***** ဖြစ်တတ်ပါပေတယ် *****
“ကိုဘမောင်၊ ကျွန်မ ဟိုဘက်ပိုင်းခဏသွားလိုက်ဦးမယ်။ မမြကို ငါးမှာထားလို့”
“အေးအေး၊ ကြာလည်းမနေနဲ့ဦး၊ သူ့လေက ပြတ်တာမဟုတ်ဘူး”
“ကျုပ်သိပါတယ်တော်………….”
ပလုံးလေးတစ်ခုလက်ကကိုင်၊ ခမောက်လေးခေါင်းပေါ်တင်လို့ ခြေလှမ်းမှန်မှန်နဲ့ထွက်လာခဲ့တဲ့ ဖွားညှက်တစ်ယောက် ရွာနောက်ပိုင်းဘက်ထွက်လာခဲ့ပါတယ်။ လက်ထဲငွေရှိတာတောင် လာမရောင်းရင် စားရဖို့ကမလွယ်ပင်။
ကိုယ်လုပ်မှကိုယ်စားရတဲ့ ဖွားညှက်တို့လို့ တောသူတောင်သားတွေအတွက်က ငါးဆိုလည်း ချောင်းထဲဆင်းရှာနိုင်မှ၊ ထင်းဆိုလည်း ကိုယ်တိုင်ရှာနိုင်မှ၊ အကုန်လုံးက ကိုယ်ထူကိုယ်ထတွေချည်းပင်။
ခုလည်း သူများအိမ်က ငါးကို အလုအယက်ဝယ်ရလေသည်။ ၂ ရက်၊ ၃ရက် ကြိုတင်လို့ မှာထားတာတောင်မှ မရချင်ရချင်။
“မမြရေ…..၀င်လာပြီနော်………..”
ဖွားညှက်ရောက်သွားချိန်မှာ လူကအတော်ပင်များနေလေသည်။ တစ်ဦးမှ ၁၀သား၊ ၅ကျပ် သား သာ ၀ယ်ကြပေမယ့် လက်မြန်မှ ငါးကောင်းရပေမည်။
“မညှက် ၀င်သာရွေးသွား……..အဲဒါ ဒီနေ့အတွက်အကုန်ပဲ၊ အိမ်စားဖို့တောင် ချန်မထားဘူး”
ဖွားမြရဲ့စကားသံကို လှမ်းကြည့်လိုက်တဲ့အခါ မျက်စိမှိတ်ပြလိုက်တာကြောင့် ဖွားညှက်လည်းသဘောပေါက်လို့ သွားလေသည်။
“ဖွားညှက် ရွေးလေ…..ဒီမှာ ကျွန်မတို့က ရပြီးပြီ”
“အော်…..အေးအေး..ရွေးပါ၊ ညည်းတို့အရင်သာယူ ဖွားက အရေးမကြီးဘူး……”
တစ်ယောက်စ၊ နှစ်ယောက်စနဲ့ ရွေးလိုက်ကြတာ ငါးကြီးတွေကော၊ ငါးလတ်တွေကော ဖမ်းလို့ရသမျှ အကုန်ကုန်လေတော့သည်။
သေချာအောင်နောက်တစ်ခေါက် ဖွားမြမျက်နှာကို ပြန်ကြည့်တော့လည်း သူ့ကို မျက်စိမှတ်ပြထားတာမို့ ဖွားညှက်က ခပ်အေးအေးနဲ့ လူကုန်အောင်စောင့်နေလေသည်။
“ကတယ်……….မညှက်…………ပြောတော့ ငါးယူမလို့ဆို………”
“အေးလေ………..မမြပဲ ကျွန်မကို မျက်စိမှိတ်ပြထားတယ်လေ၊ အဲဒါ ကျွန်မအတွက် ချန်ထားတာကိုပြောတာမဟုတ်ဘူးလား”
“တကတည်းမှပဲ………..ကြည့်စမ်း…..မညှက်တို့ကတော့ လုပ်ပြီ။ ကျွန်မ မျက်လုံးက အဲ့လိုကို ဖြစ်နေတော့တာကြာပေါ့”
“ဟင်………..ဟုတ်လား………င့ါကိုတော့ ကိုဘမောင် ပြောတော့မှာပဲ…မဖြစ်ဘူး မဖြစ်ဘူး…တစ်အိမ်တစ်ကောင်ကျ လိုက်တောင်းသွားမှဖြစ်မယ်………”
အဲ့ဒီနေ့ကစလို့ ဖွားညှက်တို့ရာဇ၀င်မှာ တစ်ခုထပ်လို့တိုးပြန်ပေါ့။
***-----***-----***-----
စိမ့်စမ်းရေ
150210

Posted by စိမ့်စမ်းရေ on Monday, February 9, 2015

0 comments

Post a Comment