ဆောင်းမနက်ခင်းမို့ထင်သည်၊ အေးစက်စက်အထိအတွေ့တွေက လူကိုရင်းနှီးလွန်းလှသည်။ အပေါ်ထပ်အင်္ကျီလေးရဲ့ လက်ရှည်ကို အသာပင့်တင်ကြည့်လိုက်တော့ အအေးဓါတ်က သိသာစွာနဲ့ လာရောက်မိတ်ဆက်လေတော့သည်။
“မိုးကြည် …… ဒီနှစ်ဆောင်းက အေးသားနော် ……”
ခေါင်းညိတ်လို့အသိအမှတ်ပြုပေးတဲ့ မိုးကြည်က လက်ထဲကအထုတ်တွေဆီသာ အာရုံထားနေပါတယ်။ အနွေးထည်ရောင်စုံ လေးတွေထည့်ထားတဲ့ အိတ်ကြီး၂လုံးက သူတစ်လုံး ကိုယ်တစ်လုံး…တခြားပစ္စည်းလေးတွေထည့်ထားတဲ့ အိတ်တွေက ကိုယ်စီ……..။
လမ်းချိုးထဲသို့ကွေ့ဝင်လိုက်ပြီး သိပ်မကြာခင်ရောက်တော့မည့် သီလရှင်စာသင်တိုက်ဆီသို့ ခင်မာတို့ခြေလှမ်းများ ဦးတည်ကာ လျှောက်လှမ်းလို့နေလေသည်။ တစ်နိုင်တစ်ပိုးဆွဲယူလာတဲ့ အထုတ်အပိုးတွေနဲ့အပြိုင် ဟိုဒီယိမ်းယိုင်နေတဲ့ ခြေလှမ်းတွေတိုင်းမှာ အားအင်တို့အပြည့်ပါနေတာ သိသာလှလေသည်။
“ဟေး………….အန်တီမာတို့လာပြီ………..”
ကျောင်းဝန်းထဲကနေ ပြေးထွက်လာကြတဲ့ သမီးငယ်လေးတွေက ခင်မာ့လက်ထဲက အထုတ်အပိုးတွေကို အတင်းပဲဆွဲယူကာ ၀ိုင်းကူကြပါတယ်။ မိုးကြည်ကိုပြေးဖက်သူကဖက်၊ ခင်မာရဲ့လက်ကိုဆွဲသူကဆွဲမို့ ကျောင်းဝင်းရှေ့လေးမှာတင်ပဲ အသံတွေဆူညံလို့သွားလေသည်။
“ပိစိတို့…သဲသဲတို့..…အန်တီတို့ကိုအဲ့လိုမလုပ်ရဘူးလေ…..တော်ကြာ သမီးတို့ဆီမလာပဲနေလိမ့်မယ်နော်….လာလာ သမီးတို့ပြန်လာကြ..”
ကျောင်းပေါ်က လှမ်းအော်ပြောတဲ့ သီလရှင်ဆရာကြီးရဲ့ အသံကြားရာဆီသို့ ခင်မာလှမ်းကြည့်လိုက်ပြီး….နှုတ်ဆက်အပြုံးလေး ပြုံးပြလိုက်ပါတယ်။ နေရာထိုင်ခင်းပြင်ထားရာနေရာလေးကနေ စောင့်နေရှာမယ့် တစ်ချို့သော ကလေးငယ်များက ကျွန်မတို့ကို စောင့်မျှော်နေမှာတော့ အသေအချာပင်။.
“သူတို့လေးတွေပျော်သလို သမီးတို့လည်း ကြည်နူးရပါတယ်ဆရာလေးရယ်….ဖြစ်နိုင်ရင်သမီးတို့က နေ့တိုင်းတောင်လာချင်တာ ခုလည်း မနည်းအချိန်ယူပြီးထွက်လာကြတာ……ဟိုမှာလေ…မိုးကြည်က  ကလေးတွေအတွက် အနွေးထည်လေးတွေ ပြီးပြီဆိုလို့ လာပို့တာ…...”
“အေးပါကွယ်………..သာဓုပါ…သာဓု….သာဓု……အေးအေးဆေးဆေးနေကြဦး၊ ထမင်းစားပြီးမှပြန်နော်………”
“တင့်ပါ့……ဆရာလေး”
အတန်းလိုက်စီတန်းကာထိုင်နေကြတဲ့ ကလေးတွေရှေ့မှာ မိုးကြည်က အင်္ကျီလေးတွေကို တစ်ထည်ချင်းထုတ်ယူကာ တစ်ယောက်ချင်း ဝေပေးနေလေသည်။ တစ်ခါတည်း ၀တ်သူက၀တ်၊ ရင်ခွင်ထဲပိုက်ထားသူကပိုက်ထားနဲ့ အရွယ်တူလေးတွေဆိုတော့ ပိုလို့ကြည့်ကောင်းနေသယောင်ပင်။ ပုံစံတူ အဆင်တူ လေးတွေက အရောင်လေးတွေသာကွာလေတော့ ကလေးများအားလုံး ပိုလို့ချစ်ဖို့ကောင်းနေတော့သည်။
“ကဲ….သမီးတို့အားလုံး………သဘောကျလား…….ကြိုက်ကြလား…”
“ဟုတ်ကဲ့……….ကြိုက်ပါတယ် အန်တီမိုး…….”
အသံကုန်အော်ကာ ပြောလိုက်တဲ့အသံကအားမာန်အပြည့်နဲ့မို့ မိုးကြည်က ထိတ်လန့် သွားတဲ့ပုံစံနဲ့ ရင်ဘတ်ကိုဖိပြီး လန့်သွားတဲ့ပုံလုပ်ပြတော့ ကလေးများက တခစ်ခစ်နဲ့ ရယ်မောကြလေသည်။
“ဟုတ်ပြီ။ ဒါဆို….. သေချာသွားသိမ်းထားမယ်နော်။ ကိုယ်လုပ်စရာရှိတာလုပ်ကြ၊ ခဏနေရင် အန်တီမိုးတို့ပြန်မယ်။ နောက် တစ်လနေမှ တစ်ခါပြန်လာမယ်။ ဟုတ်ပီလား………..”
တ၀ုန်းဝုန်းနဲ့ပြေးလွှားသွားကြတဲ့ ကလေးငယ်တို့ရဲ့လက်ထဲမှာတော့ မိုးကြည်ရဲ့လက်ရာ အနွေးထည်လှလှလေးတွေက အရောင်စုံ၊ အသွေးစုံ။ မြတ်နိုးဖွယ်ရာပစ္စည်းလေးတစ်ခုကဲ့သို့ ယုယကြင်နာနေကြတဲ့ သူတို့လေးတွေနဲ့ ဟန်ပန်က မိုးကြည်နဲ့ခင်မာ အတွက်တော့ အားရှိစရာ ပီတိလေးတွေပင်။
“ခင်မာ………အပြန်ကျ ငါတို့ ဘုရားဝင်ရအောင်နော်………”
“အေးပါ၊ နင်မပြောလည်း ငါကသတိပေးမလို့ပါ……..ဒါဆို တို့ ဆရာလေးကို ကန်တော့ပြီး ပြန်ကြမယ်လေ…ထမင်းတော့ အပြန်ကျမှ အဆင်ပြေသလိုပေါ့”
နှစ်ယောက်သား ခေါင်းညိတ်အတည်ပြုလိုက်ရင်းက မီးဖိုချောင်ထဲ အလုပ်များနေတဲ့ ဆရာလေးကို ရိုသေစွာကန်တော့လို့ ခင်မာတို့သူငယ်ချင်းနှစ်ယောက် ပြန်လာခဲ့ပါတယ်။ ပီတိအဟုန်ကြောင့် ပေါ့ပါးသွားတဲ့ခင်မာတို့နှစ်ယောက်ရဲ့ ခြေလှမ်းလေးတွေက အလာထက်ပိုများမြန်နေသလားလို့……….။
***-----***-----***----- “”
ဘုရားဖူးဧည့်သည်တွေ များနေပေမယ့် အသံဆူညံခြင်းမရှိဘဲ တိတ်တိတ်ဆိတ်ဆိတ်လေးဖြစ်နေတဲ့ ဘုရားကုန်တော်ကို အားရအောင်ပတ်ပြီးချိန်မှာတော့ ခင်မာတို့စိတ်ထဲ ကျေနပ်မှုတွေ အပြည့်အ၀ရခဲ့လေသည်။
“ဘုရားအရိပ်က အေးချမ်းလိုက်တာဟယ်…. ခဏလေးလာတာနဲ့တင် သိသာတယ်၊……….လွန်ခဲ့တဲ့နှစ်တွေများကတော့ ငါတို့ဘ၀တွေပူလောင်နေလိုက်တာ….ဘုရားရောက်ဖို့မပြောနဲ့ အိမ်ကဘုရားတောင် နေ့ဘက်မမြင်ဖူးခဲ့ဘူးနော်……….”
“ဒါပေါ့ဟာ….”
သတိရစရာတွေပြောနေတဲ့မိုးကြည်စကားကို ခင်မာအသိအမှတ်ပြုကာ ခေါင်းငြိမ့်ပြလိုက်လေသည်။ မိုးကြည်ပြောသလို လွန်ခဲ့တဲ့ ၇ နှစ်လောက်ကအဖြစ်အပျက်တွေကြားမှာ လူးလိမ့်နေအောင် ရုန်းကန်ခဲ့ဖူးတယ်ဆိုရင် ဒါတွေဟာ ပုံပြင်မဟုတ်ခဲ့ပါဘူးလို့ ခင်မာထောက်ခံလိုက်ပါတယ်။
ဘုရားကုန်းတော်ပေါ်ကနေ ရန်ကုန်ဘက်ကမ်းက ရွှေတိဂုံစေတီတော်မြတ်ကြီးကို လှမ်းလို့မြင်နိုင်သလို ခင်မာတို့ရဲ့ အတိတ်နေရာဟောင်းလေးကိုလည်း မှုန်ပြပြမှန်းလို့ မြင်နိုင်ပါတယ်။ေ၀၀ါးနေတဲ့မှတ်ဥာဏ်အချို့လင်းလက်လာချိန်မှာ ကျင်ခနဲ ဝေဒနာတစ်ခုက ခင်မာတို့မျက်ဝန်းကနေတစ်ဆင့် လောကအပြင်ဘက်ကို ခဏတာ ဆင်းသက်လာခဲ့လေတော့သည်။
***-----***-----***-----
“ဒေါင်ဒေါင်…………ဒေါင်ဒေါင်……..ဒေါင်…..”
“….ငါထင်တယ်….11 နာရီတော့ကျော်တော့မှာပဲလို့… အဲဒီကားအစုတ်ကြီး တော်တော်ဒုက္ခပေးတာပဲ.…. စိတ်ပျက်လိုက် တာဟာ…တစ်ကယ်ပါပဲ….”
“ဖြေးဖြေးလျှောက်ပါ ခင်မာရယ်၊ တော်ကြာ ခွေးတွေလိုက်ဆွဲနေပါ့မယ်…..”
“အေးပါ….ငါ့စိတ်က တအားလောနေလို့…နင်က လမ်းထိပ်နားတင် ငါက အထဲကိုဝင်ရဦးမှာ….….”
“အေးပါဟယ်……”
စကားသံတို့ ခဏတာ တိတ်ဆိတ်သွားပေမယ့် ခြေလှမ်းတွေကတော့ ခပ်မြန်မြန်လှမ်းနေမိလေသည်။ လက်ဆွဲခြင်းကို တစ်ဖက်က မ၊ ထမီကိုကျန်တစ်ဖက်က မ လို့ ခပ်သုပ်သုပ်ခြေလှမ်းတွေနဲ့ ခင်မာတို့သူငယ်ချင်းနှစ်ယောက် အပြိုင် လှမ်းနေမိပါတယ်။  ခြေကုန်သုတ်တယ်ဆိုတာ ဒါမျိုးထင်ပါရဲ့။
လူဆိုးလူကောင်း ခွဲခြားတတ်လေသည်မသိ လမ်းဘေးခွေးတစ်စုကတော့ဖြင့် ကွက်ကြည့်ကွက်ကြည့်နဲ့သာ။
“မိုးကြည် လာ…မြန်မြန်…ရောက်တော့မယ်..”
“အေးပါ….”
ဓါတ်မီးတိုင်တစ်ခုကျော်ရင် မိုးကြည်တို့အိမ် အရင်ရောက်ပေမည်။ တစ်လမ်းထဲပေမယ့် လမ်းအစနဲ့ လမ်းအဆုံးမို့ ခင်မာတို့ အိမ်ကိုရောက်ဖို့ နောက်ထပ် ထပ်လျှောက်ရပေဦးမည်။
“ခင်မာ ငါ လိုက်ပို့ပေးရဦးမလား”
“နေနေ….ငါသွားရဲတယ်။ မီးတွေလင်းနေတာပဲ၊ နင်သာ မနက်ကိုနောက်မကျစေနဲ့နော်……”
“အေးပါ….”
အိမ်ထဲဝင်သွားတဲ့မိုးကြည်ကို စိတ်ချရပြီဆိုတော့မှ ခင်မာဆက်လျှောက်လာခဲ့လေသည်။ တစ်လမ်းလုံးအိပ်မောကျနေပေမယ့် ခင်မာ့ကို အိပ်ယာထဲကနေစောင့်နေရှာမယ့် အဖွားတစ်ယောက်တော့ရှိနေပါသေးတယ်ဆိုတဲ့ အသိတစ်ခုနဲ့တင် ခြေလှမ်းတိုင်း အားရှိမိတာ အမှန်ပါ။
အိမ်ရှေ့ဘက်က အသံတစ်ခုခုကြားတိုင်း ခေါင်းထောင်ကြည့်တတ်တဲ့ အဖွားဖြစ်သူ ခုလောက်ဆိုသူ့ကို လည်ပင်းရှည်အောင် မျှော်နေရှာတော့မည်။ ဟတတ ခြံတံခါးလေးကို အသာပိတ်လို့ အိမ်ပေါ်လှမ်းတက်လိုက်ချိန်မှာ ကြားနေကျစကားလေးတစ်ခွန်းနဲ့ အဖွားက အမြဲဆီးကြိုတတ်လေသည်။
“နောက်ကျလိုက်တာ သမီးရယ်………..”
“ဟုတ်တယ် ဖွားရဲ့….. ဖွားစိတ်ပူနေမယ်ဆိုတာ သမီးသိပါတယ်။ လမ်းမှာ ကားပျက်နေလို့…..”
“ကဲကဲ…..ထမင်းစားချေ………..”
“ဟုတ်…….”
***-----***-----***-----
အရုဏ်မနက်ခင်း လင်းကြက်တွန်သံနဲ့အပြိုင် ခင်မာရဲ့ခြေလှမ်းတွေလည်း စတင်ရပါတယ်။ မှောင်ရိပ်သန်းနေတဲ့ အိမ်စုတ်ထဲက ခပ်ကုတ်ကုတ်လေး ငုံ့ထွက်လာရပေမယ့် ခြံစည်းရိုးရဲ့အပြင်ဘက်မှာတော့ ရင်ကော့ ခေါင်းမော့ကာ ခပ်မြန်မြန် လျှောက်ရလေ သည်။ ခြေလှမ်းတွေကို တန်ဆာဆင်ဖို့ ခင်မာတို့မှာ အချိန်မရှိခဲ့ပါ။ အချိန်နဲ့ဒီရေသည် လူကိုမစောင့်သလို ခင်မာတို့ရဲ့ ဖယ်ရီကား ကလည်း ဘယ်သောအခါမှ မစောင့်ချေ။
“မိုးကြည်ရေ……….ငါရောက်နေပြီနော်………”
“အေးအေး…လာပြီ….လာပြီ….”
ထမင်းချိုင့်ထည့်ထားတဲ့ ဆွဲခြင်းလေးကိုဆွဲလို့ မိုးကြည်ထွက်လာပြီဆိုရင်ဖြင့် သံပတ်ပေးထားတဲ့ ခြေထောက်တွေကို စည်းချက် ညီစေဖို့ ခင်မာတို့ စကားတောင်မပြောနိုင်ကြပါ။ သနပ်ခါးမခြောက်သေးတဲ့ မိုးကြည်ရဲ့ပါးပြင်၊ ဘီးကျဲနဲ့အမြန်ဖြီး လာခဲ့တဲ့ ခင်မာ့ဆံပင်တို့ကသာ သဘာဝရဲ့အလှတစ်ပါးဖြစ်လေတော့သည်။
“ဟူး…..စောစောစီးစီး မောလိုက်တာဟာ……ခင်မာ…..အဲ့ဒါ နင်လောလို့သိလား……..နင်လောလို့”
“မိုးကြည်….မောရင်ရေသောက်၊ နင့် အဘကားက ငါတို့ကို ဘယ်နှစ်ခါစောင့်လို့လည်း….”
ဟောဟဲဟောဟဲဖြစ်နေတဲ့ မိုးကြည် စကားပြန်မပြောနိုင်ပါ။ ဗိုက်ကိုလက်နဲ့နှိပ်လို့ ခဏတာအမောဖြေနေတဲ့မိုးကြည်က ရေသောက်လိုက် ကားကိုမျှော်ကြည့်လိုက်နဲ့။
“ကားက မလာသေးပါဘူးနော်……ဒါနဲ့ ညက နင့်ကိုအဖွားစောင့်နေသေးလား”
“စောင့်တာပေါ့ဟ……..နင့်ကိုရော….”
မျက်နှာလေးမဲ့ကာ လက်ခါပြသွားတဲ့မိုးကြည်က တခြားဘက်သို့လှည့်သွားလေသည်။ မကြာခင်ရောက်လာတော့မယ့် ဖယ်ရီကား ကို မျှော်ကြည့်နေတဲ့မိုးကြည်မျက်နှာလေး မရွှင်လန်းတော့ပေ။ နားလည်မှု၊ အားပေးမှုတွေမရှိတဲ့ မိုးကြည်ရဲ့ဘ၀ပေးက မိဘမရှိတော့တဲ့ ခင်မာနဲ့ နင်လားငါလားပင် အခြေအနေမတူပေမယ့် ဘ၀တူလို့ ဆိုနိုင်ပါတယ်…..။
“ဖယ်ရီကား သွားများသွားပြီလားမသိနော်…….”
စိတ်မချလေဟန်နဲ့ မျှော်ကြည့်နေတဲ့မိုးကြည်က ဟိုး အဝေးကလာနေတဲ့ ဖယ်ရီကားကို မြင်တော့မှ သက်ပြင်း ချနိုင်လေတော့ သည်။
အော်……….နေ့ရက်တစ်ခု စ ပြန်ပါပြီလားလို့ သိလိုက်ရင်းက ခင်မာတို့ခြေထောက်တွေလည်း သစ္စာရှိစွာနဲ့ ဖယ်ရီကားပေါ်သို့ အလုအယက်ပြေးတက်ကြလေတော့သည်။
**********************
ကိုရီးယားအထည်ချုပ်စက်ရုံတစ်ခုရဲ့ အောက်ခြေသိမ်းဝန်ထမ်းဖြစ်တဲ့ ခင်မာတို့သူငယ်ချင်းနှစ်ယောက်က ခုမှ လူသစ်ပါ။ ရပ်ကွက်ထဲက ဈေးသည်တစ်ယောက်ရဲ့ကျေးဇူးကြောင့် ရလာတဲ့ဒီအလုပ်လေးကို ခင်မာတို့ သိပ်ကိုတန်ဖိုးထားမိလေသည်။ ၁၀ တန်းမအောင်ဘဲ အလုပ်တစ်ခုရသည်၊ လမ်းစားရိတ်ကုန်စရာမလိုပဲ အလုပ်သွားရသည်။ စနေနေ့တိုင်း အချိန်ပိုကြေးရသည်။ ဒီလိုအားသာချက်ကလေးတွေနဲ့တင် ခင်မာတို့ရွေးချယ်မိခြင်းဖြစ်လေသည်။
စက်ရုံဝန်ထမ်းပေါင်း တစ်သောင်းကျော်လောက်ရှိပေမယ့် ခင်မာတို့က အနီးဆုံးဆိုရင် မအံ့သြလိုက်ပါနဲ့။ တစ်ရက်ကို ၈ နာရီလောက်အိပ်မှ အိပ်ရေးဝတဲ့လူတန်းစားတွေနဲ့စာရင် စက်ရုံဝန်ထမ်းတွေက ပိုလို့ကျန်းမာကြတယ်လို့ ဆိုနိုင်ပါတယ်။ စက္ကန့်မလပ်ဖိအားတွေနဲ့ ရှင်သန်နေရတဲ့ ၀န်ထမ်းတွေရဲ့ဘ၀ကို အချင်းချင်းကသာ အသိဆုံးမို့ တခြားသူစိမ်းတစ်ယောက်က သမီးတို့အလုပ် ပင်ပန်းလားလို့ မေးလာတဲ့အခါ…….ဟင့်အင်း မပင်ပန်းပါဘူးလို့ ခင်မာတို့သူငယ်ချင်းနှစ်ယောက် ခပ်ပြုံးပြုံးလေး တွေနဲ့ ဖြေမိပါတယ်။
“ဟဲ့………ခင်မာ…..နင်ဘာတွေ တွေးနေတာလဲ……”
လက်မောင်းကိုကိုင်ကာ မေးလာတဲ့မိုးကြည်အသံက ကားစက်သံကို ဖုံးအောင် မနည်းကြိုးစားရလေသည်။ ဘေးချင်းယှဉ်ထိုင်နေပေမယ့် အတွေးနယ်ချဲ့တတ်တဲ့ ခင်မာက တော်ရုံလေသံလောက်ကိုတော့ မကြားတတ်ချေ။
“အော်……..ဘာရယ်မဟုတ် ဟိုတွေးဒီတွေးပေါ့၊ ဒါနဲ့ နင်ဘာဟင်းထည့်လာလဲ……”
“ထုံးစံအတိုင်းပေါ့ဟာ…….ငါတော့မကြိုက်ပါဘူး……….ဒါပေမယ့် နင်ကြိုက်တာသိလို့ ငါ ဆီများများ ထည့်ခဲ့တယ် ”
“ဟုတ်လား....ကောင်းတယ်ကောင်းတယ်……အဖွားတော့ ငါ့ကို ဘာထည့်ပေးလိုက်လဲမသိဘူး၊ ဟိုရောက်မှဖွင့်ကြည့်ရမယ်”
“အင်း………”
ဖယ်ရီကားသည်လည်း တရွေ့ရွေ့မောင်းလေသည်။ ခင်မာတို့တတွေလည်း တဖြည်းဖြည်းနဲ့လိုက်ပါသွားကြလေသည်။ တစ်စတစ်စနီးကပ်လာတဲ့ စက်ရုံကြီးဆီတော့ ခင်မာရဲ့အတွေးများက ဦးတည်ထားမိလေတော့သည်။
“ဟင်း………ဒီနေ့လည်း ဘယ်လိုများ ဖြတ်ကျော်ရပါ့ဦးမလဲနော်………………”
***-----***-----***-----
ခေါင်းလောင်းတီးသံနဲ့အတူ လူ ၁၈ ယောက်လောက်ဝိုင်းတွန်းရတဲ့ စက်ရုံတံခါးက အလိုလိုပွင့်သွားခဲ့လေသည်။ အတင်းကိုစုပြုံကာ တိုးဝင်သွားကြတဲ့ လူအုပ်ကြားထဲ ခင်မာဘယ်တော့မှလိုက်မတိုးပါ။ စက်ရုံရှေ့မှာ တစ်ယောက်ချင်းစစ်နေတဲ့ QC တွေမသိအောင် အစားအစာတွေကိုလည်း စက်ရုံထဲမယူသွားချင်ပါ။ ခင်မာတို့ဝန်ထမ်းအားလုံး စက်ရုံထဲရောက်ချိန်က မနက် ၇ နာရီနှင့် မိနစ် ၁၀ အတိပင်။
တဖျတ်ဖျတ်နဲ့လင်းလာကြတဲ့ မီးချောင်းတွေက ခင်မာတို့ခေါင်းထက်မှာ အပြိုင်အဆိုင်၊ တ၀ီဝီနဲ့ လည်ပတ်နေတဲ့ မော်တာကြိုးတွေပေါ်မှာ ပြေးလွှားကခုန်နေကြတဲ့ စက်သမားတွေရဲ့ခြေထောက်၊ ခေါင်းပေါင်းလေးတွေကိုယ်စီနဲ့ အနားမနေရတဲ့ ခြေထောက်ပိုင်ရှင်တွေက QC ၊ ဓါတ်ငွေ့ပိုက်ကြိုးလုံးတွေနဲ့ သွယ်တန်းထားတဲ့ မီးပူတွေ၊ မော်တာသံ၊ Cutting အခန်းက ပိတ်ဖြတ်သံတွေနဲ့ တဒုန်းဒုန်းတ၀ုန်းဝုန်းနဲ့ ဆူညံစွာ လည်ပတ်နေတဲ့အချိန်တွေမှာ ခင်မာတို့အားလုံး ဂုဏ်ယူစွာနဲ့ လှုပ်ရှားလျက်ပါ။
တာဝန်ကျတဲ့ လိုင်းနံပါတ်ချင်းမတူတာမို့ ခင်မာနဲ့မိုးကြည်က စက်ရုံထဲရောက်ပြီးတာနဲ့ မတွေ့ရတော့ပေ။ ထမင်းစားချိန်နားမှသာ နှစ်ယောက်သားအတူစားကြ၊ နားကြရသည်။ လှမ်းမြင်ရပေမယ့် အပိုစကားပြောချိန်မရှိတာမို့ မမြင်ချင်ယောင်ဆောင်ရလေ သည်။ အလုပ်ထဲစိတ်ရောက်နေကြပေမယ့် ဗိုက်ထဲကအချက်ပြလာပြီဆိုရင်တော့ ဒါဟာ ထမင်းစားနားဖို့အချိန်ရောက်တော့မှာပဲ ဆိုတာ အလိုလိုသိကြလေသည်။
***-----***-----***-----
“ကလင်ကလင်ကလင်……….ကလင်ကလင်ကလင်……….”
ဘဲလ်တီးသံကြားရပြီး စက္ကန့်ဝက်လောက်အကြာမှာ စက်ရုံတစ်ခုလုံး မီးတွေမှိတ်သွားခဲ့လေသည်။
“ ၀ုန်း ”ဆိုတဲ့ အသံကြားရပြီး လုပ်လက်စတွေကို ကမန်းကတန်းပစ်ချလို့ မတ်တပ်ရပ်နေသူအားလုံး ခန္ဓာကိုယ်ကို ပစ်လှဲချလိုက်တာတွေ မြင်ရလေသည်။ တစ်ချို့ငုတ်တုတ်၊ တစ်ချို့ထိုင်ရက်နဲ့ တမနက်လုံးညောင်းထားသမျှ ခဏတာလေး နားကြရသည်။
စက်ရုံအပြင်ဘက်ကို ထမင်းစားနားဖို့ထွက်သွားတဲ့ လူအုပ်ကြီးနောက် ခင်မာလည်းအတင်းပဲတိုးလို့လိုက်သွားလိုက်ပါတယ်။ စက်ရုံအပြင်ရောက်တော့မှ နေ့လည်ခင်းရဲ့သဘာဝနေရောင်ကို မြင်တွေ့ရလေတော့သည်။ ဟိုစုစု ဒီစုစုနဲ့ မတ်တပ်တစ်မျိုး ထိုင်လျက်တစ်မျိုး အမျိုးမျိုးသောလူစုတွေကြားမှာ မိုးကြည်ဘယ်များရောက်နေလဲလို့ ကမန်းကတန်းလိုက်ရှာကြည့်တဲ့အခါ…….
“ခင်မာ……ခင်မာ……..လာလာ…….ဒီဘက်လာ….”
အသံလာရာဘက်ကို လှည့်ကြည့်လိုက်တော့ ထမင်းစားဆောင်ထဲကနေ ထိုင်စောင့်နေတဲ့မိုးကြည်ကို လှမ်းတွေ့လိုက်လေသည်။ “မိုးကြည်…..နင်က နေရာတွေဘာတွေ ရလို့ပါလား…………….”
ဘဲလ်တီးပြီးပြီးချင်း ကမန်းကတန်းပြေးထွက်သွားတဲ့ အများစုက ဒီ ထမင်းစားဆောင်ထဲနေရာလိုချင်လိုပါ။ တီဗွီအကြီးကြီး ၂ လုံးနဲ့ ခေတ်ပေါ်သီချင်းများလည်းဖွင့်ထားပေးလေသည်။ စားပွဲခုံ၊ ထိုင်ခုံစသည်ဖြင့် အေးအေးသာသာ ထမင်းစားနိုင်အောင် စီစဉ်ပေးထားခြင်းပင်။ နေရာမရသူများကတော့ ဟိုစုစု၊ ဒီစုစုဖြင့် အဆင်ပြေသလိုဖြေရှင်းရလေတော့သည်။
“ခင်မာ….ငါ မလုပ်နိုင်တော့ဘူးထင်တယ်……စိတ်ညစ်တယ်ဟာ အရမ်းပဲ..…”
အလုပ်ဝင်ပြီး တစ်လအကြာမှာ စတင်ကြားရတဲ့ဒီစကားက ခင်မာကို ထမင်းစားရပ်တန့်စေပါတယ်။ မျက်ရည်လေးဝဲတဲဝဲတဲနဲ့ အားငယ်စကားပြောလာတဲ့မိုးကြည်ကို သူ ဘယ်လိုနည်းနဲ့ နှစ်သိမ့်ပေးရပါ့မလဲ။ တစ်နေ့တစ်နေ့မရိုးနိုင်တဲ့ စိတ်ဒုက္ခပေါင်းများစွာ ထဲမှာ ခင်မာလည်းပဲ ခံစားနေရတာပဲမဟုတ်လား…….။
“ငါလည်းတူတူပါပဲမိုးကြည်ရယ် သူတို့ကပြောပြီး၊ ပြီးတာပဲ၊ ဘာမှစိတ်ထဲရှိကြတာမဟုတ်ဘူး၊ သူများတွေလည်းတူတူပဲအပြောခံရတာပဲ၊ကြာတော့လည်း ရိုးသွားမှာပါ…ခဏလေးပဲသည်းခံနေလိုက်ပါဟာနော်…နော်…..နော်…မိုးကြည်နော်…..….”
“စကားလုံးတွေ တအားရိုင်းတယ်ဟ၊ တစ်နေကုန် မတ်တပ်ရပ်ရတာကို ငါခံနိုင်ပါတယ်၊ ပါးစပ်ကြမ်းတာတော့မခံနိုင်ဘူး၊ သူတို့က လက်ပါပါချင်တာ…ဟုတ်တာတွေကော မဟုတ်တာတွေကော အကုန်ကြမ်းကြမ်းတမ်းတမ်းကိုပြောတော့တာ…..”
ဟုတ်ပါတယ်….မိုးကြည်ခြေထောက်လေးတွေ ဖောရောင်နေလေသည်။ ပြည့်ဖောင်းနေတဲ့ခြေခုံမို့မို့လေးတွေအောက်မှာက ပြားကပ်ကပ် ဖိနပ်ပါးလေးက ပုန်းလို့ကွယ်လို့……….။
“ဟင်း……..”
စားလက်စခဏရပ်လို့ ခင်မာ သက်ပြင်းအရှည်ကြီးကို ချမိလိုက်မိပါတယ်။ ထမင်းစားရုံကို မျက်စိဝေ့ကြည့်မိလိုက်တော့လည်း အားလုံးက သူ့အကြောင်းနဲ့သူ ပြောနေဆိုနေကြတဲ့သူတွေချည်းပင်။ တစ်ချို့ရယ်နေကြသည်၊ တစ်ချို့ မျက်နှာလေးတွေ ငေးငိုင်နေကြသည်။
“ ငါ့ဒုက္ခတွေကို အိမ်ကဘယ်သူမှမသိကြဘူး၊ အဆင်ပြေလားလို့လည်း မမေးကြဘူး၊…တခါတခါဆို ငါအရမ်းငိုချင်တာပဲ ခင်မာရယ်…ပြီးတော့ အရမ်းလည်းဝမ်းနည်းတယ်….…….”
“အေးပါဟာ….ငါလည်း တူတူပါပဲ….. ခုတော့ ဒါလေးတော့ကုန်အောင်စားလိုက်ဟာ ညနေကျ စောစောပြန်ရမှာမဟုတ်ဘူး… အချိန်ပိုရှိတယ်လို့ပြောသံကြားတယ်…ဘာမှအားမငယ်ပါနဲ့ဟာ….ငါတစ်ယောက်လုံးရှိပါသေးတယ်မိုးကြည်ရယ်…နော်….နော်……”
စကားပြောနေရင်း ဒလဟောစီးကျလာတဲ့ မိုးကြည်ရဲ့မျက်ရည်လေးတွေနဲ့အပြိုင် ခင်မာ့မျက်ဝန်းလေးတွေလည်း စိုလို့ရွှဲကုန်ပြီ။ ဒါပေမယ့်ကြာကြာမငိုအားခဲ့ပါ။ နာရီဝက်သာပေးတဲ့ ဒီအားလပ်ချိန်လေးအတွင်းမှာ ကိုယ့်ဝေယျာဝစ္စတွေကို အပြီးလုပ်ဆောင်ရ သေးသည်မဟုတ်ပါလား…။
***-----***-----***----- ***-----***-----***----- ***-----***-----***----- ***-----***-----***-----
“ဟဲ့…ဟဲ့..ခင်မာ …ခင်မာ….”
“ဟင်…ဘာလဲ…ဘာလဲဟ”
အတွေးနယ်ချဲ့နေတဲ့ခင်မာ ရုတ်တရက်မို့ လန့်သွားမိပါတယ်။ ခုံတန်းလျားလေးပေါ်ထိုင်နေရင်းက အတိတ်ဆီက အတွေးတွေကို ပစ္စုပ္ပန်ဆီပြန်လည်ဆွဲငင်ခေါ်ယူလိုက်တာမို့ မိုးကြည်ရဲ့ခေါ်သံကို ကမန်းကတန်းဖြေလိုက်ရပါတယ်….။
“နင်….တွေးနေပြန်ပြီလား…..ခင်မာ…”
အင်း….လို့ခေါင်းညိတ်အတည်ပြုပေးလိုက်ပြီး ထိုင်နေရာမှ ထလိုက်ကြပါတယ်။ လက်ကနာရီကိုပြိုင်တူကြည့်မိရင်းက အိမ်ပြန်ဖို့အချိန်သင့်ပြီဆိုတာကို ခင်မာတို့နှစ်ယောက်လုံး ပြောစရာမလိုဘဲသိနေခဲ့လေသည်။
စောင်းတန်းတစ်လျှောက် ဖြေးဖြေးချင်းဆီ လျှောက်လာတဲ့အခါ တစ်နေရာမှာ စုပုံချထားတဲ့စားပွဲတင် နာရီလေးတွေက ခင်မာတို့နှစ်ယောက်ကို အပြုံးလေးတွေထပ်မံပေးခဲ့လေသည်။ ပြိုင်တူပြုံးမိလိုက်တဲ့အပြုံးကိုယ်စီမှာလည်း အကြောင်းကိုယ်စီရှိနေခဲ့လို့ပါ။ ဒါဟာ အတိတ်ဆိုရင်တော့ ခင်မာအတွက် ပြန်ပြောင်းတွေးစရာအကြောင်းတစ်ခုပဲ ဖြစ်ပေဦးတော့မည်။
***-----***-----***-----
အဲဒီနေ့က ခင်မာပျော်ရွှင်နေခဲ့လေသည်။ အဖွားကိုမှာထားတဲ့နာရီလေး ပါလာခဲ့တာမို့ မိုးကြည်ကိုအရမ်းသိစေချင်နေမိ လေသည်။ ပုံမှန်အချိန်ထွက်လာပေမယ့် စိတ်ထဲကအမြန်ရောက်ချင်ဇောကြောင့် ကိုယ့်ခြေလှမ်းတွေကိုပင် အားမရမိခဲ့ပါ။
“မိုးကြည်…မိုးကြည်….မြန်မြန်…မြန်မြန်”
“ငါလာပါပြီဟ….ဒီမှာရေဗူးထည့်နေလို့”
မိုးကြည်တို့အိမ်ရှေ့ကနေ အတင်းပင်အော်ခေါ်နေမိတဲ့ခင်မာက လက်ထဲကအထုတ်လေးကို မြှောက်ကာပင့်ကာနဲ့ပင်။
“လက်ထဲက ဘာလဲဟ”
“ငါတို့အတွက်.. နာရီ၊  အဖွား ၀ယ်ပေးတာ…”
“ဟယ်……….တကယ်….ငါ့အတွက်လည်းပါတယ်ဟုတ်လား……..ပြ…..ပြ.”
အံ့သြသွားတဲ့မိုးကြည်က ပျော်သွားပုံပင်။ ရင်ထဲက ကလိကလိအသံတွေကို အသာထိန်းရင်း ဘာလဲဆိုတာ သိချင်နေတဲ့မိုးကြည်ကို ခဏညှဉ်းဆဲထားလိုက်ပါတယ်။ ဖယ်ရီဂိတ်ဆီ အရောက်မှာတော့-
“ဟင်…နင့်ဟာကလည်း…………လက်ပတ်တာလည်းမဟုတ်ဘူး…….နှိုးစက်နာရီကြီး”
“အေးလေ နင်ကလည်း လက်ပတ်နာရီမှ မ၀ယ်နိုင်သေးတာ.. အချိန်သိရဖို့အရေးကြီးတာပဲ၊ ခုတော့ဒါလေးနဲ့အရင်သုံးမယ်လေ။  ဆွဲခြင်းထဲထည့်ဆွဲတော့ ဘယ်သူသိတာမှတ်လို့….ဟုတ်ဘူးလား….………”
“ပြီးရော…….”
ဆရာကြီးစတိုင်နဲ့ပြောတတ်တဲ့ခင်မာက သူထင်တာလွဲသွားတဲ့မိုးကြည်ကို ဖြောင်းဖျပြောဆိုဖူးပါတယ်။ ရှိတာလေးနဲ့ ကျေနပ်ခဲ့ ရတာလည်း သည်းခံနိုင်ခြင်းတစ်မျိုးပဲလို့ ခင်မာက ယုံကြည်ထားလို့ပါ။ အဖွားရဲ့ ပြောဆိုဆုံးမမှုတွေကြားမှာ အရွယ်နဲ့မလိုက်အောင် သိတတ်တဲ့ခင်မာက မိုးကြည်အပေါ်တော့ အားကိုးအားထားရာ သူငယ်ချင်းကောင်းတစ်ယောက်ပင်။
***-----***-----***-----
“ဟဲ့ ခင်မာ အောက်ကိုလည်းကြည့်လျှောက်ဦး၊ အထစ်ကျော်ဆင်းမိမယ်… သတိရတာကနောက်ထား၊ ခု ခေါင်းပေါက်နေမယ်…..”
“အမယ်အမယ်……အေးပါ…….ငါကိုက သတိမရဘဲ မနေနိုင်လို့ပါ…..”
ပြောလိုက်ဆိုလိုက်နဲ့ ခင်မာနဲ့မိုးကြည်တို့ခြေလှမ်းလေးတွေသွက်လိုက်ကြပါတယ်။ လွတ်လပ်ပေါ့ပါးတဲ့ခြေအစုံက လေဟုန်ကိုပင် စီးနိုင်သလားလို့ …..။ နှစ်ယောက်သား ရယ်ကာမောကာနဲ့ သောကတွေကင်းစင်နေပါလားလို့ ကိုယ့်ဘာသာထင်မိလိုက်လေသည်။
“ခင်မာ……….လိုင်းကားနဲ့ပြန်ရအောင်…..”
“အင်း……….ပြန်ကြမယ်လေ ပြေးလွှားတက်ကြတာပေါ့…တစ်ခါတလေပဲဟာ..”
“တစ်ခါတလေမဟုတ်လဲ ပြေးလို့ လွှားလို့ရပါသေးတယ် ခင်မာရယ်…ငါက ဘ၀မေ့တဲ့သူ ကျနေတာပဲ…”
“မိုးကြည်………ထိုင်ခုံမရရင် မငိုကြေးနော်၊ ညောင်းတယ်ဆိုပြီး ထိုင်မချရဘူးနော်…..…”
“…….အစုတ်ပလုပ် ခင်မာ၊ နင်ကင့ါကိုလှောင်တာပေါ့လေ……”
“ဟိဟိ……နဲနဲလေး စကြည့်တာပါဟယ်…”
သန်လျင်နဲ့ရန်ကုန် လိုင်းကားတွေက များတယ်လို့ဆိုရပေမယ့် မချောင်ပါ။ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ဘက်ကလာတဲ့ ကားတွေရှိသလို ကျောက်တန်းဘက်ကလာတဲ့ကားတွေလည်းရှိလေသည်။ သွားနေလာနေကျမဟုတ်ရင်တော့ လူကြပ်ကြပ် ကားကို စီးရတာလည်း ဒုက္ခတစ်မျိုးပင်။
ကားပေါ် အတင်းလုတက်ကြ၊ နေရာရဖို့ကြိုးစားကြနဲ့ လူကြီးလူငယ်မခွဲခြားတတ်တဲ့ လူနေမှုစနစ်ထဲမှာ ခင်မာတို့က ပိုလို့ အသားကျခဲ့ဖူးပါတယ်။ တစ်ချိန်တုန်းကလည်း နေ့ရက်ပေါင်းများစွာကို မတ်တပ်တစ်မျိုး၊ ထိုင်ရက်တစ်မျိုးနဲ့ ဖြတ်ကျော်လာခဲ့ရတာတွေက မမေ့ကောင်းစရာ အမှတ်တရတွေပေါ့။
အကြောင်းအရာတိုက်ဆိုင်တိုင်း ပြန်ပြောင်းလို့သတိရမိတတ်တဲ့ခင်မာက ပီပြင်တဲ့အတွေးသမားတစ်ယောက်ပင်။ စိတ်မကောင်းစရာတွေကို ပြန်မတွေးတတ်တဲ့မိုးကြည်က ပြန်တွေးတိုင်း မျက်ရည်ဝဲတတ်သူပင်။…………ဟော….ခုလည်း ခင်မာတစ်ယောက် အတွေးကမ္ဘာထဲ လည်ပတ်နေဦးမှာ အသေအချာပင်။
***-----***-----***----- “”
 “ဟဲ့ကောင်မ…….မိုးကြည်……..ညည်း ဒါဘာလုပ်နေတာလဲ…ထထ….ထစမ်း….….”
လိုင်းထဲ တစ်ချက်အလစ်မပေးတတ်တဲ့ ခေါင်းဆောင်က ငုတ်တုတ်ကလေးဖြစ်နေတဲ့ မိုးကြည်ကိုမြင်သွားခဲ့တာပါ။ လျှာကြမ်း၊ အာကြမ်းနဲ့ပြောဆိုတတ်တာကြောင့် သူများတွေကြားမှာစိုးသည့်အလား မိုးကြည်ရဲ့ငိုမဲ့မဲ့မျက်နှာလေးနဲ့တောင်းပန်သံက တိုးတိုးလျလျ…
 “ခဏလေးပါ အမရယ်….ခဏလေးပါ။ မိုးကြည် တအားညောင်းနေလို့ပါ”
“ဟဲ့ ဒီမှာ………..ဒါ အလုပ်လုပ်နေတာ…မလုပ်နိုင်ရင်လာလုပ်မနေနဲ့….ဟိုမှာမြင်လား နင့်ဆီကရမယ့်ပစ္စည်းကို စောင့်နေကြတာ၊ ထထ……မြန်မြန်လုပ် ငါဒီဘက်ပြန်ရောက်လာတာနဲ့ ဒါတွေအကုန်ပြီးတာမြင်ချင်တယ်………..ဒါပဲ”
ပြောပြီးပြီးချင်းလှည့်ထွက်သွားတဲ့ခေါင်းဆောင်က တခြားသူတွေဆီရောက်သွားခဲ့လေပြီ။ ခေါင်းပေါ်ကလင်းနေတဲ့မီးချောင်း၊ လက်ထဲကမီးပူနဲ့၊ မတ်တပ်ရပ်ထားရလို့ ညောင်းနေတဲ့ခြေထောက်တွေထက် စိတ်ထဲက ခံပြင်းမှုတွေနဲ့အတူ မိုးကြည်ဝမ်းနည်းခဲ့ လေသည်။
တပေါက်ပေါက်စီးကျလာတဲ့မျက်ရည်တို့ မီးပူတိုက်တဲ့ခုံပေါ်စီးကျလာချိန်မှာ ဘေးနားမှာလာရပ်တဲ့အရိပ်တစ်ခုကြောင့် လှည့်အကြည့်-
“မိုးကြည်…... သူငယ်ချင်း….ပေးပေး...သွား…နင်ဟိုဘက်ခဏသွားနေလိုက်၊ ငါလုပ်ထားမယ်”
“ခင်မာ……ခင်မာ………ငါ…ငါ….”
“သွား..ငါ….ရတယ်….ငါကတနေကုန် လမ်းလျှောက်နေရတာ…သွားဆိုသွား…..”
မိုးကြည်လက်ထဲကမီးပူကိုအတင်းလုဆွဲကာ ကမန်းကတန်းလုပ်ဆောင်လိုက်တဲ့ ခင်မာရဲ့လုပ်အားက မိုးကြည်အတွက်တော့ ဘာနဲ့မှလဲမရတဲ့ အားကိုးမှုတစ်ခုပါ၊ လစ်ရင်လစ်သလို လာလာကူရှာတဲ့ခင်မာကို မိုးကြည်ပိုလို့ အားကိုးမိခဲ့လေတော့သည်။
***-----***-----***-----
ကားနောက်မှာ တရိပ်ရိပ်ကျန်ခဲ့တဲ့ ပုံရိပ်တွေကို နောက်ပြန်လှည့်ကြည့်ရင်းက မကြာခင်ရောက်တော့မှာပဲဆိုတဲ့ အသိ တစ်ခုနဲ့တင် အညောင်းတွေပြေရပါတယ်။ သန်လျင်လိုနေရာမျိုးကနေ ရန်ကုန်မြို့ထဲအထိ အလုပ်လာဆင်းရတဲ့ အလုပ်သမား လေးတွေကတော့ ဒီဒုက္ခကို နေ့စဉ်နဲ့အမျှ ခံစားကြရမှာပါ။ ကြာလာတော့လည်း ဒါဟာ ရိုးအီသွားခဲ့လေပြီထင်သည်။
ခင်မာတို့လည်း ထို့အတူပါပဲ ပင်ပန်းခဲ့တယ်၊ ဆင်းရဲခဲ့တယ်၊ အိပ်ချိန်နည်းခဲ့တယ်၊ လူတွေဟာစက်ရုပ်တွေလိုပဲ အမိန့်တစ်ခုအောက်မှာ တာဝန်ကျေအောင် မနားမနေလုပ်ဆောင်ခဲ့ဖူးတယ်။ နေမကောင်းလို့ပြန်ဖို့မလွယ်ကူခဲ့ဘူး၊ စက်ရုံနဲ့အိမ်နဲ့ ဖယ်ရီကားတောင် ၁ နာရီခွဲ စီးခဲ့ရတယ်၊ လိုင်းကားနဲ့ပြန်ဖို့မလွယ်ကူလေတော့ နေမကောင်းလည်း လုပ်၊ နေကောင်းလည်း လုပ်ပေါ့။
ဒီလိုနဲ့ခင်မာတို့တွေ ငိုလိုက်ရယ်လိုက်နဲ့ လုံလောက်တဲ့အချိန်ကိုရင်ဆိုင်ကျော်ဖြတ်ပြီးချိန်မှာ အရာရာဟာ နေသားကျခဲ့လေသည်။ ရင်းနှီးကျွမ်းဝင်လာတဲ့ ခေါင်းဆောင်တွေရဲ့သဘောထားနဲ့ ကိုယ်နဲ့ဘ၀တူချင်းတွေရဲ့အားနည်းချက်တွေကို သတိပြုလာနိုင်ခဲ့ လေသည်။
မိုးကြည်က အကူအဆင့်ကနေ မီးပူတိုက်ရသလို ခင်မာက ပစ္စည်းထုတ်ရလေသည်။ ရေငွေ့ပိုက်လိုင်းတွေနဲ့ ချိတ်ဆက်ထားတဲ့ မီးပူတွေက အလေးကြီးတွေပင်။ လက်မောင်းပြုတ်မတက် ခံစားရတဲ့ဝေဒနာတွေက အိမ်ကမိသားစုကိုဖြေရှင်းနိုင်တယ်ဆိုရင် ဒါဟာ တန်တယ်လို့ ခင်မာတို့ ယူဆထားပါတယ်။
ပစ္စည်းထုတ်တာ ၆ လအကြာမှာတော့ ပိတ်တွေဖြတ်ရတဲ့အပိုင်းကို ခင်မာရောက်လေတော့သည်။ တိကျသေချာတဲ့ တွက်နည်း တွေနဲ့ စက်တွေကြားမှာ အလုပ်လုပ်ရတော့ ခင်မာစိတ်ဝင်စားမိလေသည်။ အပိုအလိုမရှိ၊ အလေအလွင့်မရှိအောင် သတိထား ရပြီး အချိန်နဲ့တပြေးညီ ပိတ်စတွေကို စက်နဲ့ပိုင်းဖြတ်ရလေသည်။
ခင်မာနဲ့မိုးကြည်တို့အဆင့်ဆင့်ပြောင်းလဲလုပ်ရတဲ့အလုပ်တွေကို အိမ်ကမိသားစုတွေက မသိပေ။ အသိလည်းမပေးခဲ့ပေ။ အိမ်က မိသားစုက မေးလည်းမမေးခဲ့ပေ။
အချိန်တန်လစာရယုံကလွဲလို့ ဘာမှအားမပေးတတ်တဲ့ မိုးကြည်မိဘတွေ၊ ခင်မာ့မျက်နှာတစ်ခုတည်းသာ ကြည့်တတ်တဲ့ အဖွားအိုကြီးတစ်ယောက်ကို ခင်မာတို့ဘာများတိုင်ပင်လို့အကြံဥာဏ်ကောင်းများ ရခဲ့ပါမည်နည်း။ ကိုယ်ထူကာ ကိုယ်ထလို့ ကိုယ့်ဘာသာတက်မြောက်လာတဲ့ ပညာရပ်တွေကြားမှာ ခေါင်းမော့ ရင်ကော့တတ်ခဲ့လေသည်။
အပိုထွက်လာတဲ့လစာလေးတွေကို ကြိတ်စုကြလို့ ကိုယ့်ဘ၀အတွက်ရည်မှန်းချက်ကိုယ်စီနဲ့ ကြိုးစားခဲ့ကြသည်။ တန်ဖိုးရှိလှတဲ့အချိန်တွေ  ချွေးစက်တွေ၊ မျက်ရည်စက်တွေနဲ့ရင်းနှီးထားရတာတွေက ခင်မာတို့အတွက်တော့ ပညာရွှေအိုးကြီး တစ်ခုပင်။
မိုးကြည်က အနစ်နာပေါင်းများစွာ ကြိတ်မှိတ်ခံစားရပြီးမှ စက်ပေါ်ရောက်ရှိခဲ့လေသည်။ အပ်နှစ်ချောင်းနဲ့တစ်ပြိုင်နက်ချုပ်တတ်ဖို့ လက်ကိုအပ်စိုက်ပေါင်းလဲမနည်းခဲ့လေပြီ၊ တစ်နာရီကိုအထည် 20 ပြီးအောင်ချုပ်ပါလို့ဆိုလာရင် မိုးကြည်က ပိုထွက် အောင်ချုပ်နိုင်ခဲ့လေသည်။
လူ့ဘ၀ကြီးက ပျော်စရာကြီးပါတဲ့ လူတစ်ချို့ပြောတာကြာဖူးခဲ့လေသည်။ ဟုတ်သည် ခင်မာတို့တွက် တဖြည်းဖြည်းဟုတ်လာခဲ့ လေသည်။ အနည်းငယ်ပိုလျှံလာတဲ့ လုပ်အားခငွေအချို့နဲ့ ပစ္စည်းအချို့ကိုလဲလှယ်ခဲ့ကြသည်။ အားတဲ့အချိန်လေးတွေမှာ ခင်မာက ပိတ်စတွေဖြတ်သလို မိုးကြည်က အိမ်မှာချုပ်လေသည်။ ကလေးဝတ်၊ မိန်းမ၀တ်နဲ့၊ တခြားပုံစံအမျိုးမျိုးတို့ကို တဖြည်းဖြည်းနဲ့ တက်မြောက်လာခဲ့ကြလေသည်။ ဒါတွေဟာ ကိုယ်တိုင်သင်ယူလို့သာ တက်မြောက်ခဲ့ရတာတွေပင်။
“ငေးလှပါလား ခင်မာ…… ဘာတွေ တွေးနေပြန်ပြီလဲ….”
“ဘာမှမဟုတ်ပါဘူးမိုးကြည်ရဲ့…..တိုင်းရင်းသားကျေးရွာထဲ ခဏ၀င်မလားလို့”
“အေး….၀င်ချင်ဝင်ပါလား၊ ငါတို့မရောက်တာလည်း ကြာပြီပဲဟာ….”
ခင်မာ စကားလမ်းကြောင်းပြောင်းကာ ညာလိုက်ရပါတယ်။ ပြန်တွေးလိုက်တိုင်း အားငယ်တတ်တဲ့မိုးကြည်ကို မျက်ရည်မ၀ဲစေလို ပါ။
“အော်….မေ့လို့ …မေ့လို့……ဒီနေ့ အဖွားကို ခေါင်းလျှော်ပေးရမယ့်နေ့ဟ….”
“ဟွန်း……အမျိုးမျိုး………………”
ဒီလိုပဲ….ရယ်လိုက်မောလိုက်ရင်းနဲ့ အညောင်းတွေပြေစေဖို့ ကြိုးစားရပြန်ပါတယ်။ ခဏတာဆိုပေမယ့် လှုပ်ရှားရုန်းကန်ရဦးမယ့် နေ့ရက်တွေက အများသားပင်။ ဒီနေ့ပြီးနောက်နေ့၊ တစ်လပြီးတစ်လ၊ တစ်နှစ်ပြီးတစ်နှစ်နဲ့ မကုန်ဆုံးနိုင်တဲ့ ခရီးမိုင်ပေါင်းများစွာ ခင်မာတို့ လျှောက်လှမ်းရဦးမှာပါ။
လိုရာခရီးရောက်သူအဖို့ ကားပေါ်က ဆင်းသွားလိုက်၊ သွားချင်သူတွေ ပြန်တက်လာလိုက်နဲ့ ခင်မာတို့ရဲ့လိုင်းကားလေးက တရွေ့ရွေ့နဲ့ခရီးဆက်နေလိုက်တာ ခင်မာတို့အလှည့်လည်း မကြာခင်ရောက်လာခဲ့လေတော့သည်။
***-----***-----***----- ***-----***-----***-----
ခင်မာတို့အပါအ၀င် လောကလူသား အားလုံးက မပြီးဆုံးနိုင်တဲ့ ဘ၀သံသရာထဲလည်ပတ်နေကြသူတွေချည်းလို့ အများပြောသံ ကြားဖူးခဲ့လေသည်။ ဘ၀သံသရာလည်းနားမလည် ယနေ့သံသရာထဲသာ လည်ပတ်နေရသူတွေက ခင်မာတို့ ပတ်ဝန်းကျင်မှာ ထုနဲ့ဒေးပင်။
တစ်နေ့စာအတွက် ရုန်းကန်နေရသူတွေအဆင်ပြေစေဖို့ ခင်မာတို့ရဲ့စက်ချုပ်ရုံလေးက အနည်းငယ်တော့ ပေးစွမ်းနိုင်ခဲ့လေသည်။ တစ်စတစ်စနဲ့ စုထားရတဲ့ ပစ္စည်းတွေ၊ တစ်နေ့တစ်နေ့နဲ့ သင်ယူခဲ့ရတဲ့ ပညာတွေ၊ မခံချင်စိတ်တွေနဲ့ ပေါင်းစပ်ထားတဲ့ ခင်မာတို့ရဲ့ စက်ချုပ်ရုံလေးသေးသေးလေးက မထင်ထားလောက်အောင် အောင်မြင်ခဲ့လေသည်။ သူများမျက်နှာမကြည့်ရတဲ့ဘ၀က ဘယ်လောက်များ အေးချမ်းလိုက်သလဲဆိုတာ ခုတော့ ခင်မာတို့ကိုယ်တိုင် ခံစားသိရှိခဲ့လေသည်။ ခင်မာရဲ့စေ့စပ်သေချာမှု အတိုင်းအထွာတွေနဲ့ မိုးကြည်ရဲ့ချုပ်အားနဲ့ပေါင်းစပ်ကာ နိစ္စဓူဝစက်သံတွေဆူညံနေတဲ့ ဒီအလုပ်ရုံ လေးမှာ တစ်လလျှင် ၄ ရက်သာ တိတ်ဆိတ်ငြိမ်သက်နေလေသည်။
အလုပ်သမားလေးတွေက တစ်ပါတ်တစ်ရက်နားရပေမယ့် ခင်မာတို့က တစ်လမှတစ်ရက်သာ နားကြလေသည်။ ထိုနေ့က လပြည့်နေ့ပင်။ အနားရတဲ့ ရက်လေးမှာတော့ ခင်မာတို့အနားမနေတတ်ပါ။ မိမိတက်စွမ်းသလောက်အလှူဒါနအဖြစ် မိဘမဲ့ကျောင်းလေးတွေကို အလှည့်ကျ အ၀တ်အထည်လေးတွေ သွားရောက်လှူဒါန်းတတ်လေသည်။မိဘမရှိတဲ့ဘ၀ကို ခင်မာကပိုလို့နားလည်ကိုယ်ချင်းစာသလို မိုးကြည်ကလည်းပါရမီဖြည့်ပေးခဲ့လေသည်။
လိုတာရသွားတဲ့ကလေးငယ်တွေရဲ့အပြစ်ကင်းစင်တဲ့မျက်နှာလေးတွေက ခင်မာ့အတွက်တော့ အားရှိစရာတွေပင်။ အားကိုးမှု မျက်ဝန်းလေးတွေမှာ ဖြူစင်မှုက ပကတိပင်။ ပိုလျှံနေတဲ့နေရာတွေမှာ တောင်းယူလို့မရနိုင်ပေမယ့် လိုအပ်နေတဲ့နေရာတွေ အတွက်တော့ ပြည့်ဖို့ဆိုတာအတော်ကြိုးစားယူရလေသည်။
မိမိကြောင့်လိုအပ်ချက်လေးတွေ အနည်းငယ်ပြည့်ဖြိုးသွားတယ်ဆိုရင်ပဲ ဒါဟာ တိုင်းတာမရတဲ့ အားရကျေနပ်စရာကောင်းတဲ့ အပြုအမူတစ်ခု မဟုတ်ပါလားနော်………………….
***-----***-----***----- ***-----***-----***-----
အပြင်ကပြန်လာပြီး အမောဖြေနေတဲ့မိုးကြည် ရေတစ်ခွက်ကိုအမြန်သောက်လို့ ခင်မာတို့အိမ်ဘက် ထွက်ခဲ့လေသည်။ ညနေစောင်းနေပေမယ့် ခင်မာအတွက်ချက်ချင်းသွားပေချင်တာမို့ ဖိနပ်အိတ်လေးကို လက်ကကိုင်လို့ ကျေနပ်မှုပြည့်နေတဲ့မိုးကြည်မျက်နှာလေးက ချွေးစို့နေပေမယ့် ကြည်နူးနေခဲ့လေသည်။
“အဖွားရေ…………အဖွား……ခင်မာရှိလား……သမီး မိုးကြည်ပါ….….”
“ကန်ဘောင်ဘက် လမ်းလျှောက်ဆိုလား ထွက်သွားတယ်ကွဲ့”
“ဒါဆို သမီးလိုက်သွားလိုက်မယ်နော်အဖွား……….”
“အေးအေး……သိပ်အကြာကြီးမနေကြနဲ့ဦး……….”
“ဟုတ်…..”
အတွေးသမားခင်မာက တိတ်ဆိတ်ပြီးအေးချမ်းနေတဲ့နေရာတွေကို သဘောကျတတ်လေသည်။ မနက်ဖန် သီလရှင်ကျောင်းကို သွားစရာရှိတာမို့ ခင်မာ့အတွက် ကတ္တီပါဖိနပ်လေးကို မိုးကြည်လာပေးခြင်းပင်။ အေးအေးလူလူလမ်းလျှောက်နေတဲ့ ခင်မာက ပတ်ဝန်းကျင်လည်း သတိပြုမိပုံမပေါ်ပေ။
“ဟိတ်….”
“အမလေးလန့်လိုက်တာ မိုးကြည်ရယ်……….အသံလေးဘာလေး ပေးဦးမှပေါ့”
“ရော့………ဒီမှာ နင်မှာထားတဲ့ဖိနပ်၊ အစိမ်းရောင်က မနည်းဖယ်ထားရတယ်ဆိုပဲ၊ ငါကတော့ ပန်းရောင်လေးပဲယူလိုက်တယ်၊ ဘယ်လိုလည်း ကြည့်ကြည့်ပါဦး……ကြိုက်မကြိုက်သိရအောင်……..”
“…ရပါတယ်ဟ။……ငါက အစိမ်းရောင်ဖြစ်ရင်ပြီးတာပဲလေ၊ ပုံစံတွေဘာတွေ သိပ်ချေးမများပါဘူး… လာ ဟိုခုံမှာ သွားစီးကြည့်မယ်။”
“သွားလေ…………..”
ကန်ရေပြင်က ငြိမ်နေသည်၊ ကြာပန်းဖြူဖြူလေးတွေက အနည်းငယ်စီစုရုံးနေကြသည်။ ယိုင်နဲ့နဲ့ထိုင်ခုံလေးပေါ်မှာ ခပ်ကုပ်ကုပ်ကောင်မလေးနှစ်ယောက် ကန်ရေပြင်ကိုကျော်ဖြတ်လို့ ဟိုဘက်ခြမ်းဆီက ဓါတ်မီးတိုင်တွေကို လှမ်းကြည့် နေကြသည်။
“ငါတို့တွေ ဒီလိုဖိနပ်လေးစီးရဖို့ အတော်စောင့်ခဲ့ရတယ်နော်ခင်မာ”
“ဒါပေါ့ဟာ………”
“အေးနော်…………..ခုတော့လည်း ဒါတွေ ဒါတွေ……ပြီးခဲ့ပါပြီ………….ပြီးခဲ့ပါပြီ………………. ဒါပေမယ့်လည်း…….”
“အမယ်……..သီချင်းတွေဘာတွေတောင် ဆိုနိုင်နေပြီပေါ့လေ….”
“ဟား ဟား ဟား ဟား.……………”
“ဒါပေမယ့် တို့တွေ မမေ့ကြေးနော်…………………….”
ညက အေးစက်နေပါတယ်။ ပြီးတော့ တိတ်ဆိတ်နေသေးတယ်။ ကြယ်တွေစုံနေတဲ့ ကောင်းကင်ကြီးကို အားရပါးရမျှော်ကြည့်ရင်းက တွဲလျောင်းချထားတဲ့ ခြေထောက်တွေကို သတိမပြုမိတော့ပေ။
ခြင်ကိုက်မှာစိုးလို့ မကြာမကြာလှုပ်ရမ်းပေးနေတဲ့ ခင်မာတို့ရဲ့ခြေထောက်လေးတွေပေါ်မှာတော့ ကျောက်စီထားတဲ့ ကတ္တီပါ ဖိနပ်လေးက တဖျတ်ဖျတ်လက်လို့သာပေါ့……………
ဒီဖိနပ်မျိုးလေးစီးရဖို့ ဖိနပ်ကြမ်းလေးတွေနဲ့ ခြေလှမ်းလေးတွေ ရင်းနှီးခဲ့ရတယ်ဆိုရင်တော့ ခင်မာတို့လျှောက်ခဲ့ရတဲ့ လမ်းလေးက စိန်တွေစီထားတဲ့လမ်း မဟုတ်ပါလားနော်။

စိမ့်စမ်းရေ

Posted by စိမ့်စမ်းရေ on Sunday, November 15, 2015

0 comments

Post a Comment