ဟိုင်းဝေးကားကြီးမို့ထင်သည် မှတ်တိုင်တစ်ခုရောက်တိုင်း
ဆင်းကြတဲ့ခရီးသည်တွေကမနည်းပင်၊ ခုလည်း ကျွန်မဆင်းတဲ့ မှတ်တိုင်မှာ အတော့်ကိုအများသားပင်။
ကိုယ့်ရှေ့ကနေ တဖြည်းဖြည်းချင်း ဆင်းနေတဲ့ တခြားခရီးသည်တွေကို ကျွန်မ စိတ်ရှည် လက်ရှည်
စောင့်နေလိုက်ပြီး နောက်ဆုံးမှဆင်းခဲ့လေသည်။ အပိုတန်ဆာပလာတွေမပါတဲ့ကျွန်မအတွက်တော့
ခရီးဆောင်အိတ်ငယ်လေး တစ်လုံးတည်းပင်။
“ဟူး………ရင်ထဲကိုအေးသွားတာပဲ”
ကားပေါ်ကဆင်းဆင်းချင်း အေးမြပြီးသန့်ရှင်းတဲ့လေနုအေးက ကျွန်မကိုဆီးကြိုပွေ့ဖက်လေတော့သည်။
ဘေးဘီဝဲယာမှာ ကိုယ့်အသိတွေများ တွေ့လေမလားလို့ ဟိုဟိုဒီဒီရှာကြည့်ပေမယ့် တစ်ယောက်တစ်လေမှ
မမြင်မိပေ။ ကြိုတင်အကြောင်းကြားထားရင်တော့ လာကြိုပေးမယ့်သူတွေရှိနိုင်ပေမယ့် အမေ့ကိုလည်းအံ့သြစေချင်တာကြောင့်
ဘယ်သူမှအသိမပေးဘဲ တစ်ယောက်တည်းပြန်လာခဲ့ခြင်းပင်။
“အမ…ကယ်ရီ ခေါ်ဦးမလား….”
ဆိုင်ကယ်ကို ကျွမ်းကျင်စွာမောင်းနှင်လာတဲ့ ကောင်လေးက ကျွန်မဆီသို့
ဝူး…..ဆို ရုတ်တရက်လာရပ်လေသည်။ အပြုံးတစ်ပွင့်နှင့်အတူ ကျွန်မ ခေါင်းကိုညင်သာစွာရမ်းပြလိုက်တော့
စိတ်ပျက်သွားတဲ့ သူ့ဟန်လေးက အားနာဖို့တောင် ကောင်းလေသည်။ မတွေ့ထိတာ ကြာသွားပြီဖြစ်တဲ့ တောသဘာဝအလှအပတွေကို
ကျွန်မခြေဆန့်လို့ကြည့်ချင်သေးသည်လေ။
ကားပေါ်မှာ ၅ နာရီနီးပါး အညောင်းမိလာသမျှ ခုမှ ပြေစမို့ထင်သည်
လမ်းလျှောက်ရတာ ဒီတစ်ခါ အရသာအရှိဆုံးလို့ ကျွန်မ ပြောလိုက်ချင်သေးသည်။ တောလမ်းခရီးမဟုတ်ပေမယ့်
သွားသူလာသူ ရှိမနေပါ။ ဘေးဘီဝဲယာမှာတော့ လယ်ကွင်းတွေက စိမ်းစိမ်းစိုစို၊ လယ်တစ်ချို့
ကောက်စိုက်ပြီးပေမယ့် တစ်ချို့အကွက်တွေ ကျန်နေသေးသည်။ လူသွားလမ်းမထက်မှာတော့ ကျွန်မတစ်ယောက်တည်းသာ။
“…နေရောင်ခြည်လည်း
နွေးပါစေ၊ လေပြည်အေးပါစေ……ချစ်မိတ်ဆွေပေါင်းဖော်များ…ကျန်းမာကြစေသား………”
တစ်ရွာနဲ့တစ်ရွာကြား ရောက်နေတာမို့ ကြားလိုက်ရတဲ့ ကလေးငယ်တစ်ယောက်ရဲ့
ကဗျာရွတ်ဆိုသံကြောင့် ကျွန်မ ဘေးဘီဝဲယာကို အသာငဲ့စောင်းကြည့်မိလိုက်ပါတယ်၊ အရင်က ကွင်းပြင်တွေချည်းသာရှိခဲ့ရာမှ
ခုတော့ ကြိုကြားကြိုကြား အိမ်ငယ်ကလေးတွေ တိုးပွားနေသည်မို့ ဒီအစုထဲကသာဖြစ်ရမယ်လို့
ကျွန်မတွေးထင်လိုက်လေသည်။
အားမာန်အပြည့်နဲ့အဆုံးသတ်သွားတဲ့ ကဗျာနောက်ဆုံးပိုဒ်လေးကို
ကျွန်မ သံယောင်လိုက်ပြုရင်းက အသံထွက်၍ပါ ဆိုမိချေပြီ။ မကြာခင်ရောက်ရှိမြင်ရတော့မယ့်
ကျွန်မရဲ့ချစ်သောမေမေအပါအ၀င် မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းတွေအားလုံး ကျန်းမာလို့ချမ်းသာစွာ
ရှိကြပါစေလို့ ကျွန်မ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲကို ဆုတောင်းမိလေတော့သည်………….။
***-----***-----***-----***-----
“ ဟဲ့ ဟဲ့…………ဟဲ့…ညည်း မေဦး မဟုတ်လား……………”
“ဟင်…….ဒေါ်လေးရွှေ….”
“ညည်းအေ….အကြောင်းမကြားဘာမကြားနဲ့.ဒါ ကားဂိတ်ကနေ တစ်ယောက်တည်းလမ်းလျှောက်လာတာပေါ့လေ..
ဟုတ်လား… ကြည့်စမ်းကြည့်စမ်း…ကားဂိတ်နဲ့ရွာကို အနီးလေးများထင်နေသလား မေဦးရယ်… လူကြီးတွေကို
ဝမ်းသာရအောင် ကြိုတော့ ပြောသင့်တာပေါ့….. ညည်းလာလည်တာ ဘယ်သူက ၀မ်းမသာပဲ ရှိမလဲ….တကတည်း
မပြောလိုက်ချင်ဘူး…… ပေးပေး….ညည်းလက်ထဲက အထုပ် ….”
“ရပါတယ် ဒေါ်လေးရွှေရဲ့ ပေါ့ပေါ့လေးပါ.. မေဦး ကိုယ့်ဘာသာ
သယ်ခဲ့ပါ့မယ်..”
“ပေါ့ပေါ့လေးလေးအေ………ပေးဆိုပေးလိုက်ပေါ့……….”
ပြောပြောဆိုဆိုနဲ့ ကျွန်မလက်ထဲကအထုပ်ကို ဒေါ်လေးရွှေက ခေါင်းပေါ်ပင့်တင်လိုက်ပြီး
ရှေ့ကနေဦးဆောင်လို့ သွားချေပြီ။ ရွာနောက်ပိုင်းလောက်ကျတဲ့ ကျွန်မတို့အိမ်က ကျွန်မခြေလှမ်းနဲ့ဆို
အနည်းဆုံးတော့ မိနစ် 20 လောက် လျှောက်ရပေဦးမည်။ မြန်လည်းမြန် သွက်လည်းသွက်လှတဲ့ ဒေါ်လေးရွှေရဲ့
ခြေလှမ်းတွေကို ကျွန်မလိုက်မမှီတာမို့ အနောက်ကနေ ခပ်အေးအေးနဲ့သာ လျောက်နေလိုက်ပါတယ်။
“ဟိတ်……….…”
“အမလေး…..လန့်လိုက်တာ မပုတိုရယ်………ဖြေးဖြေးသာသာလုပ်ပါ…..”
“ကြည့်စမ်း…ငါကဘယ်သူများလဲလို့ နောက်ကနေလိုက်ကြည့်နေတာ၊
မှတ်တောင်မမှတ်မိပါလား မေဦးရ… တစ်သွေးတစ်မွေးကြီးကိုဖြစ်လို့ တို့ရွာက သူစိမ်းလက်မခံဘူးဆိုတာ
မသိဘူးလား…..…”
“ဟယ်……….မပုတို……ကြည့်စမ်း လူမရောက်သေးဘူး လေသံနဲ့တင်
ခြိမ်းခြောက်နေတာများ….ကြောက်လှချေရဲ့နော်….”
ပခုံးတွန့်ကာ ကြောက်ဟန်ဆောင်ပြလိုက်တော့ မပုတိုက တ၀ါးဝါးနဲ့အော်ရယ်လေတော့သည်။
သူရယ်တော့ကျွန်မလည်းလိုက်ရယ်မိလေသည်။ ဒါဟာ ကိုယ့်ဇာတိမွေးရပ်မြေရဲ့ ချစ်ခင်ဖွယ်ရာ နှုတ်ဆက်ဟန်ဆိုရင်လည်း
မမှားနိုင်ဘူးပေါ့။ နှစ်ယောက်သား လက်ချင်းချိတ်၊ ပခုံးဖက်လို့ တက်ကြွတဲ့ခြေလှမ်းတွေနဲ့
အမေ့အိမ်ဆီသို့သာ အမြန်လှမ်းလိုက်ကြပါတယ်။
***-----***-----***-----***-----
ဖော်ရွေကာခင်မင်ရင်းနှီးကြတဲ့ တောဓလေ့သဘာဝကို ကျွန်မ စာမဖွဲ့တတ်ပါ။
မြို့ရောက်သွားတာ 6 လလောက်သာရှိသေးတဲ့ကျွန်မကို ၀ိုင်းအုံကြည့်လိုကကြည့်၊ မေးတဲ့သူကမေးနဲ့
ကျွန်မမေမေဧည့်ခံတဲ့ ရေနွေးကြမ်းအိုးတောင် တည်လို့ပင် မနိုင်ချေ။ မျက်နှာပေါ်က အပြုံးပန်းကို
အလှဆုံးပန်ဆင်ထားတဲ့ ကျွန်မရဲ့မေမေကတော့ မြို့ပေါ်မှာနေရတဲ့ သမီးအလိမ္မာလေးအတွက် ဂုဏ်ယူမဆုံးနိုင်ကြောင်း
လာသမျှလူတွေကို ပြောမကုန်နိုင်ရှိနေခဲ့လေသည်။
ဧည့်သည်တွေကိုဧည့်ခံလိုက်၊ ညနေစာအတွက် ပြင်ဆင်လုပ်နေတဲ့ ကျွန်မရဲ့မေမေက ဒီနေ့မှပိုလို့
ရွှင်လန်းနေသယောင်ပင်။ မေမေ့ရဲ့ပီတိအပြုံးတွေကြားမှာ ကျွန်မလည်းပဲ အပြုံးလေးတွေ ကူးစက်နေလို့သာပေါ့။
အမေ့အတွက်ရယ်လို့ ဘာတစ်ခုမှ ပြန်မထောက်ပံ့ပေးနိုင်သေးတဲ့ကျွန်မက ခု မေမေ့ဆီက အားပေးစကားတွေနဲ့
အသုံးစားရိတ်ကို လာပြန်ယူတာလို့ဆိုရင် မေမေစိတ်ချမ်းသာပါဦးမလား…………..။
“သမီး…………မေဦး………”
“ရှင်..မေမေ….လာပြီလာပြီ”
“င့ါသမီးနှယ်……ဒီမှာ
မေမေခေါ်နေတာဖြင့်ကြာလှရှိနေပြီ။ လာ……ညနေစာစားရအောင် တော်ကြာ သမီးသူငယ်ချင်းတွေ လာချင်လာနေကြဦးမှာ
”
စားပွဲပေါ်ပြင်ဆင်ပေးထားတဲ့ ဟင်းတွေကအမျိုးစုံလှလေသည်။ တောထမင်း
တောဟင်းမို့ အရသာတော့ ဘာနဲ့မှမလဲနိုင်ချေ။ ချက်ချင်းခူးလို့ ချက်ချင်းစားကြလေ့ရှိတဲ့
သဘာဝမို့ ဟင်းသီးဟင်းရွက်အားလုံးက လတ်ဆတ်လှသည်။ ငါးငါးပိချက်၊ တို့စရာအစုံ၊ အာလူးဟင်း၊
ဆူးပုတ်ရွက်ဟင်းချို အကုန်လုံးက ကျွန်မအကြိုက်တွေပါပဲလား မေမေရယ်………….။
“မေမေ………….ဟင်းတွေကလည်း များလိုက်တာ……….သမီးအတွက် အဲ့လောက်မလိုပါဘူးမေမေရယ်……..နော်”
“အရင်တုန်းကတော့ မလိုပေမယ့် ခုလိုတယ်သမီးရဲ့၊ နောက်ဆို
ငါ့သမီးက မေမေ့အိမ်မှာတောင် ထမင်းစားနိုင်ပါဦးမလားကွယ်….မြို့မှာက အစားအသောက်တွေကော
တခြားပစ္စည်းတွေကော စုံလို့ပဲမဟုတ်လား…...”
“ဟာ……မဟုတ်တာပဲမေမေကလည်း…သမီးက ဘာမို့လို့ မေမေ့ဆီမှာ ထမင်းမစားနိုင်ရမှာလဲ…မေမေနော်……အဲ့လိုမျိုးတွေပြောတာ
သမီးမကြိုက်ပါဘူး…...”
“ကဲပါ ဟုတ်ပါပြီ၊ မေမေက ကိုယ့်သမီးလေးကို ချစ်လို့ စတာပါ…..ကဲကဲ
စားစား ပူတုန်းလေး……”
ကျွန်မရဲ့ထမင်းပန်းကန်ထဲကို ဟင်းတွေခပ်ထည့်ပေးနေတဲ့ အမေ့ရဲ့လှုပ်ရှားဟန်တွေတိုင်းမှာ
ကျွန်မအပေါ် စေတနာတွေ၊ မေတ္တာတွေ အပြည့်နဲ့ သက်ဝင်လှုပ်ရှားနေတယ်ဆိုတာ ကျွန်မအသိဆုံးပါ။
မစားရတာကြာပြီဖြစ်တဲ့ အမေ့လက်ရာလေးတွေကို ခံတွင်းမြိန်စွာနဲ့ အားရပါးရစားမိတဲ့အခါ ကျေနပ်ပီတိဖြစ်နေရှာတဲ့
မေမေ့ကို မျက်ရည်တွေကြားက ၀ိုးတ၀ါးနဲ့ မြင်လိုက်ရလေသည်။
“မေဦးရေ………………ဒေါ်လေးရေ………..၀င်လာပြီနော်……..”“ဟော……မေမေမပြောလား……..ပုတိုမတို့
ချီတက်လာကြပြီ……..ကဲကဲ…စားစားမြန်မြန်….”
***-----***-----***-----***-----
“မေဦးရေ..မေဦး…….
မြန်မြန်လာစမ်းပါဦး…..”
ဘုရားပန်းအိုးထိုးနေရာမှ
မမချိုရဲ့ခေါ်သံကြောင့် မေဦးကော မိပုပါ ခေါင်းတွေအလိုလိုတည့်မတ်သွားလေသည်။ ပုံမှန်ထက်
ပိုမို ကျယ်လောင်နေတဲ့အသံကြောင့် ဘာများဖြစ်လို့ပါလိမ့်လို့ စိုးရိမ်စိတ်က မေဦးရင်ကို
ဒိုင်းခနဲ ၀င်ရောက်လေတော့သည်။
“ရှင်………..မမချို.....ဘာ….ဘာဖြစ်လို့လဲဟင်”
“
လာစမ်းပါမြန်မြန် …ဒီမှာ မေမေဗိုက်ဆာနေလို့တဲ့ အဲဒါ လာလုပ်ပေးဦး”
“ဟုတ်….လာပြီ
လာပြီ မမချို……”
အိမ်အောက်ထပ်ဆီသို့
ကြားအောင်လှမ်းအော်ပြောလိုက်ရင်း လုပ်လက်စလေးတွေကို မိပုလက်သို့အပ်လိုက်ရလေသည်။
“မိပု…….ဘုရားပန်းတွေကို
သေချာလှလှလေးထိုးနော်။ ရေလည်းသေချာဆေးသိလား………. မမ မကြာဘူး ခဏနေရင်ပြန်လာခဲ့မယ်”
“ဟုတ်ကဲ့ပါ
မမလေးရဲ့……….ဖြေးဖြေးလည်းဆင်းသွားဦး….”
“အေးပါ
………”
“ဟွန်း……
ကိုယ့်အမေစားဖို့တောင် မလုပ်ချင်ဘူး ၊ ဒါလေး လုပ်ပေးလိုက်ရတာများ ဘယ်လောက်ကြာတာမှတ်လို့
မမလေးကိုပဲ အကုန်လုံး လိုက်ခိုင်းနေတယ်”
ဘုရားပန်းအိုးတွေကို
ဆေးနေရင်းမှ ပွစိပွစိအသံထွက်နေတဲ့ မိပုခေါင်းလေးကိုအသာပုတ်လို့ မေဦး အောက်ထပ်သို့
အပြေးကလေးဆင်းလာလိုက်ပါတယ်။ ၀ရန်တာလက်ရမ်းမပါတာမို့ သွားနေလာနေကျမဟုတ်တဲ့ကျွန်မ အနည်းငယ်တော့
အချိန်ယူရလေသည်။
“မေဦး….နင်ကလည်း ကြာလိုက်တာ……..ဒီမှာ ကိုင်ထားရတာတောင်
ညောင်းနေပြီ…”
ဆီပေမှာစိုးလို့
လက်မနဲ့လက်ညှိုးသာ အားပြုကိုင်ထားရတဲ့ မုန့်ဟင်းခါးအထုတ်လေးက မမချိုအတွက်တော့ အတော်လေးတဲ့
ပစ္စည်းတစ်ခုလိုပင်။
“အော်…မမချိုကလည်း
ပန်းကန်ထဲထည့်ထားတော့ ဘာဖြစ်လို့လဲ။ ဒါလေးများ မေဦးကို လှမ်းခေါ်နေရသေးတယ်.. ပေးပေး…”
ပါးစပ်ကလည်းပြော၊
လက်ကလည်းလှမ်းယူပြီး မေဦး မီးဖိုချောင်ထဲ ၀င်သွားလိုက်ပါတယ်။ သင့်တော်မယ့် ပန်းကန်ထဲထည့်လိုက်ပြီး
မေမေကြီးအတွက် အခြားပြင်ဆင်စရာရှိတာလေးတွေကိုပါ တစ်ခါတည်း ပြင်ဆင်လာလိုက်လေသည်။
မုန့်ဟင်းခါးပန်းကန်၊
ကော်ဖီပူပူနဲ့ ပေါင်မုန့်မီးကင်တစ်ချပ်၊ နံနက်ဆေးတစ်ဖုံ ထည့်ထားတဲ့ စတီးဗန်းလေးကိုင်ပြီး
မီးဖိုခန်းထဲကအထွက်
“သမီး…………မေဦး…….သမီး….သမီး….”
“ဟင်…..မေမေ…….သမီး…သမီး..
ရန်ကုန်အိမ်ကို စိတ်စွဲပြီး အိမ်မက် မက်နေတာထင်တယ်..………”
“ဟုတ်မှပေါ့..ပါးစပ်ကလည်း
ဘာတွေပြောနေမှန်းမသိဘူး………မိပုတွေကော မိစုတွေကော စုံနေတာပဲ……….”
ဟင်
ဆိုပြီး ရုတ်တရက် ထထိုင်မိလိုက်တဲ့ ကျွန်မ ရုတ်တရက်မို့ အာရုံတွေကို မနည်းစုစည်းလိုက်ရလေသည်။
ကျွန်မစိတ်တွေ မိပုတို့ဆီ ရောက်သွားတာပဲဖြစ်ရမည်။ ခုချိန်ဆို သူတို့လေးတွေ မေမေကြီးကိစ္စတွေနဲ့
အလုပ်ရှုပ်နေကြရောပေါ့……..ပြီးတော့…ဒီနေ့က အင်္ဂါနေ့… ဆရာဝန်အိမ်ကိုလာကြည့်မယ့်နေ့……….ပြီးတော့………ပြီးတော့…….ဟာ……….။
“သမီး…….ဘာဖြစ်နေတာလဲ…..ဘာလဲ
အိပ်ရေးမ၀သေးဘူးလား…ညက အိပ်မပျော်ဘူးလား..…ပြန်အိပ်ချင်သေးလို့လား……..ဟုတ်လား….”
“ဟာ……မဟုတ်ပါဘူးမေမေကလည်း……….”
“ဒါဆိုလည်း
ထ…ထမင်းကြမ်းစားရအောင်၊.. ပုတိုမတို့ လာခေါ်ကြမှာဆို……..သမီးပဲ သူတို့နဲ့လယ်ထဲခဏလိုက်မယ်ဆို၊
”
“အယ်……..ဟုတ်သား………”
***-----***-----***-----***-----
ကန်သင်းရိုးတစ်လျှောက်
စီတန်းပြီးသွားနေကြတဲ့ မပုတိုတို့အသိုက်ကိုမှီဖို့ မေဦး မနည်းကိုပြေးလိုက်ရလေသည်။
သနပ်ခါးကို ခြစ်ချရလောက် အောင်ဖြီးလိမ်းထားပြီး အပေါ်ထပ်လက်ရှည်အင်္ကျီဝတ်၊ လုံချည်တိုတိုနဲ့၊
ခမောက်ဆောင်းထားတဲ့ မေဦးသူငယ်ချင်းတွေရဲ့အလှက တစ်ကယ့်ကိုတောသဘာဝအလှတွေပင်။ ပျိုးပင်လေးတွေ
အစုလိုက် အစုလိုက်ချထားဟန်၊ ကောက်စိုက်သူလေးတွေရဲ့ လှုပ်ရှားဟန်တွေက မေဦးတို့လို တောသူတောင်သားတွေသာ
မြင်ရတဲ့ သဘာဝရဲ့အလှတစ်ခုပင်။
ကျောင်းသူဘ၀မှသည်
တက္ကသိုလ်တက်၊ နောက် အိမ်ထောင်ကျသည်အထိ မေဦး ကောက်မစိုက်ဖူးခဲ့ပါ။ လယ်ပိုင်မရှိတာလည်းတစ်ကြောင်း၊
မေမေ့ဈေးဆိုင်လေးကြောင့်တစ်ဖုံနဲ့ မေဦးက တောသူဆိုပေမယ့် တောအလုပ်တွေကို မလုပ်ကိုင်ဖူးခဲ့ပေ။
တစ်ခါတစ်လေ အနည်းငယ် ၀ိုင်းကူတာကလွဲလို့ မေဦးက နေ့စားအဖြစ် ကောက်မစိုက်ခဲ့ရပေ။ မေဦးဘ၀ကို
အားကြကြောင်း မပုတိုက ခဏခဏပြောခဲ့ပေမယ့် မိစုံဖစုံမရှိတဲ့ဘ၀က ဘာများပိုကောင်းလို့လည်း
မပုတိုရယ်လို့ မေဦးက ပြန်ပြောခဲ့ခြင်းသာ။
“မေဦးရေ…နေပူတယ်ဟ မြန်မြန်လာ..……….ဟိုဘက်က ပတ်လာခဲ့”
“ဟုတ် ဟုတ် မပုတိုရေ………..”
လယ်ကွက်ထဲကနေလှမ်းအော်ပြောနေတဲ့ မပုတိုကို မေဦး လက်လှမ်းပြလိုက်ပါတယ်။
လျှောက်နေမကျတဲ့လမ်းတွေမို့ မေဦးအတွက်တော့ ယိုင်နဲ့နဲ့ခြေလှမ်းတွေဖြစ်နေခဲ့လေသည်။
“ဟူး……….မောလိုက်တာ…..နေကလည်းမထွက်သေးဘူး ပူလိုက်တာလွန်ပါရော….”
“မယ်မင်းကြီးမ….အဖြစ်သည်းပြမနေနဲ့၊ သူများတွေကြားရင် ညည်းကို
အတင်းပြောကြလိမ့်မယ်……ဘ၀မေ့တယ်ဘာဖြစ်တယ်နဲ့…”
“အဲ့လိုသဘောမဟုတ်ပါဘူး မပုတိုရယ် မေဦးက …….”
“အေးပါအေးပါ…..သွား ဟိုနားသွားထိုင်နေ၊ ငါတို့အလုပ်စလိုက်ဦးမယ်…..ဒီအကွက်က
ထောင့်ကွက်မို့ ငါ သက်သက်ချန်ထားခဲ့တာ။ အမှန်ဆို တနေ့ကတည်းက ပြီးရမှာ….”
“အော်…”
လေကကြမ်းတယ်ဆိုပေမယ့် ခပ်သုန်သုန်လေးတိုက်ခတ်နေတော့ နေလို့ပင်အကောင်းသား။
ဟိုဟိုဒီဒီကြည့်စရာလည်း သိပ်မရှိတာမို့ ကောက်စိုက်နေသူတွေထံသို့သာ အာရုံစိုက်ထားလိုက်လေသည်။
တက်ညီလက်ညီနဲ့ ကောက်စိုက်နေကြတဲ့ မပုတိုတို့က နေ့စားမဟုတ်ပဲ အကွက်လိုက်၊ ဧကလိုက် ယူစိုက်ကြသူတွေပင်။ ကိုယ်မြန်မြန်စိုက်ရင်လည်းရသလို၊
တစ်ရက်နှစ်ရက်နားပြီးမှ စိုက်ရင်လည်းရသည်။ တစ်ချို့က နှစ်ယောက်တွဲ၊ သုံးယောက်တွဲ စသည်ဖြင့်
အများဆုံးကတော့ ငါးယောက်တစ်ဖွဲ့ပင်။
တစ်နေကုန် ကုန်းထားရတဲ့ခါးတွေ မညောင်းဘူးလားလို့ ကျွန်မ
မေမေ့ကိုမေးကြည့်ဖူးသည်၊ ရွှံ့ဗွက်တွေက ခြေမျက်စိမြုပ်သည်အထိ တစ်ခါတစ်လေ ခြေသလုံးတစ်ဝက်ကျော်သည်အထိ
ရုန်းရသည်။ မိုးရွာရင်ပိုပြီးအလုပ်မတွင်ကျယ်ဘူးလို့ မေမေပြောပြသမျှတွေက မေဦးအတွက်တော့
ဘယ်တော့မှ လက်တွေ့ဖြစ်မလာခဲ့ပေ။
မေဦးတို့ရွာမှာက မိုးတွင်းဘက် ကောက်မစိုက်ရင် တခြားဘာအလုပ်မှမရှိပေ။
ဝင်ငွေတစ်ခုရဖို့ ကောက်စိုက်အလုပ်ကိုသာ အလုအယက် လုပ်ရလေသည်။ ကိုယ့်လယ်ပြီးသူများလယ်၊
တစ်ချို့များဆို တခြားရွာတွေအထိ သွားရောက်စိုက်ကြရသည်။ တစ်ခုခု ပင်ပန်းတာမြင်ရတိုင်း
မေမေ့ကျေးဇူးတွေကိုသာ အထပ်ထပ်အောက်မေ့မိလေတော့သည်။
“ဟေး……..ပြီးပြီဟ………..ပြီးပြီ…….….”
လယ်ကွက်ထဲကနေ အားရပါးရ အော်လိုက်သံကြောင့် ကျွန်မ မပုတိုတို့ဆီ
လှမ်းကြည့်လိုက်ပါတယ်။ သူငယ်ချင်း သုံးယောက်သား ကျွန်မဆီ လာနေဟန်မို့ ဘာများပါလိမ့်လို့သိချင်နေပေမယ့်
ခဏတော့ စောင့်နေလိုက်ပါတယ်။
“ဟူး……မောလိုက်တာမေဦးရာ…တော်ပါသေးရဲ့ နေ့တ၀က်နဲ့တင် ပြီးသွားလို့…..”
“အဲ့ဒါကြောင့်ပြောတာ…..ဘာတဲ့…လယ်ကြီးထောင့်လည်းမစိုက်နဲ့………….အိမ်ကြီးရှင်လည်း
မလုပ်နဲ့ဆိုတာ..”
“အမယ် အေးစိန်မ….ဒါကို ဘယ်ကကြားလာရပြန်တာတုန်း၊ အဲ့လိုသာဆို
လယ်ကွက်တိုင်းမှာ ထောင့်ကွက်တွေချည်း ကျန်နေတော့မပေါ့… ကဲကဲ ရှင်းစမ်းပါဦး…...”
“အဲ့လိုမဟုတ်ဘူး မပုတိုရဲ့…လယ်ကြီးထောင့်ကနေ စစိုက်မိရင်
တော်တော်နဲ့မပြီးနိုင်တော့ဘူးတဲ့၊ ခု မပုတိုက ယူထားတဲ့လယ်ကွက်က အကြီးကြီး၊ ပြီးတော့
တစ်ယောက်တည်း၊ စ စိုက်တော့လည်း ထောက်ဖြတ် အဲ့လိုအဲ့လို……အိမ်ကြီးရှင်လုပ်မိရင်လည်း
လုပ်ပါလေဦး အိမ်အလုပ်တွေ၊ မနက်နဲ့ည နားရတယ်ကို မရှိဘူးတဲ့…..မယုံရင် မေဦးမေကြည့်ပါလား….”
“ဟာ…. မအေးစိန်ကလည်း မေဦးမှ ကောက်မစိုက်ဘူးတာ…..”
“အေးစိန်မရေ……တော်ပြီ…..ထမင်းစားမယ်….ခု ပြီးပြီမဟုတ်လား၊
ဘာမှအပိုတွေပြောမနေနဲ့တော့.. တို့တွေစားသောက်ပြီး ခဏနားမယ်၊ ပြီးရင် ဘုန်းကြီးကျောင်းဘက်ကနေ
လှည့်ပြန်ကြမယ်…ဒေါ်လေးရွှေတို့ အ သုံးလုံး သင်နေတဲ့ဆီ သွားကြမယ်လေ…မကောင်းဘူးလား..”
“ဒေါ်လေးရွှေက အရမ်းရီရတာ မေဦးရဲ့…….ဟိုရက်က ဘာတဲ့ (ရကောက်)ကို
မရေးချင်လို့ ပတ်ပြေးနေတာဆိုလားပဲ။ ဒါတောင်သူကပြောသေးတယ်….စပါး တစ်တင်းသာ ပြေးထောင်းလိုက်ချင်တယ်…..အဲ့ဒါ
ရှည်ရှည်ကောက်ကောက်ကို မရေးချင်ဘူးတဲ့……”
“ ဟားဟားဟား… ဒေါ်လေးရွှေကတော့ လုပ်ပြီ…….”
***-----***-----***-----***-----
ဆက်ရန်
စိမ့်စမ်းရေ
0 comments