(နောက်ဆုံးပိုင်း)
“တို့ရွာရဲ့ ရွာဦးကျောင်းလေးက ဘယ်ချိန်ကြည့်ကြည့် ဘယ်နေရာကကြည့်ကြည့်
အေးချမ်းလိုက်တာနော်၊ ငါဖြင့် ရင်ထဲကို အေးသွားတာပဲ……”
“ဒီမှာ….ဒေါ်ဒေါ်မေဦး…..အေးရင်လည်းအပေါ်ရောက်မှအေး….ခုတက်နေတာ
လှေကားနော်…..သတိလည်းထားပါဦး…….”
ခန္ဓာကိုယ်၀၀ကြီးကို မနိုင်တနိုင်သယ်ရင်းက လှေကားလက်ရမ်းကိုအားပြုနေရတာမို့
မပုတိုမျက်နှာက ချွေးပြန်နေလေသည်။ အလုပ်ကြမ်းတွေကိုဆက်တိုက်လုပ်နိုင်ပေမယ့် လှေကားအတက်အဆင်းကိုတော့
မပုတိုမခံနိုင်ပေ။ ပုပုတိုတို ၀၀လေးမို့ ပုတိုမလို့ ချစ်စနိုးခေါ်ကြရင်းက မပုတိုရဲ့နာမည်အရင်းကို
ဘယ်သူမှမသိကြတော့ပေ။
“အင်းပါ မပုတိုရယ်…မေဦးက ဒီနေရာ ဒီပတ်ဝန်းကျင်ကို သတိရနေလို့ပါ….”
“ညည်းကတော့ ရမှာပေါ့အေ……….ဟွန်း….မေဦးနော်…...မပြောလိုက်ချင်ဘူး”
ပကာသနမရှိပေမယ့် သစ်ရိပ်ဝါးရိပ်လေးကြောင့် အမြဲပဲအေးချမ်းနေတဲ့
မေဦးတို့ရဲ့ရွာဦးဘုန်းကြီးကျောင်းကို မြို့ပေါ်ကကျောင်းတွေက ဘယ်ယှဉ်နိုင်ပါ့မလဲ။ လေတစ်ချက်လောက်ဝေ့တိုက်လိုက်ယုံနဲ့တင်
အေးမြပြီးလတ်ဆတ်တဲ့လေကောင်းလေသန့်ကို တ၀ကြီးရနိုင်တာမို့ ဒီတစ်ခုကတော့ဖြင့် မေဦးတို့တောသဘာဝရဲ့
ဂုဏ်ယူစရာတစ်ခုပေ။
လူ ငါးရာ၊ တစ်ထောင်စာလောက် ချက်ပြုတ်ကျွေးမွေးနိုင်တာမို့
ကျယ်ဝန်းလှတဲ့ ဘုန်းကြီးကျောင်းဝင်းကို တစ်ရွာလုံးက သဘောကျလေ သည်။ ရာသီအလိုက်ပွဲတော်ပဲဖြစ်ဖြစ်၊
ရှင်ပြုပဲဖြစ်ဖြစ်၊ တခြားအလှူတွေပဲဖြစ်ဖြစ် ဒီ ဘုန်းကြီးကျောင်းဝင်းထဲမှာ အားလုံးကုသိုလ်
ပြုနိုင်လေသည်။
ရွာဦးကျောင်းရဲ့ပင်တိုင်အလှူရှင်မိသားစုဖြစ်တဲ့ မေမေကြီးတို့အလှူတုန်းလည်း
ဒီနေရာလေးမှာပဲ အားလုံးလုပ်ခဲ့ကြရင်းက မေဦးတို့ ဖူးစာဆုံခဲ့ရခြင်းပင်။ အခြေအနေမတူပေမယ့်
မေဦးကိုတစ်ကယ်ချစ်ခဲ့တဲ့ ကိုအောင်ရယ်၊ ရွာဦးကျောင်းဆရာတော်ရဲ့ ဒကာမကြီး မေမေကြီးရယ်ကြောင့်
မေဦးတို့သားအမိ အချိန်အတော်ကြာစဉ်းစားပြီး ခက်ခက်ခဲခဲနဲ့ဆုံးဖြတ်ပြီးမှ ကိုအောင်ရဲ့အချစ်ကို
လက်ခံခဲ့ခြင်းသာ။
“ အမယ် အမယ်…မေဦးတို့ အလွမ်းသယ်နေပြီထင်တယ်ဟေ့………”
“ဟာ…..မဟုတ်ပါဘူး …မအေးစိန်ကလည်း…မေဦးဖြင့် မေ့တောင်နေတာ….”
“ယုံလိုက်ပါမယ် အားကြီးကြီး…………”
“မေဦး…....... တို့တွေ ဆရာတော့်ကို ကန်တော့ပြီးမှ ပြန်ကြမယ်မလား….”
“အင်းပေါ့…မပုတိုရဲ့ ရောက်လို့မှ မကန်တော့ဘူးဆိုရင်……ဘယ်သူ့အလွန်ဖြစ်မလဲ…….ဟုတ်ဘူးလား….”
“ဟုတ်ပါ့အေ………..ဟုတ်ပါ့…..”
သုံးယောက်သားဆုံးဖြတ်ချက် ချအပြီးမှာ သစ္စာအရှိဆုံးခြေထောက်တွေကဖြင့်
ဦးတည်ရာဘက်သို့ ပို့လို့တည့်မတ်စွာဖြင့်သာ……………..။
***-----***-----***-----***----- “”
“ဟာ……မေမေ….ဘာလို့ အင်္ကျီတွေလျှော်ထားတာလည်း သမီးလျှော်မှာပေါ့မေမေရဲ့….ပြီးတော့
… ရောက်တုန်းလေးမှာ မေမေ့ကိုလည်း သမီးကကူချင်သေးတဲ့ဟာကို….”
“ဒီအပြောလေးနဲ့တင်…မေမေ ကျေနပ်ပါပြီသမီးရယ်…. သွား..ထမင်းစားဖို့ပြင်ပေတော့….မေမေတော့
ရုံးပတီသီးကြော်ချက်လေး ချက်ထားတယ်…”
“ဟင်.………ရုံးပတီသီးကြီး………”
“……..ဒီကောင်မလေးနှယ်…ရုံးပတီသီးများ မစားကောင်းတဲ့အသီးများမှတ်နေလား၊
ဒါတောင် ဟိုဘက်ပိုင်းက လာရောင်းလို့ စားရတာ…. ရန်ကုန်မှာလို သွားဝယ်လို့ရနိုင်တာမျိုးမဟုတ်ဘူး…ဒီက
ဘာဆေး ဘာဝါးမှ ပါတာမဟုတ်ဘူး”
“အင်းပါ မေမေရာ…..”
ဆူးပုတ်ရွက် ခပ်စိမ်းစိမ်းလေးနဲ့ရောချက်ထားတဲ့ အမေ့လက်ရာဟင်းလေးက
စားချင်စဖွယ်ပါ။ စားပွဲပေါ်ခူးခပ်ပြင်ဆင်ပြီး မေမေ့ကိုစောင့်နေရင်းက ဒီအကြောင်းကိုပြောပြရကောင်းမလား၊
မကောင်းလား မေဦး မဝေခွဲတတ်တော့ပေ။
ခုဆို ရုံးပတီသီးလို့ အသံကြားတာနဲ့တင် မေဦး ရင်တွေတုန်ခဲ့သလို
ခန္ဓာကိုယ်ကလည်း ဆတ်ခနဲ တွန့်သွားတတ်ပါတယ်။ မေ့ပျောက်မရနိုင်ခဲ့တဲ့ နေ့ရက်တွေထဲမှာ အဲဒီနေ့ကလည်း
တစ်နေ့ပါခဲ့တာမို့ မေမေမသိတဲ့အကြောင်းတွေထဲမှာတော့ အဲဒီနေ့က အဆိုးဝါဆုံးနေ့တစ်နေ့ဖြစ်ခဲ့လေသည်။
အဲဒီနေ့က မီးဖိုချောင်ထဲမှာ ထမင်းဟင်းတွေချက်တွေနဲ့မေဦးကို
မိပုလေးက ၀ိုင်းကူနေခဲ့လေသည်။ မေမေကြီးက ကျန်းမာရေးမကောင်းတာမို့ ဓါတ်စာလေးတွေလည်း
ချက်ရသလို၊ မမချိုအကြိုက်လေးတစ်ခုလောက်ပါအောင်လည်း ထည့်ပေးရလေသည်။ တစ်ခါတလေကျတော့လည်း
မေဦးတို့က တောစာလေးတွေလည်း ချက်စားတတ်ကြလေသည်။ အကြိုက်ချင်းမတူပေမယ့် စားချင်တာစားနိုင်တာကလည်း
အခွင့်အရေး တစ်မျိုးပဲမဟုတ်လား……
“ဖြန်း…………..”
“မိပု မိပု……ဒါ…..ဒါ
မေမေကြီးအခန်းထဲက အသံမဟုတ်လားဟင် ”
“ဟုတ်တယ်…မမလေး…..မိစုတော့ ဘာလုပ်မိပြန်ပြီလားမသိပါဘူး
စိတ်ညစ်လိုက်တာ…….”
“ လာလာ သွားရအောင်….မိစုလေး အားငယ်နေလိမ့်မယ်….”
မိစုလေးတစ်ယောက်တော့ မေမေကြီးရိုက်တာ ခံနေရပြီဆိုတဲ့ အသိနဲ့
ကျွန်မတို့နှစ်ယောက်သား မေမေကြီးအခန်းဆီ အပြေးထွက်ကြည့်မိ လေသည်။ မေမေကြီးကအိပ်ယာပေါ်မှာ
လှဲနေရပေမယ့် စိတ်မထင်ရင်မထင်သလို အနားခေါ်ပြီးခေါင်းခေါက်တာမျိုး၊ ပါးရိုက်တာမျိုးတွေ
လုပ်တတ်လေသည်။ ကျန်းမာရေးမကောင်းပေမယ့် ခက်ထန်နေတဲ့စိတ်က မေမေကြီးကိုပိုလို့ပင် ကြမ်းတမ်းစေလေသည်။
“ဟင်…..မမနီလာ……”
မေမေကြီးရဲ့ ကုတင်ဘေးနားမှာ ခပ်ယို့ယို့လေးရပ်နေတဲ့ မမနီလာကို
အဝေးကမြင်လိုက်တဲ့ ကျွန်မနဲ့မိပုတို့ ကိုယ်ရှိန်သတ်လို့ အသာလေးစောင့်ကြည့်နေမိလေသည်။
စိတ်ဆိုးဟန်ဖြစ်နေတဲ့ မေမေကြီးရဲ့မျက်နှာက နိဂိုကတည်းကညိုတဲ့အသားမို့ မဲမဲရောင်သာ ကျွန်မတို့လှမ်းမြင်လိုက်ရလေသည်။
“…တော်တော်အသုံးမကျတဲ့နီလာမ…..ဒါလေးတောင် ဖြစ်ဖြစ်မြောက်မြောက်မလုပ်တတ်ဘူး…မနေ့ကတည်းကချက်ထားလို့
ဒီဟင်းက သိုးနေရတာလား…ဟင်….မိနီလာ....”
“…ကျွန်မ….ကျွန်မ..တောင်းပန်ပါတယ် ချက်ပြီးပြီးချင်း အုပ်ထားမိလိုက်လို့ပါ၊….
နောက်မဖြစ်စေရပါဘူး မေမေကြီး…...”
“ပြောလိုက်ရင် မျက်နှာသေလေးနဲ့…. လူကဖြင့် ဘာအသုံးမှမကျဘူး…သွား….ခုချက်ချင်း
ငါ့နားကထွက်သွား…….”
“ဟုတ်…ဟုတ်……”
မျက်နှာကိုလက်နဲ့အုပ်ကာ မေမေကြီးအခန်းထဲကနေ ပြေးထွက်သွားတဲ့
မမနီလာကိုမြင်လိုက်တာကြောင့် မေဦးနဲ့မိပုတို့ တစ်ယောက် မျက်နှာတစ်ယောက်ကြည့်လိုက်မိပါတယ်။
မီးဖိုချောင်ထဲပြန်ဝင်လာရပေမယ့် ၀မ်းနည်းပြီးငိုသွားရတဲ့ မမနီလာကိုတော့ မေဦးမျက်လုံးထဲက
မထွက်ခဲ့ပေ။
“ မမနီလာ ဘာများဖြစ်လို့လဲမသိနော်….သူရောက်နေတာတောင် ငါတို့
မသိလိုက်ဘူး…..”
“ဘယ်သိရမလဲ မမလေးရဲ့ အဲ့ဒါဆို အဆူခံဖို့ရောက်လာတယ်လို့မှတ်….”
“အော်…….….. မေမေကြီးက ချွေးမတွေလည်းအဲ့လိုလုပ်တာပဲလားဟင်
မိပု”
“သူ့သားတွေကို ထိလို့မရဘူး မမလေးရဲ့၊ အကိုလေးကမှတော်သေးတယ်
သူ့အကိုတွေအားလုံးက တစ်ခုခုဆို သူ့အမေကိုပြန်တိုင်ကြတာ၊ ခုလည်း ဘာကိစ္စလှမ်းတိုင်ပြန်လည်းမသိဘူး……..”
“အော်…….”
မတ်တပ်ရပ်နေရာကနေ ထိုင်ချလိုက်ပြီး သက်ပြင်းမောတစ်ခုကို
စိတ်ပျက်လက်ပျက်နဲ့ ချလိုက်မိတာမို့ လူကချက်ချင်းပင် အိုစာသွားသလိုပင်။ မြို့မျက်နှာဖုံးတစ်ယောက်အနေနဲ့
ဒီလိုစရိုက်လက္ခဏာတွေရှိလိမ့်မယ်လို့ မေဦးတို့တစ်ရွာလုံးက ဘယ်လိုလုပ် သိနိုင်၊ မြင်နိုင်၊
ကြားနိုင်ပါ့မလဲ…၊ မြင်လိုက်ရင် အမြဲပဲပြုံးရွှင်နေတတ်ပြီး အလှူအတန်းရက်ရောလှတဲ့ မေမေကြီးတို့မိသားစုတွေကို
မေဦးတို့တစ်ရွာလုံးက အားကျနေကြရတာမဟုတ်လား…………..။
အဲဒီနေ့က ပြသနာက ရုံးပတီသီးကြော်ချက်ဟင်းလေး သိုးသွားရတဲ့
အဓိကတရားခံဆိုရင် ဘယ်တရားပါ့မလဲလို့ မေဦးဘာသာ မှတ်ချက် ပေးမိလေသည်။ ပါးတစ်ချက်နဲ့ရုံးပတီသီးဟင်းကိုလဲလိုက်ရတာမို့
ရုံးပတီသီးလို့ ဆိုလိုက်တာနဲ့ မေဦးလက်က ပါးပြင်ဆီသို့သာ အပြေးရောက်မိလေတော့သည်။
“သမီး….မေဦး..”
“ရှင်…မေမေ…”
“ ဒီကလေးမနှယ်….လူကလည်းငေးလို့……….လက်ကလည်းဇွန်းကြီးကိုကိုင်လို့
ဘာတွေများ ဒီလောက်တောင်စဉ်းစားနေရတာလဲ ဟင်…. သမီး..”
“ဘာမှမဟုတ်ပါဘူးမေမေရဲ့……. ကိုအောင်ကလည်း ရုံးပတီသီးဟင်းဆို
သိပ်ကြိုက်တာလေ…..”
“အော်…..”
မုသားသုံးလိုက်ရပေမယ့် ဒီစကားလေးကြောင့်ပဲ စိတ်ချလက်ချဖြစ်သွားတဲ့မေမေ့ဟန်ကြောင့်
မေဦးနေရထိုင်ရသက်သာသွားရပြန်ပါပြီ။ မေမေ့အလိုက် ထမင်းကိုအားရပါးရစားနေရပေမယ့် ရန်ကုန်အိမ်တစ်လှည့်၊
မေမေ့အိမ်တစ်လှည့် မြင်ကွင်းတွေက တစ်လှည့်စီ ။
***-----***-----***-----***----- “”
“သမီးလေး……မေဦး….”
“ရှင်…မေမေ…..….”
“ သမီးလေးရွာကိုရောက်တာ အတော်ကြာနေပြီနော်…..”
လေးလေးနက်နက် စဉ်းစားဟန်နဲ့ ပြောလာတဲ့မေမေ့စကားကို မေဦးစိုးရိမ်မိလေသည်။
မေမေမေးလို့သာ မေဦးပြောပြခဲ့ရပေမယ့် နေရာသစ်ရဲ့ မပြေလည်မှုတွေကို မေမေ့ကိုမသိစေချင်တာတော့အမှန်ပင်။
ပြဿနာအသေးအဖွဲ့ကစလို့ အကြီးကြီးတွေတိုင်အောင် မေဦး အတက်နိုင်ဆုံး နေခဲ့ရခြင်းသာ။ ခု….မေမေ
ဘာများ ပြောဦးမလို့ပါလိမ့်……။
“မေမေ ဘာပြောချင်တယ်ဆိုတာ ငါ့သမီးလေး မှန်းဆတတ်ပါ့မလားဟင်……..”
“ အတိအကျတော့မသိဘူးမေမေ…..ဒါပေမယ့် မေဦးကို ပြန်သင့်ပြီလို့
မေမေပြောမလို့ဆိုတာတော့ မေဦးထင်တယ်မေမေ”
“အင်း……..”
သက်ပြင်းအရှည်ကြီးကို လေးတွဲစွာချလိုက်တဲ့ မေမေ့ဟန်က မေဦးကိုပြောစရာတွေအများကြီးရှိနေတယ်ဆိုတာ
မေဦးသိလိုက်လေသည်။ ရွာကိုရောက်တာ ဆယ်ရက်ကျော်ပြီမို့ မေဦးအတွက်က ခဏလေးပါမေမေရယ်လို့ စိတ်ထဲကပဲ တောင်းဆိုမိလေသည်။
ပြောပြချင်တဲ့စကား တွေကို စဉ်းစားနေတဲ့ မေမေ့ဟန်က စကားလုံးတိုင်းကို နားလည်သဘောပေါက်စေချင်တယ်ဆိုတာလည်း
မေဦးသိပါတယ်။
“ပြောလေ မေမေ…သမီး
နားထောင်နေပါတယ်….”
“……………..”
“……….”
ဖြစ်ပျက်သမျှအဆိုးအကောင်းတွေကို ဝေဖန်ပိုင်းခြားတတ်စေဖို့နဲ့
လိမ္မာရေးခြားရှိအောင် သတိထားနေထိုင်ဖို့တွေကို ပြောပြပေးနေတဲ့ မေမေ့စကားသံတွေက ဟိုးအဝေးကြီးကလာနေသလို
မေဦးဆီကို တစ်လုံးချင်း တဖြည်းဖြည်းချင်းဆီ အလုအယက်ပြေးဝင်လာကြလေသည်။ မေမေရဲ့နှုတ်ခမ်းအလှုပ်လေးမှာတင်
ထွက်ကျလာတဲ့ စကားစုတိုင်းက မေဦးရဲ့ နှလုံးသားထဲတိုင်အောင် စိမ့်ဝင်သွားကြလေသည်။
ရုပ်သေတစ်ခုလို ငုတ်တုတ်ထိုင်လျက် ငြိမ်သက်နေတဲ့မေဦးက
မေမေရဲ့အကြင်နာမျက်ဝန်းတွေကို မျက်ရည်တွေကြားကနေ ၀ိုးတ၀ါး အကြည့်နဲ့ ကြည့်လိုက်မိလေသည်။
လိုချက်တက်မက်မှုတွေပြည့်နေတဲ့ မမချိုတို့မောင်နှမတွေရဲ့ ရောင်စုံမျက်ဝန်းတွေနဲ့ လားလားမှမဆိုင်။
မေမေကြီး၊ မမချို၊ မမနီလာနဲ့ ခဲအိုတွေရဲ့ တစ်ယောက်တစ်မျိုး
ပြောဆိုနေကြတဲ့ စိတ်ရှုပ်စရာကိစ္စရပ်တွေက နေ့စဉ်နဲ့အမျှပင်၊ ကိုအောင့်ကို နိုင်ငံခြားသင်္ဘောလိုက်ခိုင်းတာလည်း
မမနီလာတို့စနစ်ဖြစ်သလို မေဦးရောက်လာမှ မေမေကြီးကိုကြည့်ဖို့ခေါ်ထားတဲ့ ဆရာမကို အလုပ်ထုတ်ပစ်တာလည်း
မမချိုရဲ့သဘောထားတွေပင်။ အငယ်ဆုံးသားမို့ လုပ်ငန်းတစ်ခု မခွဲဝေပေးတာကလည်း ခဲအိုတို့သဘော
ဖြစ်ခဲ့လေသည်။ ကိုယ့်သဘောမပါတဲ့ နေ့စဉ်ဆုံးဖြတ်ချက်တွေကြားမှာ မေဦးရဲ့အဖော်က မိပုနဲ့မိစုမျှသာ။
“သမီးလေး…မေဦး…ဘာတွေတွေးနေပြန်ပြီလဲဟင်..……မေမေပြောတာကို
နားလည်အောင်ကြိုးစားရမယ်နော်……”
“……..သမီးကြိုးစားပြီး နေထိုင်သွားမှာပါ…..”
“ကဲ..ဒါဆိုလည်း
အိပ်ဖို့ပြင်တော့……..……”
“ဟုတ်မေမေ….”
မေမေ့ကိုရိုသေစွာကန်တော့ပြီး အိပ်ရာဝင်ခဲ့ပေမယ့် မေဦးခဏလေးနဲ့
အိပ်မပျော်ခဲ့ပေ။ ရင်လေးစရာ ရှေ့ရေးတွေကို ကြိုတင်ပြီး မစဉ်းစားချင်ပေမယ့် သေချာတာတစ်ခုကတော့
အဆိုးဆုံးဆိုတာတွေကို ကြိုတင်လို့ပြင်ဆင်ထားရပေတော့မည်။ နေရာသစ်၊ အတွေ့အကြုံသစ်မှာ
ခြောက်လသာ ရင်ဆိုင်ရသေးတာမို့ နောင်နှစ်ပေါင်း ခြောက်ဆယ်အထိ တွေ့ကြုံရမယ့် အခက်အခဲပေါင်းများစွာအတွက်
မေဦးသတ္တိတွေ မွေးရဦးမှာပါ။
မပြည့်မစုံကြားထဲကနေ မေဦးကိုမွေးထုတ်ပေးခဲ့တဲ့ မေမေ့ရဲ့သတ္တိသွေးတွေအပြည့်ပါနေတဲ့မေဦးက
ပြည့်စုံသူတို့ရဲ့ အသိုင်းအ၀ိုင်းကြားမှာ ခေါင်းမော့ရင်ကော့နိုင်အောင် ဘာလို့များ မနေနိုင်ရမှာလဲ။
စိတ်ရင်းစေတနာတွေအပြည့်ပါနေတဲ့ မေဦးရဲ့အကြင်နာလက်တစ်စုံက
ဂုဏ်ပကာသနတွေထုတ်ပိုးထားတဲ့ မေမေကြီးတို့မိသားစုကို ဘာလို့များ မနွေးထွေးနိုင်ရမှာလည်း။
မိဘနဲ့ညီကိုမောင်နှမတွေရဲ့စကားကိုမလွန်ဆန်နိုင်တာကတစ်ဖက်
မေဦးကတစ်ဖက်နဲ့ သင့်တင့်အောင်ကြိုးစားနေပေးရှာတဲ့
မေဦးချစ်တဲ့ ကိုအောင်အတွက် မေဦးက စံပြဇနီးတစ်ယောက်အဖြစ် ဘာလို့များ မနေနိုင်ရမှာလည်း။
တစ်ယောက်တည်းချမိတဲ့ ဒီဆုံးဖြတ်ချက်တွေအကောင်အထည်ဖော်ဖို့
အားအင်သစ်တွေနဲ့ ရန်ကုန်ရွှေမြို့တော်ကြီးဆီသို့ မေဦးမကြာခင် ပြန်ရပေဦးမည်။ ရောင်စုံကာလာတွေကြားထဲက
အဖြူရောင်လေးတစ်ခုကိုဖြင့် အများမြင်အောင်ပြသနိုင်လိမ့်မယ်လို့ မေဦးအဆုံးတိုင် ယုံကြည်မိလေတော့သည်။
စိမ့်စမ်းရေ
12.11.2015
0 comments