အပြင်မှာ တ၀ုန်းဝုန်းနဲ့ဆူညံနေတဲ့ မိုးသက်လေပြင်းတို့ကိုသူအဓိပ္ပါယ်မဲ့ ကြည့်နေမိလေသည်။ အရပ်မျက်နှာ တစ်ဖက်တည်း မဟုတ်ဘဲ ဝေ့၀ိုက်တိုက်ခတ်နေတဲ့လေက သစ်ပင် အချို့ကိုတောင် ပြိုလဲစေခဲ့သည်။ မမြင်ရတာကြာနေပြီဖြစ်တဲ့ အလှတစ်ခုလို မက်မက်မောမောနဲ့ကို ကြည့်နေခဲ့လေသည်။
မှန်ပြတင်းပေါက်ကိုဖြတ်ပြီး အခန်းတွင်း ၀င်ရောက်လာတဲ့ လေက ပြင်းလည်းပြင်းသလို အတော့်ကိုအေးလေသည်။ စပ်ဖျင်းဖျင်း ခံစားမှုတို့ သူ့မျက်နှာဆီအလုအယက်ဝင်ရောက်လာတဲ့အခါ မျက်လုံးကိုအသာမှိတ်လိုက်ပြီး ခပ်အေးအေးအရသာကို သူခဏမျှ ခံစားကြည့်လိုက်သည်။ ထိုအခါ အနည်းငယ်ပြုံးသယောင်ဖြစ်သွားတဲ့ သူ့နှုတ်ခမ်းကွေးတို့ ပိုလို့ပင် အသက်ဝင် သွားခဲ့လေသည်။ နှေးသွားလိုက် မြန်လာလိုက်နဲ့မျက်နှာပေါ်ကို တိုက်ရိုက်ကျရောက်လာတဲ့ မိုးစက်တို့အရသာကို တ၀ကြီးခံစားနေမိလေသည်။
 “လူလေး…….လူလေး……”
လွှင့်မျှောနေတဲ့အာရုံတစ်ခုကကျောဘက်ဆီကမသဲမကွဲခေါ်သံတစ်ခုကြောင့် ရုတ်ချည်းပျောက်ကွယ်သွားခဲ့လေသည်။ အသံလာရာဆီသို့ ရုတ်တရက်မလှည့်ကြည့်သေးဘဲ.. ခဏမျှနေလိုက်သေးသည်၊ သိပ်မသေချာတာမို့ ကိုယ့်အာရုံကိုသာ ပိုမိုစူးစိုက်ထားမိလိုက်လေသည်။
“လူလေး…လူလေး..ငစိုး………”
လက်မောင်ကိုကိုင်ရမ်းပြီး သတိပေးလိုက်သံနဲ့အတူ စိုးရိမ်တကြီးနဲ့ပြောလာတဲ့ ဦးထွန်းကို သူ ခပ်ကြောင်ကြောင် ပြန်ကြည့်လိုက်မိလေသည်။ အတိတ်တစ်ခုထဲ လွင့်မျောနေရာမှ ပစ္စုပ္ပန်ကိုပြန်ရောက်လာသလို ရုတ်တရက် ဘာကိုမှမမှတ်မိတော့သလိုဖြစ်နေတဲ့သူ့ကို ဦးထွန်းက-
“ဟာ…ကြည့်စမ်း..အပေါ်တစ်ပိုင်းလုံးအေးနေပြီ၊ ဒီကလေးနှယ် အအေးပတ်တော့မှာပဲ ဘယ်ချိန်ထဲကများဒီနေရာမှာ မတ်တပ်ရပ်နေပါလိမ့်… လာလာ”
အရာရာကို စိုးရိမ်တကြီးဖြစ်တတ်တဲ့ ဦးထွန်းက ချက်ချင်းပဲ ပြတင်းတံခါးကိုပိတ်၊ သူ့ကိုကလေးငယ်တစ်ယောက်လို ကုတင်ပေါ်အတင်းထိုင်ခိုင်းပြီး အင်္ကျီတွေအတင်းလဲပေးကာ နွေးထွေးအောင်လုပ်ပေးခဲ့ပြီး မီးဖိုခန်းဆီ အပြေးအလွှားပြေးသွားလေသည်။
သတိမပြုခင်တုန်းကတော့ဘာခံစားမှုမှမရှိပေမယ့် ငြိမ်နေလိုက်တော့မှ ခန္ဓာကိုယ်က တဖြည်းဖြည်းနဲ့အေးစပြုလာခဲ့လေသည်။ တငွေ့ငွေ့နဲ့တက်လာတဲ့ အပူရှိန်နဲ့အတူ တဖြည်းဖြည်းမှေးလာတဲ့မျက်တောင်တွေကို သူ တောင့်ခံနိုင်အားမရှိတော့တာမို့ ဦးထွန်းရဲ့ခြေသံတရှပ်ရှပ်ကိုလည်း မကြားမိတော့ချေ။
*** ----- *** ----- *** ----- *** “”
 “အင်း…ဟင်း..ဟင်း…ဦးထွန်း…ဦးထွန်း…”
ညည်းညူသံနဲ့အတူ ခန္ဓာကိုယ်ကိုလူးလွန့်လှုပ်ရှားရင်းနဲ့ ဦးထွန်းရဲ့အမည်ကိုအားကိုးတကြီးနဲ့ သူခေါ်မိလိုက်လေသည်။
“ဟင်….လူလေး…နိုးလာပြီလား.. ထနိုင်ရဲ့လား…နေလို့ကောကောင်းရဲ့လား…ခေါင်းထဲဘယ်လိုနေသေးလဲ”
တရစပ်မေးခွန်းတွေနဲ့အတူမေးလာတဲ့ ဦးထွန်းကို သူကျေနပ်အပြုံးလေးနဲ့ ကြည့်နေလိုက်ပါတယ်။ အသက်၃၀ နားကပ် နေတဲ့သူ့ကို ဟိုးလွန်ခဲ့တဲ့နှစ်တွေက ကလေးငယ်တစ်ယောက်လို စိတ်မချနိုင်ဖြစ်နေတုန်းပင်။ ကုတင်ပေါ်လှဲနေတဲ့သူအနား ကပ်လာပြီး-
“….မှန်းစမ်း…… ကိုယ်ပူနေသေးလားလို့.”
 “ကျွန်တော်နေကောင်းပါတယ်ဦးထွန်းရဲ့၊ ကိုယ်လည်းမပူပါဘူး…. ဒါနဲ့ ခုဘယ်ချိန်ရှိနေပြီလဲ၊ အောက်မှာကော ၀န်ထမ်းတွေ အကုန်လာရဲ့လား……”
“အဲကိစ္စတွေဘာမှစိတ်မပူနဲ့ မောင်ကြည်စိုးတာဝန်ထားလိုက်၊ လူလေးသာ ကြည်ကြည်လင်လင်ဖြစ်အောင်နေလိုက်ဦး၊ မျက်နှာသစ်၊ ရေမိုးချိုးပြီး စားသောက်ပြီးမှ အောက်ကိုဆင်းလာခဲ့”
“ဟုတ်..ဦးထွန်း”
သူ့အခန်းထဲကနေ ဦးထွန်းထွက်သွားပေမယ့် စိုးရိမ်မကင်းဖြစ်နေတဲ့သူ့အမူအယာတွေက အထင်းသားပင်။ သူ့ကုတင်ဘေးနားက ခုံပုလေးပေါ်မှာတော့ နွားနို့ပူပူတစ်ခွက်၊ ကြက်ဥကြော်တစ်လုံးနဲ့ ဆေးတစ်ဖုံ၊ ဒါတွေဟာသူနေမကောင်းဖြစ်တိုင်း၊ ဖြစ်တယ်လို့ယူဆရတိုင်း စားနေကျအစားအစာတွေ၊ ပြီးတော့ ရေချိုးပြီးဝတ်ဖို့ ခပ်ထူထူအ၀တ်တစ်စုံ။

မမြင်နိုင်တဲ့ဦးထွန်းရဲ့နှောင်ကြိုးတစ်ချောင်းက သူ့တစ်ဘ၀လုံးပုံအောပေးရင်တောင် နဲနဲလေးမျှမှီနိုင်မယ်မထင်ပါ။ ဟိုး..ငယ်စဉ် ဘ၀တစ်လျှောက်လုံး သူ့ဘ၀ရဲ့ရောင်နီဦးကစလို့ နေ၀င်ချိန်အထိ အားလုံးဟာ ဦးထွန်းဆိုတဲ့လူကြီးတစ်ယောက်ရဲ့ အိမ်မက် ပေါင်းများစွာနဲ့ ဖွဲ့စည်းထားတယ်ဆိုရင် မမှားနိုင်ပါ။ ရင်ထဲမှာနွေးထွေးသွားမှုနဲ့အတူ ဦးထွန်းရဲ့ကျေးဇူးတရားတွေကို ထပ်ခါထပ်ခါ အောက်မေ့မိလေပြီ။
*** ----- *** ----- *** ----- *** “”
ဒီလိုနေ့မျိုးဆို ဦးထွန်းပိုလို့အလုပ်ရှုပ်လေသည်။ ကြည်စိုးကိုမှာစရာရှိတာမှာခဲ့ပြီး ၀န်ထမ်းအားလုံးကိုလည်း နှုတ်ဆက်ကာ အပေါ်ဆုံးထပ်ကဘုရားခန်းဆီ တဖြည်းဖြည်းနဲ့တက်လာခဲ့လေသည်။ သန့်ရှင်းရေးလုပ်နေတဲ့ ကောင်လေးကိုလည်း စိတ်မချနိုင်၊ ဒီတိုက်တစ်ခုလုံးကို ကိုယ့်လက်ကိုယ်ခြေနဲ့ လုပ်ထားခဲ့ရတာတွေမို့ ကိုယ်တိုင်လုပ်လိုက်ရမှကျေနပ်သူပင်။
  “ဟာ… ဦးထွန်း…ဘာလို့တက်လာရတာလဲ၊ ဒါတွေ ကျွန်တော်လုပ်နေကျတွေပါ၊”
“အေးပါ ငါသိပါတယ်ကွာ…. အောက်ထပ်မှာလည်းအလုပ်မှမရှိတာ…ငစိုးအတွက်လည်းအကုန်ပြင်ဆင်ခဲ့ပြီးပြီ။”
ညစ်ပေပွနေတာမျိုးမဟုတ်တောင် နှစ်ပါတ်တစ်ခါ သန့်ရှင်းရေးလုပ်လေ့ရှိတဲ့ ဦးထွန်းရဲ့ စနစ်ကို ဒီက၀န်ထမ်းတွေအားလုံး သိထားကြလေသည်။ ၀န်ထမ်းတွေလို့ဆိုပေမယ့် အားလုံးက မိသားစုပမာနေကြသည်မို့ အလုပ်ရှင်အလုပ်သမားပုံစံမဟုတ်ဘဲ နွေးနွေးထွေးထွေးလေးနေကြလေသည်။
“အလုပ်မရှိလဲ အောက်ထပ်မှာပဲနေပါ ဦးထွန်းရာ… ဦးထွန်းခု လူငယ်မဟုတ်တော့ဘူးလေ…. လူကြီးဖြစ်နေပြီဗျ…. ဒီ လှေကားအတက်အဆင်းက နည်းတာမှမဟုတ်တာ….ကျွန်တော်က စိုးရိမ်လို့ပြောတာနော်….”
“အေးပါကွာ….. ငါသိပါတယ်။ ခုလည်း ငါ တက်နိုင်ဆင်းနိုင်ပါသေးတယ်ကွာ…ကဲကဲ….. ဟော ဟိုဟာလေးတွေဆေးပြီးရင်တော့ မင်းလည်း ခဏနားလိုက်ဦးပေါ့ကွာ……..အော်……….ဒါနဲ့…. ပြီးပြီးချင်း ဆင်းမလာနဲ့ဦး…. ဘုရားလည်းရှိခိုးခဲ့ဦး… ကိုယ့်ရဲ့ကုသိုလ်ကောင်းမှုတွေကိုလည်း အမျှပေးဝေခဲ့ဦး……………”
“ဟုတ်ကဲ့ပါ…ဦးထွန်း…..”
သပ်ရပ်ပြီး မြင်တာနဲ့တင်စိတ်အေးချမ်းလှတဲ့ ဘုရားခန်းလေးက ခုမှပိုလို့ကြည်ညိုဖို့ကောင်းလေတော့သည်။ ပဆစ်တုတ် ထိုင်နေရင်းကနေ ဟိုဟိုဒီဒီ လိုက်ကြည့်နေမိတဲ့ သူရတစ်ယောက် ဘုရားခန်းကို ခုမှရောက်ဖူးသလိုလို။ အမျိုးအမည်မသိ ရှေးဟောင်း ရုပ်ပွါးတော်လေးတွေကလည်းသူ့နေရာနဲ့သူ အစီအရီ၊ တရားစာအုပ်၊ တရားခွေ၊ ပုတီးက သုံးကုံး၊ သောက်တော်ရေအိုး၊ ဆွမ်းတော်ဗန်း၊ အကုန်လုံးက ဦးထွန်းရဲ့ စနစ်ကျမှုတွေပင်။
ဗုဒ္ဓဆင်းတုတော်မြတ်ကို ကြည်ညိုစွာကန်တော့ရင်းက အကိုလေးအပေါ်ထားတဲ့ဦးထွန်းရဲ့ စေတနာ မေတ္တာတွေကိုပါ အားကျမိချေပြီ။
*** ----- *** ----- *** ----- *** “”
စိုးမိုးထွန်းဆိုတဲ့ဒီလုပ်ငန်းကြီးကို အဓိကသင်ပြပေးခဲ့သူက ဒီအိမ်ကြီးရဲ့ ထမင်းချက်၊ အ၀တ်လျော်နဲ့ အိမ်မှုကိစ္စတွေကို အားတက်သရောလုပ်နေတဲ့ ဦးထွန်းလို့ဆိုရင်ဘယ်သူကများ ယုံနိုင်ကြမည်နည်း။
ငွေကြေးပိုင်ဆိုင်မှုဆိုတာကို ဥပေက္ခာပြုထားတဲ့ ဦးထွန်းရဲ့တစ်ခုတည်းသောပိုင်ဆိုင်မှုက စိုးမိုးထွန်း မဟုတ်ဘဲ ငစိုးဆိုတဲ့ သနားစရာ၊ ချစ်စရာ၊ ဂရုဏာသက်စရာ ကလေးငယ်လေးတစ်ယောက်ပင်။ အဖေလည်းသူ၊ အမေလည်းသူမို့ မိဘမဲ့ကလေးငယ်အဖြစ် အားငယ်စေတဲ့အမူအယာမျိုး ဘယ်တော့မှမဖြစ်စေခဲ့ပါ။
လုံ့လအား၊ ၀ီရိယအားနဲ့ ချွေးစက်ပေါင်းများစွာတို့ရဲ့တန်ဖိုး၊ ကြီးမားတဲ့မေတ္တာခွန်အားတို့ပေါင်းစပ်လိုက်တဲ့အခါ စိုးမိုးထွန်းဆိုတဲ့ ဆန်လုပ်ငန်းကြီးတစ်ခုက သိပ်မကြာခင်အချိန်လေးအတွင်းမှာပဲ တိုးတက်ခဲ့လေသည်။ လိမ္မာရေးခြားရှိပြီး အလုပ်ကိုကြိုးစားတဲ့ လူငယ်လေးငစိုးကနေ စိုးမိုးထွန်းဟုတစ်နေ့ဖြစ်လာလိမ့်မယ်လို့ သူတို့ကျင်လည်ခဲ့တဲ့ပတ်ဝန်းကျင်ကလူတွေ ဘယ်လိုနည်းနဲ့မှ မမှန်းဆနိုင်ချေ။
၁၅နှစ်အတွင်း ၄ ထပ်တိုက်တစ်ခုလုံးကိုပိုင်ဆိုင်နိုင်ခဲ့ပြီး လက်လီလက်ကားရောင်းဝယ်နေတဲ့ ဒီ ဆန်လုပ်ငန်းကြီးတစ်ခုလုံးမှာ အလုပ်သမားအားလုံးပေါင်း အယောက် ၃၀ အတိရှိလေသည်။ ရိုးသားကြိုးစားပြီး လိမ္မာရေးခြားရှိတဲ့ လူငယ်လေးတွေအတွက် ဦးထွန်းက ဆရာလည်းဟုတ်၊ ဦးလေးဟုတ်၊ အလုပ်ရှင်လည်းဟုတ်ခဲ့လေသည်။
ဘ၀နဲ့ရင်းလို့သိခဲ့၊ ရခဲ့ရတဲ့သင်ခန်းစာတွေမှာ ငစိုးလေးရဲ့ဘ၀တစ်ခုလုံးလည်း အပါအ၀င်ဖြစ်ခဲ့လေသည်။ လောကဓံတရား ဆိုတာကို မျက်ဝါးထင်ထင်မြင်ခဲ့ရသူမို့လည်း နောင်ဖြစ်လာမယ့်ဆိုးကျိုးတွေအတွက်တော့ ဦးထွန်း မဖြုံမိပါ။
နှစ်ပေါင်း၃၀လောက် ဒုက္ခပင်လယ်ကြားမှာ လွင့်မျောလာသူဦးထွန်းအတွက် မကြာခဏပြန်တွေးမိတဲ့အကြောင်းက အားလုံးပေါင်းမှ တစ်ခုတည်းပင်။ မိုးသည်းတဲ့ညတွေတိုင်းစိတ်မချနိုင်ဖြစ်ခဲ့ရတဲ့ငယ်စဉ်မှတ်တမ်းတွေက တစ်နှစ်ထဲမှ မဟုတ်ခဲ့တာ။
*** ----- *** ----- *** ----- ***-----*** ----- *** ----- *** ----- ***
“၀ုန်း………..”
သစ်ကိုင်းတစ်ခုပြိုကျသံနဲ့အတူ သိမ့်ခနဲတုန်သွားတဲ့သူတို့အိမ်လေးအတွက် ကိုစိုးအောင်ရဲ့စိုးရိမ်စိတ်တွေက ငယ်ထိပ် ရောက်မတက်ပင်။ လန့်သွားရှာတဲ့ ငစိုးလေးကိုအတင်းပဲ ကိုယ်နဲ့ကာမိရင်းက
“အမလေး…လူလေး….လူလေး….……..”
“ဖေကြီး ဖေကြီး………….အီး ဟီး ဟီး…..”
“လူလေး…လာလာ…ထထ….ဒီနားလာနေ….အပြင်မှာလေတွေတိုက်နေလို့….….”
တ၀ုန်းဝုန်းနဲ့ ဆိုးရွားလာတဲ့ လေနဲ့မိုးနဲ့ကြားမှာ ကိုစိုးအောင်တို့တဲလေးက ရှေ့နောက်တောင်မြောက် ဝေ့တိုက်နေတဲ့ လေကိုအံတုလျက်။ အိမ်နောက်ဘက် အုန်းပင်က အရွက်ခြောက်တွေကိုမရှင်းရသေး၊ အိမ်ရှေ့ထောင့်ဘက်က ကုက္ကိုပင်ကြီး ကျိုးကျလာမလား၊ ကျိုးတိုးကျဲတဲခေါင်မိုးလေးကို စိတ်မချလိုက်နဲ့၊ အခိုင်ခံ့ဆုံးအိမ်အလယ်ခန်းလေးထဲက အိမ်လယ်တိုင်ကိုသာ သားအဖနှစ်ယောက်သားအားပြုကာ နေရလေသည်။ နီရဲနေတဲ့ ကောင်းကင်ကြီးကို ကြည့်ရင်းက စိတ်ထဲစိုးရိမ်စိတ်တွေက ကိုစိုးအောင်ခန္ဓာကိုယ်တစ်ခုလုံး ပျံ့နှံ့လျက်………ဒီထက်ပိုဆိုးလာရင်တော့ မလွယ်ရေးချ မလွယ်ပေ။
“ကိုစိုးအောင်ရေ……..ကိုစိုးအောင်……….ဝေ့…ကိုစိုးအောင်…...ကျွန်တော်တို့အိမ်ဘက်ကို လာနေပါလား…….”
သူ့နာမည်ကိုခေါ်သံသဲ့သဲ့ကြားတာမို့ နားစွင့်လိုက်တော့ နှစ်အိမ်ကျော် မျက်နှာချင်းဆိုင်အိမ်က ကိုထွန်းဦးရဲ့ လှမ်းအော်သံဖြစ်နေလေသည်။ သူကလည်းအော်ပြောတော့ ကိုယ်လည်းပြန်အော်ပြောရလေသည်။ လူကတော့ ထိုင်ရာမှမထမိ။ ဖက်ထားမိတဲ့ အိမ်တိုင်ကိုလည်း မလွှတ်မိ။
“ဟာ……နေပါစေ..ရပါသေးတယ်ခင်ဗျ…….ကျေးဇူးပါ….ဗျ ကိုထွန်းနာ်……”
“ဟာ….ဘယ်ဟုတ်ပါ့မလဲ….လူကြီးဆိုကိစ္စမရှိဘူး… ငစိုးလေးလည်းရှိနေတာ…လာပါဗျာ….မလာရင် ကျွန်တော်ကိုယ်တိုင် လာခေါ်မယ်….”
“ဟာ…..နေပါစေ…ကိုထွန်း…နေပါစေ..”
ပြောသာပြောရတာ ပိုပိုဆိုးလာတဲ့အခြေအနေကို ကိုစိုးအောင်တွက်မိပြီးသားပင်။ မနက်လင်းသည်အထိ စိတ်ချရမယ်ပုံ မပေါ်ချေ။ သူ့ရင်ခွင်ထဲမှာအသံတိတ်နေတဲ့ ငစိုးလေးလည်းကြောက်လန့်နေရှာရော့မည်။ ကိုထွန်းဦးတို့အိမ်ဘက်သွားရင် ကောင်းမလား… ဒီမှပဲ ဆက်နေရမလား.. စဉ်းစားနေတုန်း..
“ကျွီ………ကျွီ…..၀ုန်း”
“ဟာ….သွားပြီ….ငါ့မီးဖိုချောင်လေး….”
အကိုင်းတစ်ခုကျိုးကျသံနဲ့အတူ မြေပြင်မှာပြားပြားဝပ်သွားတဲ့ မီးဖိုချောင်လေးကို နှမြောတသစိတ်နဲ့အတူ ယူကြုံးမရ စိတ်တွေကလည်းအထင်းသားပင်။ မရှိပါဘူးဆိုမှ ထပ်ပြီးဆုံးရှုံးရမယ့်အရာတွေက ခုချိန်မှာ ကိုစိုးအောင်အတွက် အများသားပင်။
“ကိုစိုးအောင်………ကိုစိုးအောင်…တံခါးလာဖွင့်ပါဦး……ကျွန်တော် ထွန်းဦးပါ…”
ဝင်းလက်သွားတဲ့ လက်နှိပ်မီးရောင်နဲ့အတူ လူသံအချို့ကြောင့် စိုးအောင်အသာလေးထကာ သွားကြည့်မိလေသည်။ ၀မ်းနည်းခြင်း ၀မ်းသာခြင်း၊ အားနာခြင်းတွေကြားမှာတော့ စိုးအောင်တို့ တစ်ညတာ နွေးထွေးစေခဲ့တာတော့အမှန်ပင်။
အဲ့ဒီတုန်းက ငစိုးလေးရဲ့အသက်က 4 နှစ်။ ကလေးငယ်တစ်ယောက် အရာရာကို မှတ်မိခါစ၊ သိတတ်ခါစ အရွယ်ပင်။
တစ်ညတာမှီခိုအားထားမှုမှသည် ဘ၀တစ်သက်တာလုံးဖြစ်လာလိမ့်မယ်လို့ မည်သူမျှကြိုတင်၍ မသိနိုင်ခဲ့ပါ။ တဖြည်းဖြည်းဆိုးရွာလာတဲ့ စိုးအောင်ရဲ့ကျန်းမာရေးအခြေအနေက ငစိုးလေးကိုဦးထွန်းဦးအပြီးအပိုင် မွေးစားဖို့အခြေအနေသို့ ရောက်လာခဲ့လေတော့သည်။
မိုးခြိမ်းသံကြားတိုင်းသူ့ရင်ခွင်ထဲပြေးဝင်လာတတ်တဲ့ ငစိုးလေးကို ငယ်စဉ်ကတည်းကပင် သနားချစ်ခင်စိတ်တွေနဲ့အတူ သံယောဇဉ်ပိုခဲ့ရခြင်းပင်။ မွေးကတည်းကဆုံးပါးသွားတဲ့မိခင်ရင်းကို မမှတ်မိတောင်မှ သူ့မျက်စိရှေ့တင် ဆုံးပါးသွားတဲ့ ဖခင်ဖြစ်သူကိုတော့ သူမှတ်မိနေမှာအသေအချာပင်။
*** ----- *** ----- *** ----- ***-----*** ----- *** ----- *** ----- ***
အခါတိုင်းတော့ သူ စောစာမနိုးတတ်ပေမယ့် ဒီနေ့ သူ ခပ်စောစောနိုးနေခဲ့လေသည်။ ဒါဟာ မိုးရွာနေလို့ဆိုရင် သူ့ကို လူတွေ ဟားတိုက်ရယ်မောကြပေလိမ့်မည်။ အေးအေးလေးနဲ့ကွေးနေရမယ့်အချိန်မှာ သူ့အတွက်တော့ မျှော်လင့်ခြင်းတစ်စုံတစ်ခုက ခြောက်လန့် နေတတ်တာမို့ အမြဲပဲအိပ်မပျော်ဖြစ်နေရသူပင်။
မိုးရွာတဲ့အချိန်တိုင်း ပြင်တင်းပေါက်ကနေအပြင်ဘက်ကို ကြည့်နေရတဲ့အရသာက သူ့အတွက်တော့  ခံစားမှုတစ်ခုကို အစွန်းထိ အရောက်ပို့ပေးနိုင်လေသည်။ မိုးရေထဲမှာ ၀မ်းနည်းမှုတွေရှိတယ်၊ ဆုံးရှုံးမှုတွေရှိတယ်၊ သတိရမှုတွေရှိတယ်… မျှော်လင့်ချက် တွေရှိတယ်.... ပြီးတော့…. သူလိုချင်တဲ့ မေတ္တာတရားတွေရှိတယ်။
အမြဲပဲတွေဝေတတ်ပေမယ့် ဒီနေ့တော့ သူ့စိတ်တွေပိုလို့လေးနေသလိုပင်။ မကြာခင်ကမှ ချွတ်ထားရတဲ့အနွေးထည်ထူထူကို သူပြန်မ၀တ်ချင်သေးပေ။ ဒီနေ့တော့ သူ့စိတ်ကိုချုပ်တည်းကာ ပြတင်းတံခါးကို ကိုယ်တိုင်ပိတ်ထားခဲ့လေသည်။ ပြင်ပလေတို့ သူ့ကိုယ်ထဲတိုက်ရိုက်မထိတွေ့တော့ စိတ်ထဲတစ်ခုခုဟာနေသလိုပင်။ ခုချိန်မှာတော့ သူ့ကို တစ်ယောက်ယောက် လက် လာမတို့မိပါစေနဲ့လို့ဆုတောင်းပေမယ့် သူ့ဆုတောင်းတို့ ဘယ်သောအခါမှ မပြည့်တတ်ခဲ့။
“လူလေး……ငစိုး….”
“ဗျာ……….ဦးထွန်း…ဦးထွန်းကျွန်တော့်နောက်မှာ ရှိနေတာလား….…..”
 “ဟင်…လူလေး..ဘာဖြစ်လို့လည်း… ငိုနေတာလား..ဟုတ်လား….”
“ကျွန်တော်…ကျွန်တော်….”
ဦးထွန်းကို သူ တင်းတင်းကျပ်ကျပ်ဖက်တွယ်ထားမိလေသည်။ ရင်ထဲမှာ ၀မ်းနည်းလွန်းလို့ စို့တက်လာတဲ့ အပူလုံးတွေကို သူကြာကြာမမြိုသိပ်နိုင်။ တားမရဆီးမရ စီးကျလာတဲ့သူ့မျက်ရည်ပူပူတွေကြားမှာ သူ့မျက်လုံးတွေလည်းေ၀၀ါးနေခဲ့လေသည်။
“ဦးထွန်း……..ကျွန်တော့ရင်ထဲမှာ တစ်မျိုးကြီးပဲ…..တစ်ခါမှအခုလို တင်းတင်းကျပ်ကျပ်ကြီး မခံစားရဖူးဘူး…….ပြီးတော့ ကျွန်တော် အရမ်းလည်း ၀မ်းနည်းတယ်……”
“အေးပါအေးပါ…လူလေးရယ် ……..”
ကလေးငယ်တစ်ယောက်ပမာ ရှိုက်ကြီးတငင်ငိုကာ ၀မ်းနည်းနေတဲ့ ငစိုးလေးကိုကြည့်ရင်း ဦးထွန်းတစ်ယောက် လူကြီးမျက်ရည်တွေကို အသာထိန်းနေရလေသည်။ သူ့ရင်ခွင်ထဲကနေ ရှိုက်ကာရှိုက်ကာ ငိုနေတဲ့ ကလေးငယ်တစ်ယောက်ရဲ့ မသိစိတ်ထဲမှာ ငယ်စဉ်ကတည်းကနာကျင်ခံစားရမှုတွေကို ခုချိန်ထိမမေ့ပျောက်နိုင်ခဲ့မှန်း မသိခဲ့ရိုးအမှန်ပင်။
 “အေးပါကွယ်…အေးပါ… လူလေးရင်ထဲမှာ ခု ပေါ့သွားပြီလား…. ခဏလောက်တော့ မှေးလိုက်ပါလား… အိပ်ယာကနိုးလာရင် လူလည်းပေါ့ပါးသွားမှာပါ၊.”
“ဟုတ်…ဦးထွန်း…”
ခဏလေးဆိုသလိုအိပ်ပျော်သွားတဲ့ငစိုးက ခုတော့လည်း သနားစရာကလေးတစ်ယောက်လိုပင်။ တစ်နှစ်တစ်ခါဖြစ်မြဲကြုံမြဲဖြစ်တဲ့ အတိတ်ရဲ့အချိန်နာရီတွေကို  တောင့်တနေမိတဲ့ကလေးငယ်တစ်ယောက်ရဲ့ မျှော်လင့်ထားမိတဲ့အရာ တစ်ခုကို သူ ချက်ချင်းကြီးစွန့်လွတ်နိုင်ပါ့မလားဆိုတာ ဦးထွန်းမတွေးတတ်တော့ချေ။
အိပ်ခန်းတံခါးကိုအသာပိတ်ထားခဲ့ပြီး အပေါ်ဆုံးထပ်က ဘုရားခန်းဆီ တစ်လှမ်းချင်းတက်လာမိလေသည်။ စိတ်ရဲ့ အေးချမ်းရာ၊ တည်ငြိမ်ရာအရပ်ဆီသို့ လှမ်းလာနေတဲ့ထွန်းဦးရဲ့ခြေလှမ်းတွေလည်း တဖြည်းဖြည်းနဲ့တည်ငြိမ်လို့လာလေသည်။ သပ်ရပ်သန့်ရှင်းပြီး အေးချမ်းလှတဲ့ဘုရားခန်းလေးထဲမှာတော့ မျက်နှာတော်ကြည်လင်လှတဲ့ ဗုဒ္ဓရုပ်ပွါးတော်မြတ်ဆီ အာရုံပြုဦးချလိုက်ရင်းက-
မသိစိတ်ရဲ့အရှုတ်တော်ပုံကြားမှာ တင်းကျပ်စွာနေလာခဲ့ရတဲ့ ကလေးငယ်တစ်ယောက်ရဲ့စိတ္တဇအိမ်မက်တွေ ဒီမျှနဲ့ပဲ ကျေပါစေလို့ ရင်ထဲကလှိုက်လှိုက်လှဲလှဲနဲ့သာ ဆုတောင်းပေးမိလေတော့သည်။
စိမ့်စမ်းရေ

Posted by စိမ့်စမ်းရေ on Sunday, November 15, 2015

0 comments

Post a Comment