အိုဇာတာ 
“ဖွားအုန်းရေ ဖွားအုန်း…. ကျွန်တော်တို့ အိမ်ထဲဝင်လာပြီနော်”
“ဟဲ့ ဘယ်သူတွေများတုန်း . . .လာလာ ၀င်လာကြကွဲ့ ”
မနက်စောစောပင်ရှိသေးသည်။ မိုးလင်းလို့ အလင်းရောင်ရခါစလေးမှာပင်။ မီးဖိုချောင်ထဲဝင်ကာ ရေနွေးအိုးတည်နေတဲ့ ဖွားအုန်းက ခြံရှေ့ဘက်ကခေါ်သံကြားရာဆီသို့ ပြန်လည်အဖြေပေးလိုက်ရင်း အိမ်ရှေ့ဘက်သို့ ထွက်လာလိုက်ပါတယ်။ အဖွားကြီးတစ်ယောက်ရဲ့ အသွင်အပြင်ကို အပြည့်အ၀ပိုင်ဆိုင်ထားပြီဖြစ်တဲ့ အဖွားအုန်းရဲ့လက်ထဲမှာ အသင့်ပါလာတဲ့ ထမင်းကြမ်းပန်းကန်ထဲမှာတော့ ငါးခြောက်ဖုတ်လေးက တစ်ကောင်နှစ်ကောင်။
“မှန်းစမ်း…. ဒါက ဘယ်သူတွေတုန်းကွဲ့”
“ကျွန်တော်ပါ မောင်ပုလေ မောင်ပု… ဦးကျော်ထွေးသားလေ အဖွား”
“အော်”
မှတ်မိသလိုဖြစ်သွားတဲ့အဖွားရဲ့ဟန်ပန်က နောက်ဘက်နားဆီက မမြင်ဖူးတဲ့လူတစ်ယောက်ဆီသို့ အကြည့်ရောက်သွား လေသည်။
“ဒါနဲ့ ဟောဟိုကလေးက ဘယ်သူ့သားလေးလဲ၊ ဖွားကလေ မျက်စိတွေလည်းမကောင်းတော့ဘူး၊ မှတ်ဥာဏ်တွေလည်း အကုန်မေ့ပြီဆိုတော့ မမှတ်မိတော့ရင်ဖွားကို တစ်မျိုးမမြင်ကြနဲ့နော် ကလေးတို့”
“မမြင်ပါဘူးဖွားရဲ့ ခုလာရင်းကိစ္စလေးကို ပြောပြပြီးရင် ဖွားကို ကျွန်တော်တို့ကန်တော့မလို့၊ ဒီလိုဖွားရဲ့ ဟောဒီညီလေးရဲ့အဖေ ဦးလေးစိုးက ငယ်ငယ်ကတော့ ကျွန်တော်တို့ရွာကပေါ့၊ ခု မြို့သူနဲ့အိမ်ထောင်ကျပြီး အလုပ်အ ကိုင်လေးတွေအဆင်ပြေလာတော့ အဲဒါ ရွာပြန်ပြီး ကုသိုလ်ယူတယ်ပေါ့အဖွားရယ်၊ ရွာထဲက သက်ကြီးအဖိုးအဖွားတွေကို အိမ်တိုင်ရောက်အောင်လိုက်ပြီး ကိုယ်တိုင်ကိုယ်ကျ ကန်တော့တာပါ။ အဲဒါ  ကျွန်တော်တို့ ကာလသားတွေက ၀ိုင်းပြီး ပါရမီဖြည့်ပေးတာပေါ့၊ ဟော ဒါက အဖွားအတွက် ဥပုသ်စောင့်ရင်ဝတ်ဖို့၊ ဒါက အဖွားကြိုက်တာသုံး၊ ဒါလေးကတော့ ခု စားဖို့နော်၊ ဟော ဒါကတော့ အအေးဗူးနဲ့မုန့်ထုတ်လေးတွေ၊ ဖွား အကုန်စားရမယ်နော် ”
“အေးပါကွယ် အေးပါ၊ ဒီလောက်တောင် အများကြီးကွယ်….”
တစ်ခန်းတည်းသာရှိတဲ့ အိမ်ခန်းလေးမှာ ခေါင်းရ်းဘက်ဘုရားကျောင်းလေးရှေ့မှာ ကျုံ့ကျုံ့လေးထိုင်နေတဲ့ ဖွားအုန်းက သူ့ရှေ့ကပစ္စည်းတွေကော၊ မောင်ပုခေါင်းဆောင်ပြီးခေါ်လာတဲ့ လူငယ်လေးတွေကော အားလုံးကို မယုံကြည်ခြင်း၊ အံ့သြ ခြင်း၊ ၀မ်းနည်းဝမ်းသာခြင်းတွေခံစားနေရတဲ့ မျက်ဝန်းလေးနဲ့ စိုက်ကြည့်နေလေသည်။ ခဏတာမျှ တိတ်ဆိတ်သွားတဲ့ ဒီစကားဝိုင်းလေးကို မောင်ပုကပဲ
“ဒါဆို ကျွန်တော်တို့အားလုံး အဖွားကို ကန်တော့မယ်နော်”
ရိုသေစွာနဲ့ဦးသုံးကြိမ်ချကန်တော့နေတဲ့ သူ့ရှေ့က လူငယ်လေးတွေကို ပီတိတွေအပြည့်နဲ့ ဖွားအုန်းတစ်ယောက် မျက်တောင်မခတ် ငြိမ်ပြီး ကြည့်နေမိလေသည်။
“ဖွား..သားတို့ကို ဆုပေးဦးလေ”
ဘယ်လောက်ကြာတွေဝေနေမှန်းမသိတဲ့ဖွားအုန်းက မြို့ကလူငယ်လေးရဲ့အသံကြားတော့မှ သတိပြန်ဝင်လာပါတော့တယ်
“အော် …အေး..ဟုတ်သားပဲ၊ ဖွား က ဆုတော့ သိပ်မပေးတတ်ဘူးနော် ဖြစ်ရဲ့လား”
“ရပါတယ် ဖွားရဲ့၊ ဖွား စိတ်ထဲရှိတဲ့အတိုင်းသာပြော ရတယ်”
“မြေးလေးတို့အားလုံး ဘုန်းကြီးပါစေ၊ အသက်ရှည်ပါစေကွယ်၊ အနာရောဂါကင်းပြီး…. သွားလမ်းသာလို့ လာလမ်းတွေလည်း ဖြောင့်ဖြူးကြပါစေကွယ်….နော်”
တစ်ယောက်ချင်းစီရဲ့မျက်နှာတွေကိုကြည့်ပြီး ဖြေးညင်းစွာပြောလာတဲ့ဖွားအုန်းရဲ့ဆုပေးသံလေးက ၀မ်းသာကြည်နူးမှုတွေနဲ့အတူ တုန်ရီနေ တယ်ဆိုတာ မောင်ပုတို့အားလုံး ခံစားလိုက်ရလေသည်။
“ဖွား ပေးတဲ့ဆုတွေ သားတို့အကုန်လုံးပြည့်ရပါလို၏ နော် အဖွား”
“အေးပါကွယ် အေးပါ၊ လူလေးတို့ လက်ဖက်ရည်လေးသောက်သွားကြပါဦးလားကွယ် ဖွား တည်ထားတာ ဆူလောက်ပါပြီ၊ ”
စကားပြောနေရာမှ ရုတ်တရက်သတိရသွားဟန်နဲ့ အိမ်နောက်ဘက်ကို ခြေလှမ်းပြင်နေတဲ့အဖွားကို မောင်ပုတို့အားလုံး ကမန်းကတန်းတား လိုက်ရပါတယ်။
“ဟာ နေပါစေ နေပါစေအဖွားရဲ့ ကျွန်တော်တို့ ဖွားညှက်အိမ်မှာလည်း သောက်ခဲ့ရသေးတယ် ခု ပြီးတာနဲ့ ရွာနောက်ပိုင်းကို တစ်ခါတည်း သွားကြမလို့ပါအဖွား အဲဒါကြောင့်ပါနော် မသောက်ချင်လို့မဟုတ်ဘူးနော် ဖွား၊ မုန့်တွေစားရမယ်နော်၊ လုံချည်လေးလည်း ၀တ်ရမယ်နော် ဒါမှ ကျွန်တော်တို့ ကုသိုလ်ရမှာ”
“၀တ်မှာပေါ့ မြေးရဲ့ ဖွား ၀တ်မှာပေါ့ကွယ် မုန့်လည်း စားပါ့မယ်နော်”
ခြံရှေ့အထိလိုက်ပို့ပေးရှာတဲ့ဖွားအုန်းကို နှုတ်ဆက်အပြုံးလေးတွေနဲ့အတူ ထားခဲ့ကြလို့ မောင်ပုတို့အားလုံး ရွာနောက်ပိုင်းကို ထွက်လာခဲ့ကြပါ တယ်။ လူငယ်လေးတွေဖြစ်ကြပေမယ့် ဖွားအုန်းရဲ့မျက်ရည်စို့နေတဲ့မျက်ဝန်းအစုံကတော့ မသိမမြင်ချင်ယောင်မဆောင်နိုင်ခဲ့ကြပေ။
ရင်းနှီးအားကိုးစွာ ဆုပ်ကိုင်ထားတဲ့ဖွားအုန်းရဲ့ သန်မာတဲ့လက်အစုံက ခဏတာလေးနဲ့တင် သနားစဖွယ်ဖြစ်ခဲ့ရလေသည်။ ခြံဝနားလေးမှာ မတ်တပ်ရပပြီးကြည့်နေရှာတဲ့ ဖွားအုန်းရဲ့မျက်နှာလေးက မောင်ပုတို့အားလုံးရဲ့ရင်ထဲအထိ စွဲထင်ကာ ပါလာခဲ့လေတော့သည်။
********
“အတင်ရေ  အတင်…. ဘယ်နားသွားနေပါလိမ့်..၊ မိတင်အုန်း…ဝေ….မိတင်အုန်း… တကတည်းမှပဲ င့ါနှယ်.. စောစောစီးစီးဘယ်များ သွားနေပါလိမ့်”
ခြံရှေ့ကတည်းက တစာစာအော်ခေါ်လာတဲ့ ဖွားညှက်ရဲ့လေသံက စိတ်မရှည်ရာမှ စိတ်ပူလာဟန်ဖြစ်လို့လာပါတယ်။ မိတင်အုန်းနဲ့ မိညှက်ဆိုတာ လည်ပင်းဖက်ပေါင်းသင်းလာကြတဲ့ သူငယ်ချင်းအရင်းအချာဆိုပေမယ့် အမွှာပူးလို့ဆိုရလောက်အောင် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ တစ်ယောက်ရဲ့အရိပ်အကဲကိုကျန်တစ်ယောက်က သိနေကြတဲ့ သူတွေပင်။
တစ်ယောက်တည်းလည်းနေသေး၊ ခဏခဏလည်းဖျားတတ်သေး၊ စိတ်ကလည်းပျော့၊ လူကလည်းမမာတဲ့ သူငယ်ချင်းဆီကို မကြာခဏ လာတတ်တာကိုကြည့်က သိနိုင်လေသည်။ လာတိုင်းလည်း နေမကောင်းဖြစ်တယ်ဆိုတဲ့အသံ ကြားရတတ်တာမို့ ခုလည်း နေမကောင်းပြန် ဘူးလားလို့ ဖွားညှက်တွေးလိုက်မိခြင်းဖြစ်လေသည်။
ခြံဘေးနားက ကွပ်ပျစ်လေးပေါ်မှာထိုင်ပြီး တောင်ရောက်၊ မြောက်ရောက်စဉ်းစားနေတဲ့ ဖွားညှက်တစ်ယောက် အတွေးနယ်လွန်နေခိုက်
“၀ှီး……………ဘုတ်”
“အမလေး သောက်ပလုတ်တုတ်”
ခြေထောက်နားသို့ ရုတ်တရက်ကျလာတဲ့သစ်ကိုင်းခြောက်လေးကြောင့် ဖွားညှက်လန့်သွားလေသည်။ သစ်ကိုင်းခြောက်လေး လာရာဘက်ကို ကြည့်လိုက်မိတဲ့အခါ
“ကြည့်စမ်း ကြည့်စမ်း မိတင်အုန်း၊ ဒါက ဘယ်လိုဖြစ်လာရပြန်တာတုန်း၊ မကြီးမငယ်နဲ့ လူကို စ တာပေါ့လေ”
ဖွားညှက်ထိုင်နေရာ ကွပ်ပျစ်လေးဆီသို့ တရွေ့ရွေ့လမ်းလျှောက်လာရင်း ဖွားအုန်းရဲ့ ရယ်ကျဲကျဲပုံစံလေးက ဟိုတစ်ချိန်နုပျိုတုန်းကလို လွတ်လပ်ပေါ့ပါးစွာနဲ့သာ။
“မစရပါဘူး မိညှက်ရယ်…. မီးမွှေးဖို့ထင်းစလေးတွေ တွေ့တာနဲ့ ခြံထဲပစ်လိုက်မိတာပါ အေ”
ဖွားအုန်းနဲ့ဖွားညှက်တို့ရဲ့ အချင်းချင်း အပြန်အလှန်ပြောနေသံက တောသဘာဝမို့ ပုံမှန်ထက် ပိုကျယ်နေမှာတော့ အမှန်ပင်။ အချင်းချင်း အာလုပ်စကားအဖြစ် ကြုံသလိုခေါ်ဝေါ်ကြပေမယ့် ဖြူစင်ရိုးသားလှတဲ့ အတွင်းစိတ်ရင်းတွေကတော့ မြင်ရုံနဲ့ သိသာနိုင်လေသည်။
“အကောင် နင့်ဆီ မောင်ပုတို့ လာသွားပလား”
“အေးလေဟယ် စောစောစီးစီးကို ရောက်လာကြတာ၊ ငါဖြင့် လန့်ဖြတ်သွားတာပဲ၊ ပြီးတော့ ဟိုသူငယ်လေးက ရန်ကုန်ကတဲ့.. ငါဖြင့်လေ ရန်ကုန်ဆိုတဲ့အသံကြားလိုက်တာနဲ့တင် ရင်ထဲကို ဘယ်လိုဖြစ်သွားမှန်း မသိပါဘူး မိညှက်ရယ်”
စကားပြောနေရင်းကနေ ၀မ်းနည်းသံပါလာတဲ့ ဖွားအုန်းကို ဖွားညှက်ရဲ့အားပေးအပြုံးလေးက သိပ်တော့အရာမ၀င်ခဲ့ပေ။ ခံစားချက်တို့ ပြည့်နေတဲ့ ဖွားအုန်းရဲ့ မျက်ဝန်းမှတစ်ဆင့် ရင်ထဲမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို ဖွားညှက် မြင်လိုက်ရလေသည်။
သက်ရှိထင်ရှားရှိဆဲဖြစ်တဲ့ ဖွားအုန်းရဲ့ချစ်လှစွာသော သားနှစ်ယောက်က ရွှေမြို့တော်လို့ခေါ်တဲ့ ရန်ကုန်မြို့ကြီးမှာပင်။ ဇနီးတွေ၊ သားတွေနဲ့ ဘ၀အခြေခိုင်နေကြပေမယ့် ဖွားအုန်းနဲ့တော့ အဆက်အသွယ်ပြတ်နေခဲ့လေသည်။ အသက် ခုနစ်နှစ်လောက်အရွယ်ကသာ မြင်ဖူးလိုက်တဲ့ မြေးလေးတွေက ခုဆို အသက် နှစ်ဆယ်ကျော်လောက်ရှိနေလောက်ပြီ။
အမြဲပဲ စုန်ရေသာရှိတတ်တဲ့ မိဘတို့ရဲ့ မေတ္တာတရားတွေထဲမှာတော့ ဖွားအုန်းက မဟာစံပြတစ်ယောက်ပင်။ မမြင်ဖူး မရောက်ဖူးပေမယ့် သားသမီးတွေရှိနိုင်မယ့်အရပ်ကို မှန်းဆရင်းက မေတ္တာပို့ပေးနေတတ်တဲ့ ဖွားအုန်းကို ဖွားညှက်တစ်ယောက် အမြဲပဲ ကရုဏာသက်မိလေ သည်။ တစ်ရွာလုံးသိထားကြတဲ့ ဖွားအုန်းရဲ့ ဘ၀အကြောင်းတွေထဲမှာ ဖွားညှက်တစ်ယောက်လည်း အပါအ၀င်ဖြစ်ခဲ့ရသောကြောင့်ပင်။
စိမ့်စမ်းရေ
ဆက်ရန်....

Posted by စိမ့်စမ်းရေ on Tuesday, July 5, 2016

0 comments

Post a Comment