ရေးစရာလေးတစ်ခု မြင်လာရပြန်ပါပြီ။ ခေါင်းစဉ်မပေးတော့ပဲ ရေးမယ်လို့ စဉ်းစားပြီးကာမှ သင့်တော်မယ်လို့ထင်တဲ့ ဒီခေါင်းစဉ်လေးကို ပေးမိလျက်သားဖြစ်သွားလေသည်။ ခေါင်းစဉ်လေးက- “ကျွန်မ မိန်းမ ရှေ့နေလိုက်မယ်” လို့
အကြောင်းအရာနဲ့တိုက်ဆိုင်စွာ သတိရမိတဲ့ တေးသံရှင် စိုးစန္ဒာထွန်းရဲ့ ဒီသီချင်းလေးက အတော်အသင့်ဖြစ်နေလေသည်။ ရုန်းကန်စွာလှုပ်ရှားနေရတဲ့ လူမှုနယ်ပယ်ထဲမှာတော့ မြင်မြင်ရာကိုစာဖွဲ့နေရမည်ဆိုရင်တော့ ဆုံးမည်မဟုတ်တော့ပေ။ ဒါပေမယ့်လည်း ဒါပေမယ့်လည်းပေါ့။ ရေးလိုက်မှ ရင်ထဲပေါ့သွားမည်က ပိုလို့သေချာသောကြောင့် ဒီအကြောင်းအရာလေးကို စာပေပုံစံနဲ့ ရေးဖွဲ့လိုက်ရပါတော့သည်။
***-----***-----***-----***-----***
အခန်း(၁)
“သမီးရေ……..ဧည့်သည်လာတယ်ဟေ့……..ဘယ်သူလဲလို့ထွက်ကြည့်ပါဦး”
ဧည့်ခန်းထဲကနေလှမ်းအော်ပြောလာတဲ့ မေမေရဲ့အသံကြောင့် ကျွန်မ အိမ်ရှေ့ဘက်ဆီ ထွက်လာလိုက်ပါတယ်။ မေမေရဲ့ လေသံကိုမှန်းကြည့်လိုက်တဲ့အခါ ကိုယ်နဲ့ရင်းနှီးပြီးသားထဲက တစ်ယောက်ယောက်ပဲဆိုတာ သိလိုက်လေသည်။
“ဝါး……………”
“အမလေးဟဲ့………လန့်လိုက်တာ”
ကန့်လန့်ကာ ကွယ်ကနေ လှမ်းပြီးနောက်ပြောင်လိုက်သံကြောင့် ရုတ်တရက်မို့ ကျွန်မ အတော်လေးလန့်သွားမိပါတယ်။ မျက်နှာကိုအုပ်ထားတဲ့ လက်နှစ်ဖက်ကို ဖွင့်ကြည့်မိတော့………….
“ဟယ်…….ငစိုး………….သရဲကောင်၊ အစုတ်ပလုပ်ကောင် လူကိုလန့်အောင်လုပ်တာပေါ့လေ”
“ဒါပေါ့ဟ ကိုယ့်သူငယ်ချင်းကို မနောက်ရတာကြာလို့”
“ကဲ.ပြောစမ်းပါဦး၊ နင်အကြောင်းမရှိပဲနဲ့တော့ ငါ့ဆီ မလာလောက်ပါဘူးနော်”
“အေး….ရှိတာပေါ့ဟ………………ငါ မိန်းမသွားတောင်းမလို့ နင်လိုက်ခဲ့ရမယ်”
“မြတ်စွာဘုရား…………..ဘာမှလဲမဆိုင်ပါလား…….ဟိုတစ်ခါက ကောင်မလေးပဲလား………..”
“အေးပေါ့ဟ…………..နင်မဆိုးဘူး မှတ်မိသားပဲ…ဟဲ့ အေးကြည့်မ..နင်မလိုက်လို့မရဘူးနော်”
“အေးပါ၊ အေးပါ”
***-----***-----***-----***-----***
အခန်း(၂)
မသွားဖူးတဲ့ခရီးမို့ ကျွန်မအတွက် အသစ်အဆန်းဖြစ်သလို ငစိုးမိဘတွေအတွက်လည်း ယုံရခက်ခက်ပင်။ အရင်းနှီးဆုံး သူငယ်ချင်းမို့ အားကိုးတကြီးနဲ့လာခေါ်သည်တော့မဟုတ်တန်ရာ။ သူ့ကောင်မလေး ချောကြောင်းလှကြောင်းကို ကြွားဖို့ပင်ဖြစ်ရမယ်ဟု ကျွန်မစိတ်ထဲ တွေးထားလိုက်ပါတယ်။
ကျောင်းပြီးကာစ မိဘလုပ်ငန်းထဲဝင်မယ်မကြံသေးဘဲ သူငယ်ချင်းတွေနဲ့ ခရီးထွက်ရာမှ အစပျိုးလာခဲ့တဲ့ သူ့ဇာတ်လမ်းကို ရေလည်အောင် ဘယ်သူမှမသိခဲ့ကြပေ။ တစ်စွန်းတစ်စ စ နောက် ပြောင်ရင်းကပဲ ငစိုးတို့အတည်ဖြစ်ခဲ့လေသည်။
လက်မှ နာရီကို ကြည့်လိုက်၊ ဘေးဘီဝဲယာကိုကြည့်လိုက်ဖြစ်နေတဲ့ ငစိုးကို ကျွန်မ နောက်ပြောင်မိလေပြီ။ ဂနာမငြိမ်ဖြစ်နေတဲ့ သူ့ဟန်ပန်က အတော်ကလေးရယ်စရာဖြစ်နေလေသည်။
“ငစိုး….နင်ဘာဖြစ်နေတာလဲ…ဆေးလည်းလှုပ်သောက်ထားဦး၊ တော်ကြာ မိန်းမမယူခင် ရွာသာကြီး သွားနေရမယ်”
“ဟ….င့ါဘာသာ ဘာဖြစ်ဖြစ်……….နင် မနာလိုဖြစ်နေတာမလား”
“မနာလိုစရာမရှိပါဘူးဟယ်…….နင့်ကောင်မလေးကို ငါကြိုက်လို့မှ မရတာ………..ဟုတ်တယ်မလား အန်တီမော်….”
“ဟုတ်ပါ့သမီးရယ်……ဟားဟားဟား……….ဒီနှစ်ယောက်ကတော့ ဘယ်တော့မှ တည့်မယ်မထင်ဘူ။”
လက်သီးဆုပ်ကာ အံကြိတ်ပြတဲ့ငစိုးကို ၀ိုင်းစနေကြရင်းက လမ်းခရီးတစ်လျှောက်လုံးတော့ ပျော်စရာပင်ဖြစ်ခဲ့လေသည်။ ကျွန်မတို့ကတော့ မမြင်ဖူးသေးတဲ့ လူကို မှန်းဆကြည့်ရင်းကပဲ ငစိုးကောင်မလေးတို့ရွာသို့ ရောက်ခဲ့ကြလေသည်။ ရန်ကုန်မြို့ကနေ ၄ နာရီလောက်သာ မောင်းရပေမယ့် တောဓလေ့ကတော့ အပြည့်အဝပင်။ အမြင်သစ်၊ အသွင်သစ်မို့ ကျွန်မတော့ နှစ်ခြိုက်မိတာတော့ အမှန်ပင်။
“ငစိုး…ရွာထဲ တော်တော်ဝင်ရသေးလား”
“အေးဟ…သူတို့အိမ်လေးက နဲနဲချောင်ထဲရောက်တယ်…..”
လမ်းကျဉ်းကျဉ်းလူသွားလမ်းလေးပေါ်မှာ ကျွန်မတို့ တဖြည်းဖြည်း လျှောက်ခဲ့ကြလေသည်၊ တစ်အိမ်စ နှစ်အိမ်စမှ တဖြည်းဖြည်း များပြားလာတဲ့ အိမ်တွေရှေ့မှာ မသိမသာရပ်ကြည့်နေကြတဲ့ ရွာခံလူတွေအတွက်တော့ ကျွန်မတို့က အထူးအဆန်းများ ဖြစ်နေလားမသိပါ။
ရှေ့ဆုံးကနေဦးဆောင်သွားနေတဲ့ ငစိုးနောက်ကို အမှီလိုက်ကြရင်းက ၁၅ မိနစ်လောက်အကြာမှာတော့ ဦးတည်ရာနေရာသို့ ရောက်ခဲ့ကြလေသည်။ သပ်သပ်ရပ်ရပ်အိမ်ကလေးအတွင်းမှာ ရွာလူကြီးတွေက ၄၊ ၅ ယောက်လောက်စောင့်နေလေသည်။ အိမ်ဘေးပတ်ပတ်လည်မှာတော့ ကလေးတွေကော၊ လူကြီးတွေကာ ဟိုနားမတ်တပ်၊ ဒီနားထိုင်ရက်နဲ့ အတော်အများသားပင်။
တောသူဆိုတဲ့အတိုင်း အရိုးခံမျက်နှာလေးကတော့ အထင်းသားပင်။ အသားဖြူနွဲ့နွဲ့လေးနဲ့ မြင်မြင်ချင်းတော့ ခင်မင်စရာပဲလို့ ကျွန်မတွေးမိကာ ဘေးဘီဝဲယာကို မျက်စိကစားနေလိုက်ပါတယ်။ ဝမ်းပမ်းတသာဖြစ်နေတဲ့ လူကြီးတွေကြားမှာ ငစိုးကော သူ့ကောင်မလေးကော အပြုံးမျက်နှာလေးတွေနဲ့။
ငစိုးက သူ့ကောင်မလေးကို တိုးတိုး တိုးတိုးနဲ့ ဘာတွေပြောနေမှန်းမသိပေမယ့် ကျွန်မကို လက်ညှိုးထိုးကာ ပြောနေတာမို့ ကျွန်မအကြောင်းတော့သေချာနေပါပြီ။ နှစ်ဖက်သောမိဘတွေရဲ့အပြုံးမျက်နှာကိုယ်စီကြားမှာ ကျွန်မလည်းအတူတကွ ၀မ်းသာလို့သာပေါ့။
ကလေးတွေရဲ့ဆန္ဒကိုဦးစားပေးကာ မိဘတွေက၀ိုင်းဝန်းထိန်းသိမ်းပေးကြတော့ အရာရာဟာ အဆင်ပြေခဲ့ပြီပေါ့။ နှစ်ဦးနှစ်ဖက် အပြန်အလှန်စကားပြောဆိုအပြီးမှာတော့ ငစိုးတို့ရဲ့မင်္ဂလာပွဲက နောက်တစ်လအကြာမှာဖြစ်လေသည်။ လူကြီးမိဘများကို နှုတ်ဆက်ကာ ကျွန်မတို့ပြန်လာကြပေမယ့် လူချည်းသာပါလာပြီးစိတ်မပါလာတဲ့ငစိုးက ကားနောက်ခန်းထဲမှာ ငြိမ်သက်လို့သာ။
စီစဉ်ရမယ့်ကိစ္စအချို့ကို လူကြီးတွေတိုင်ပင်ပြောဆိုကြရင်းက ကျွန်မတို့အိမ်ပြန်ရောက်ချိန်က ည 7 နာရီထိုးခဲ့ပြီ။
***-----***-----***-----***-----***“”
အခန်း(၃)
တောဓလေ့နဲ့အညီကျင်းပခဲ့တဲ့ ငစိုးတို့ရဲ့မင်္ဂလာပွဲလေး အောင်မြင်စွာနဲ့ပြီးဆုံးခဲ့လေသည်။ မိန်းကလေးတို့ဘက်မှာ ပျော်သလောက်နေမယ်လို့ ပြောလာတဲ့ငစိုးရဲ့ဆန္ဒကို အန်တီမော်တို့က ဘာမှမပြောပေ။ ကျွန်မတို့အားလုံး မင်္ဂလာဆောင်မည့်ရက်မတိုင်ခင် ၂ ရက်အလိုထဲကရောက်နေတာမို့ မနက်ပိုင်းမင်္ဂလာဆောင်အပြီးမှာပဲ အားလုံးပြန်လာခဲ့ကြ လေသည်။
ရက်အနည်းငယ်လောက်သာ ပြောဖြစ်ကြတဲ့ ငစိုးအကြောင်းက ရက်ကြာလာလေလေ မေ့လေလေဖြစ်ခဲ့လေသည်။ အန်တီမော်တို့နဲ့ တွေ့ဖြစ်မှပဲ ငစိုးအကြောင်းအနည်းငယ်သာ သိကြရလေသည်။ မိန်းမရပြီးကတည်းက အဆက်အသွယ် ပြတ်သွားခဲ့တဲ့ ငစိုးက ကြားမိသလောက်ဆိုရင်တော့ သမီးလေးတစ်ယောက်ပင် ရှိနေခဲ့လေသည်။
ငစိုးက ဇနီးနဲ့သမီးနဲ့ တိုးတက်နေချိန်မှာ ကျွန်မကတော့ ကျွန်မ၀ါသနာပါရာ နေ့ကလေးထိန်းကျောင်းမှာပဲ အချိန်ကုန် နေခဲ့ လေသည်။
နေ့တဓူဝလည်ပတ်နေတဲ့ အချိန်တွေကြားမှာ အပြေးအလွှား ရုန်းကန်ကြရင်းက ကျွန်မတို့ဘ၀တွေကို ပုံဖော်နေကြရတာ ချည်းပင်။ ၀မ်းသာစရာကြားမိရင် ၀မ်းသာလိုက်၊ ၀မ်းနည်းစရာဆို စိတ်မကောင်းဖြစ်လိုက်နဲ့ ခံစားလွယ်တဲ့ ကျွန်မတို့ရဲ့ စိတ်အစဉ်တွေကလည်း အလိုက်အသိရွေ့လျားလို့သာ။
ရုံးဆင်းတစ်နေ့အိမ်အပြန်မှာတော့
“သမီးရေ……..နေ့လည်က အိမ်ကို ဧည့်သည်လာသွားတယ်၊ ဘယ်သူထင်လည်း………မှန်းကြည့်စမ်း………”
“အမယ်……..မေမေက ပဟေဠိတွေနဲ့ပါလား…….ဘယ်သူများမို့လို့ပါလိမ့်…………စဉ်းစားရကြပ်လိုက်တာနော်”
ပြုံးချိုချိုမျက်နှာပေးနဲ့ ကျွန်မရဲ့အဖြေကိုစောင့်နေတဲ့ မေမေ့ကို ကျွန်မ ခေါင်းခါပြလိုက်ပါတယ်။ အပေါင်းအသင်းကော ဆွေမျိုးပါ နည်းလှတဲ့ ကျွန်မတို့မိသားစုအတွက် ဧည့်သည်ကိုပဲ မျှော်တတ်ကြလေသည်။ မလာစဖူး အလာထူးခဲ့တဲ့ ကိုရွှေဧည့်သည်က ဘယ်သူများဖြစ်လိမ့်မလဲလို့ ကျွန်မလည်းသိချင်လှသည်။
“ပြောပြတော့မေမေရာ………နော်…..သမီး မသိတော့ဘူး”
“သမီးသူငယ်ချင်လေး………………ဘယ်သူရှိမလဲ ငစိုးပေါ့……….”
“ဟယ်……..ဒီကောင် ဘာလာလုပ်တာလဲမေမေ၊ သူတစ်ယောက်တည်းလား၊ သူ့သမီးလေးပါလာသေးလား၊ ကလေးက ချစ်ဖို့ကောင်းလား………..”
“အမလေး……များလိုက်တဲ့မေးခွန်းတွေ၊ မေမေလည်းသေချာမသိဘူးသမီးရဲ့၊ သူရောက်နေကြောင်းလာပြောသွားတာ၊ ရန်ကုန်ရောက်နေတာတောင် ကြာပြီဆိုပဲ၊”
“အော်…………..ဟုတ်ကဲ့ပါမေမေ၊ သမီး တွေ့မှ သေချာမေးကြည့်လိုက်ပါ့မယ်”
***-----***-----***-----***-----***
အခန်း(၄)
“ဘာ………ဘာပြောတယ်…..နင်အိမ်မပြန်တာ (၆) လရှိပြီဟုတ်လား…..”
ခြံထဲမှာထိုင်ပြီးစကားပြောနေရင်းက ကျွန်မအသံ နဲနဲများကျယ်သွားလားမသိ၊ မေမေကြားမှာစိုးသည့်အလား နောက်ပြန် လှည့်ကြည့်မိတဲ့ ငစိုးက ခေါင်းကိုအောက်သို့ငုံ့လျက်ပင်။ ဘယ်သူလွန်ပြီး ဘယ်သူမှားသည် ကျွန်မမသိပါ။ ဒီစကားလေး ကြားလိုက်ရုံနဲ့ပင် ကျွန်မအတော်ကို အံ့သြသွားခဲ့လေသည်။
“နင် လွန်တယ်လို့ ငါထင်တယ်ငစိုး...၊ စိတ်ထဲအလိုမကျတိုင်း ဒီလိုတွေလုပ်ရအောင် နင် ကလေးမဟုတ်တော့ဘူးလေ၊ ပြီးတော့ အိမ်ထောင်သည်…….. နောက်တစ်ခုက အိမ်ထောင်ဦးစီးယောက်ျား…………..”
“နင် မသိပါဘူး အေးကြည်မရာ………… ငါ့မှာလည်း င့ါအကြောင်းနဲ့ငါပါ………”
“အေးလေး၊ ငါမသိလို့ နင့်ကိုခု ငါမေးနေတာပေါ့၊ နင်က အကျိုးနဲ့အကြောင်းနဲ့မှ မပြောပြနိုင်တဲ့ဟာကို……..”
“ဟူး………မောတယ်အေးကြည်မရေ…..မောတယ်….နင်ပဲကောင်းတယ်သိလား အပျိုကြီးပဲလုပ်၊ ဘာအပူမှမရှိတော့ဘူး…။ ”
စိတ်ပျက်စကားဆိုလာတဲ့ ငစိုးက ခုတော့လည်း ယောက်ျားရင့်မာကြီးတစ်ယောက်လိုပင်၊ သိပ်မကြာခင်အချိန်အတွင်းမှာမှ ပြောင်းလဲသွားတဲ့ သူ့ပုံစံကို ခုမှပဲ ကျွန်မသတိထားမိလေတော့သည်။ စိုးမိုးနိုင်ဆိုတဲ့ သူ့နာမည်ကို ငစိုးလို့ကျွန်မခေါ်တော့ အေးသန့်ကြည်လို့ခေါ်တဲ့ ကျွန်မကိုတော့ သူကလည်း အေးကြည်မလို့ ပြန်ခေါ်ခဲ့ခြင်းသာ၊ အရာရာကိုအနိုင်လိုချင်တတ်တဲ့ ငစိုးက ကျွန်မကိုတော့ အနိုင်မကျင့်ခဲ့ပေ။ ၃ လလောက်သာကြီးပေမယ့် ဆရာမကြီးသဖွယ်ပြောတတ်တဲ့ ကျွန်မက ငစိုးရဲ့ဆရာမ ဆိုလည်းဟုတ်ခဲ့ဖူးလေသည်။
“ ငါက အစကဘာမှ မသိခဲ့ဘူးဟ …သူတို့မိသားစုအကြောင်းတွေကို နောက်တော့မှတဖြည်းဖြည်းသိလာရတာ … ငါ့စရိုက်နဲ့ တော့ မလွယ်ပါဘူးဟာ…….. ငါသည်းခံနေလို့လည်း ဒီလောက်ထိကြာလာတာပေါ့၊ နို့မို့ တစ်နှစ်တောင်မခံဘူး…..ကွဲတယ်…….”
“နင်ကလည်းဟယ်..အိမ်ထောင်တစ်ခုဆိုတာ အဲ့လို ပြတ်ဖို့လွယ်လို့လား….စကားကိုလွယ်လွယ်ပြောတာ ငါတော့ မကြိုက် ပါဘူး….. မတူညီတဲ့နှစ်ယောက်ပေါင်းဖက်ကြတာပဲ၊ ဒီလိုပဲ အခက်အခဲတွေတော့ရှိမှာပေါ့…နင်ယူထားတာ တောသူလေ… သူတို့စရိုက်၊ ပုံစံနဲ့ ဓလေ့တွေကို နင်လက်ခံနိုင်ရမှာပေါ့…ပြီးတော့ ကောင်မလေးကို နင်က သင်ပြပေးရမယ်လေ…..”
“ဟာ……မသိဘူးဟာ…….မသိဘူး……. နင့်ဆီလာရင် အဲ့လိုချည်းပဲ…………သူ့တရားနာရတာနဲ့တင် ငါလာရင်းကိစ္စမေ့တော့ မလို့……………ငါ ထိုင်းကိုခဏသွားမလို့ အဲ့ဒါ လာပြောတာ……ပြန်လာရင် လက်ဆောင်ဝယ်လာခဲ့မယ်….ဒါပဲ……ပြန်ပြီ”
“ဟဲ့..ဟဲ့..ငစိုး..နေဦးလေ…..ဟာ…..”
ပြောပြီးပြီးချင်း အမြန်ထပြန်သွားတဲ့ ငစိုးက ကျွန်မခေါ်သံကိုလည်း ဂရုမစိုက်တော့ပေ။ စိတ်ထဲတစ်မျိုးတစ်မည်ခံစားရလိုက်တာ ကြောင့် တွေတွေငေးငေးလေးဖြစ်သွားတဲ့ ကျွန်မကတော့ အိမ်ပေါ်ကိုမတက်နိုင်သေးဘဲ ခုံတန်းလေးမှာပဲ ထိုင်လို့ ငစိုးရဲ့ ဇနီးနဲ့သမီးလေးကိုသာ မှန်းဆကြည့်နေမိပါတော့တယ်။
***-----***-----***-----***-----***
အခန်း(၅)
“မေမေ….. သမီးတော့ ငစိုးလွန်တယ်လို့ထင်တယ်လေ…..မေမေကောဟင်….”
“အတိအကျပြောဖို့ကျတော့ ခက်တယ်လေသမီးရဲ့…. အကုန်အပြည့်အစုံကို င့ါသမီးလေးကမှမမြင်ရဘဲ….”
အလုပ်တစ်ခုကဲ့သို့ခေါင်းထဲဝင်ရောက်နေတဲ့ ငစိုးရဲ့အကြောင်းက ကျွန်မအတွက်တော့ လက်တွေ့ကျတဲ့ ပုစ္ဆာတစ်ပုဒ်လိုပင်၊ ကျွန်မတင်မဟုတ်ဘူး အားလုံးလက်ခံနိုင်လောက်တဲ့ ဖြေရှင်းချက်တစ်ခုကြားသိရမှ ကျွန်မစိတ်ထဲ ခံပြင်းမှုတွေ ပျောက်ပေလိမ့်မည်။
ကိုယ်ကချစ်လှချည်ရဲ့၊ ကြိုက်လှချည်ရဲ့လို့ဆိုပြီး ပေါင်းသင်းလာတဲ့မိန်းကလေးတစ်ယောက်ကို အပြစ်တစ်ခုမြင်တိုင်း မှတ်ထားစရာတော့ မဟုတ်သင့်ပေ။ ဖြစ်ချင်ရာဖြစ်ဆိုပြီး ထားခဲ့ချင်တိုင်းထားခဲ့တာမျိုးလည်း မဖြစ်စေရပါ။ ဒီမိန်းမ မပေါင်းချင်တော့ပါဘူးဆိုပြီး ကလေးတစ်ယောက်နဲ့ ၆ လလောက်ပစ်ထားခဲ့တဲ့ ငစိုးရဲ့ ဆုံးဖြတ်ချက်က ပေါ့ပျက်လွန်းလှသည်။
ကျွန်မဆိုရင်ကော…….. ငစိုးရဲ့ညီမ၊ ဒါမှမဟုတ် အမဆိုရင်ကော……….. ဘယ်လိုတွေပြောကြမလဲ၊
“အော်…….သမီးရယ်…….စရိုက်မတူရင် တွဲလို့မရဘူးလေ၊ တချို့ကိစ္စတွေက ညှိလို့မရနိုင်ကြတာတွေရှိတာ သမီးသိသားပဲ၊ ငစိုးတစ်ဖက်တည်းပဲ င့ါသမီးလေးက ပြောမနေနဲ့ဦး၊ သူများကိစ္စ၊ ကိုယ့်ကိစ္စလုပ်နေတယ် အလကား အပင်ပန်းခံလို့………….”
တစ်ခါသာရောက်ဖူးခဲ့တဲ့ ရွာလေးကိုလိုက်သွားပြီး သူရဲကောင်းမကြီးလုပ်ရမလား၊ ငစိုးကိုပဲ တရားချရမလား၊ တရားသူကြီးပဲ လုပ်ရမလားစတဲ့ ပဟေဠိပေါင်းများစွာထဲက ခုထိ ကျွန်မမရုံးထွက်နိုင်သေးပါ။
ကျေအေးစကားပြောလာတဲ့ မေမေရဲ့စကားအချို့၊ အန်တီမော်ရဲ့ အယူအဆအချို့နဲ့ ငစိုးရဲ့အမူအယာတွေကြားမှာ ကျွန်မ ရှေ့နေမကြီးကတော့ဖြင့် တရားခံအစစ်ကို ရှာဖွေနေဆဲပင်။
***-----***-----***-----***-----***
စိမ့်စမ်းရေ
22.2.2015

Posted by စိမ့်စမ်းရေ on Saturday, February 21, 2015

0 comments

Post a Comment