အိမ်ပြတင်းကို ဖြတ်လို့
ဝင်ရောက်လာတဲ့လေပြေတစ်ချက်ကြောင့်
အေးသီတာကျောထဲခပ်အေးအေးကလေး ခံစားလိုက်ရလေသည်။ စောင့်မျှော်နေသူတစ်ယောက်ကို
စိတ်မချနိုင်သေးတာမို့ အိမ်ပြတင်းကို ပိတ်ရင်ကောင်းမလား၊ ခဏစောင့်ရမလားနဲ့
မိမိဘာသာ တွေဝေ နေရာမှ ပိတ်ထားလိုက်တာကောင်းပါတယ်လေ….ဟု စိတ်ကိုတင်းကာ
ပြတင်းပေါက်တံခါးအား ဆွဲကာပိတ်လိုက်လေတော့သည်။
တိတ်ဆိတ်နေတဲ့ညအချိန်မှာ အေးသီတာရဲ့တံခါးပိတ်သံက လိုတာထက်ပိုကျယ်သွားသလိုပင်။ အိမ်အလယ်ခန်းဆီမှာ အိပ်ပျော်နေတဲ့ အမေများ နိုးသွားမလားလို့ စိုးရိမ်စိတ်နဲ့ အမေ့ခြင်ထောင်ထဲ အပြေးကြည့်ရပြန်ပါတယ်။ နှစ်ခြိုက်စွာအိပ်မောကျနေတဲ့ အမေ့မျက်နှာ လေးကို မြင်လိုက်တော့မှ အေးသီတာတစ်ယောက် တော်ပါသေးရဲ့ဟု သက်ပြင်းချကာ အိမ်ရှေ့ဘက်ဆီသို့ အသာလေး ပြန်ထွက်လာ လိုက်ပါတယ်။
ညက တိတ်ဆိတ်နေတာမို့ တရွေ့ရွေ့သွားနေတဲ့ နာရီစက်သံက တစ်အိမ်လုံးမှာ အကျယ်ဆုံးပင်။ တစ်ချောက်ချောက် တချက်ချက်နှင့် သူ့တာဝန် သူထမ်းဆောင်နေသည်မှာ မည်သူမျှပင် ဂရုစိုက်မိပုံမပေါ်ချေ။ သူက ဂရုမစိုက်ပေမယ့် အေးသီတာကတော့ ဂရုစိုက်ရလေ သည်။ ဘယ်အချိန်ရှိနေပြီလဲ၊ ဘယ်လောက်ရောက်နေပြီလဲ စသည်စသည်ဖြင့် အချိန်တွေကိုပဲ တွက်ယူကာ စောင့်မျှော်နေခဲ့ရသည်မှာ ရက်ပေါင်းပင် မရေတွက်နိုင်တော့။
ဟိုဟာလေးလုပ်ရင်ကောင်းမလား၊ ဒီဟာလေးပဲ လုပ်နေရင်ကောင်းမလား၊ စာဖတ်နေရမလား၊ ကုလားထိုင်နဲ့ထိုင်စောင့်နေရမလား အိုး….တစ်ယောက်တည်းကို အမျိုးကိုစုံလို့
“သမီး….မအိပ်သေးဘူးလား၊”
အိပ်ခန်းထဲက အမေ့အသံကြောင့် အေးသီတာ လန့်၍သွားလေသည်။ အမေဘယ်တုန်းထဲကများ နိုးနေပါလိမ့်လို့ စိုးရိမ်စိတ်နဲ့ အမေ့ခြင်ထောင်ထဲ ၀င်ကြည့်ပြီး
“အမေ နိုးနေတာကြာပြီလား၊ ဘာဖြစ်လို့လဲဟင် အိပ်မပျော်တာလား”
“အိပ်ပျော်ပါတယ်သမီးရယ် ခုလေးတင်နိုးလာတာ၊ သမီးမအိပ်သေးဘူးလား”
“ဟုတ်……..အမေ့သားကိုစောင့်နေတာ…..သူ ပြန်လာခါနီးပြီလေ”
“အိပ်ရေးပျက်တာပေါ့သမီးရယ်။ သမီးက မနက်ကျရင်လည်း အစောကြီးထရသေးတာမဟုတ်လား၊ သမီးမောင်လေးက စိတ်ချရပြီးသားပါ။ သူ့ကိုယ်သူ ထိန်းနိုင်ပါတယ်ကွယ်”
“ဟုတ်ကဲ့ပါအမေရယ် ပြန်အိပ်တော့နော် ကိုဇော်ပြန်လာပြီးရင် သမီးလည်းခဏနေရင် အိပ်တော့မှာပါ။”
အမေ့ကို ပြန်သိပ်ပေးခဲ့ပြီး အေးသီတာအိမ်ရှေ့ဆီပြန်ထွက်လာမိတော့ အိမ်အလည်တိုင်ထိပ်က နာရီကို ကြည့်မိလျက်သား ဖြစ်နေလေ သည်။
“အော်……… ၁၂ နာရီတောင်ခွဲတော့မှာပါလား”လို့ တွေးလိုက်မိရင်းက မကြာခင်မှာပဲ မောင်လေးကိုဇော် ပြန်လာချိန်နီးပြီဟု မိမိဘာသာ စိတ်ကိုဖြေလျော့ရင်းက ကုလားထိုင်လေးပေါ်မှာ စာဖတ်နေလိုက်ပါတယ်။
ညပိုင်း တက္ကစီမောင်းနေတဲ့ မောင်လေးက တစ်ခါတစ်လေ ညဥ့်နက်တတ်လေသည်။ သူများတွေလို ဆက်သွယ်စရာအဖြစ် ဘာမှမရှိတော့ ဘယ်ရောက်နေလဲ၊ ဘာဖြစ်နေလဲဆိုတာ မသိရ။ အိမ်ကို ရောက်လာမှသာ “အော် အန္တရာယ်ကင်းစွာနဲ့ ရောက်လာပါ လား” လို့ မှတ်ယူရလေသည်။ တစ်ခါတလေးများ နောက်ကျမိတယ်ဆိုရင်ဖြင့် အိမ်ကမိသားစုတွေက ဆေးရုံပဲပြေးရမလား၊ ရဲစခန်းပဲသွားမေးရ မလားစသည်ဖြင့် တွေးတောပူပန်ရပြန်ပါတယ်။
တစ်နေရာရာမှာ တစ်ခုခုဖြစ်တဲ့အသံလေးကြားလိုက်တာနဲ့ အိမ်မှာနေရစ်ခဲ့ကြတဲ့ မိသားစုဝင်တိုင်း စိတ်ပူတတ်ကြတာက ဓမ္မတာပင်။ အခုလည်း အေးသီတာ မျှော်နေရပြီ၊ ထိုင်နေလျက်က ငိုက်ငိုက်ကျလာတဲ့ ခေါင်းကို အေးသီတာမနိုင်တော့ပြီ။ အမေ့ရဲ့ ဟောက်သံ သဲ့သဲ့တို့ ကြားနေရင်းကပဲ အေးသီတာရဲ့ မျက်တောင်လေးတွေလည်း တဖြည်းဖြည်း ၀ပ်ဆင်းနေခဲ့လို့သာ။
***-------***-------***-------***-------***-------***-------***
အေးသီတာရဲ့မောင်လေး ကိုဇော်က တစ်အိမ်လုံးမှာ အငယ်ဆုံးပေမယ့် အိမ်တာဝန်တွေကို ခေါင်းထဲထည့်ထားရသူ၊ ပခုံးပေါ် တင်ထားရသူ၊ အစစအရာရာအားကိုးရသူပင်။ အခုလည်း အလုပ်တစ်ခုနှင့် မလောက်ဟုဆိုကာ ညဘက်ကို ကားထွက်မောင်းနေလေသည်။
“တစ်ညလုံးမှ မဟုတ်တာ မလတ်ရ၊ ညတစ်ဝက်ပဲဟာ အရင်ကလည်း ငါလက်ဖက်ရည်ဆိုင်ထိုင်နေကျအချိန်တွေပဲလေ” ဟုဆိုတာ ညနေ ၆ နာရီကတည်းက တက္ကစီမောင်းလေတော့သည်။
အရင်ကတော့ အေးသီတာက ရုံးတစ်ခုက ၀န်းထမ်းတစ်ယောက်ပါ။ တဖြည်းဖြည်းဆိုးရွားလာတဲ့ အမေ့ကျန်းမာရေးအရ အေးသီတာအလုပ် ထွက်ခဲ့ရလေသည်။
“ မလတ် နင်အလုပ်မလုပ်နဲ့တော့၊ နင် အမေ့ကိုပဲကြည့်၊ နင့်အစား ငါပိုလုပ်မယ်”လို့ ပြောလာတဲ့ မောင်လေး ကိုဇော်ရဲ့စကားကြားရတော့ အေးသီတာ ရင်ထဲ ၀မ်းနည်းစွာနဲ့ ကြည်နူးမိခဲ့လေသည်။
လုပ်ချင်းလုပ် ကိုယ်ကသာ အကြီးမဟုတ်လား ကိုယ်ပဲ အစစအရာရာ ထလုပ်လိုက် ချင်သည်၊ ဒါပေမယ့် မိန်းကလေးရှာစာနဲ့ ယောက်ျားလေးရှာစာချင်းက မတူ။ ပင်ပန်းပေမယ့် မိသားစုကို လောက်ငှစေသည်။ အဲဒါကြောင့်ပဲ အေးသီတာ အလုပ်ကထွက်ခဲ့ခြင်းဖြစ်လေသည်။
အငယ်ဆုံးမို့ ဖတဆိုးလေးမို့ အဆိုးကြီးဆိုးမယ်လို့ ထင်ထားသမျှ ကိုဇော်က တက်တက်စင်အောင် လွဲခဲ့ပါတယ်။ ရိုးသားတယ်၊ ကြိုးစားတယ်၊ အမေနဲ့မောင်နှမတွေအပေါ် သိတတ်တယ် စသည် စသည်နဲ့ ကိုဇော့်သတင်းတွေကို နားထဲပြန်ကြားရတော့ အမေကော အေးသီတာပါ ကြိတ်၍ကြည်နူးခဲ့ရလေသည်။
“ ကိုယ့်ကျန်းမာရေးလည်း ဂရုစိုက်ပါသားရယ်။ နေ့နေ့ညညတော့ မလုပ်ပါနဲ့” လို့ အမေကမကြာခဏပြောလေတိုင်း
“ သားက လူငယ်ပါအမေရဲ့၊ အမေတောင် သားတို့ကြီးတဲ့အထိ အကြော်ရောင်းပြီးရှာကြွေးခဲ့သေးတာ။ သားကဘာလို့ မလုပ်နိုင်ရမှာလဲ၊ အမေသာ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်နော် နောက်ဆိုရင် သားတို့ ဒီထက်ပိုပြီး အဆင်ပြေလာမှာပါ၊ အဲဒီအခါကျ သားတို့ ခရီးထွက်ကြ မယ်လေ အမေ့မွေးရပ်မြေကို သွားလည်ကြမယ်နော်”
အမေ့ကိုကြည့်ပြီးပြောလာတဲ့ သားဖြစ်သူရဲ့ အားပေးစကားသံတွေကြားရင် အမေက ရှည်လျားစွာ ဆုပေးတတ်ပါတယ်။
“သာဓု၊ သာဓု၊ သာဓု ပါကွယ် အမေ့သားလေး ဘုန်းကြီးပါစေ၊ အသက်ရှည်ပါစေ၊ သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေ၊ သူတော်ကောင်း တွေနဲ့တွေ့ပြီး ကူညီမယ့်သူတွေလည်းပေါ်လာပါစေကွယ်”
“အမေပေးတဲ့ဆုပဲ …. သားကအကုန်ရမှာပါ မဟုတ်ဘူးလား” ဟု သားအမိနှစ်ယောက်ရဲ့အပြန်အလှန်ပြောသံတွေကို အေးသီတာ မကြာခဏမြင်ရ၊ ကြားရပါတယ်..အဲဒီအခါမျိုးကျရင်
“အမေတို့များ သိပ်ပိုတာပဲနော် ဒီမှာလည်း သမီးတစ်ယောက်ရှိပါသေးတယ်”လို့ အေးသီတာက မကျေမနပ်ဟန်နဲ့ ဆိုတော့ အမေ့မျက်နှာ မကောင်းတော့ပေ။ အကြောင်းမှာ အေးသီတာတို့မှာ အကိုကြီးတစ်ယောက်ရှိသေးသည် မဟုတ်ပါလား။
***-------***-------***-------
“မလတ်…….ဒီမှာ ငါ မနေ့ကထားခဲ့တဲ့ပိုက်ဆံ နင်ယူသေးလား”
“ပေါက်ပေါက်ရှာရှာ ယူစရာလား”
“ငါသေသေချာချာထားခဲ့တာပါ……အဲဒါ စာအုပ်ဖိုး ပေးရမယ့်ပိုက်ဆံတွေ…”
တစ်ယောက်တည်း မြည်တွန်တောက်တီးကာ ဟိုရှာဒီရှာလုပ်နေတဲ့ သားငယ်ဖြစ်သူကို လှမ်းကြည့်ရင်း
“မင့်အကိုကြီးများ ယူမိသေးလားကွယ် သူပြန်လာရင် အမေမေးထားကြည့်မယ်နော်…..သားလေး ရော့ရော့ အမေ့ဆီက ယူသွား…”
“ရတယ် အမေ မယူတော့ဘူး မေးလည်း မမေးနဲ့တော့၊ ဘယ်တော့မှလည်း ပြန်ရမှာမဟုတ်ဘူး၊ မေးလည်း အမှန်ပြောမှာ မဟုတ်ဘူး၊ ရတယ် ထားလိုက်တော့”
အဲဒီလိုနဲ့ပဲ အေးသီတာတို့မောင်နှမတွေ တွန်းလိုက် ဆုတ်လိုက်နဲ့ တဖြည်းဖြည်း အရွယ်ရောက်လာကြတာပါ။ စည်းကမ်းမရှိတဲ့ အကိုကြီးကို အငယ်မောင်နှမတွေက ပြန်လို့သွန်သင်နေရတဲ့အဖြစ်တွေကြောင့် မောင်နှမတွေ မကြာခဏစကားများကြတာတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း အကြာကြီးရန်ဖြစ်တာမျိုး၊ စိတ်ဆိုးနေတာမျိုးတော့ မရှိခဲ့ကြပေ။
အရင်ကတော့ အမေ့လုပ်စာ၊ အမေ့ချွေးနဲစာလေးနဲ့ မောင်နှမတွေ ပူပန်စိတ်မရှိကြပဲ နေထိုင်၊ စားလောက်လာခဲ့ရာက ကိုဇော် ၈ တန်းအရွယ်မှာ အမေ နာမကျန်းစဖြစ်လေတော့သည်။ အဲဒီအချိန်မှာ အေးသီတာက အဝေးသင်တက်ကာ လုပ်ငန်းခွင်ဝင်ကာစပင်။
ပညာမတတ်ရင် သူများအောက်ကျမယ်လို့ မကြာခဏ တဖွဖွ ပြောခဲ့တဲ့ အမေ့စကားသံအချို့ကို လျစ်လျူရှုကာ တစ်မိပေါက် တစ်ယောက်ထွန်းလို့ ဆိုးချင်တိုင်းဆိုး မိုက်ချင်တိုင်းမိုက်နေတဲ့ အေးသီတာတို့အကိုကြီးက အချိန်တန်ရင် လက်ဝါးဖြန့်ဖို့ လောက်သာ သိလေသည်၊
အမေ့ရဲ့ရှာစာလေးကို စားရေး၊ နေရေးနဲ့ ၀တ်ရေးတွေကို အချိန်အတော်ကြာ ဖြေရှင်းခဲ့ရသည်ကိုလည်း နားမလည်၊ နိုင်သလောက်လေး ကူညီဖို့လည်း မသိတတ်ခဲ့ပေ။ အပေါင်းအသင်းတွေနဲ့ သောက်စားကာ အလုပ်ဟူ၍လည်း မလုပ်ကိုင်ပဲ ပေတေနေတဲ့ အကိုကြီးကိုတော့ အေးသီတာတို့ စာရင်းထဲက ဖယ်ထားမိလေပြီ။

“သမီးအကိုကြီးက
သမီးတို့မောင်နှမကိုချစ်ရှာပါတယ်ကွယ်….. သမီးတို့ငယ်ငယ်ကဆို
သူပဲအကုန်လုပ်ပေးခဲ့ရတာမလား။ ခုလည်း အပေါင်းအသင်းမှားလို့သာဆိုးနေတာပါ သမီးတို့က
ကိုယ့်အကိုကြီးကို နားလည်ပေးလိုက်ကြပါကွယ်”
“ဟုတ်ကဲ့ပါအမေရယ်… သမီးတို့အကိုကြီးကို ဘယ်တော့မှ မပြစ်မှားပါဘူး”
တနေကုန် တကုတ်ကုတ်နဲ့ ပင်ပန်းလှတဲ့အမေ့ကို အေးသီတာ စကားစကြည့်သည်။ “အမေ့အစား အေးသီတာဈေးရောင်းမယ်” လို့ပြောတော့ အမေက တူးတူးခါးခါး ငြင်းကာ “အမေရှိနေသရွေ့ ငါ့သမီး ဈေးမရောင်းရဘူး” လို့ အမေက ပြတ်သားစွာ ဆိုလေသည်။
“ သမီးကို ပညာသင်ပေးထားတာ ဈေးရောင်းဖို့မှ မဟုတ်တာပဲကွယ်၊ ငါ့သမီးလေး ရုံးတက်ရုံးဆင်းနဲ့ ခုလိုသွားလာနေတာ မြင်ရတာနဲ့တင် အမေက ကျေနပ်နေတာ၊ ပျော်နေတာ၊ ပြီးတော့ စိတ်ချမ်းသာနေတာ၊ အမေ့ကို စိတ်ချမ်းသာအောင် ထားပါကွယ်…နော် အမေ့သမီးလေးက လိမ္မာပါတယ်”
“ဟုတ်ကဲ့ပါအမေ၊ နောက် သမီးမပြောတော့ပါဘူး……..”
အမေစိတ်ချမ်းသာအောင်ပြောလိုက်ရတဲ့ ဒီစကားက အမေ့ကိုပဲပင်ပန်းစေခဲ့တာပါ။ တဖြည်းဖြည်း အသက်အရွယ်ရလာတဲ့ အမေက ကိုဇော် (၉) တန်းအရွယ်မှာ လုံးဝမထူနိုင်အောင် ဖြစ်ခဲ့ရလေသည်။ ကြီးကြီးမားမားဝင်ငွေဖြစ်တဲ့ အမေ့ရဲ့လုပ်စာလေး မရှိတော့တဲ့ နောက်ပိုင်း ကျွန်မတို့မောင်နှမတွေ ခြိုးခြံချွေတာလို့ အမေ့ကိုလည်းဆေးကု၊ မောင်လေးလည်းကျောင်းတက်၊ ကျွန်မလည်း အလုပ်တစ်ဖက်နဲ့ နေလာခဲ့ပေမယ့် အကိုကြီးကတော့ အပေါင်းအသင်းကောင်းမှုနဲ့ အဝေးတစ်နေရာကို ရောက်နှင့်ခဲ့လေပြီ။ စာမလာ၊ သတင်းမကြားနဲ့ အဆက်အသွယ် ပြတ်သွားလိုက်တာ ဘာသတင်းမှကို မရခဲ့ပေ။
အေးသီတာတို့မိသားစုလေး တဖြည်းဖြည်းနဲ့ ငွေကြေးမပြည့်စုံလာတဲ့အခါ မောင်လေးကိုဇော်က ကျောင်းမတက်ချင်တော့ပေ။ အလုပ်လုပ်မယ်၊ ငွေရှာမယ်လို့ ခဏခဏပြောပေမယ့် အမေက လက်မခံခဲ့သလို အေးသီတာကလည်း ခွင့်မပြုခဲ့ပါ။
“ ၁၀ တန်းလေးတော့ ရောက်အောင် တက်လိုက်ပါ ကိုဇော်ရယ်၊ အဲဒါမှ နင်ဘာလုပ်လုပ် အဆင်ပြေမှာ” လို့ ပြောခဲ့ပေမယ့် တစ်ကယ်တန်းကျတော့ ကျွန်မရဲ့ဝင်ငွေလေးတစ်ခုထဲနဲ့ ဒီမိသားစုစားရိတ်၊ အမေ့ဆေးဖိုး၊ ကိုဇော့်ကျောင်းစားရိတ်တွေနဲ့ မလောက်ငှခဲ့ပေ။
“မလတ်…….နင်ဘာတွေတွေးနေတာလဲ”
“အမေ့ဆေးဖိုးငွေတွေ တွက်ကြည့်နေတာ၊ ဟိုဆေးတစ်မျိုးက ကုန်တော့မယ်လေ”
“အင်း......”
အဲ့ဒီနေ့ညနေက မထင်မှတ်ထားတဲ့ ငွေအနည်းငယ်ကို မောင်လေးက အေးသီတာကိုပေးလေသည်။ ကျောင်းသားတစ်ယောက်အနေနဲ့ ဘယ်လိုမှ စုထားနိုင်စရာမရှိတဲ့ ဒီငွေတွေကို အေးသီတာ မယုံခဲ့ပါ။ အကြိမ်ကြိမ် အဖန်ဖန်မေးခဲ့ရသည်။ ကိုဇော် မလိမ်ဘူးဆိုတာတော့ ကျွန်မ ယုံလေသည်။
“ငါ ကျောင်းမတက်တာ ၂ လရှိပြီ၊ ဟိုဘက်လမ်းက ကိုကျော်ကြီးတို့နဲ့ အလုပ်လိုက်လုပ်နေတာ။ နင်မယုံရင် ငါခေါ်သွားမယ် လိုက်မေးကြည့်”
“နင် တစ်ကယ်ပြောနေတာလားကိုဇော် ဟင်..ဘာလို့ ငါ့ကို မပြောတာလဲ မပြောရတာလဲကိုဇော်ရယ် င့ါကိုတော့ နင်ပြောသင့်ပါတယ်…ငါက နင့်အမလေ…ငါက နင့်အမပါ…..”
အေးသီတာ အားရပါးရငိုလေသည်၊ ယူကျုံးမရခြင်းများစွာနဲ့ ရင်ထဲက နင့်ခနဲဖြစ်အောင် ခံစားလိုက်ရတဲ့ ဒီဝေဒနာကို ကျွန်မ ဘယ်လိုမှ မပြောပြတတ်ခဲ့ပါ။ ၀မ်းနည်းခြင်းပေလား၊ ၀မ်းသာခြင်းပေလား ကျွန်မဘာမှမသိတော့။ စိတ်မကောင်းဖြစ်သွားတဲ့ အမေ့ရဲ့ မျက်နှာလေးကိုလည်း အေးသီတာ ဒီတစ်သက် မေ့တော့မယ်မထင်ပါ။
အဲ့ဒိကစလို့ မောင်လေးကိုဇော်က ငယ်ငယ်ရွယ်ရွယ်နဲ့ ရရာ အလုပ်တွေဝင်လုပ်ရင်းက တဖြည်းဖြည်းနဲ့ လူကြီးဖြစ်မှန်းမသိ ဖြစ်လာတော့ တာပါပဲ။ သူ့အရွယ်လေးနဲ့ သူ့အသိက မလိုက်ဖက်ခဲ့ပေ။ အမေ့ဆေးဖိုး၊ အိမ်စားရိတ်နဲ့ အခြားသောအကြောင်းကိစ္စကြီးငယ်တွေကိုလည်း သူ့တာဝန်အဖြစ် အကုန်ယူထားခဲ့လေသည်။
ပထမတော့ အမေ့က မျက်ရည်လေးဝဲတဲဝဲတဲနဲ့ ကိုဇော့်ကို သနားဂရုဏာမျက်ဝန်းတွေနဲ့ကြည့်ခဲ့ပေမယ့် ခုတော့ အားကိုးတဲ့အကြည့်၊ ယုံကြည်တဲ့အကြည့်တွေနဲ့ အမေကြည့်နေခဲ့လေပြီ။ သန်မာပြီး ထွားကျိုင်းလာတဲ့ ကိုဇော့်သွင့်ပြင်ကြောင့် အကြောင်းမသိတဲ့ တချို့တလေက ကိုဇော့်ကို အေးသီတာထက် အကြီးဟုပင် ထင်ကြလေသည်။
“မလတ်ရေ………မလတ်……..”
“ရှူး…..တိုးတိုး……..အမေအိပ်နေတယ်၊ သိပ်နေမကောင်းလို့”
အပြင်ကပြန်လာလာချင်း အိမ်ရှေ့ကနေ လှမ်းအော်ကာခေါ်နေတဲ့ ကိုဇော့်အသံကြောင့် အေးသီတာ ကမန်းကတန်းထွက်လာပြီး မျက်ရိပ် မျက်ခြေပြရပါတယ်။ နေ့ခင်းဘက်မအိပ်တတ်တဲ့အမေက ဒီနေ့မှ သိပ်နေမကောင်းလို့ အိပ်ပျော်နေခြင်းကြောင့်ပါ။
ဆေးဒဏ်ကို အလူးအလဲ ခံစားနေရတဲ့အမေ့အစား အေးသီတာသာ ခံစားပေးလိုက်ချင်သည်။ အမေသောက်ရတဲ့ဆေးတွေ အစား အေးသီတာသာ သောက်လိုက်ချင်သည်။ ဆေးတွေသောက်နေရတဲ့ အမေ့ကို အေးသီတာ သနားလှပြီ။
“အမေကဘာလို့နေမကောင်းရတာလဲ၊ နင် ဆေးမှန်မှန်မတိုက်လို့လား………. ဆေးတွေကုန်ပြီလား”
“မဟုတ်ပါဘူး ကိုဇော်ရယ်…… ”
နောက်ဆက်တွဲ စကားလုံးတို့ကို အေးသီတာမပြောဖြစ်တော့ပေ။ ပင်ပင်ပန်းပန်းရှာထားရတဲ့ ကိုဇော့်လုပ်အားခလေးတွေကို အေးသီတာက ဈေးဖိုး၊ ဆေးဖိုးနဲ့ အိမ်စားရိတ်တွေကို မနည်းလောက်ငှအောင်သုံးရပါတယ်။ တစ်ပါတ်စာအလျင်မှီအောင်၊ အမေ့ဆေးခန်းရက်ချိန်းတိုင်း အလျင်မှီအောင် အမြဲပဲပိုလျှံနေရအောင်ကြိုးစားပေမယ့် လောက်ငှရုံသာရှိခဲ့လေသည်။ ဒါပေမယ့် အေးသီတာက မလောက်ငှဟု တစ်ခါမှ မပြောခဲ့ပေ။
“ငါ အပြင်ခဏသွားဦးမယ်။ ညကျ နောက်ကျရင် င့ါကိုစိတ်မပူနဲ့၊ အမေ့ကိုသေသေချာချာ ပြောထားလိုက်နော်”
“အေးပါ.အေးအေး”
အဲ့ဒီညက အေးသီတာကော အမေပါ စကားတစ်ပြောပြောနဲ့ ထိုင်စောင့်နေရင်းက အမေ့ကို ချော့မော့ပြောဆိုလို့ စောစော အိပ်ယာ ၀င်စေခဲ့သည်။ အေးသီတာကတော့ ကိုဇော် ပြန်မလာမချင်း ထိုင်လိုက် ထလိုက်ဖြင့် ငုတ်တုတ်မိုးလင်းသည် အထိပင်။
မနက်လင်းခါနီးမှ ပြန်ရောက်လာတဲ့ ကိုဇော့်ကိုမြင်တော့ ရင်ထဲကဒေါသတွေအကုန်လုံး ကိုဇော့်အပေါ်ကို ပုံချပစ်လိုက်သည်။
“ကိုဇော်ရယ်……နင် ညဥ့်နက်လှချေလား…ငါတို့စိတ်ပူအောင် နင်သိပ်လုပ်တာပဲ ၊ နင်မပြန်လာလို့ ငါတို့တွေ ဘယ်လောက်တောင် စိတ်ပူနေရလဲဆိုတာ နင်သိဖို့ကောင်းတယ်။ ခုကြည့်စမ်း ဒီအချိန်က လူကောင်းတွေပြန်တဲ့အချိန်လား ဟင် နာရီကိုကြည့်ဦး…ဘယ်ချိန်ရှိနေပြီလဲဆိုတာ….နောက်တစ်ခါဆို နင့်ကိုငါတို့ ဆေးရုံနဲ့ ရဲစခန်းမှာပဲ လိုက်ရှာမယ်……”
လူကိုမမြင်ခင်ကတော့ စိတ်ပူဇောနဲ့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတဲ့အေးသီတာက ကိုဇော်ကိုလည်းမြင်ရော ဂရုဏာဒေါသောနဲ့ ပြောလည်းပြော လက်မောင်းတွေကိုလည်း ကိုင်ဆောင့်နဲ့ အတော့်ကိုဒေါသထွက်ခဲ့ရပါတယ်။ ကိုဇော်ကတော့ ဘာတစ်ခွန်းမှ ပြန်မပြောခဲ့။ စိတ်တိုစွာနဲ့ ပြောဆိုနေတဲ့ သူ့အမကိုသာ မောပန်းနွမ်းလျစွာနဲ့ ကြည့်နေရင်းက အင်္ကျီအိပ်ထဲက ငွေအချို့ကို ထုတ်ပေးခဲ့ပြန်သည်။
“နင် ဒီငွေတွေ ဘယ်ကရလာပြန်တာလဲ ဟင်…. ပြောစမ်းပါ ငါ့ကို ဒီတစ်ခါတော့ မလိမ်နဲ့နော်”
“ပြောပါ့မယ် မလတ်ရယ် ငါဘယ်တုန်းကလိမ်ဖူးလို့လဲ နင်ကော အမေကော စိတ်ပူအောင်လုပ်မိတာ ငါ့အပြစ်ပါ…… အေး…. ငါပြောပြမယ်”
ရေတစ်ခွက်ခပ်သောက်ကာ အမောအပန်းဖြေပြီး အစအဆုံးပြောလာတဲ့ ကိုဇော့်စကားတွေက အေးသီတာရဲ့ ဒေါသအဟုန်တွေကို မျက်ရည်တွေအဖြစ်ပြောင်းလဲပြစ်ခဲ့ပါတယ်။ အေးသီတာဘာလုပ်ရမလဲ…….. အားရပါးရ မျက်ရည်ကျလို့ ရှိုက်ကာငိုနေရတဲ့ အဲဒီအချိန်က မနက်လင်းဖို့ သိပ်မလိုတော့ပေ။
ဝမ်းနည်းခြင်းပေလား၊ ၀မ်းသာကြည်နူးခြင်းတွေပေလား၊ အားကိုးရခြင်းတွေပေလား……ဘာတစ်ခုမှခေါင်းစဉ်တပ်ဖို့ရာ လမ်းမမြင်ခဲ့ပါ။ သနားခြင်းဂရုဏာတွေနဲ့သာ မောင်လေးကိုဇော်ကို ကြည့်မိလိုက်ရင်းက သူပြောလာတဲ့စကားလုံးအချို့တို့က နားထဲမှာ ကြားတစ်ချက်၊ မကြားတစ်ချက်။
“ငါညနေက သူငယ်ချင်းတစ်ယောက်ဆီသွားခဲ့တာ။ အစကတော့ သက်သက်အလည်ပေါ့။ သူက ညဘက်ကားမောင်းနေတာဟ အတော်အဆင်ပြေတယ်။ အဲဒါနဲ့ ငါလည်း ညဘက်အလုပ်တစ်ခုလောက်လုပ်ချင်တယ်ပြောတော့ သူက ငါ့ကို သူ့အလုပ်ရှင်ဆီမှာ ပြောပေးတာ။ ပထမတော့ သင်မောင်းပေါ့၊ သူ့ဘော်ဒါအနေနဲ့ ဘေးနားက လိုက်ပေးရတာ။ နောက်တော့ တဖြည်းဖြည်းနဲ့ ငါ့ဘာသာ မောင်းတတ်ရင် တစ်ယောက်တစ်စီးစီပေါ့ ငါလည်း တစ်ညရရင်မနည်းဆိုပြီး သူနဲ့တစ်ခါတည်း အတူလိုက်သွားလိုက်တာ။”
“ဒါဆို ဒီပိုက်ဆံတွေကကော….နင်မှမမောင်းတတ်သေးတာ”
“ဘော်ဒါကြေးပေါ့ဟာ…. ”
***-------***-------***-------***-------***-------***-------***
“မလတ် မလတ်… တံခါးဖွင့်ပါဦး… ငါပြန်လာပြီ”
ခပ်အုပ်အုပ်အသံအချို့ အေးသီတာနားထဲ ၀င်ရောက်လာလေသည်။ ကုလားထိုင်ပေါ် ငုတ်တုတ်ငိုက်ရင်းက အိပ်ပျော်သွားတဲ့ အေးသီတာက မကြားတကြားဖြစ်နေတဲ့ အာရုံကို မနည်းပင်စုစည်းလိုက်ရပါတယ်။ ဖတ်လက်စ စာအုပ်ကလေးက ရင်ဘတ်ပေါ်မှာ မှောက်လျက်သား……..
“ဟင်…….ကိုဇော်……ကိုဇော် ပြန်လာပြီလား….. ငါတော်တော်အိပ်ပျော်သွားတာပဲ”
ကိုဇော့်ကိုအိမ်တံခါးဖွင့်ပေးလိုက်ရင်းက အကျင့်ပါနေတဲ့ မျက်လုံးတွေက နာရီကိုကြည့်မိလျုက်သားပေ။
“ဒီနေ့ နောက်ကျလိုက်တာ နင် အဆင်ပြေခဲ့ရဲ့လား။ မနက်ကျ အလုပ်သွားနိုင်ပါ့မလား..တစ်ရက်တော့ နားလိုက်ပါလား”
အေးသီတာက အိပ်ချင်မူးတူးသံနဲ့ စကားတွေတရစပ်ပြောနေပေမယ့် ကိုဇော်ကတော့ ခြေလက်ဆေးကာ သူ့အိပ်ယာပေါ် ရောက်နေလေပြီ။ သူဘယ်လောက်ပင်ပန်းလာမလဲဆိုတာ အေးသီတာ မှန်းဆကြည့်လို့ သိနိုင်ပါတယ်။ ပင်ပန်းဒဏ်ကြောင့် တခဏချင်းပဲ အိပ်ပျော်သွားတဲ့ ကိုဇော့်ကို ခြင်ထောင်ချပေးကာ နေရာပြုပြင်ပေးခဲ့ပြီးတဲ့အချိန်မှာ နာရီသံချောင်းက 4 ချက်ခေါက်ပြီးနေလေသည်။
အမေ့ရဲ့ဟောက်သံ၊ ကိုဇော့်ဟောက်သံ နှစ်ခုကြားမှာ အိပ်မပျော်တဲ့ ကျွန်မရဲ့စိတ်အစဉ်က လွတ်နေတဲ့ အကိုကြီးရဲ့ အိပ်ယာ နေရာဆီသို့သာ….. ။
ခုချိန်ဆို အကိုကြီးတစ်ယောက် ဘာတွေများလုပ်ကိုင်စားသောက်နေရပြီလဲ၊ အဆင်မှ ပြေရဲ့လား၊ နေမှကောင်းရဲ့လား ဘာလို့များမဆက်သွယ်ပါလိမ့်လို့ ရောက်တတ်ရာရာအတွေးတွေက အေးသီတာကို အနိုင်ယူလေတော့သည်။ မောင်နှမတွေအပေါ်ကို တာဝန်မကျေခဲ့ပေမယ့် အေးသီတာတို့က အကိုကြီးအတွက် တာဝန်ကျေပေးရမယ်မဟုတ်ပါလား…။
အေးသီတာရဲ့ သူငယ်ချင်းတွေက အားကိုးရာတစ်ခုအဖြစ် အကိုလိုချင်လိုက်တာဟု မကြာခဏပြောလေတိုင်း
“ ငါ့အကိုလိုမျိုးတော့ မရှိချင်ကြပါနဲ့ဟယ်..”ဟု ပြောဖူးခဲ့ပါတယ်။ အားကိုးမရခဲ့တဲ့ အကိုဖြစ်သူကိုလည်း အားမလိုအားမရ ဖြစ်စွာနဲ့ အပြစ်တင်ခဲ့ဖူးပါတယ်။
အလိုလိုက်ထားရတဲ့ မောင်အငယ်ဆုံးတွေအကြောင်း ပြောဖြစ်တဲ့အခါ…. တစ်ချို့တွေက “ အိမ်က အငယ်ကောင်ပေါ့ သိပ်ဆိုးတာပဲ မနိုင်လို့လွှတ်ထားရတယ်” လို့ ပြောသံကြား ရင်တော့ ကျွန်မက ကျွန်မမောင်လေးကြောင့် ဂုဏ်ယူရပြန်ပါတယ်။
ကျွန်မတို့မိသားစုလေးမှာ ကျွန်မသိတတ်စအရွယ်ကတည်းက အိမ်ထောင်ဦးစီးက မိခင်ဖြစ်ခဲ့လေသည်။ အကိုကြီးပေမယ့် အဖအရာ မရောက်နိုင်ခဲ့တဲ့ အကိုတစ်ယောက်နဲ့၊ အငယ်ဆုံးမောင်လေးရဲ့ အလိုက်သိတတ်မှုတွေနဲ့ ပြောင်းပြန်အားကိုးနေရတဲ့ ဒီမိသားစုလေးမှာ ကျွန်မကကော ဘယ်လိုနေရာရောက်နေလဲဆိုတာတော့ အဖြေထုတ်စဉ်းစားတွေးတောနေရင်းက ကျွန်မရဲ့ တစ်နေ့တာရဲ့အဆုံးဟာ နေ့သစ်တစ်ခုရဲ့ အစဖြစ်နေခဲ့လေပြီ။
အားမာန်အသစ်တွေနဲ့ တစ်နေ့တာရဲ့ခရီးတစ်ခုလုံးကို ကျော်ဖြတ်ဖို့ အတွက် မိသားစုဆိုတဲ့ ဒီခွန်အားလေးအတွက် ကျွန်မ ကျေးဇူးတင်မဆုံးဖြစ်နေရဦးမှာပါ။
စိမ့်စမ်းရေ

0 comments