟိုးက ဟာရော”
“ဒါက ထန်းပင်သားရဲ့၊
ဟိုက ကျောင်း၊ စာသင်ကျောင်းလေ သားသားလေးကြီးလာရင် အဲဒီကျောင်းမှာ စာသင်ရမှာပေါ့”
သိသွားသလို နားလည်သွားသလို
အမူအရာလေးတွေနဲ့ ခေါင်းလေးတညိတ်ညိတ်လုပ်နေဟန်လေးတွေက ကလေးသဘာဝမို့ အတော်ပင်ချစ်စရာကောင်းလှသည်။
ကလေးတွေကချစ်စရာကောင်းသလို ညနေ မစောင်းတစောင်းလေးရဲ့ နေ၀င်ချိန်လေးကလည်း အတော်ပင်လှနေလေသည်။
တောင်တွေကာရံထားတဲ့ ရွာလေးမို့ နေထွက်ချိန်နဲ့ နေ၀င်ချိန်က ဒီရွာလေးရဲ့ အလှဆုံးပင်။
နေလုံးကြီးဝင်သွားရာ အနောက်ဘက်ဆီသို့ မျက်နှာမူရင်းလမ်းလျှောက်သွားနေတဲ့ မိတင်အုန်းက
မြင်မြင်သမျှ ပူဆာတတ်တဲ့ သားတွေရဲ့ မေးသမျှကိုလည်း မညီးမညူပြန်ဖြေပေးနေရသေးသည်။ စိတ်ကျေနပ်လောက်မယ့်
အဖြေမျိုးမဟုတ်ပြန်ရင်လည်း မဖြစ်သေးပေ။
“မေမေ သားသားတို့
ခု ဘယ်ကိုသွားနေတာလဲ ဟင်”
“ဟိုးမှ တွေ့လားသား…အဲဒီနေမင်းကြီးဆီ
သွားကြည့်မလို့ပေါ့”
အနောက်ဘက်တောင်တန်းတွေကြား
မေးတင်စပြုနေတဲ့ နေမင်းကြီးက မိတင်အုန်းတို့ရွာရဲ့ အနောက်ဘက်ခြမ်းက အလှတစ်ပါးပင်။ လယ်ကွင်းအစပ်တွေကနေကြည့်ရင်
သိပ်ကိုကြည့်ကောင်းတဲ့ ပန်းချီကားတစ်ခုဆိုလည်း မမှားနိုင်ပေ။ အနုပညာခံစားရေးဖွဲ့တတ်ကြတဲ့သူ
တွေဆိုရင်တော့ ဒီသဘာဝအလှကို စာဖွဲ့ကုန်နိုင်မည်မဟုတ်ဟု မိတင်အုန်းထင်မိသည်။
“ညီလေး လာလာ ဒီကိုလာ”
အမေကိုလက်တွဲထားရာမှ
ရှေ့ကိုပြေးထွက်သွားတဲ့အကြီးကောင်က သူ့ညီလေးကို လှမ်းခေါ်လိုက်လေသည်။ တိတ်ဆိတ်ပြီးအေးချမ်းတဲ့
နေရာလေးမို့ သူတို့တွေအတွက်ပြေးလွှားကစားဖို့နေရာလို့ ထင်လိုက်သည်မသိ ရုတ်တရက်
“မေမေ သားသားကို
အဲဒီ နေကြီး ယူပေးပါလား သားသားဆော့ချင်လို့”
ဒုက္ခ၊ အဲဒါမှ ဒုက္ခလှလှပင်
မဟုတ်တာကိုပူဆာနေပြန်ပြီ
“အဲဒါက ယူလို့မရဘူး
သားလေးရဲ့ ဟိုးအဝေးကြီးမှာ၊ လာလာ မေမေတို့ အိမ်ပြန်ကြမယ်”
လိုချင်တာကိုမရသော
ကလေးငယ်တို့ရဲ့ထုံးစံအတိုင်း မျက်နှာအမူအရာချက်ချင်းပြောင်းလဲသွားတဲ့ သားဖြစ်သူရဲ့အခြေအနေကို
ရိပ်စားမိ လိုက်တဲ့မိတင်အုန်းက ချက်ချင်းပဲ အငယ်ကောင်လေးကိုကောက်ချီကာ အကြီးကောင်ကိုလက်ကဆွဲလို့
ခပ်မြန်မြန်ပင် ရွာထဲသို့ ၀င်လိုက်ရ လေသည်။
“အဟင့် ဟင့် ယူပေး
ယူပေး အဲဒီနေကြီးကိုယူပေး….”
တအင့်အင့်နဲ့ငိုနေရာမှ
မိညှက်တို့အိမ်ရှေ့အရောက် ဆတ်ခနဲ တွဲလာတဲ့လက်ကိုဖြုတ်ပြီး ပေကပ်ကပ်နဲ့ရပ်နေပါတော့တယ်။
လမ်းလျှောက်နေ ရာမှရပ်၊ ရပ်နေရာမှ ထိုင်ကာ ခြေနှစ်ချောင်းပွတ်ပြီး အော် အော်ငိုနေတဲ့သားဖြစ်သူကို
မိတင်အုန်း စိတ်မရှည်စွာနဲ့ကြည့်လိုက်မိလေသည်။ ဒီလိုသာဆိုရင်တော့ တော်ရုံနဲ့တိတ်ဖို့မလွယ်လှ။
အကြောတင်းလှတဲ့ သားဖြစ်သူရဲ့အကြောင်းကို သူသာအသိဆုံးမဟုတ်လား…..။
“ လာလာ သားလေး
မေမေနောက်တော့ယူပေးမယ်နော် လာပါသားလေးရဲ့လာလာ တော်ကြာမှောင်တော့မယ် ” တက်နိုင်သလောက်
ချော့မော့ပြောဆိုနေတဲ့ မိတင်အုန်းကို ခပ်ဝေးဝေးအသာလေးအကဲခတ်နေတဲ့ ကိုအောင်မောင်းက
“မိတင်အုန်း နေဦး၊
ဒီကောင့်ကို ငါပညာပေးပြမယ်၊ နင် အသာလေးဖယ်နေ” ဟုဆိုကာ အိမ်ထဲကနေပြေးထွက်လာတဲ့ ကိုအောင်မောင်းက
လက်ထဲမှာလဲ တံချုတစ်ခုနဲ့။
“အော်….နေပါစေ
ကိုအောင်မောင်းရယ် ကျွန်မ ချော့မော့ပြောလိုက်ပါ့မယ်”
ကိုယ့်အတွက်အလုပ်ရှုပ်စေမည့်အလား
သို့တည်းမဟုတ် သားကို နာကျင်အောင် တစ်ခုခုများလုပ်လေမလားဆိုတဲ့အတွေးနနဲ့ သားအတွက်စိုး
ရိမ်စိတ်ဖြစ်သွားတဲ့ မိတင်အုန်းရဲ့လေသံက အထင်းသားကိုပေါ်လွင်သွားလေသည်။
“အမလေးဟယ် နင့်သားကို
ငါရိုက်လည်းမရိုက်၊ ခြောက်လည်းမခြောက်ပါဘူး…၊ သူလိုချင်တာ ယူပေးလိုက်ယုံပဲ၊ နင်သာ အိမ်ပေါ်ခဏသွားနေ”
ပြောပြောဆိုဆိုနဲ့
ကိုအောင်မောင်းက
“လာလာ လူလေး ဘဘယူပေးမယ်၊
ဟော ဟိုက နေမင်းကြီးကို ယူချင်တာမဟုတ်လား..လာလာ တိတ် တိတ်”
မယုံတစ်ဝက်၊ ယုံတစ်ဝက်နဲ့
ကိုအောင်မောင်းရဲ့လက်ပေါ်ပါသွားတဲ့ အကြီးကောင်က အငိုလည်းတိတ်သွားပါတော့တယ်။ ခပ်လှမ်းလှမ်းနား
ရောက်တဲ့အခါ နေကိုတံချုနဲ့ခူးသလိုမျိုးခူးပြနေလေသည်။ နေမင်းကြီးက တံချုထိပ်ကခြင်းထဲပါလာသလိုမျိုး
နှစ်ခါသုံးခါလောက် လုပ်ပြပြီးတဲ့အခါ
“ဟေး…ပါလာပြီကွ…ပါလာပြီ
လာလာ ဒီနားလာ ကိုင်ကြည့်ရအောင်….”
ဆက်ရန်.....
စိမ့်စမ်းရေ
0 comments