အဲ့ဒိနေ့က ကျွန်မ အလုပ်နားရက်ဖြစ်လေသည်။ တစ်လမှတစ်ခါသာပဲ နားရက်ယူတတ်တဲ့ ကျွန်မအတွက်တော့ အချိန်တွေကို အကျိုးရှိစွာနဲ့ ကုန်လွန်စေဖို့ အကွက်ချကာ အသုံးပြုတတ်ပါတယ်။ ချိန်းထားတဲ့ကိစ္စတွေ၊ ဈေးဝယ်စရာ၊ အပန်းဖြေစရာ၊ အိမ်အလုပ်တွေနဲ့ တစ်နေကုန်လုံးကို သုံးပစ်တတ်ပါတယ်။ အများအားဖြင့်တော့ အိမ်ထဲမှာပဲ နေတာများပါတယ်။ ထိုနေ့ကလည်း မီးဖိုချောင်ထဲအမေ့ကိုကူလုပ်ပေးနေရင်း….
“ သမီး..အိမ်ရှေ့က တံခါးဖွင့်သံကြားသလားလို့”
“ဟုတ်…အမေ၊ သမီးသွားကြည့်လိုက်မယ်”
လုပ်လက်စလေးတွေခဏထားလို့ ကျွန်မလည်း ခြံထဲကိုကြည့်လိုက်တဲ့အခါ
“ဟယ်…သီတာ………… မေမေရေ……သီတာ..သီတာ…….အိမ်လည်လာတယ်”
မတွေ့ရတာကြာနေပြီဖြစ်တဲ့ ကျွန်မသူငယ်ချင်းကို မြင်လိုက်ရတာကြောင့် ကျွန်မအရမ်းပဲ ၀မ်းသာသွားခဲ့ပါတယ်။ အမေ့ကိုလည်း ၀မ်းသာအားရအော်ပြောလို့ သီတာ့ကိုတံခါးဖွင့်ပေးရင်းက ကျွန်မပျော်နေလိုက်တာ ကလေးငယ်တစ်ယောက်လိုပါပဲ။
“သီတာ….နင်ဟယ် ငါတို့ကို အဆက်အသွယ်ဖြတ်သွားလိုက်တာများ……မပြောလိုက်ချင်တော့ဘူး၊ ခုကော ဘယ်ကနေ ဘယ်လိုရောက်လာတာလဲ၊ ဒီကိုသက်သက်လာတာလား၊ တခြားကော သွားစရာရှိသေးလား”
မြင်မြင်ချင်း အဆက်မပြတ်သောစကားတွေ တရစပ်ပြောနေတဲ့ ကျွန်မကို သီတာ ဘာမှပြန်မပြောပါ။ ယဲ့ယဲ့ကလေးပြုံးလို့ ခေါင်းခါပြပေးတာကိုပဲ ကျွန်မအလွန်ပျော်မိလေသည်။ မတွေ့တာကြာပြီဖြစ်တဲ့ ကိုယ့်ရဲ့သူငယ်ချင်းကို ပြန်တွေ့ရတာ ဘယ်လောက်များ ပျော်ဖို့ကောင်းလိုက်လဲနော်။ 

စကားတွေအများကြီးပြောမယ်၊ ထမင်းတူတူစားမယ်၊ ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်တွေးကြမယ်။ အချိန်ရရင် မြို့ထဲထွက်ပြီး မုန့်တွေလျှောက်စားလို့လည်း ရသေးသည်လေ………။
“သမီး..သီတာ…မတွေ့တာကြာရောကွယ် ပျောက်သွားလိုက်တာများ…….”
“ဟုတ် အန်တီ၊ သီတာ အလုပ်တွေရှုပ်နေတာနဲ့ ဘယ်သူ့မှမဆက်သွယ်ပဲနေတာ၊ အဲဒါ ခုလည်း စိတ်ကူးရရချင်း ဒီကိုထွက်လာခဲ့ တာပဲ”
“အေးကွယ်……. ညနေမှပြန်မယ်မဟုတ်လား၊ သမီးသူငယ်ချင်းက အဖော်မဲ့နေတာ၊ ဒီနေ့တော့ သူတွက်အဖော်ရတာပေါ့လေ”
“ဟုတ်ကဲ့ အန်တီ”
အမေနဲ့သီတာတို့ရဲ့အပြန်အလှန်ပြောစကားတွေကို ကျွန်မ ဧည့်ခန်းထဲကနေ ကြားနေရပါတယ်။ သီတာရောက်လာတာ ကျွန်မလည်းပျော်သလို အမေလည်း ကြည်နူးနေလိမ့်မည်။ သီတာနဲ့ကျွန်မက ဟိုး..ငယ်ငယ်လေးကတည်းက သူငယ်ချင်း တွေပင်၊ မောင်နှမအရင်းအချာတွေထက်ပင် ကျွန်မတို့က ပိုချစ်ခဲ့ကြသည်။ ပိုခင်ခဲ့ကြသည်။ ပို၍တွေ့ချိန်များခဲ့ လေသည်။
“သီတာ…လာဟာ ဒီကို”
ကျွန်မစိတ်မရှည်စွာနဲ့ သီတာ့ကို ဧည့်ခန်းထဲကနေ လှမ်းခေါ်လိုက်ပါတယ်။ အမေနဲ့ဘာတွေပြောနေမှန်း ကျွန်မ မသိတော့။ 
“ပြောပြော…… နင့်အကြောင်းတွေ……..င့ါကိုအကုန်ပြောနော်၊ မပြောလို့ကတော့ ဒီမှာ….တွေ့တယ်မလား”
“ အေးပါ။ ငါ့အကြောင်းက ဘာရှိရမလဲ၊ ကိုယ့်သူငယ်ချင်းကို တွေ့ချင်လို့ လာတဲ့ဟာကို”
“အမယ် အပြောကတော့တယ်ကောင်းပဲ။ ဒီနေ့ ငါအလုပ်နားလို့ နင်တွေ့ရတာပါနော်။ ငါအလုပ်မနားဘူးဆိုရင် နင်ဘယ်လိုလုပ်မလဲ……..ပြော”
“ညနေထိစောင့်မှာပေါ့ ငါက ညပါအိပ်ဖို့လာတာ”
“ဟေး……ပျော်စရာကြီး၊……….သီတာ၊ နင်တစ်ကယ်နော်……..”
“တစ်ကယ်ပေါ့ဟ”
ပျော်လိုက်တဲ့ဖြစ်ခြင်း၊ ကျွန်မ ထ၍သာ ခုန်ပေါက်ပစ်လိုက်ချင်ပါတယ်။ ဟိုးအရင်တုန်းကလည်း သီတာက ကျွန်မနဲ့ ခုလို လာအိပ်နေကျပါ။ တစ်ယောက်အိပ်ကုတင်လေးပေါ်မှာ ကျွန်မတို့နှစ်ယောက် အတူတူ ဖက်ကာ အိပ်ဖူးကြတယ်မဟုတ်ပါလား။
-----***-----***-----***-----
ကျွန်မနဲ့သီတာက တစ်နေ့လုံးတပူးပူး တတွဲတွဲနေလာရင်းက ညမိုးချုပ်တဲ့အထိ ပြောစရာစကားတို့ မကုန်နိုင်သေးပါ။ စိတ်မကောင်းစွာ ကြားရတဲ့ သီတာတို့အိမ်ထောင်ရေးမှာ ကိုယ်လည်းပဲ ရင်မောရသည်လေ။ ကိုယ့်သူငယ်ချင်းရဲ့ စိတ်ညစ်စရာ တွေက ကိုယ့်ရဲ့ဖြေသိမ့်ပေးစရာတွေပေါ့။
“ဟုတ်တယ်သူဇာ ခုဆို သူနဲ့ငါ ယူပြီးတာ ဘယ်လောက်ကြာသေးလို့လဲ၊ နင်စဉ်းစားကြည့် ငါ့ကိုစိတ်ကုန်တယ်တဲ့။ အဲ့ဒိစကား သူမပြောသင့်ဘူးမလား၊ သူနဲ့ငါ့မိဘတွေ အဆင်မပြေမှာစိုးလို့ ငါကကြားထဲကနေ ဟိုဟာကွယ်လိုက်၊ ဒီဟာဖုံးလိုက်နဲ့ ငါ့ဒုက္ခကို နင်လာကြည့်ကြည့်ပါဟယ်။  

 သူကအလုပ်လည်း မယ်မယ်ရရမရှိတော့ ငါ့မိဘတွေက ဘယ်ကြည်ဖြူကြတော့မလဲ။ တခါတလေ ပွဲစားရောင်ရောင် ရလာတဲ့ငွေလေးတွေကျ မြင်ရပါတယ်၊ အဲဒါကလည်း ၂လလောက်မှ တစ်ခါ၊ နှစ်ခါ။ ရပြန်တော့လည်း ငါ့ကိုအကုန်ပေးတာမဟုတ်ဘူး…။ အဲ့ဒိတော့ငါကလည်း ငါ့ထမင်းငါစားတယ်။ သူကလည်း သူ့အမေအိမ်ပြန်စားတယ်။ သူ့အ၀တ်တွေလည်း ငါမလျှော်ပေးဘူး၊ သူလည်းသူ့ဘာသာ အလုပ်လုပ်ချင်လုပ်၊ မလုပ်ချင်နေ၊ ငါကလည်း င့ါအလုပ်ငါလုပ်တယ်……အေးရော”
“အဲ့လိုတော့လည်း ဘယ်ဟုတ်သေးမလဲ သီတာရယ်၊ နင်နဲ့သူနဲ့က ခုမြင်ခုကြိုက်မှမဟုတ်တာ၊ နင်အစကတည်းက သူ့အကြောင်းကိုမသိဘူးလားဟင်…….နင်ပြောတော့နင်အသိဆုံးဆို……….”
“သိတာတော့သိတာပေါ့ဟယ်၊ ခုလိုအတွင်းကျကျတော့ ငါသိမလား၊ ယူပြီးမှ သူ့စရိုက်တွေ ငါအကုန်သိလာရတာ။ အလကား ဘာအလုပ်မှ မယ်မယ်ရရမလုပ်ချင်ဘူး။ နင်လည်းအိမ်ထောင်မပြုနဲ့ အပျိုကြီးပဲလုပ်သိလား…..ဘယ်သူ့မှမကြည့်နဲ့ ငါ့ကိုပဲကြည့်”
မျက်နှာမကောင်းစွာနဲ့ အသံတိတ်သွားတဲ့ သီတာ့ကို ကျွန်မအားနာမိပါတယ်။ ဒါပေမယ့်လည်း စိတ်ထဲကတော့ မခံရပ်နိုင်ခဲ့ပါ။ ကျွန်မသူငယ်ချင်းသီတာက ဥစ္စာမပေါပေမယ့် ရုပ်ချောသူပင်၊ သီတာ့ကို အထက်တန်းကျောင်းသားဘ၀ထဲက ဖွင့်ပြောလာတဲ့ သီတာ့ခင်ပွန်းကို ကျွန်မတို့အားလုံးသိထားပြီးသားဖြစ်လေသည်။ 

သီတာက ၁၀တန်းအောင်သွားပေမယ့် သူ့ခင်ပွန်းလောင်းက မအောင်ခဲ့ပေ။ အဲဒိလိုနဲ့ သီတာနဲ့ကျွန်မတို့ တက္ကသိုလ်တက်သည်အထိ သူနှင့်ပင် တွဲနေသေးသည်။ ကျွန်မတို့အမျိုးမျိုးဖြောင်းဖျ ပေမယ့် သီတာက သူမှသူပင်။ တခြားလည်းစိတ်မယိုင်ခဲ့သလို၊ သူ့အပေါ်ကိုလည်း သစ္စာမဖောက်ခဲ့ပင်။ ကျောင်းပြီးလို့ လုပ်ငန်းခွင် အသီးသီးဝင်ကြတော့ သီတာနဲ့ကျွန်မ သိပ်မတွေ့ဖြစ်ကြတော့။ ဒါပေမယ့် အဆက်အသွယ်တော့မပြတ်ခဲ့ပေ။ 
ခုလည်း အိမ်ထောင်ကျပြီးသွားမှသာ 6 လလောက်အဆက်အသွယ်ပြတ်သွားခဲ့ခြင်းသာ။ ထို 6 လအတွင်း သီတာရဲ့ ဖြစ်ပျက်ပုံ အလုံးစုံကို ကျွန်မ ဒီနေ့မှသိခဲ့ရလေသည်။ 

ကျွန်မသူငယ်ချင်းသီတာ ကံမကောင်းခဲ့ပါ။ ရန်ဖြစ်ခြင်း၊ ရိုင်းစိုင်းစွာဆဲဆိုခြင်းတွေ မရှိပေမယ့် ဘ၀တစ်ခုရဲ့အဓိကဖြစ်တဲ့ စီးပွါးရေးဆိုင်ရာကို လက်ကြောမတင်းတဲ့ယောက်ျားတစ်ယောက်ကို သူပိုင်ဆိုင် နေခဲ့ပြီလေ။ 
တက်ကြွခြင်းအားနည်းလှတဲ့ သီတာ့ယောက်ျားက လူမှုဆက်ဆံရေးလည်း အားနည်းခဲ့လေသည်။ လောလောဆယ် မှီခိုအားထားနေရတဲ့ ယောက္ခမမိသားစုကိုပင် မပြေမလည်ဖြစ်အောင် ပြောဆိုလေသည်။ ထစ်ခနဲရှိ “ငါ့အိမ်ငါပြန်မယ်” “င့ါအိမ်ငါပြန်မယ်” အဲ့လိုစကားတွေက တာဝန်ယူတတ်တဲ့ယောက်ျားတစ်ယောက်ရဲ့ စကားများမဟုတ်ခဲ့ပေ။
ခဏတာစိတ်ဆိုးလို့သာ သီတာ ကျွန်မဆီရောက်လာခဲ့ပေမယ့် ကိုယ်ချစ်လို့ယူထားတဲ့ ယောက်ျားကိုတော့ သူအပြစ်မမြင် ရက်တာ ကျွန်မကိုယ်ချင်းစာပေးနိုင်ခဲ့ပါတယ်။ 
“ နင်က နားလည်အောင် ချော့ပြောကြည့်ပေါ့သယ်ရင်းရယ်” လို့ ကျွန်မအနေနဲ့ အားပေးစကားသာ ပြောနိုင်ခဲ့လေသည်။ 
“ ငါတို့ မိန်းကလေးတွေရဲ့ အားက ပါးစပ်တဲ့……….. နင်က သူနားဝင်အောင် တဖြည်းဖြည်းကြိုးစားပြီး ပြုပြင်ကြည့်ပေါ့ အဲ့ဒါက အားလုံးအတွက် ပိုကောင်းမယ်လို့ ငါထင်တယ်” 
“အေးပါ သူငယ်ချင်းရယ်။ ငါလည်း စိတ်ရှုပ်လာရင် အဝေးကိုသာ ထွက်သွားလိုက်ချင်တော့တာပဲ၊ ငါ့မိဘတွေက အသက်ကြီးပြီဟ  င့ါအတွက်နဲ့ စိတ်မဆင်းရဲစေချင်ဘူး၊ အဲဒါကြောင့်ငါလည်း တိုးတိုးတိတ်တိတ် ဖြေရှင်းနေရတာ၊ ကြာတော့လည်း အမေတို့က ငါ့ကိုဘာမှမပြောကြတော့ဘူးလေ၊ ခုလည်း ငါ အမေတို့ကိုပြောပြီး နင့်ဆီလာခဲ့တာ။ ”
“ဒါဆို နင့်ယောက်ျားကကော၊ သူသိလား”
“ငါပြောလိုက်တယ်လေ။ နင့်ဆီသွားမယ်လို့ ၂ ရက်ကြာမယ်၊ ရုံးပြန်တတ်တဲ့နေ့မှပြန်လာခဲ့မယ်လို့”
“အေးအေး ကောင်းတယ်ကောင်းတယ်”
အနည်းငယ်ပေါ့ပါးသွားတဲ့ ကျွန်မတို့ရဲ့စကားဝိုင်းလေးမှာတော့ ကျွန်မက ပို၍ပင်ပေါ့ပါးလို့နေလေသည်။ မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းရဲ့ စိတ်ညစ်စရာတွေကို ကျွန်မခဏတာလေးတော့ ဖြည်းဆည်းခွင့်ရခဲ့လို့ပါ။ 

အတက်နိုင်ဆုံး ဖြောင်းဖျစကားတွေသာ သီတာ့အတွက် အားပေးရာလို့ ကျွန်မခံယူထားခဲ့လေသည်။
ဘ၀မှာ သာယာပျော်ရွှင်ပြီး ပြည့်စုံတဲ့မိသားစုလေးတစ်ခုအတွက် အခြေခံလိုအပ်ချက်တွေကို ကျွန်မတို့အားလုံး သိရှိပြီးဖြစ်ပါ တယ်။ အရာအားလုံးတိုင်း၊ ကိုယ်လိုချင်တိုင်းတော့ အကုန်လုံးမပြည့်နိုင်ပေ။ လိုနေတာလေးတွေ အတူဖြည့်ကြလို့၊ ပိုနေတာလေးတွေ အတူလျော့ကြရင်းကပဲ တူညီတဲ့ မိသားစုဘ၀လေး ဖြစ်လာမှာပါ။ ကျွန်မသီတာလိုမျိုး အိမ်ထောင်မှုဘ၀တွေ မရှိဘူးလို့ ဘယ်သူများ ပြောနိုင်ကြပါ့မလဲနော်…………………………။
စိမ့်စမ်းရေ
25.8.2014

Posted by စိမ့်စမ်းရေ on Sunday, August 24, 2014

0 comments

Post a Comment