သူ……….နားသယ်စပ်ကနေ စီးကျလာတဲ့ ချွေးစက်တို့ကိုဘယ်ဘက်လက်ဖ၀ါးနဲ့ ခပ်ကြမ်းကြမ်းသုတ်လိုက်ရင်းက ခေါင်းပေါ် တည့်တည့်ရောက်နေတဲ့ နေမင်းကို မျက်မှောင်ကျုံ့ကာ မော့ကြည့်လိုက်ပါတယ်။ စူးရှတဲ့အလင်းတန်းတို့ သူ့မျက်စိထဲ အတင်းပဲတိုးဝင်ကြတဲ့အခါ အာရုံရဲ့ စေ့ဆော်မှုနဲ့အတူ သူ့ဦးခေါင်းက ရုတ်ချည်းပင် ငုံ့လိုက်မိလေသည်။
“အင်း…………..နေတောင် အတော်မြင့်နေပြီပဲ………”
သေချာတဲ့အရာတစ်ခုပေမယ့် မရေရာသလို ရေရွတ်လိုက်တဲ့ သူ့အသံတို့ တိုးလျနေပါလားဆိုတာ သူ့ဘာသာ သိနေလေသည်။
သူ…………လိုရာခရီးကို ခြေလှမ်းမှန်မှန်နဲ့ လျှောက်နေမိပေမယ့် သူ့စိတ်တွေကတော့ မူမမှန်ချင်။ အတွေးပေါင်းစုံတို့  ယောက်ယက်ခတ်လို့နေလေသည်။ ဘာမှပိုလို့ထူးခြားမလာတဲ့ နေလောင်ထားတဲ့သူ့မျက်နှာပေါ်မှာတော့ ချွေးစက်တို့က ဟိုမှသည်သို့………….။
“ဟာ…ဦးလေးသိန်း……….ကျွန်တော်ကအိမ်ပြန်သွားပြီထင်နေတာ…ကြည့်စမ်း..လက်စသတ်တော့ဦးလေးက ဒီဘက်ရောက်နေတာပဲ”
“အေးကွာ……………”
“ဦးလေးသိန်းကလည်းအေးကွာ…လုပ်မနေနဲ့၊ ဒီနေ့ဒီရက်လေးပဲဟာကို ဒေါ်လေးမြပြောသလိုလုပ်ကြည့်ပါလား”
ကိုသိန်းကို မေးဆတ်ပြရင်းပြောလာတဲ့ မောင်ကျော်ရဲ့စကားကိုကိုသိန်း မကြားချေ။ မကြားမိအောင်လည်း ကြိုးစားလိုက်သည်။ မသိမသာရမ်းခါလိုက်တဲ့ဦးခေါင်းနဲ့အတူ ကိုသိန်းရဲ့ခြေထောက်တွေက နောက်ထပ်တစ်နေရာဆီသို့…………..။
***-----***-----***-----
“ဟဲ့…မောင်ကျော်………..နင့်မလဲဟယ် စောင့်လိုက်ရတာ…စူဠလိပ် ရေထဲလွှတ်လိုက်သလိုပဲ”
“ပန်းတွေက စည်းနေတုန်းမို့ခဏစောင့်နေတာပါဒေါ်လေးမြရယ်…… ဒီမှာမြင်လား…ကျွန်တော့်လက်ရာတွေ ကျွန်တော်ကိုယ်တိုင်တောင် ၀င်စည်းပေးခဲ့ရသေးတယ်….”
“အေးပါ…….ဟုတ်ရင်လည်းပြီးတာပဲ…ငါက ဘယ်များသဝေထိုးနေလဲလို့….”
မောင်ကျော်ရဲ့လက်ထဲက ပန်းစည်းတွေကို နေရာချရင်း ပြောနေတဲ့ ဒေါ်လေးမြမှာ စိတ်မရှည်တဲ့အမူအရာတွေ အထင်းသားပင်။ လူငယ်နဲ့လူကြီးကြားက ဖြစ်နေကျ ပြဿနာလေးတွေကတော့ နေ့စဉ်နဲ့အမျှပင်။ အတူနေတူအရင်းဆိုပေမယ့် ဒေါ်လေးမြနဲ့မောင်ကျော်က တည့်သည်မရှိ။
“ဒေါ်လေးမြ…..သိလား……..”
“ဟဲ့…နင်ဘာမှမပြောသေးဘဲ ငါကသိမလား…………ပြော…ဘာလဲ”
တဖျတ်ဖျတ်ခတ်နေတဲ့ ယပ်တောင်ကို ခဏနားလို့ မောင်ကျော့်စကားကို နားစွင့်လာတဲ့ ဒေါ်လေးမြက ပြော ဆိုသည့်ပုံဖြင့် မောင်ကျော့်နားသို့ တိုးကပ်လိုက်ပါတယ်။
“ဦးလေးသိန်းလေ ခုထိမပြန်သေးဘူး………မြောက်ဘက်မုခ်မှာ ကျွန်တော်တွေ့ခဲ့တယ်”
“ဟယ်………..ဒီကောင်လေးနှယ်…….အဲဒါသာကြည့်…အဲဒါသာကြည့်………သူ့လောက် မယားကြောက်ပုံများ..ငါဖြင့် တစ်ခါမှကို မမြင်ဖူးဘူး………အံ့ပါ့…အံ့ပါ့………….”
ဒေါ်လေးမြရဲ့ပုံစံက အံ့သြသွားတဲ့အမူအယာဆိုရမလား၊ နားမလည်နိုင်တဲ့ပုံဟုပြောရမလားမသိပေမယ့် နားလည်ရခက်တဲ့ ကိုသိန်းတစ်ယောက်အကြောင်းတော့ ဒေါ်လေးမြတို့ပတ်ဝန်းကျင်မှာ ခဏတာတော့ ဂယက်ရိုက်သွားတာတော့အမှန်ပင်။
***-----***-----***
ဒေါ်လေးမြတို့တူဝရီး၊ ကိုသိန်းအပါအ၀င် ဈေးသည်တစ်စုကတော့ဖြင့် ဘုရားဖူးဧည့်သည်တွေကိုအမှီပြုလို့ ဘ၀၀မ်းစာရှာဖွေ နေရသူတွေပင်။ မနက်အရုဏ်မှ ညနေနေ၀င်သည်အထိ ကိုယ့်နေရာမှာ ကိုယ့်တာဝန်တွေ ကိုယ်ကျေကြလို့ အော်လိုက်ဟစ်လိုက်၊ ပြောဆိုလိုက်နဲ့ နေ့ရက်ပေါင်းများစွာ အတူရှင်သန်လာကြသူတွေပါ။
ဘုရားအရှေ့ဘက်မုခ်ကနေ မြောက်ဘက်၊ ထိုမှသည် အနောက်ဘက် စသည်ဖြင့် တစ်နေရာတည်းမဟုတ် စိတ်ပေါက်သလိုလျောက်သွားနေတဲ့ ကိုသိန်းက ဒီပါတ်ဝန်းကျင်အတွက်တော့ လူစိမ်းမဟုတ်တော့ချေ။
သူ့အလုပ်က ဈေးသည်ဆိုပေမယ့် လှောင်ထားတဲ့ စာကလေးတွေကို ပြန်လည်ရောင်းချခြင်းသာ။ လမ်းဘေးဈေးသည် ဆိုတော့ လမ်းဘေးဈေးသည်ပေါ့။ အခါကြီးနေ့ကြီးတွေဆို ဈေးသည်တွေရဲ့မျက်နှာ ပျော်ရွှင်နေတတ်သလို မိုးတွင်းချိန်ခါကျပြန်တော့လည်း ကံကြမ္မာကိုပဲ အပြစ်ပုံချတတ်ကြလေသည်။ ရောင်းရေးဝယ်တာတွေဆိုတာတွေက မှန်းရခက်ကြီးတွေမလား။ ဒါပေမယ့် ကိုသိန်းကလွဲရင်ပေါ့။
***-----***-----***
“ဟာ ကိုသိန်း…ဒီဘက် ဘာလာလုပ်တာလဲဗျ……..ဒီဘက်က ခင်ဗျားဘက်လောက် လူသိပ်မလာဘူး”
“အေးဗျာ……..ဘာရယ်မဟုတ်လျှောက်လာကြည့်တာပါ…..အညောင်းပြေပေါ့”
“ဒါဆိုလည်း ထမင်းဝင်စားသွားဦး၊ မရှိလို့လုပ်စားတာပဲ..အေးအေးဆေးဆေးပေါ့ ဟုတ်ဘူးလား”
“စားပါဗျာ…….ကျုပ်မဆာသေးလို့ ဟိုဘက်ရောက်မှဘဲ စားလိုက်တော့မယ်”
ဒီနေ့မှ လူတွေက သူ့ကို သိပ်အရေးပေးလွန်းနေလေသည်။ ဒေါ်လေးမြရဲ့အမှန်တရားတွေကို ရင်မဆိုင်နိုင်လို့သာ ထွက်လာမိပေမယ့် တစ်ကယ်တော့ အဲ့ဒီ မှန်ပါတယ်ဆိုတဲ့ အမှန်တရားတွေကို ကိုသိန်းခေါင်းခါမိခဲ့တာ အကြိမ်ကြိမ်။ ဒီတစ်ခါတော့ အရှိုက်ကိုမှတည့်တည့်ထိခဲ့တဲ့ ဒေါ်လေးမြရဲ့စကားတွေက ကိုသိန်းရဲ့ခြေလှမ်းတိုင်းကို စိုးမိုးနေခဲ့လေပြီ။
***-----***-----***-----***-----***-----***
“ကိုသိန်း…….ဒီနေ့ လပြည့်နေ့သိလား……ရှင်အရင်နေ့တွေထက် ပိုရောင်းရလိမ့်မယ်၊ ဒီမှာ ကျွန်မ အကောင် ၂၀၀ စာထည့်ပေးလိုက်တယ်နော်၊ တကယ်လို့ စောစောကုန်သွားရင် ဒေါ်ရင်မေဆီကိုထပ်သွားလိုက်၊ ထပ်ယူပြီး ထပ်ရောင်းပေါ့ ဒါမှ တစ်နေ့ထဲနဲ့ ကျွန်မတို့အမြတ်များများရမှာ…..ဟုတ်ဘူးလား”
ထမင်းကြမ်းစားနေတဲ့ ကိုသိန်းအနားသို့ ရေနွေးကြမ်းလာချရင်းပြောလာတဲ့ ခင်မေရဲ့စကားသံတို့ ချိုလွင်နေလေသည်။ ကိုသိန်းရဲ့ကြီးကြပ်သူနေရာမှာရှိနေတဲ့ ခင်မေက အရာရာကိုသိတတ်လွန်းတယ်လို့ ကိုသိန်းထင်နေမိလေသည်။ နေ့ကြီးခါကြီး၊ ရာသီဥတုအစရှိတာတွေကို မနက်ကတည်းက ခန့်မှန်းပြောဆိုကာ တွက်ဆပေးနေတဲ့ ခင်မေက ကိုသိန်းအတွက်တော့ လေးစားအားကျစရာ ဆရာတစ်ဆူပင်။
“အေးပါကွာ………….”
“အော်……..ဒါနဲ့ ပြောရဦးမယ်………ဒီနေ့က ၀ါဆိုလပြည့်နေ့တော်ရေ………..၀ါဆိုလပြည့်နေ့”
“၀ါဆိုလပြည့်နေ့ဆိုတော့ ဘာဖြစ်သတုန်း ခင်မေရဲ့”
“ဘာဖြစ်ရမလဲ……..ဒီနေ့ရှင့်မွေးနေ့လေ…….ရှင်ပဲ ၀ါဆိုလပြည့်နေ့ မွေးတာဆို…….”
“အော်………..”
ခပ်လေးလေး အာမေဋိတ်ကလွဲလို့ ခံစားမှုကင်းမဲ့နေတဲ့ ကိုသိန်းမျက်နှာက ဘာမှထူးခြားမလာ။ သူ့အလုပ်သူ့တာဝန်ကျေစေဖို့ အသင့်ပြင်ပေးထားတဲ့ လှောင်အိမ်လေးရယ်။ ငွေအချို့ရယ်။ ကိုသိန်းရဲ့ဝတ်နေကျ အင်္ကျီလက်ရှည်ရယ်……ပြီးတော့ ခင်မေရဲ့ တတွတ်တွတ်မှာသံ….ဒါပဲပေါ့….ဒီလောက်ဆို ကိုသိန်းအတွက် ပြည့်စုံနေပါပြီ။
***-----***-----*** “”
စီးနေကျ မြို့ပတ်ရထားတွဲမှာ လူတွေများနေပါလားလို့ သတိထားမိချိန်မှာ ခင်မေပြောလိုက်တဲ့ ဒီနေ့လပြည့်နေ့ပဲဆိုတာကို သွားလို့ သတိရမိလိုက်လေသည်။ ကိုသိန်းတို့လို အောက်ခြေလူတန်းစားတွေအများစုက မြို့ပတ်ရထားပဲ အားကိုးနေရပေသည်။ သက်သာတယ်၊ စားရိတ်နည်းတယ်။ သူ့ပစ္စည်းကိုယ့်ပစ္စည်းငြိုငြင်သူမရှိ။ စပယ်ယာမပါ။ အော်ဟစ်ပြေးလွှားရသည်မရှိ။ ကိုသိန်းအတွက်တော့ နားအေးပါးအေးဟုပြောရပေလိမ့်မည်။
မြို့စွန်ကနေ တစ်နာရီကျော်လောက်စီးလာပြီးရင်တော့ ဘူတာကြီးဆီရောက်လေသည်။ ယူနေကျဖောက်သည်ဒေါ်ရင်မေနဲ့ ချိန်ထားရာဒီနေရာကို ကိုသိန်းတစ်ယောက်သာ အစောဆုံးရောက်နေတတ်လေသည်။ စာကလေးဒိုင်သဘောမျိုးဖြစ်နေတဲ့ ဒေါ်ရင်မေဆီမှာ ကိုသိန်းလိုလူတွေကအများသားပင်။
ကိုယ်ရှိရာနေရာကို တိုက်ရိုက်လာရောင်းရင်ဈေးတစ်မျိုး၊ ကိုယ်ကသွားယူရင်ဈေးတစ်မျိုးနဲ့ ကိုသိန်းတို့လောကမှာလည်း သူ့အထာလေးတွေနဲ့သူ။ အကောင်လှလှ၊ ကြီးကြီးလေး၊ သေးသေးလေးတွေနဲ့ ကိုသန်ရာသန်ရာရွေးယူကြလို့ နိစ္စဓူဝ ရောင်းဝယ်ကြရတာလည်း လောကအလှတစ်ခုပင်။
“ဟူး……………မောလိုက်တာ…….. ကောင်လေးတွေ လာလာဒီဘက်နား……….ဟဲ့ဟဲ့……ဖြေးဖြး ချကြပါဟ….…”
လူမမြင်ခင်ကတည်းက အသံအရင်ကြားရချေပြီ။ ကျွတ်ကျွတ်ညံတယ်ဆိုတာ ဒီလိုအသံတွေဖြစ်ပါလိမ့်မယ်။ ဒေါ်ရင်မေရဲ့အသံ၊ စာကလေးတွေရဲ့အသံဘယ်လောက်ဆူတယ်ပြောပြော ဒီအသံလေးကပဲ ကိုသိန်းရဲ့ မျှော်လင့်ချက်တွေပါ။
“ဟာ………များလှချေလားဒေါ်ရင်မေ………..”
“များရမယ်လေဟဲ့….ငသိန်းရဲ့ ဒီနေ့ဝါဆိုလပြည့်နေ့လေ………နင်လဲပိုယူသွားပါလား……….”
“ဟာ…..နေပါစေ………ပိုက်ဆံကအတိအကျပဲပေးလိုက်တာ၊ လိုတော့မှ တစ်ခါထပ်လာယူမယ်….”
“အမလေးဟယ်………နဲနဲပါးပါးတော့ ငါလည်းပေးလိုက်နိုင်ပါတယ်။ ဒါပေမယ့် နင်ကုန်အောင်တော့ရောင်းရမှာ….နင့်မိန်းမက လွယ်တာမဟုတ်ဘူး……….တော်ပါဟယ်….ယူနေကျအတိုင်းသာယူ…စောစောကုန်တော့လည်း အိမ်ပြန်နားနေပေါ့ ဟုတ်ဘူးလား”
“အေး…..ဗျာ………”
***-----***-----***
ဘူတာကြီးကနေဘုရားအထိ ကိုသိန်းကားမစီးပါ။ စာကလေးလှောင်အိမ်ကိုတွဲထားတဲ့ သားရေပြားကို ပခုံးပေါ်ထမ်းရင်းက သူလိုရာသို့ တဖြည်းဖြည်းချင်းလျှောက်တတ်လေသည်။ မိုးမလင်းတလင်းဆိုပေမယ့် လူအချို့တို့သွားလာလှုပ်ရှားကြရင်းကမသိမသာတိုးဝင်လာတဲ့ ဒီနေ့စကားသံတွေထဲမှာ လပြည့်နေ့ဆိုတာကြီးက တမူထူးခြားလို့နေလေသည်။ အရင့်အရင်နှစ်တွေကလည်း ဒီလိုပဲကျော်ဖြတ်ခဲ့ရတာချည်းပင်။ သတိလည်းမထားမိသလို ဘာမှလည်း မထူးခြားခဲ့ဟု ထင်မိလေသည်။ ဘာလို့များဒီနေ့မှ ဒီအကြောင်းက ခေါင်းထဲဝင်နေပါလိမ့်။
“ဟော……လာပါပြီဗျာ…….သံစုံတီးဝိုင်း”
ဆိုင်ထဲကနေလှမ်းနောက်လိုက်တဲ့ မောင်ကျော့်အသံက ကိုသိန်းကိုရည်းစူးမှန်း ဒေါ်လေးမြသိလိုက်လေသည်။ သနပ်ခါးအဖွေးသားနဲ့ ထမင်းကြမ်းစားနေတဲ့ဒေါ်လေးမြက
“ငကျော်…….မောင်သိန်းကိုလှမ်းခေါ်လိုက်စမ်းပါဦး……ဒီမှာ ထမင်းကြမ်းလာစားလို့ပြောလိုက် သူ့အတွက်ပါ ပိုချက်ထားတာ”
“ဟုတ်……..”
“ဗျို့………..ဦးလေးသိန်း………ဒေါ်လေးမြက ထမင်းကြမ်းစားသွားဦးတဲ့………..”
ကိုသိန်းဘာမှပြန်မပြောပါ။ ဒေါ်လေးမြတို့ဆိုင်ထဲ သူ့ရဲ့ခြေလှမ်းကျဲကြီးတွေနဲ့ လှမ်းလို့သာဝင်လာခဲ့ပါတယ်။ ခပ်ညစ်ညစ်ဦးထုပ်ကို ခေါင်းကချွတ်လိုက်ပြီး ဆိုင်ခုံပေါ်ထိုင်ချလိုက်တဲ့ ကိုသိန်းဟန်က ဒီနေ့မှ ပိုပြီးမရွှင်လန်းသယောင်။
 “မောင်သိန်း……….လာ..တစ်ခါတည်းဝင်စား၊”
“နေပါစေ.ဒေါ်လေးမြ…..ကျွန်တော်မစားတော့ပါဘူး”
“ ဟဲ့..နေပါစေလုပ်မနေနဲ့……..လာ…ငါစကားအပိုတွေမကြားချင်ဘူး....မင်းအိမ်ကစားလာတာ ခုလောက်ဆို ဗိုက်ထဲဘာမှကျန်တော့မှာမဟုတ်ဘူး……”
ဒီလိုဆိုတော့လည်း ကိုသိန်းက စကားနားထောင်တတ်လေသည်။ ဘာမှပြန်မပြောချေ။ ဒေါ်လေးမြထည့်ပေးထားတဲ့ ထမင်းရယ်၊ ငါးခြောက်ဖုတ်လေးရယ်၊ ရေနွေးကြမ်းလေးရယ်က ဒီနေ့တော့ကိုသိန်းအတွက် နွေးထွေးစေတာတော့ အမှန်ပင်။
“ဟဲ့…မောင်သိန်း….အသံတိတ်လှပါလား………မင်းဒီနေ့ဘာဖြစ်နေတာလဲ”
“ဘာ……ဘာမှမဖြစ်ပါဘူး ဒေါ်လေးမြရဲ့………ဒါနဲ့ ဒီနေ့က ၀ါဆိုလပြည့်နေ့ဆို……”
“အေးလေ…မသိဘူးလား…….လပြည့်မှန်းဘာမှန်းမသိရအောင်……..မင်းဘ၀ကလည်း မဟုတ်သေးပါဘူးဟယ်…ကိုယ်က ဒီဘုရားကိုအမှီပြုပြီး ဈေးရောင်းစားရတာ၊ လပြည့်လကွယ်နဲ့၊ အဖိတ် ဥပုသ်လောက်တော့ သိထားသင့်တာပေါ့။ မင်းအိမ်မှာ ပြက္ခဒိန်မရှိဘူးလား၊ ကြည့်ကောကြည့်ဖူးရဲ့လား………ဟင်....”
“ကြည့်……….ကြည့်ဖူးပါတယ်…ဒေါ်လေး…..မြ”
ဒေါ်လေးမြရဲ့အသံက ဒေါသသံပါသွားပေမယ့် သနားခြင်း၊ စာနာခြင်းကနေ ဖြစ်ပေါ်လာတယ်ဆိုတာ ကိုသိန်းလက်ခံမိပါတယ်။ မညာချင်ဘဲ ညာလိုက်ရပေမယ့် တကယ်တော့ ကိုသိန်းတို့အိမ်မှာ ပြက္ခဒိန်လည်းမရှိသလို နာရီလည်းမရှိပေ။ နေ့စွဲရက်စွဲနဲ့ အချိန်နာရီရယ်လို့ မရှိတဲ့ ကိုသိန်းရဲ့တစ်ခုတည်းသော အလင်းရောင်ကလည်း တစ်ခုတည်းသော ချစ်စရာမခင်မေပင်။
“ဒါနဲ့လေ…ဒေါ်လေးမြ…………ဒီနေ့က ကျွန်တော့်မွေးနေတဲ့……”
“ဟယ်…….ဟုတ်လား…လပြည့်နေ့မွေးတဲ့လူတွေက ပိုပြီးကုသိုလ်ကံကောင်းကြတယ်တဲ့၊ ငါကြားဖူးတာပဲလေ…ဒါနဲ့နင့်ဟာကလည်း မသေချာဘူးလားဟဲ့……ကျွန်တော့်မွေးနေ့တဲ့..ဆိုတော့”
“ကျွန်တော်ဘာမှမသိဘူး……..ဒါတောင် ခင်မေပြောပြတာ…..”
“အော်……”
တစ်စုံတစ်ခုကိုနားလည်သွားဟန်နဲ့ တစ်ဖက်သို့လှည့်သွားတဲ့ဒေါ်လေးမြရဲ့မျက်နှာပေါ်မှာ ကိုသိန်းအပေါ် ပိုလို့ပင် သနားသွားဟန်တွေ အပြည့်ဖြစ်ပေါ်သွားပါတယ်။
“ကျွန်တော်သွားတော့မယ် ဒေါ်လေးမြ”
“၀လို့လားမောင်သိန်း…ထပ်ယူပါဦးလား”
“ဒီလောက်နဲ့တင်ကျေးဇူးတွေအများကြီးတင်ရပါပြီ ဒေါ်လေးမြရယ်၊ ကျွန်တော့်ကို ပြုစုစောင့်ရှောက်တာဆိုလို့ ဒေါ်လေးမြတို့ပဲရှိတာ။ ဒီနေ့တော့ ကျွန်တော် လူတိုင်းကို ကျေးဇူးတင်နေမိတယ်ဗျာ…………..”
ခေါင်းငုံ့ကာထွက်သွားတဲ့ ကိုသိန်းရဲ့ကျောပြင်ကို အငေးသားကြည့်မိတဲ့ဒေါ်လေးမြလည်း ရင်ထဲမကောင်းပါ။ကိုသိန်းဘ၀ရဲ့ အမှတ်တရတွေထဲမှာ ဒီနေ့လည်းအပါအ၀င်ဖြစ်လောက်ပါရဲ့။
***-----***-----***
“ဟား…မိုက်တယ်ကွာ…ဦးသိန်းတို့များ ကံကောင်းလိုက်တာ…စာကလေးတွေကုန်တော့မယ်နော်၊ ဒေါ်လေးမြကပြောတယ် ကျွန်တော့်ကို ခဏသွားရောင်းပေးလိုက်တဲ့။ ဦးသိန်းဘုရားပေါ်ခဏသွားလို့ရအောင်တဲ့၊ အဲ့ဒါကြောင့် ကျွန်တော်လာခဲ့တာ”
“ဟာ မလိုပါဘူးကွာ..သွားသွား မင်းဘာသာ ဈေးသွားရောင်း”
“ဒေါ်လေးမြက လွှတ်တာပါဆို…..”
“ရတယ် ရတယ် ပြန်ပြန်…. နောက်မှ ငါသွားလိုက်မယ်”
“ဟာဗျာ…………မသိဘူး….ခုတစ်ခါတည်းသွားရင်သွားနော်..မသွားရင်တော့ ဒေါ်လေးမြ ကိုယ်တိုင်လာလိမ့်မယ် ဒါပဲ”
“အေးပါ ငါသိပါတယ်၊ လာရင်လည်းလာပါစေကွာ……”
“အင်းနော်…………ဒါဆိုလည်းပြီးရော”
ပြောရဆိုရ လက်ပေါက်ကပ်တဲ့ဟန်ဖြင့် နောက်လှည့်ကြည့် နောက်လှည့်ကြည့်ဖြင့် ပြန်လှည့်သွားတဲ့ မောင်ကျော့်အတွေးထဲ ဘာရှိမှန်းမသိပေမယ့် ကိုသိန်းရဲ့အတွေးထဲမှာဖြင့် ဒီနေ့မှ ဒေါ်လေးမြက အပိုတွေလုပ်လွန်းတယ်ဟု ထင်မိလေသည်။
ဒီနေရာ၊ ဒီပတ်ဝန်းကျင်မှာ ဈေးရောင်းလာတာကြာပြီဆိုပေမယ့် သူ့အလုပ်နဲ့သူကိုယ့်အလုပ်နဲ့ကိုယ်မို့ အချင်းချင်းသတိမထားမိကြတာဖြစ်ပေမည်။ တစ်ကယ်တော့ ရွှေတိဂုံဘုရားပေါ်ကို ကိုသိန်းမရောက်ဖြစ်ပါ။ မရောက်ဖူးတာလည်း ကြာခဲ့လေပြီ။ မနက်မိုးလင်းဈေးရောင်း၊ နေ့ခင်းခဏနား၊ ညနေထပ်ရောင်း မိုးချုပ်တော့ပြန်၊ နောက်တစ်ရက်ဆက်…….ဒီလိုနဲ့ပဲကျင်လည်ခဲ့တာ မနည်းတော့။
“ ဒီမှာ…..ဒီမှာ….ဦးလေး…စာကလေးတစ်ကောင်ဘယ်လောက်လည်း…”
အတွေးများနယ်လွန်သွားတော့ အနီးကခေါ်သံတောင် မကြားမိလိုက်ချေ။ အဖွားကိုလက်ကကိုင်လို့ မြေးဖြစ်ဟန်ရှိသူ ကလေးမလေးက သူ့နားကိုကပ်လို့ ခေါ်လိုက်သံပါ။
“ဟေ….တစ်ကောင် 300 ပါသမီး၊ ဘယ်နှစ်ကောင်ယူမလဲ”
အဖွားကိုတိုးတိုးကပ်လို့ပြန်မေးသံအဆုံးမှာတော့…
“၇ ကောင်ယူမယ်ဦးလေး…….၂၀၀၀ ထားပါလား…….ဦးလည်းကုသိုလ်ရတာပေါ့”
“ရရင် ပေးပါတယ်သမီးရယ်………..ဦးတို့က တစ်ကောင်ရောင်းရမှ ၁၀ လောက်စားရတာပါ။ အဲ့ဒါကြောင့်ပါ”
“ဟုတ်ပါပြီ။ ဟုတ်ပါပြီ”
ဒီလိုကြည်နူးစရာမြင်ကွင်းလေးတွေက ပုံဖော်တတ်သူအဖို့တော့ အလှဆုံးပန်းချီကားတစ်ခုနှယ်ပင်။ စိတ်၏ပေါ့ပါးခြင်းတွေနဲ့ အတူ လွတ်လပ်သွားတဲ့ စာကလေးတွေရဲ့ဘ၀နည်းတူ ကုသိုလ်ပြုသူအဖို့လည်း စိတ်ကြည်နူးချမ်းမြေ့စေတာတော့ အမှန်ပင်။
ရောင်းသူနဲ့ဝယ်သူကြားက အပြန်အလှန်အားပေးမှုတွေနဲ့ ရောင်းကုန်ပစ္စည်းလေးတွေက ဟိုရာက်ဒီရောက်။ သိပ်မကြာခင် အချိန်လေးမှာတော့ လေထဲပျံဝဲသွားတဲ့ စာကလေးအချို့ ဒေါ်ရင်မေ့လက်ထဲ ပြန်ရောက်မည်က ရာနှုန်းများပေလိမ့်မည်။
“ဟဲ့ မောင်သိန်း….ဘာတွေများ ဒီလောက်တောင် ငေးနေရတာလဲ…..ငါကြည့်နေတာကြာပြီ။ ဟိုမြေးအဖွားနှစ်ယောက် ထွက်သွားပြီးကတည်းက၊ ကဲကဲ….ထထ သွား တော်ကြာ နေမြင့်သွားရင် ဘုရားပေါ်လဲ ပူတယ်၊ အေးအေးဆေးဆေး နေလို့မကောင်းဘူး…”
“ကျွန်တော်က ဘာကို ထ ပြီး ဘယ်ကိုသွားရမှာလဲ ဒေါ်လေးမြရဲ့”
“နင် မောင်ကျော်ကို ပြန်လွှတ်လိုက်လို့ ငါကိုယ်တိုင်လာခဲ့တာ။ ဘယ့်နှယ် ဘုရားပေါ်တက်ပြီး ကန်တော့ရတာကိုတောင် နေ့ရွှေ့ညရွှေ့နဲ့၊ ငါသိတယ်…မင်း ညနေသာစောင်းသွားမယ် သွားမှာမဟုတ်ဘူး၊ ခုသွား…. ငါ့ဆီက ပန်းတစ်စီးယူသွား….”
အားရပါးရပြောဆိုနေတဲ့ ဒေါ်လေးမြရဲ့အသံတွေက အားတက်သရောပါ။ ကိုယ့်လိုပဲသူ့ကိုဖြစ်စေချင်စိတ်တွေ ဒေါ်လေးမြမှာ ရှိတယ်ဆိုတာ ကိုသိန်းအသိ။ ဒါပေမယ့်လည်းပေါ့။
“အာ………..ရပါတယ်ဒေါ်လေးမြရဲ့ ခဏနေရင် ကျွန်တော်တစ်ကယ်သွားမှာပါ။ ခုလည်း နဲနဲကျန်တော့လို့ ကျွန်တော်ထိုင်စောင့်နေတာ”
“အေး ကြပ်ကြပ်လုပ် နင့်အကြောင်းငါမသိဘူးများထင်နေလား၊ ဒီနေ့က ကိုယ့်မွေးနေ့ပဲ၊ ကုသိုလ်ဆိုတာလေး၊ ကောင်းမှုဆိုတာလေးတော့ နဲနဲပါးပါးလုပ်သင့်တာပေါ့။ တခြားနေ့တွေဆို ငါမပြောပါဘူး ခုဟာက ဘုရားခြေရင်းပဲရောက်နေပြီ အပေါ်လေးတောင်မရောက်ဘူးဆိုတော့ နင်မလွန်လွန်းဘူးလား …ဟင်…”
“အင်းပါ…ဒေါ်လေးမြရယ်…ခဏနေရင် ကျွန်တော်တကယ်သွားလိုက်ပါ့မယ်”
ဒေါ်လေးမြရဲ့ တရစပ်ပြောသံအဆုံးမှာတော့ ကိုသိန်းရဲ့ခပ်လေးလေးပြန်ဖြေသံက အားပင်မရှိစရာ။ ပြောစကားကို နားလည်သလို နားမလည်သလိုနဲ့ တောင်ကြည့်မြောက်ကြည့်လုပ်နေတဲ့ ကိုသိန်းဟန်က ဒေါ်လေးမြအတွက်တော့ စိတ်မရှည်ချင်စရာပင်။
“မင်း ခုမသွားဘူးနော်…..အေး ဒါဆို ငါပြန်ပြီ”
***-----***-----*** “”
ကိုသိန်းဈေးရောင်းရာနေရာကနေ ပြန်လာပြီးကတည်းက တပျစ်တောက်တောက်ပြောနေတဲ့ ဒေါ်လေးမြကို မောင်ကျော်အမြင်ကပ်မိလေပြီ။ သူများကိစ္စသူ့ကိစ္စလုပ်လို့ ပြောမဆုံးဖြစ်နေတဲ့ ဒီဇာတ်လမ်းကို သူကြည့်မရတော့ပေ။
“သူ့ဘာသာမသွားတာပဲ ဒေါ်လေးမြရယ်…….အဲဒါဘာဖြစ်နေရပြန်တာလဲ၊ ဒီနေ့မသွားလည်း နောက်နေ့သွားမှာပေါ့”
“ဟဲ့ ဘာဖြစ်ရမလဲ… အဲ့လိုလူမျိုးတွေကလေ မပြောရင်သိကိုမသိဘူး၊ ခု ပြောနေတာတောင် သိလို့လား…အလကား ပုစွန်ဦးနှောက်”
“တော်ပါပြီ ဒေါ်လေးမြရယ်…..ကဲ..ကျွန်တော် ပန်းစည်းတွေသွားယူရတော့မလား..”
“မယူနဲ့ဦး………ခဏနေရင်..ငါ မောင်သိန်းဆီထပ်သွားဦးမယ်၊ ဒီကောင် သွားမသွားသိရအောင်”
အပူမဟုတ်ပူတတ်တဲ့ ဒေါ်လေးမြတစ်ယောက် ရေနွေးကြမ်းပင်ကုန်အောင်မသောက်နိုင်၊ လှမ်းကြည့်လို့မြင်နိုင်ပေမယ့် ထီးတစ်ချောင်းကိုဆွဲလို့ကိုသိန်းဈေးရောင်းရာကို နောက်တစ်ခါထပ်သွားလေသည်။ ကိုယ့်ဒေါ်လေးအကြောင်း ကိုယ်ပဲအသိ ဆုံးမို့ မောင်ကျော်ကတော့ ဘာမှမပြောဘဲ နေလိုက်ပါတော့တယ်။
သိပ်မကြာပါ ခပ်သွက်သွက်ခြေလှမ်းတွေနဲ့ပြန်လာတဲ့ဒေါ်လေးမြရဲ့မျက်နှာတွေကို မောင်ကျော် မကြည့်ပဲမြင်လိုက် ရလေသည်။ ပထမတစ်ခေါက်ထပ် ပိုလို့ဒေါသဖြစ်လာဟန်ရှိတာမို့ ခဏကြာမှသာ မေးတော့မယ်ဟုဆုံးဖြတ်ကာ ဘေးဘီဝဲယာကိုသာ မျက်စိကစားနေလိုက်ရပါတယ်။
“မောင်ကျော်……ထမင်းစားမယ်……သွား…ပြင်ပေတော့……”
“ဟုတ်ကဲ့ ဒေါ်လေးမြ”
မဆာဘူးဟုထင်ထားပေမယ့် စားတော့လည်းအ၀င်သားပင်။ ဒေါ်လေးမြကို စကားမစရဲတာကြောင့် ထမင်းကိုသာ အတင်းငုံ့စား နေပေမယ့် ရွစိရွစိဖြစ်နေတဲ့စိတ်ကို မောင်ကျော်မနည်းထိန်းနေရလေသည်။
“ဟဲ့မောင်ကျော်”
“ဗျာ..ဒေါ်လေးမြ…ဘာ…….လဲဟင်”
“ဘာဖြစ်ရမလဲ ငသိန်းပေါ့…င့ါကိုတစ်ခွန်းမကျန်ပြန်ပြောတာ၊ ငါ့ရဲ့စေတနာစကားတွေက အကုန်အလကားပဲ၊ နင်သာ သူ့နေရာမှာဆို ငါလုပ်တာနဲ့သေလိမ့်မယ် ”
“ဦးသိန်းက ဘာတွေပြန်ပြောလို့လဲဟင်…ဒေါ်လေးမြ”
“ငသိန်း…ငသိန်း…… လူဖြစ်ပြီး လူဖြစ်ရကျိုးမနပ်တဲ့ကောင်၊ ဘာတဲ့…….. မိန်းမကို ငွေအတိအကျပြန်အပ်ရမှာမို့ ကျန်တာလေးကိုလည်း ညနေထိရောင်းရင် ရောင်းရမှာပဲတဲ့၊ ကျွန်တော့မွေးနေ့မကလို့ ဘာကြီးပဲဖြစ်ဖြစ်
ကျွန်တော့စိတ်နဲ့ကျွန်တော် တစ်ကောင်တောင် မလွှတ်ပေးနိုင်ဘူးတဲ့……ကောင်းတယ်..ကောင်းတယ်”

ဒီလောက်ဆို မောင်ကျော်နားလည်လိုက်ပါပြီ။ ဦးသိန်းပြန်ပြောတဲ့စကားတွေကို မကျေမနပ်ဖြစ်လာတဲ့ ဒေါ်လေးမြရဲ့ ပြန်လည်ရေရွတ်သံတွေကို မောင်ကျော်ပြည့်ပြည့်စုံစုံ သိလိုက်ရလေသည်။ သူ့ဘ၀နဲ့သူအခြေအနေကို ကိုယ်နဲ့နှိုင်းလို့ မရတတ်ချေ။ ကိုယ်က အားမလိုအားမရဖြစ်နေပေမယ့် သူ့ဘ၀နဲ့သူက နေသားကျနေပြီမလား…..။
“ကျွန်တော် မြောက်ဘက်မုခ်ကို သွားရတော့မလား ဒေါ်လေးမြ”
အခြေအနေကိုအကဲခတ်ကြည့်ကာ မေးလိုက်တဲ့မောင်ကျော်ရဲ့စကားသံကို ဒေါ်လေးမြက လက်ဟန်နဲ့ သွား ဆိုတဲ့ဟန်သာ လုပ်ပြလေသည်။ ကိုယ်တိုင်စည်းစရာမလိုပဲ စည်းပြီးသားတွေကို အသင့်ရောင်းတဲ့ဆိုင်မို့ မောင်ကျော်တို့ သိပ်မလုပ်မရှုပ်ချေ။ ပြီးတော့လည်း ကုန်ခါနီးမှတစ်ခါသွားယူတာမို့ ပန်းတွေအားလုံးက ပိုလို့လန်းဆန်းလေသည်။ သင့်တင့်တဲ့ဈေးနှုန်းနဲ့ရောင်းချတာမို့ ဒေါ်လေးမြတို့ဆိုင်လေးက တခြားဆိုင်တွေထက်ပိုလို့ရောင်းကောင်းတတ်လေသည်။
“ဟဲ့……..လမ်းမှာ ဘယ်မှသဝေမထိုးနဲ့ဦး………..”
ခပ်ကျယ်ကျယ်လှမ်းအော်ပြောတဲ့ ဒေါ်လေးမြရဲ့အသံတို့က မောင်ကျော်တို့အနီးတ၀ိုက်မှာတော့ လွှင့်ပျံကာ ကျန်နေခဲ့လေရဲ့။
***-----***-----*** “”
“ဟူး………….. ”
လေပူတစ်ချက်ကို ခပ်ပြင်းပြင်းမှုတ်ထုတ်လို့ ခဏနားလိုက်ချိန်မှာ ကိုသိန်းခြေထောက်တွေက တောင်ဘက်မုခ်နားသို့ပင် ရောက်နေခဲ့လေသည်။ ဗိုက်ထဲက တကျုပ်ကျုပ်မြည်သံတွေကို ဥပေက္ခာပြုနိုင်ပေမယ့် ကိုသိန်းရဲ့ခေါင်းထဲကအတွေးတွေကတော့ ပျောက်ပျက်မသွားချေ။
ကိုယ်လိုသူလိုလှုပ်ရှားသွားလာနေသူတွေ အများသားဆိုပေမယ့် လှောင်အိမ်ထဲက စာကလေး သုံးကောင်အတွက် ဒီလောက်ထိ လမ်းလျှောက်နေရတဲ့ သူ့လောက်တော့ ဗျာပါဒ များနေမည်မထင်။ ရယ်ကာမောကာ၊ ပြေးကာလွှားကာနဲ့ ကိုသိန်းရဲ့မျက်စိရှေ့မှာ လူပေါင်းစုံတို့ရှိနေပေမယ့် သူ့မျက်စိထဲတော့ ဒေါ်လေးမြရဲ့မျက်နှာကတစ်လှည့်၊ လှောင်အိမ်ထဲက စာကလေး သုံးကောင်က တစ်လှည့်။
“အေး………မင်းလည်း မင်းရောင်းနေတဲ့ စာကလေးတွေနဲ့ဘ၀အတူတူပဲ၊ ကိုယ့်ဘ၀ကိုလည်း နဲနဲပါးပါးပြန်ကြည့်မိရဲ့လား..ဟင်၊ စာကလေးတွေကတော့ ၀ယ်သူလာရင်လွတ်ဦးမယ်၊ မင်းကတော့ဘယ်တော့မှ လွတ်မှာမဟုတ်ဘူး…….”
ဒေါ်လေးမြရဲ့စကားတွေက ခပ်ကြမ်းကြမ်းတွေဆိုပေမယ့် ဟုတ်သယောင်ယောင်။ ခင်မေရဲ့စကားတစ်ခွန်းကိုတောင် မပယ်ရှားဝံ့တဲ့ ကိုသိန်းက ဒီစာကလေးတွေကိုလည်း သူ့သဘောနဲ့သူ မလွတ်ပေးနိုင်ပါ။
“ မွေးနေ့က ဘာအရေးကြီးလို့လဲ၊ အလကား အပိုအလုပ်တွေ……..ကုသိုလ်ရတယ်ပဲပြောပြော၊ သူ့အသက်တစ်ခါလွှတ်၊ ငါ့အသက် ဆယ်ခါလွှတ်လို့ပဲပြောပြော……လုံးဝကိုမလွှတ်ပေးနိုင်ဘူး…”
ယတိပြတ်ဆုံးဖြတ်ချက်နဲ့အတူ တာဝန်တွေကျေစေဖို့ ကိုသိန်းခြေထောက်တွေက သင့်တော်မယ့်နေရာဆီသို့ တစ်ခါရွေ့ရပြန်လေသည်။
“လှောင်အိမ်ထဲက စာကလေးတွေရေ……..မင်းတို့လည်း မင်းတို့လွတ်မြောက်ဖို့ ငါ့ကိုဆုတောင်းပေးကြပါဦးကွာ…”
လှောင်အိမ်နံရံကို အသာပုတ်လို့ ခပ်တိုးတိုးဆုတောင်းမိတဲ့ ကိုသိန်းရဲ့အသံတို့လည်း ခပ်တိုးတိုးမျှသာ………
***-----***-----***
တဖြည်းဖြည်းနေစောင်းလာလေပြီ။
နေ့ခင်းကတည်းက ထိုင်စောင့်နေရတဲ့ သူ့ရောင်းကုန်ပစ္စည်းက ခုထိ အရာမယွင်းသေးချေ။ အရင့်အရင်နေ့တွေလည်း တဖြည်းဖြည်းနဲ့ကုန်ခဲ့တာချည်းမို့ ဒီနေ့ကလည်း ထို့အတူပင်ရှိချေလိမ့်မည်။ ဟိုစဉ်နေ့ရက်တွေက မပူပန်တတ်ခဲ့ပေမယ့် ဒီနေ့တော့ကိုသိန်းစိတ်ထဲ တစ်မျိုးတစ်မည်ခံစားနေရလေသည်။
“ဟာ………ခေါင်းတွေရှုပ်လိုက်တာကွာ……..”
သူ့လက်သည်းရှည်တွေနဲ့ တဗျင်းဗျင်းကုတ်လိုက်တဲ့ ကိုသိန်းခေါင်းက နဂိုထက်ပိုလို့ပင် ရှုပ်ပွစေခဲ့ပြီ။ တစ်ကိုယ်တည်းဒွိဟစိတ်တွေနဲ့အတူ ပူလောင်လာတဲ့စိတ်တွေက ဒေါ်လေးမြရဲ့ပြောစကားတွေကတစ်လှည့်၊ ခင်မေ့မျက်နှာကတစ်လှည့်၊ လှောင်အိမ်ထဲက စာကလေးသုံးကောင်းကတစ်လှည့်နဲ့ ကိုသိန်းဇောချွေးပြန်လေပြီ။
ကိုယ့်ရှေ့မှာတင် သွားလာလှုပ်ရှားနေကြတဲ့ လူအုပ်ကြီးတွေက အတန်းလိုက်တစ်မျိုး၊ အစုလိုက်တစ်ဖုံနဲ့ သက်ကြီး သက်ငယ်စုံလို့ပင်။ မိသားစုလိုက်လာကြတာကတစ်မျိုး၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့တစ်မျိုးနဲ့ ဒီနေ့တော့ အရာအားလုံးကို ကိုသိန်းသတိထားမိလေသည်။
ရွှေရောင်တ၀င်းဝင်းနဲ့ ရွှေတိဂုံဘုရားကြီးဘက်ကို မျက်နှာလှည့်လိုက်တာနဲ့ ဒေါ်လေးမြရဲ့မျက်နှာ၊ ဒေါ်လေးမြရဲ့ စကားလုံးတွေသာ မြင်နေရ၊ ကြားနေရတာမို့ ခဏခဏမျက်နှာလွှဲရတာလည်း အကြိမ်ကြိမ်ပင်။ တွေးလေလေ ချွေးပြန်လေလေမို့ ယောက်ျားကြီးဖြစ်ပေမယ့် ကိုသိန်းလည်း နှလုံးခုန်မြန်နေခဲ့လေသည်။
တဖြည်းဖြည်းမှောင်စပျိုးလာတဲ့အချိန်မှာ ကိုသိန်းရဲ့ပူပန်စိတ်တွေလည်း တဖြည်းဖြည်းကြီးထွားလို့လာခဲ့လေသည်။ ဒီနေ့တစ်ရက်တည်းသာ သူ့အတွက်အချိန်ရှိတော့သလိုခံစားမှုမျိုးကို သူခံစားနေရလေသည်။ အိမ်ကိုလည်း ပြန်ချင်နေမိ လေသည်။ စိုးရိမ်စိတ်၊ ပူပန်စိတ်၊ ဒွိဟစိတ်တွေနဲ့အတူ နေမထိထိုင်မသာဖြစ်နေတဲ့ ကိုသိန်းတစ်ယောက် လူကော၊ စိတ်ကော ယောက်ယက်ခတ်လို့သာ…….။
“ဒါပဲနော်…..ကိုသိန်း…………မကုန်ရင် ရှင်ပြန်ကိုမလာရဘူး……”
“ဈေးဆိုတာ ကုန်အောင်ရောင်းမှ….. တစ်နေ့မကုန်ရင် နောက်ရက်တွေလည်း မကုန်ဘဲဖြစ်တတ်တယ်။”
“အလကား ငသိန်း….. ကိုယ့်ဆုံးဖြတ်ချက်ဘာမှမရှိဘူး…၊ ကိုယ့်မွေးနေ့လေးတောင် ဘုရားပေါ်ကိုမရောက်နိုင်ဘူး။….နင်က တစ်ဘို့တည်းသာသိတဲ့ ငနွား…..”
မျက်စိကိုစုံမှိတ်ချလိုက်ရင်းက သူ့ခေါင်းတွေလည်း အကြိမ်ကြိမ်ခါရမ်းမိလေပြီ။တခဏတာ မဲမှောင်သွားတဲ့ သူ့အာရုဏ်ထဲမှာ အလင်းတစ်ခု ဖျတ်ခနဲ မြင်လိုက်သည်နှင့် ပိုင်နိုင်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို သူ …..ချမိလျှက်သားဖြစ်နေလေသည်။
ပြောမပြတတ်အောင် သူ့ရင်ထဲ ပူလောင်နေတာတော့ အမှန်ပင်။ရင်ထဲကပူလောင်နေတဲ့ ဆူညံသံတွေအဆုံးမှာတော့ လှောင်အိမ်တံခါးလေးကို အသာအယာဖွင့်လိုက်လေသည်။ မသိမသာတိုးဝင်သွားတဲ့ ကိုသိန်းရဲ့ညာလက်ကလေး ပြန်ထွက်အလာမှာ သေးငယ်တဲ့ ငှက်ပေါက်ကလေးတစ်ကောင်ကို ကျစ်ကျစ်ပါအောင်ဆုပ်လို့ပေါ့………
လက်နှစ်ဖက်နဲ့ဆုပ်ကိုင်လို့ အပေါ်ဆုံးရောက်အောင်မြှောက်ကာ စိတ်ထဲကပြောချင်ရာတွေပြောဆိုလို့ လွှတ်ပေးလိုက်မိတဲ့ ကိုသိန်းရဲ့လက်အစုံတို့ တုန်ရီနေတယ်ဆိုတာ သူတစ်ယောက်သာ သိလေသည်။
တစ်ကောင်၊ နှစ်ကောင်၊ ဟော…….နောက်ဆုံး……..သုံးကောင်…………။
တုတ်နှောင်ခြင်းတွေကင်းလို့ လွတ်လပ်ပေါ့ပါးသွားတဲ့ ငှက်ကလေးသုံးကောင်က မျက်စိတစ်မှိတ်၊ လက်တစ်ဖျစ်အတွင်းမှာပင် ဟိုး……..အဝေးကြီးကို ရောက်သွားခဲ့လေပြီ။
မြင်ကွင်းထဲ ငှက်ကလေးတွေပျောက်ကွယ်သွားပေမယ့် ငေးငေးကြီးကြည့်နေမိတဲ့ ကိုသိန်းမျက်ဝန်းလေးတွေလည်း အနည်းငယ် ပြုံးနေခဲ့လေသည်။ မှောင်စပျိုးချိန် ကောင်းကင်ပြင်ကြီးမှာတော့ ဒေါ်လေးမြရဲ့မျက်နှာပြုံးပြုံးကြီးကို ကိုသိန်းပြန်လည်လို့ ပြုံးပြနေတာဆိုရင် မှားအံ့မထင်နိုင်ပါ။
မျက်စိတစ်ဆုံးမြင်ကွင်းတွေရဲ့………..ဟိုးဘက်တစ်ဆုံးမှာ ဘာရှိသနည်း။ နွေးထွေးတဲ့အားအင်တစ်ခုတော့ ရှိနေမှာ သေချာပါသည်။ ထို အားအင်တစ်ခုရဲ့ တွန်းကန်အားနဲ့အတူ ကိုသိန်းခြေထောက်တို့ ဘုရားကုန်းတော်ပေါ်သို့ တစ်လှမ်းချင်း လှမ်းတက်နေတယ်ဆိုရင်တော့ ဒီမြင်ကွင်းက ညနေခင်းရဲ့ အလှပန်းချီတစ်ခု ဖြစ်ပါလိမ့်မည်။
စိမ့်စမ်းရေ

Posted by စိမ့်စမ်းရေ on Sunday, November 15, 2015

0 comments

Post a Comment