*** ကျေးဇူးပါ
ကံကြမ္မာ ***
လေးကန်စွာလျှောက်လှမ်းလာတဲ့
ကျွန်မရဲ့ခြေအစုံတို့ တဖြည်းဖြည်းနှေးလာခဲ့လေပြီ။ ကားပေါ်ကဆင်းကတည်းက
ကိုယ်သွားရမယ့်နေရာသို့ အမြန်မရောက်ချင်ခဲ့ပေ။ ဖြစ်နိုင်ရင်နောက်ကြောင်းသာ
ပြန်လှည့်လိုက်ချင်ပါတယ်။ အမိန့်အရ အလုပ်လုပ်နေရတဲ့ စိတ်မပါတဲ့ ဒီခြေထောက် တွေကိုလည်း
သနားဖို့ကောင်းပါရဲ့။
လွန်ခဲ့တဲ့နှစ်များဆီမှ အတိတ်ရဲ့ခြေရာတို့
ပြေးလွှားခဲ့တဲ့ ဒီနေရာကို ကျွန်မ နောက်တစ်ကျော့ ပြန်မရောက်ချင်ခဲ့ပေ။
ပြန်မရောက်ရအောင် လည်း ကျွန်မတို့သားအမိတွေ နေ့မနား ညမအား ကြိုးစားခဲ့ရတာပါ။ ပြန်မတွေးတော့ပါဘူးဟု
ကိုယ့်ဘာသာစိတ်ဆုံးဖြတ်ထားပေမယ့်၊ မတွေးဘဲရောက်လာတတ်တဲ့ အတွေးတို့ကို ကျွန်မ
မပိုင်ခဲ့တာ သိပ်မကြာခင်ကတည်းကပါ။
အရာရာတိုင်းသောအဟောင်းတွေက အရောင်တောက်ပနေဆဲပင်။
မြင်ဖူးသလို၊ စူးစမ်းသလို ဝေ့ကြည့်လာတဲ့ လူပေါင်းစုံတို့ရဲ့ အဓိပ္ပါယ် ပေါင်းစုံနဲ့
မျက်ဝန်းအစုံကို ကျွန်မဘာသာမပြန်တတ်ခဲ့။
“အို……ငါက အရင်လိုမှမဟုတ်တာ၊
သူတို့အကျိုးတွက် ငါလာရတာပဲ” လို့ မိမိဘာသာအားတင်းထားပေမယ့်၊ စိတ်ရဲ့ထွက်ပေါက် တစ်ခုဖြစ်တဲ့
ဘာသာပြန်မျက်ဝန်းမှာတော့ ၀မ်းနည်းရိပ်တွေ တွဲလို့ခိုလို့။ အရင်ကကျင်လည်ခဲ့တဲ့ဒီရပ်ကွက်၊
ဒီလမ်း၊ အိမ်နေရာ၊ မုန့်ဈေးဆိုင်ကလေးနဲ့ လမ်းသူလမ်းသားတွေ စသည်စသည်တို့ဘာမှ
ပြောင်းလဲခြင်းမရှိသေးပေ။ အသက်အရွယ်သာ ကြီးလာကြပေမယ့်
လူတစ်ချို့ရဲ့အမြင်တွေကတော့ နဂိုအတိုင်းပင်။ မှုန်ကုတ်ကုတ်မျက်ဝန်းထဲမှာ
အလင်းတစ်ချို့တို့ရှိကြလေရဲ့။
တစ်ချို့ကလည်းကျွန်မကို မှတ်မိကြဟန်၊
မြင်ဖူးကြဟန်ပြပေမယ့် ခေါ်မလို၊ မခေါ်မလို။ ဝေးကွာခဲ့တဲ့နှစ်တွေ ဘယ်လောက်များခဲ့ပေမယ့်
နှလုံးသားထဲစွဲထင်ကျန်နေတဲ့ ဒီနေရာ၊ ဒီပုံရိပ်တွေကိုတော့ ကျွန်မဘ၀မှာ
ကမ္ဗည်းထိုးမှတ်တမ်းတင်ထားခဲ့တာကြာခဲ့ပါပြီ။ မမေ့မပျောက်နိုင်တဲ့ နေ့ရက်တို့ကတော့
ပုံဖမ်းကားချပ်တစ်ခုပမာပင်။
ငယ်ရွယ်တဲ့ကလေးဘ၀ရဲ့ မလှမပတဲ့ ပန်းချီကားတစ်ချပ်က
အမေ့ကြောင့် ဆေးရောင်စိုခဲ့ရတာပါ။ အမေ့ကြောင့် အရောင်တောက်ခဲ့ရတာပါ။
ခုလည်း ဒီနေရာကို
ပြန်ရောက်လာတယ်ဆိုတာကလည်း အမေ့ကြောင့်၊ အမေ့ကို တခြားလူတွေ အားကျစေချင်လို့၊ “ဒါ
အေးကြည်မ သမီးလား”ဟု မေးလာမယ့်လူတွေရဲ့နှုတ်က စကားသံကို အမေ့ကိုပြန်ကြားစေချင်လို့။
အနှစ် ၂၀ ကျော်လောက် ရင်းခဲ့ရတဲ့ရက်တွေအတွက် လူတွေက အမေ့ကိုသိစေချင်လို့ပါ။
“ အေးကြည်မဆိုတဲ့ မိန်းမက သားသမီးကို
ဘယ်လိုစောင့်ရှောက်ခဲ့တယ်ဆိုတာ သူတို့သိသွားစေရမယ်သမီး၊
စာကိုကြိုးစားစမ်းပါသမီးရယ်” လို့ မကြာခဏပြောပြောနေတဲ့ အမေ့ရဲ့ဒီစကားသံတို့ကို
ကျွန်မ၀ိုင်းဝန်းဖြည့်ဆည်းခဲ့ရတာပါ။ အားလုံးထက်မတော်တောင် တန်းတူဖြစ်ဖို့
ကျွန်မကြိုးစားခဲ့ရတာ။ “တစ်နေ့ကျ ငါ့သမီးလေး အမြင့်တစ်နေရာကို ရောက်စေရမယ်”လို့
အမေ့ကြိမ်းဝါးသံတွေကို ကျွန်မ ပါရမီဖြည့်ခဲ့တာပါ။
မျက်ရည်ကြားက အမေ့အပြုံးလေးတွေ
အသက်ဝင်လာအောင် ကျွန်မနိုင်သလောက် စွမ်းဆောင်ခဲ့ရတာပါ။ ခုတော့ ဒီနေရာကို
နောက်တစ်ကျော့ ပြန်မလာချင်ပေမယ့် အမေ့ကိုကျေးဇူးဆပ်ချင်တာတစ်ခုတည်းနဲ့၊ အမေ့
စကားတစ်ခွန်းထဲနဲ့တင် ကျွန်မ ရောက်ခဲ့ပါပြီ။
ဟော၊ ရောက်ပါပြီ။ အိမ်ရှေ့ရောက်ကတည်းက
ရင်းနှီးပြီးသားဖြစ်တဲ့ အနံ့တစ်ခုက ကျွန်မကို ခပ်ပြင်းပြင်း ဆီးကြိုလို့။
အသက်အောင့်ထား ပေမယ့် အတင်းထိုးဝင်လာတဲ့ဒီအနံ့ကို ကျွန်မ နှစ်အတော်ကြာ
သိကျွမ်းခဲ့ဖူးပါတယ်။ ပြန်မတွေးချင်ပေမယ့် လွှင့်မျောလာတဲ့
မီးခိုးငွေ့ကြားမှာ ကျွန်မစိတ်သည်လည်း နောက်ကြောင်းတစ်ခါ လှည့်ချေပါပြီ။
***-----***-----***-----***-----***-----***-----***-----***-----
“ အေးကြည်၊ ဟဲ့အေးကြည်၊ ညည်းနှယ်အေ၊
အလုပ်လုပ်ရင်း ငိုက်နေရသလား၊ ဟိုမှာ ဟင်းရည်အိုးကို သွားမွှေချေဦး”
“ မငိုက်ပါဦးဒေါ်ဒေါ်ရဲ့”
“ညည်းပြောလိုက်ရင် ဆင်ခြေတွေချည်းပဲ”
အေးကြည်ဘာမှထပ်မပြောနိုင်ပါ။
အိမ်ရှေ့ကိုရောက်သွားပြီဖြစ်တဲ့ ဒေါ်ဒေါ်မြကို ဘယ်လိုစကားလုံးတွေနဲ့ ပြန်ပြောနိုင်ပါ့မလဲ၊
နေရာတကာ မောက်မောက်မာမာပြောတတ်တဲ့ ဒေါ်ဒေါ်မြဆီမှာအလုပ်လုပ်လာတာ ကြာလှချေပြီ။
အိမ်ထဲကအိမ်ပြင်မထွက်ရဘဲ မနက် ၎
နာရီလောက်ကတည်းက တစ်နေကုန် မနားတမ်းလုပ်ရတဲ့ ဒီအလုပ်ကို အေးကြည်လုပ်လာခဲ့တာ
သမီးလေးပင် အသက် ဆယ်နှစ် ပြည့်ခဲ့လေပြီ။ လူကြားသူကြားဆို သိပ်ပြောချင်ဆိုချင်တဲ့
ဒေါ်ဒေါ်မြရဲ့စရိုက်ကိုလည်း ဒီကိုရောက်ပြီး သိပ်မကြာခင်မှာ အေးကြည် သိခဲ့ရပါတယ်။ ခင်ပွန်းသည်ဆုံးပြီး
သမီးကလေးငယ်ငယ်နဲ့ ယောင်ချာချာဖြစ်နေတဲ့ အေးကြည်ကို မုန့်ဟင်းခါးဆိုင်မှာလူလိုလို့
နယ်ဘက်ကို လူလာရှာတဲ့ ဒေါ်ဒေါ်မြက စတင်ခေါ်ခဲ့ခြင်းပင်။
“ရန်ကုန်ကိုလိုက်ခဲ့ပါလားအေ၊ ညည်းက
တောသူဆိုတော့ လုပ်နိုင်ပါတယ်၊ အိမ်ကဈေးရောင်းတာကို နည်းနည်းပါးပါးဝိုင်းကူပေါ့၊ ငါက
ကလေးတွက်လည်း မုန့်ဖိုးပေးဦးမှာပါ၊ ကလေးကိုလည်း
ဟိုမှာကျောင်းထားပေါ့” လို့ဆိုလာတာနဲ့ သမီးလေး ကျောင်းကောင်း တက်ရအောင်ဆိုတဲ့
စိတ်တစ်ခုတည်းနဲ့ အေးကြည် ရန်ကုန်ကိုလိုက်လာခဲ့ခြင်းပင်။မရင်းနှီးသေးတဲ့နေရာကို
အတင်းပဲရင်းနှီးအောင် နေထိုင်ရင်းက ခုဆို မုန့်ဟင်းခါးအိုးတောင်
အေးကြည်လက်ရာဖြစ်နေခဲ့ပြီ။ ဆီသတ်၊ ရေအချိန်အဆ၊ စသည်စသည်တွေကို အေးကြည်ပဲ အကုန်စီမံနေခဲ့ရပြီ။
အရင်ကတော့ “ဒေါ်မြ” မုန့်ဟင်းခါးပေါ့။
အလုပ်သမားစုစုပေါင်း ဆယ်ယောက်လောက်ရှိခဲ့ပေမယ့် ခုတော့ အေးကြည်နဲ့ နောက်ထပ်
ကောင်မလေး ငါးယောက်လောက်သာ။
“ညည်းက ကလေးနဲ့ဆိုတော့ ၂ ယောက်စာ
ပိုလုပ်ပေါ့အေ”
ဒီလို ခပ်ထေ့ထေ့စကားတွေလည်းကြားရတာ
မကြာခဏပါပဲ။ အရင်က ကလေးမလေးတွေ ငါးယောက်လောက်ဝိုင်းကူရတဲ့ ဒီအလုပ်ကို ခု အေးကြည်
တစ်ယောက်တည်းလုပ်ပေးနေရတာပါ ဒေါ်ဒေါ်ရယ်လို့၊ အေးကြည်နှုတ်က မထွက်ရဲပါဘူး။ တစ်နေကုန်ရောင်းတဲ့ဆိုင်
ဆိုတော့လည်း တစ်နေကုန်လုပ်ရသည်သာ။ ဟင်းနံ့တို့နဲ့ အနံ့စွဲနေတဲ့
အေးကြည်တစ်ကိုယ်လုံးက ပြောင်ပြောင်ရောင်ရောင်ပင်မရှိ။ ပေးတဲ့လစာလေးက
သမီးလေးကျောင်းစားရိတ်လောက်ရုံသာ။
ပြောတော့ မိုးလားကဲလားနဲ့
တစ်ကယ်တန်းကျတော့ လောက်ငှအောင်ပင် မနည်းချွေတာနေရသည်။ နေစရာပေး၊ အစားကြွေး ဆိုပြီး
လုပ်နေခဲ့ရတာ။ ဒါပေမယ့် အေးကြည်တို့က
အပြုံးမပျက်ပါဘူး။ ဘယ်လောက်ပဲပင်ပန်းပင်ပန်း
ကျောင်းမှာပြုံးပျော်နေတဲ့သမီးလေးမျက်နှာကို မြင်လိုက်ရရင်ပဲ အေးကြည်တို့ဘဝ
နေပျော်ပါပြီ။
“သန္တာ၊ ဒီဘက်ကို နဲနဲကြည့်လိုက်ဦးနော်၊
အမ သမီးလေးကျောင်းသွားဖို့ လုပ်ပေးလိုက်ဦးမယ်”
“ ဟုတ်အမ သွား၊ သွား”
မနက်ကတည်းက ထည့်ထားတဲ့
သမီးလေးကြိုက်တဲ့မုန့်ဟင်းခါးဗူးလေးကို လက်ကကိုင်လို့ အိမ်ဘေးနားက အခန်းလေးဆီသို့
ထွက်လာခဲ့ ပါတယ်။ အိပ်ရာကနိုးနေတဲ့သမီးငယ်ကို
ကျောင်သွားဖို့ပြင်ဆင်ပေးခဲ့ပြီး ကိုယ်ကတော့ နဂိုနေရာ မီးဖိုချောင်သို့သာ။
အိမ်နဲ့ကျောင်းနဲ့က နီးလို့တော်ပါသေးတယ်။ မြို့မှာဆင်းရဲတယ်ဆိုပေမယ့် ကိုယ့်နယ်ဘက်ထက်တော့
အဆပေါင်းများစွာသာသေးသည်လေ။ ကျောင်းဝတ်စုံ တူညီလေးတွေနဲ့ သမီးလေးတို့လို ရွယ်တူတွေ
သွားလာနေကြတာမြင်တော့ ကျွန်မရင်ထဲ ဘယ်လောက်ထိပီတိဖြစ်သလဲဆိုတာ ရွာက
လူတွေကိုပြန်ပြောပြချင်ပါရဲ့။
***-----***-----***-----***-----***-----***-----***-----***-----“”
“ ဘာ၊ ဘာပြောတယ်အေးကြည်၊
လစာတိုးပေးဖို့ဟုတ်လား၊ လုံးဝမတိုးပေးနိုင်ဘူး၊ ရာရာစစအေ၊ ညည်းမလုပ်နိုင်ရင်
တခြားအလုပ်သွားလုပ်”
“ အဲ့လိုတော့မပြောပါနဲ့ ဒေါ်ဒေါ်မြရယ်။
ကျွန်မ ဒီကိုရောက်လာကတည်းက ဒေါ်ဒေါ်မြကို အားလုံးလုပ်ပေးခဲ့တာ ဘယ်လောက် ကြာခဲ့ပြီလဲ။
ခုကလည်းအများကြီးမဟုတ်ပါဘူး။ နောက်နှစ်ဆို သမီးလေးကအတန်းကြီးလာလို့ပါ။”
“ ဘာ အတန်းကြီးလာတာလဲ၊ ဒီနှစ်ပြီးရင်
ငါကကျောင်းမအပ်ပေးနိုင်တော့ဘူး။ ဆိုင်မှာပဲခိုင်းမယ်လို့ စီစဉ်ထားတာ။
နှစ်ယောက်စာလုပ်အားခ ငါပေးမှာပေါ့အေ၊ ညည်းတို့ပိုအဆင်ပြေတာပေါ့”
“ ဟင်………..”
ကြားလိုက်ရတဲ့စကားက စကားလုံးများမှ
ဟုတ်ပါလေစ၊ ကျွန်မနားကိုတောင် ကျွန်မမယုံနိုင်ခဲ့ဘူး။
“ ပြောတတ်လိုက်တာ၊
ပြောတတ်လိုက်တာ……..”လို့ ကျွန်မ စိတ်ထဲကပဲ ရေရွတ်မိပါတော့တယ်။
ဒါ သဘောထားကြီးတယ်တဲ့လား၊
အများအမြင်မှာတော့ ကယ်တင်ရှင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ လူလုပ်နေတဲ့သူရဲ့စကားလား၊ မျက်နှာကို
ဟိုဘက်လှည့်လို့ ခပ်ပေါ့ပေါ့ပြောချလိုက်တဲ့ ဒေါ်ဒေါ်မြရဲ့စိတ်ဓါတ်ကို ကျွန်မ
အံ့သြမိပါရဲ့၊ ကျွန်မက မိခင် တစ်ယောက် ဆိုတာကိုကော ဒေါ်ဒေါ်မြသတိထားမိရဲ့လား။
သားအမိနှစ်ယောက်လုံး
သူများအိမ်မှာအလုပ်လုပ်ရမယ်တဲ့။ ဟုတ်လား၊ မလုပ်နိုင်ဘူး၊
ကျွန်မလုံးဝမလုပ်နိုင်ဘူး။
နောက်ထပ်ဆက်ပြောတဲ့စကားသံတို့ ကျွန်မ၊
မကြားလိုတော့ပါ။
“ ညည်းစဉ်းစားဦးပေါ့……တဲ့…..”
ဟုတ်တယ်၊ ကျွန်မ စဉ်းစားရမယ်။
***-----***-----***-----***-----***-----***-----***-----***-----
“ အေးကြည်၊ ဒီနေ့ဟင်းရည်က ငန်လှချေလား၊
ညည်းအလုပ်ကို စိတ်မပါတော့ဘူးလား၊ မလုပ်ချင်ရင် တစ်ခါတည်းပြောနော်”
“ မဟုတ်ပါဘူး ဒေါ်ဒေါ်မြရယ် ပုံမှန်ပါပဲ၊
ကျွန်မ သေချာလုပ်ထားတာပါ။”
“ လုပ်ပုံ ကိုင်ပုံတွေက ဟုတ်ကိုမဟုတ်ဘူး၊
ငါမပြောချင်လို့ကြည့်နေတာကြာပြီနော်။ အေး…….ထမင်းဝလို့တော့ အာမခံနဲ့ ငါကတော့
ပြောစရာရှိပြတ်ပြတ်ပဲ ဘာမှသံယောဇဉ်တွယ်စရာမရှိဘူး။”
“ ဒေါ်ဒေါ်မြ … ကျွန်မကိုအဲ့လိုမပြောပါနဲ့။
တခြားစကားလုံးနဲ့ကြိုက်သလိုပြောပါ။ ကျွန်မကလည်း ဒေါ်ဒေါ်မြတို့ကို
ကိုယ့်ကျေးဇူးရှင်လို့ သဘောထားလို့ ဒီအခြေအနေထိ လုပ်ပေးခဲ့တာ။
ကိုယ့်ရပ်ကိုယ့်ရွာမှာလည်း ထမင်းတစ်လုပ်တော့ ၀အောင် စားလို့ရပါတယ်..”
“ အေး…စားနိုင်ရင် သွားစား၊
ဒီမှာတော့လာပြီး အသံကျယ်မနေနဲ့၊ တော်ပြီအေ၊ ညည်းမျက်နှာကိုလည်း ငါမမြင်ချင်တော့ဘူး
ညည်းတို့အမြန်ဆုံးသာပြန်ကြ.”
အမေနဲ့ ဖွားမြတို့ပြောနေသံကို အဲဒီနေ့က
ကျွန်မသေချာကြားလိုက်ရတယ်။ ကျောင်းကပြန်လာပြီး လွယ်အိတ်လေးလွယ်လို့
အမေအလုပ်လုပ်နေတဲ့ မီးဖိုချောင်ဘက်က ထောင့်လေးတစ်ထောင့်မှာ ကပ်နေတဲ့ ကျွန်မကို
ကြီးကြီးမြ မမြင်ခဲ့ဘူး။
မျက်ရည်တွေနဲ့ပြေးထွက်လာတဲ့အမေ့ကို
ကျွန်မပြေးဖက်လိုက်တော့ ကျွန်မမျက်လုံးအိမ်မှာလည်း မျက်ရည်တွေနဲ့ပါလား။ အဲဒီတုန်းက
ကျွန်မ အသက် ၁၀ နှစ်။
***-----***-----***-----***-----***-----***-----***-----***-----
ဒီလိုနဲ့
ကျွန်မတို့ဘ၀တွေတိုးတက်ဖို့ကြိုးစားခဲ့ကြတယ်။
အမေ့ကိုချစ်ခင်တဲ့အန်တီတစ်ယောက်အိမ်မှာ ကျွန်မတို့ လအတန်ကြာ နေခဲ့ရတယ်။ ကြုံတွေ့လာတဲ့မျက်နှာပေါင်းစုံကို
အမြဲပဲမော့ကြည့်ခဲ့ရတယ်။
ရပ်ကွက်တစ်ခုပြီးတစ်ခုပြောင်းသွားတိုင်း
ကျွန်မရဲ့ကျောင်းပညာရေးလည်း တဖြည်းဖြည်းမြင့်လာခဲ့ရတယ်။ ဘ၀ကိုရင်ဆိုင်ခဲ့တဲ့ အမေက
ရွာကိုမပြန်ခဲ့ပါ။ အနှိမ်ခံဘ၀ရဲအကျိုးရလဒ်ကို အသုံးချရင်းက
မုန့်ဟင်းခါးဆိုင်လေးတစ်ခုဖွင့်နိုင်ခဲ့တယ်။ အမေ့ရဲ့ဦးဆောင်မှုအောက်မှာ
ကျွန်မတို့ဘ၀ကို အဆင့်မြင့်သထက်မြင့်အောင် ကြိုးစားနေထိုင်ခဲ့ကြတယ်။
ခုတော့ ကျွန်မဆီကို
တန်းတန်းမတ်မတ်ရောက်လာတဲ့ ဒီအခွင့်အရေးကို ကျွန်မလက်မခံချင်ပေမယ့် ကျေနပ်စွာနဲ့ပဲ
ယူခဲ့ရပါပြီ။
တွေးလက်စ အတွေးတွေအဆုံးမှာတော့ ခပ်ပါးပါးမီးခိုးငွေ့တွေက
လေနှင်ရာသို့လွင့်မျောသွားကြသလို ကျွန်မလည်း ကံကြမ္မာရဲ့ ဦးဆောင်ရာသို့
အလိုက်သင့်လိုက်ပါရင်းက ခြံတံခါးပိတ်ထားတဲ့ အိမ်ထဲသို့ အသာကဲကြည့်လိုက်ရင်း
လူခေါ်ခေါင်းလောင်းလေးကို နှိပ်လိုက်လေသည်။ တံခါးလာဖွင့်ပေးတဲ့ကောင်မလေးတစ်ယောက်က
“ဟို၊ တိုးတိုးကို စာလာသင်မယ့်
ကွန်ပျူတာဆရာမလားမသိဘူး”
ခေါင်းညှိပ်လို့အဖြေပေးလိုက်ရင်းက
ကောင်မလေးဦးဆောင်ခေါ်သွားတဲ့နောက်ကို လိုက်သွားခဲ့လေသည်။ နေ့ရက်ပေါင်းများစွာ
ဖြတ်လျှောက် ခဲ့ဖူးတဲ့ အနေအထားအားလုံး နဂိုအတိုင်းပင်၊ အိမ်အောက်ထပ်နောက်ဖေးဘက်မှာ
မုန့်ဟင်းခါးချက်တဲ့မီးဖိုချောင်၊ မီးခိုးမှိုင်းတွေနဲ့ပြည့်နေတဲ့
အဲဒီမီးဖိုချောင်ထဲမှာ ကျွန်မအမေ အလုပ်လုပ်ခဲ့ရတာပါလားလို့
အမေ့ကိုပြန်မြင်ယောင်လိုက်ရင်းက ကျွန်မခြေလှမ်းတွေက အိမ်အပေါ်ထပ် ဆီသို့သာ။
မီးဖိုချောင်လေးရဲ့ရှေ့မှာ
အိမ်အပ်ါထပ်ဆီသို့တက်တဲ့လှေကား၊ နေခဲ့ရတဲ့နှစ်အများကြီးမှာ တစ်ခေါက်မှတောင်
မရောက်ဖူးလိုက်တဲ့ အပေါ်ထပ် ဆီသို့ ခုတော့ ကျွန်မရောက်ခဲ့ရလေပြီ။
“ ဆရာမ၊ လာလာ ဒီကိုလာပါ၊ ဒီမှာထိုင်ပါ။
အေးအေးရေ..ဆရာမတွက် တစ်ခုခု လုပ်ခဲ့ပါဦး”
ဇရာအိုနေပေမယ့် လေသံမပျောက်သေးတဲ့
ကြီးကြီးမြကို ကျွန်မမှတ်မိပါသေးတယ်။ အိမ်ကိုတော့ ကြီးမြရဲ့သမီးတစ်ယောက်က
ဦးစီးနေပုံပါ။ နှစ်တန်း၊ သုံးတန်းအရွယ် မြေးနှစ်ယောက်အတွက်
သူများတန်းတူဖြစ်စေချင်တဲ့စိတ်နဲ့ ဘယ်ကဘယ်လိုအဆက် အသွယ်ရသွားမှန်းမသိတဲ့ ကြီးကြီးမြက
ကျွန်မရဲ့ဆရာမမှတစ်ဆင့် အဆက်အသွယ်ရကာ အိမ်လိုက်သင်ပေးဖို့ဖြစ်လာခဲ့ခြင်းပင်။
လူနာမည်၊ အိမ်လိပ်စာပြောလိုက်တာနဲ့
မမှတ်မိနိုင်စရာမရှိတဲ့ဒီနေရာကို တစ်ကယ်တော့ကျွန်မ ပြန်မလာချင်ခဲ့ပေ။
ထူးဆန်းစွာ တိုက်ဆိုင်လာတဲ့ ဒီကံကြမ္မာကို
ကျွန်မကော၊ အမေကော အံ့သြလို့သာ။
“ အချိန်နဲ့လစာကိုညှိကြည့်ပါဦး”
လို့ဆိုလာတဲ့ ဆရာမရဲ့စကားကိုလက်ခံလိုက်ရခြင်းသာ။
“ ဒါနဲ့ ဆရာမက အရင်က ဒီရပ်ကွက်မှာ
နေဖူးခဲ့တာဆို၊ ဘယ်လမ်းမှာများတုန်း၊ အဖွားက သိပ်ချင်လို့မေးကြည့်တာပါ၊
ကိုယ့်ရပ်ကွက်သားချင်းဆိုတော့ ဆွေလိုမျိုးလိုပေါ့ မဟုတ်ဘူးလား”
“ ဟုတ်ကဲ့ပါအဖွား၊
ဒီလမ်းမှာပဲနေဖူးခဲ့တာပါ။ ဒါပေမယ့် သမီးအသက် ၁၀ နှစ်အထိပဲ နေခဲ့တာပါ”
“ ဟေ……….၊ ဟုတ်လား၊ ဘယ်သူ့သမီးများတုန်း၊
နေစမ်းပါဦး ငါ ငယ်ရုပ်ကို မနည်းဖမ်းနေရတယ်”
ဖွားမြနဲ့စကားပြောနေရင်းက
အနည်းငယ်တုန်ရင်လာတဲ့ အသံကို ကျွန်မမနည်းထိန်းနေရပါပြီ။ ငယ်ငယ်ကတည်းက
မျက်နှာကိုတောင် စေ့စေ့မကြည့်ရဲခဲ့တဲ့ ဒီရိုက်ပုတ်ချက်တွေက
ခုချိန်ထိအကျိုးသက်ရောက်ဆဲပါလား။
“ ဒါနဲ့အဖွား၊ သမီးခုလာတာ အချိန်ညှိမလို့ပါ။
ကလေးတွေရဲ့ကျောင်းချိန်နဲ့သမီးရဲ့အားချိန် အဆင်ပြေမပြေနဲ့ စာသင်မယ့်ရက်နဲ့
လစာနဲ့ညှိဖို့လာခဲ့တာပါ။ သမီးကို ကလေးတွေအားမဲ့ရက်ကလေးပြောပါဦးနော်”
ကြီးကြီးမြရဲ့သမီးဖြစ်သူက
ကလေးတွေရဲ့အချိန်စာရင်းစာရွက်ကို ကိုင်ပြီးထွက်လာချိန်မှာတော့…………
“…..ဟယ်…….”
“ ဟုတ်ပါတယ် အန်တီ၊ သမီးက
ဒေါ်အေးကြည်ရဲ့သမီးပါ။ ဒီအိမ်မှာနေဖူးခဲ့၊ အလုပ်လုပ်ဖူးခဲ့တဲ့ ဒေါ်အေးကြည်ရဲ့သမီးပါ”
မသေချာမှာစိုးသည့်အလား
ထပ်ကာထပ်ကာပြန်ဖြေလိုက်တဲ့ ကျွန်မရဲ့အသံအဆုံးမှာတော့ ကြီးကြီးမြကော သူ့သမီးပါ
အံ့သြဟန်ပြလိုက် တဲ့အတွက် ကျွန်မ ကျေနပ်ပါပြီ။ တစ်ချိန်က အေးကြည်မကို
မျက်လုံးထဲမြင်ယောင်လို့ ရှေ့မှာမြင်နေရတဲ့ ကလေးတွေကို စာသင်ဖို့ငြင်းဆိုတာ ခံလိုက်ရတဲ့
သမီးဖြစ်သူတို့ရဲ့ အခြေအနေတွေကို အကောင်းဆုံးသုံးသပ် တတ်ပါစေဟုသာ။
“ ကလေးတွေကို စာမသင်ပေးနိုင်လို့တစ်ကယ်ပဲ
စိတ်မကောင်းပါဘူးအန်တီ၊ တခြားဆရာမတစ်ယောက်ကို သမီးပြောပေးပါ့မယ်။ ကလေးတွေအားတဲ့အချိန်က
သမီးနဲ့မကိုက်လို့ပါ။ သွားပါဦးမယ်နော်။ အမေမျှော်နေမှာစိုးလို့ပါ”
အိမ်ထဲကလှမ်းအထွက်မှာ အလိုလိုဝေ့၀ဲလာတဲ့
မျက်ရည်ဥတွေကို ကျွန်မ မသုတ်ဘဲလွှတ်ထားလိုက်ပါတယ်။ တစ်စက်စက်နဲ့ ကျလာတဲ့ မျက်ရည်တွေက
ခပ်နွေးနွေးပါလားလို့ ကျေနပ်လိုက်ရင်းက ဒီပူနွေးနွေးမျက်ရည်တွေနဲ့ ကျွန်မ
မရင်းနှီးခဲ့ရတာ အတော်ကြာခဲ့ပြီမလား။
အလုပ်အပြန်ကိုဝင်ကြည့်လိုက်မယ်ဟု
အမေ့ကိုကတိပေးခဲ့တဲ့တိုင်း ကျွန်ဆောင်ရွက်နိုင်ခဲ့ပြီမို့ အမေ ကျွန်မကို အပြစ်တော့
မတင်လောက် ပါဘူးဟုသာ……..။ နေ့ရက်တွေကဘယ်လောက်ပဲသစ်လွင်တောက်ပလာခဲ့ပေမယ့်
မှုန်ပြပြအတိတ်လေးကတော့ စိတ်ရဲ့တစ်နေရာမှာ ကျန်ရှိနေဆဲပါ။
အရာရာဟာ အရင်အတိုင်းပါပဲလားလို့
တိုးညှင်းစွာရေရွတ်လိုက်ရင်းက ပြာလဲ့လဲ့ကောင်းကင်ကြီးကို အားကိုးတကြီးနဲ့
မော့ကြည့် မိလိုက်တဲ့အခါ မျက်ရည်ပူတွေကြောင့် အရာရာဟာ မှုံဝါးလို့သာနေလေသည်။
မျက်လုံးကလေးမှိတ်လို့ ခဏလောက်တော့ စောင့်ကြည့်လိုက်ရင်ဖြင့်
ကြည်လင်နေတဲ့ကောင်းကင်ပြင်ကြီးကို ကျွန်မ ပြန်လည်ပြီး မြင်တွေ့နိုင်ပါပြီ။
ဒါ့ကြောင့် ကျေးဇူးပါ။ အရာအားလုံးအတွက် ကျေးဇူးပါ ကံကြမ္မာ။
စိမ့်စမ်းရေ
19.2.2016
0 comments