“ဒေါ်…. ဒေါ်၊ ဒေါ်ဒေါ်မြ ၊ လာပါဦး….လာပါဦး…..ဒေါ်ဒေါ်မြရယ်… ကိုခင်မောင်ကို ခေါ်လို့မရတော့ဘူး…..အီး ဟီးဟီး”
“ဟဲ့ အေးခင်…ဘာ ဘာဖြစ်လာတာလဲ စောစောစီးစီး”
“အိမ်ကိုလိုက်ခဲ့ပါ အိမ်ကိုလိုက်ခဲ့ပါဒေါ်ဒေါ်ရယ်…..ကျွန်မ ကျွန်မကိုကယ်ပါဦး ………..အီးဟီးဟီး………. .ကိုခင်မောင့်ကို ခေါ်လို့မရတော့ဘူး… ကျွန်မကိုကယ်ပါဦးဒေါ်မြရယ်………..ကယ်ပါဦး…”
“အော်…….ဒီကလေးမနှယ် ငါ လိုက်ကြည့်စမ်းပါဦးမယ်…လာလာ……” 
မနက် ၆ နာရီလောက် ဘုရားရှိခိုးနေတဲ့ ဒေါ်မြ၊ အေးခင်ရဲ့အလန့်တကြားအသံကြောင့် ရင်ထဲတုန်ရီသွားခဲ့ပါတယ်။ မေးတာလဲမပြောနိုင် ဆောက်တည်ရာမရဖြစ်နေတဲ့အေးခင်က ဒေါ်မြလက်ကိုအတင်းဆွဲလို့ သိပ်မဝေးလှတဲ့သူ့အိမ်ကို အတင်းပဲ ဆွဲခေါ်သွားခဲ့ပါတယ်။ နိမ့်လိုက်မြင့်လိုက်ရင်အစုံနဲ့ ပူလောင်မှုတွေဝါးမျိုထားတဲ့ အေးခင်ရဲ့ခြေလှမ်းတွေကို ဒေါ်မြလည်း အမှီလိုက်ရတာမို့ လမ်းမှာ စကားပြောဖို့တောင် သတိမရကြပေ။
“မေမေ…….ကြီးမြ………..ဖေ့ဖေ့ကိုခေါ်လို့မရတော့ဘူး…….”
“ကိုခင်မောင်…ကိုခင်မောင်…..ကျုပ်ခေါ်နေတာကြားလား၊ ကြားလား…………၊ ဒေါ်ဒေါ်…..ခေါ်ပေးကြပါဦး.အီးဟီးဟီး၊”
“ဆရာဝန်လာပြီ ဆရာဝန်လာပြီ ဘေးဖယ် ဘေးဖယ်….”
ကိုခင်မောင့်ကိုစမ်းသပ်နေတဲ့ ဆရာဝန်ကို စူးစိုက်ပြီးကြည့်နေတဲ့ အေးခင်ရဲ့မျက်လုံးတွေ၊ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်နေတဲ့ အေးခင်ရဲ့ပုံစံတွေ စိုးရိမ်စိတ်တွေ ပြည့်လျှံနေတဲ့ အေးခင်ရဲ့စိတ်တွေဟာ နောက်ဆုံးတော့လည်း ထင်ထားသလို ဖြစ်လာလေတော့………………..
“မအေးခင်ယောက်ျား အသက်မရှိတော့ဘူးဗျ” 
“ရှင်………” 
“အေးခင်…ဟဲ့ အေးခင် အေးခင်” 
အဖြစ်အပျက်တို့က မယုံနိုင်စရာပင်၊ ကိုခင်မောင်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးလိမ့်မယ်လို့ အေးခင် မတွေးဖူးခဲ့ပါ။ တွေးလဲမတွေးရဲခဲ့ပါ။ အများကြီး မပိုလျှံပေမယ့် လောက်ငှစွာစားသောက်ရပြီး အေးချမ်းလှတဲ့ ဘ၀လေးကို သားသုံးယောက်နဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းကြမယ်လို့ အေးခင်တို့ ဂတိပြုထားကြတာမဟုတ်လား…….။ အိမ်ထောင်သက် တမ်းက ဘာကြာလိုက်လို့လဲ သားအကြီးမှ ၇ နှစ်ရှိသေးတာ၊ ဘ၀ဆိုတာကြီးထဲကို  မျက်စိစုံမှိတ်လို့အတင်းထိုးဝင်လာခဲ့ပြီးမှ ခုတော့အေးခင်တစ်ယောက်တည်းနဲ့ ဆက်လျှောက်ရတော့မယ်။
ကိုခင်မောင့်မျက်နှာကို တစ်ရွာထင်လို့ တစ်နယ်တစ်ကျေးကလာရောက်ရတဲ့ အေးခင်အတွက်တော့ ပတ်ဝန်းကျင်သာ အားကိုးရာပါ။ ရပ်ကွက်လူကြီးတွေကို မိရာဖရာ ထားလို့ ဆွေမျိုးမရှိတဲ့ ဒီနေရာလေးမှာ အေးအေးချမ်းချမ်း နေရတာကိုပဲ အေးခင်ကျေနပ်နေခဲ့ရတာပါ။ နောက်ကြောင်းပြန်လှည့်ဖို့ မသေချာတဲ့ အေးခင်အတွက်တော့ ရောက်တဲ့နေရာကနေ ပြန်စဖို့သာဖြစ်လာခဲ့လေတော့ အေးခင်ရဲ့ဘ၀က ဒုတိယတစ်ကျော့ ပြန်စရတော့တာပေါ့။
အေးခင်ရဲ့မျက်ရည်တို့ ၇ ရက်မပြည့်ခင်ကတည်းက ခမ်းခြောက်လေပြီ။ အမေ့မျက်နှာညှိုးနေရင် ကလေးတွေ မျက်နှာလည်း ညှိုးမယ်လို့ ကိုယ့်ဘာသာ ဖြေသိမ့်ရင်းက  ၈ ရက်မြောက်နေ့ဟာ ဘ၀ဆိုတာကြီးထဲကို အေးခင်တစ်ယောက်တည်း တိုးဝင်တဲ့နေ့ တစ်နေ့ ဖြစ်ခဲ့ပါတယ်။ နွေးထွေးစွာကြိုဆိုခဲ့တဲ့ ဘ၀ရင်ငွေ့ခပ်နွေးနွေးထဲမှာ အေးခင်က သားသုံးယောက်နဲ့အတူ ပျော်ရွှင်စွာ နေတတ်လာပါပြီ။ ရလာတဲ့ ဘ၀ရဲ့ခါးသက်သက်အရသာက အေးခင်အတွက်တော့ အကြိုက်ဆုံးအားဆေးတစ်ခွက် ဖြစ်ခဲ့ရတော့တာပေါ့။ ဒီတော့လည်း အေးခင်တို့က ကျန်းမာရေးကောင်းလာရတော့သည်……………
“အဒေါ် အေးခင်ကို အလုပ်ကလေးတစ်ခုလောက် ပေးပါနော်” …….“အမ အေးခင် အ၀တ်တွေလာလျှော်ပါရစေ”….. “ဟုတ်ကဲ့ မီးပူလည်းတိုက်ပေးပါ့မယ်”…
“အေးခင်ရေ ငါ့ဆိုင်လေးကူသိမ်းပေးပါဦး။ ”….. “မနက်ဖန်လည်း ဆက်ဆက်လာခဲ့ဦးနော်”
“ထမင်းစားပြီးမှပြန်နော်အေးခင်၊… ကလေးတွေအတွက်လည်း ထည့်ပေးလိုက်မယ်”
အိုး……..အေးခင်ဘ၀က ဘယ်လောက်တောင်ပျော်စရာကောင်းလိုက်သလဲ၊ ကြည့်စမ်းပါဦး မအားမလပ်နိုင်အောင် များလိုက်တဲ့အလုပ်တွေ၊ အလုပ်ဟူသမျှ ဂုဏ်ရှိစွတဲ့၊ အေးခင်အလုပ်က ဂုဏ်လဲရှိတယ်၊ ၀မ်းလည်းဝတယ်၊ ပိုက်ဆံလည်းရတယ်၊ ကျန်းမာရေးလည်းကောင်းတယ်၊ ပြီးတော့ ကလေးအငယ်လေးလည်းခေါ်သွားပြီး ဘေးနားမှာထားလို့ရတယ်၊ အိမ်နဲ့လည်းမဝေးဘူး။ ဒါ့ကြောင့်ပြောတာ အေးခင်တို့ ကံကောင်းပါတယ်လို့။
မမြင်ရတဲ့ ကံကြမ္မာအလှည့်အပြောင်းတွေကြားမှာ အေးခင်တို့အပြုံးမပျက်ခဲ့ပေ။ စဉ်ဆက်မပြတ်လည်ပတ်နေတဲ့ အချိန်တို့ကြားမှာ အေးခင်ရဲ့ သားသုံးယောက်တို့ အတန်းမြင့်လာကြသလို အေးခင်လည်း ဒေါ်အေးခင်ဘ၀သို့ တစ်စတစ်စ ပြောင်းလဲလို့သာ။

***-----***-----***-----***-----***-----***-----***-----***-----

“အေးခင်……ရော့ ဒါလေးပဲ လျှော်ခဲ့လိုက်တော့နော်၊ ထမင်းစားပြီးမှပြန်သိလား”
“ဟုတ်အဒေါ်”
ပြောပြောဆိုဆိုနဲ့ အင်္ကျီတွေကို ဇလုံထဲထည့်ပြီး ရေစည်ဘက်ထွက်သွားတဲ့အေးခင်ကို ဒေါ်မြတစ်ယောက် အစအဆုံးလိုက်ကြည့် နေမိပါတယ်။  ဒီနှစ်ထဲမှာ ကျန်းမာရေးမကောင်းလို့ သိသိသာသာပိန်ကျသွားတဲ့အေးခင်ကို ဂရုဏာမျက်လုံးတွေနဲ့ပဲ အဝေးက လှမ်းကြည့်နိုင်ခဲ့တယ်။ တရွေ့ရွေ့ တလှုပ်လှုပ်နဲ့ အ၀တ်တွေကို ဆပ်ပြာရည်စိမ်နေတဲ့ အေးခင်ရဲ့ မှုန်မှိုင်းမှိုင်းပုံရိပ်တို့ကို နေ့စဉ်လိုလိုပဲ ဒေါ်မြ ငေးကြည့်နေခဲ့မိတာပါ။
ခပ်သွက်သွက်လှုပ်ရှားဟန်တို့ တဖြည်းဖြည်းအားပျော့လာခဲ့ပေမယ့် နေ့စဉ်ရက်မပြတ်မြင်နေရတဲ့အေးခင်ရဲ့ပုံရိပ်တွေကို အချိန်အတော်ကြာအောင် မြင်ရပါ့မလားလို့ ဒေါ်မြ စိုးရိမ်ကြီးစွာ တွေးလိုက်မိပါသေးတယ်။ ကလေး ၃ ယောက်ရဲ့တာဝန်တွေကို ပခုံးပြောင်းယူခဲ့ရတဲ့ အေးခင်ရဲ့ဘ၀အားလုံးကို ဒေါ်မြအသိဆုံးမဟုတ်လား။
ဒေါ်မြ မှတ်မိနေပါသေးတယ်…. အေးခင်ယောက်ျားဆုံးပါးသွားတော့ အေးခင်က သား ၃ယောက်နဲ့၊ အငယ်လေးက ရင်ခွင်ပိုက်အရွယ်၊ ၃ နှစ်ကြီး ၃ နှစ်ငယ်နဲ့ လူမမယ်ကလေးတွေအတွက် အေးခင်က ငယ်ငယ်ရွယ်ရွယ်နဲ့ သူရဲကောင်းမကြီးဖြစ်လာခဲ့ရတာ။ မလုပ်တတ်၊ မကိုင်တတ်၊ ပညာမတတ်တော့ အေးခင်ကို ၀ိုင်းဝန်းသနားရုံကလွဲလို့ ဘယ်သူတွေက ဘာများတက်နိုင်တာ ကူညီကြသနည်း။ မိခင်တစ်ယောက်ရဲ့သူရဲကောင်းဘွဲ့ကို ဘယ်သူတွေအံတုနိုင်သနည်း။ ခုတော့ သူရဲကောင်းမိခင်ကို ဇရာအိုခြင်းတို့ အနိုင်ယူလေတော့မည်။
“အဒေါ် ကျွန်မ ခဏနေရင်ပြန်လာခဲ့မယ်။ ဒီနေ့ အကြီးကောင်ကို ဟိုဘက်လမ်းမှာ အလုပ်လိုက်အပ်ပေးမလို့”
“အေးအေး ဒါဆို ထမင်းစားသွားပါလား”
“နေပါစေအဒေါ် ကျွန်မ ပြန်လာရင် စားပါ့မယ်”
ထီးတစ်ချောင်းကို ချိုင်းကြားညှပ်လို့ ခပ်သုပ်သုပ်လေးထွက်သွားတဲ့အေးခင်ကို ဒီတစ်ခါလည်း ဒေါ်မြ ငေးကြည့်မိပြန်ပြီ။ အရွယ်ရောက်လာတဲ့ သားတွေက နုပျိုလန်းဆန်းလာပေမယ့် အေးခင်ကတော့ ဆန့်ကျင်ဘက်ဖြစ်ခဲ့လေပြီ။ လိမ္မာရေးခြားရှိတဲ့ သားတွေကို ပိုင်ဆိုင်ထားရတာကိုက အေးခင်အတွက်အားတက်စရာတစ်ခုပင်။ ၀မ်းသာစရာလေးတွေ ရှာကြံတွေးလို့ အေးခင်ဆီက သတင်းကောင်းကို အမြဲတမ်းစောင့်မျှော်နေသူကလည်း ဒေါ်မြတစ်ယောက်သာပင်။

***-----***-----***-----***-----***-----***-----***-----***-----

 “ အမယ်အမယ် ဒီသားအမိတွေ လှပလို့ပါလား၊ ဘယ်သွားကြမလို့လဲ”
“ကျောင်းကိုခဏသွားမလို့ အလတ်ကောင်လေးတတိယဆုရလို့ အဲဒါဆုသွားယူမလို့အဒေါ်ရေ”
ဈေးကပြန်လာတဲ့ဒေါ်မြက လှတပတဖြစ်နေတဲ့ အေးခင်တို့သားအမိကိုကြည့်ပြီး ၀မ်းသာစွာနဲ့မေးလိုက်ခြင်းပါ။ မိသားစုတာဝန်ကို အကောင်းဆုံးထိန်းသိမ်းတတ်တဲ့အေးခင်ကြောင့်ရော၊ ပတ်ဝန်းကျင်ကြောင့်ပါ ကြီးပြင်းလာရတဲ့ အေးခင်ရဲ့ သားသုံးယောက်တို့ အရွယ်လေးရောက်လာတာနဲ့အမျှ နာမည်ကောင်းလေးတွေ ကြားခဲ့ရလေပြီ။ တစ်ခါက အေးခင်ပြောစကားကို ဒေါ်မြ ပြန်ပြီး အမှတ်ရမိပါရဲ့…………..
“အဒေါ်သိလား ကျွန်မလေ ကိုခင်မောင့်ကို ကြံဖန်ပြီးကျေးဇူးတင်မိတယ်….”
“ဘာများတုန်းဟဲ့”
“ ကျွန်မကို သားလေးတွေပဲ မွေးပေးခဲ့လို့ပေါ့”
“ကြံကြံဖန်ဖန်အေ…….ညည်းနှယ်”
တစ်ခါတစ်ခါ ရင်ဖွင့်လာတဲ့ အေးခင်စကားတွေက ထူးဆန်းတတ်ပါတယ်။ စိတ်ကူးတည့်ရာတွေပြောတတ်ပေမယ့် သူ့ရင်ထဲက ၀မ်းသာဝမ်းနည်းမှုတွေက ဘာအရောင်မှမပါခဲ့ပေ။ မိဘအပေါ်ကိုနားလည်ပေးပြီး လိမ္မာရေးခြားရှိတဲ့ သူ့ကလေးတွေကို သူများတကာတွေ ချီးကျူးတိုင်း ဘာရယ်မဟုတ် ကိုခင်မောင့်ကိုသာ အေးခင်ပြေးပြေးမြင်ယောင်တတ်လေပြီ။

***-----***-----***-----***-----***-----***-----***-----***-----

“အေးခင် ညည်းဟိုနေ့က ဆေးခန်းသွားရတယ်ဆို ဘာဖြစ်တာလဲ”
“အင်း…ဟုတ်တယ်အဒေါ်…….အစာအိမ်လို့တော့ ပြောတာပဲ”
“အဲ့ဒါ အစာစားချိန် မမှန်လို့ဖြစ်တာ၊ ကိုယ့်ဘာသာလည်းနဲနဲပါးပါး ဂရုစိုက်ပါဦးဟယ်၊ ခု အကြီးကောင်က အလုပ်အဆင်ပြေတယ် မဟုတ်လား ”
“ပြေပါတယ်အဒေါ်၊ ဒါပေမယ့် ကျွန်မ လုပ်နိုင်ပါသေးတယ်၊ အငယ်နှစ်ကောင်လည်း အတန်းကြီးလာပြီလေ……”
တွေးတွေးဆဆပြောလာတဲ့ အေးခင်စကားက အမှန်ပါ။ သူများတန်းတူနေရဖို့ကို မနည်းကြိုးစားနေရတဲ့အချိန်မှာ အေးခင်တို့က အနိမ့်ပိုင်းမျှသာ၊ ရပ်ကွက်၊ လမ်းထဲမှာသာ မုဆိုးမဆိုပြီး အခွင့်အရေးပေးထားပေမယ့် စာသင်ကျောင်းတွေမှာတော့ မရပါ။ အားလုံးတန်းတူပင်။ ကျောင်းသားတိုင်းအခွင့်ရေးတူသလို တောင်းသလောက်ငွေကလည်း အခွင့်ရေးတူစွာပင် မဟုတ်ပါလား။
“ဒါပေမယ်………အရင်လိုတော့ကျွန်မ မီးပူမတိုက်နိုင်တော့ဘူး၊ ဟို မုန့်ဟင်းခါးဆိုင်ကိုလည်း မသွားနိုင်တော့ဘူး”
“အဲ့ဒါပြောတာပေါ့၊ ညည်းအသက်က အလကားရပ်နေတာမဟုတ်ဘူး၊ ကျန်းမာရေးက အရေးကြီးဆုံးဆိုတာ ညည်းလဲသိသားပဲအေ”
“ဟုတ်ကဲ့ပါအဒေါ် ကျွန်မပြန်ဦးမယ်၊ အ၀တ်တွေကို သိမ်းခဲ့ရမလား”
“နေနေနေ င့ါဘာသာ သိမ်းလိုက်မယ်၊ ရော့ ဒါလေးယူသွား”
“ကျေးဇူးတင်ပါတယ်အဒေါ်ရယ်………………………”
ခပ်ယဲ့ယဲ့အပြုံးလေးတွေနဲ့ အိမ်ပြန်သွားတဲ့အေးခင်မှာတော့ ခြေလှမ်းတို့နှေးကွေးပေမယ့် အတွေးတွေက လျင်မြန်စွာလှုပ်ရှား နေပါတယ်။ မနေ့ညနေက တစ်ခွန်းတစ်စ စကားတွေက အေးခင့်နားကိုပူစေခဲ့တယ်မဟုတ်ပါလား။ သားအကြီးကောင် အလုပ်ဝင်လို့ အဆင်ပြေကာစ ရှိသေးတယ် တစ်ချိန်ချိန်မှာ ဖြစ်လာမယ့် အကြောင်းအရာတွေကို ခုလိုစောစီးစွာ ကြားရလိမ့်မယ် လို့ အေးခင် မတွက်ထားမိ။
“ဒေါ်ကြီးအေးခင်သားကို ဟိုဘက်ရပ်ကွက်မှာ ကောင်မလေးတစ်ယောက်နဲ့ တွေ့ခဲ့တယ်”
“ဟုတ်လို့လားဟယ် ငါ့သားက အဲ့လောက်အစွမ်းအစ မရှိပါဘူး”
“အကောင်းနဲ့လဲပြောပြရသေးတယ်……မယုံနေပေါ့”
ကလေးအချင်းချင်းထဲက ထွက်ကျလာတဲ့ ဒီစကားတွေကို အေးခင် မယုံချင်ခဲ့ပါဘူး။ အသက် ၂၀ ကျော်အရွယ်ဆိုပေမယ့် အေးခင်အတွက်တော့ ကလေးငယ်တစ်ယောက်လိုပါပဲ။ မိဘနဲ့အတူ မိသားစုကိုဦးဆောင်လာပြီဖြစ်တဲ့ သားအကြီးကို အေးခင် အားကိုးမိတာအမှန်ပါ။
ညီငယ်နှစ်ယောက်ရဲ့ကျောင်းစားရိတ်တွေ၊ အိမ်စားရိတ်တွေအားလုံးကို တာဝန်ယူပေးထားတဲ့အေးခင်သား အကြီးကောင်က လူငယ်တွေကြားထဲမှာတော့ အတော့်ကိုလိမ္မာပါတယ်။ အရွယ်ရောက်စ လူငယ်တွေရဲ့စရိုက်တွေ ကင်းရှင်းတာမို့လည်း ပတ်ဝန်းကျင်မှာ နာမည်ကောင်းလေးရခဲ့တာပါ။
ဘာပဲဖြစ်ဖြစ် အဆင်ပြေတဲ့တစ်နေ့ကျရင်တော့ သားဖြစ်သူကို သေချာသိအောင်မေးမြန်းမယ်လို့စိတ်ကပဲ တေးထားလိုက်ရပါတော့တယ်။ မမြင်ရသေးတဲ့ ကိစ္စတွေအတွက်လည်း အေးခင်တို့ ပြင်ဆင်ထားရဦးမှာပါလား………….။

***-----***-----***-----***-----***-----***-----***-----***-----

“အဖြစ်အပျက်ကတော့အဲ့ဒါပဲ ဒေါ်ဒေါ်မြရယ်….ကျွန်မဖြင့် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ပါဘူး။”
“အို…ဒီလိုလည်းဘယ်ဟုတ်ပါ့မလဲ အေးခင်ရယ်။ သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့်ပေါ့၊ ဒါနဲ့ သူတို့ချင်းက ဘယ်နနှစ်ရှိပြီလဲ၊ စုထားဆောင်းထားတယ်ဆိုတော့လည်း ညည်းသားက မဆိုးပါဘူးအေ့၊ ခွင့်ပြုပေးလိုက်ပါ”
“၁၀ တန်းဖြေပြီး အလုပ်စ၀င်ကတည်းက အတူတူဆိုတော့ အတော်ကြာပြီ၊ ခု အလတ်ကောင်တောင် ၁၀ တန်းရောက်နေပြီ လေ”
“ဒေါ်ဒေါ်”
“ဟေ”
“……….ကျွန်မက ကျွန်မက…… သဘောမတူတာတွေတူတာတွေနားမလည်ပါဘူး ဒေါ်မြရယ် ကျွန်မသားလေး သူများအနှိမ်ခံရမှာစိုးလို့ပါ။ ပြီးတော့….ဆွေမရှိ မျိုးမရှိနဲ့ မုဆိုးမရဲ့သား မင်္ဂလာဆောင်က ဘယ်လိုလုပ်ပြီး ခမ်းနားနိုင်ပါ့မလဲ ဒေါ်မြရယ်…အဲ့ဒါတွေ အဲဒါတွေ ကျွန်မခေါင်းထဲမှာ အရမ်းကို အလုပ်ပေးရလွန်းလို့ပါ”
တွေတွေငေးငေးလေးပြောနေတဲ့ အေးခင်ရဲ့အသံတို့ တဖြည်းဖြည်းတိုးဝင်လာသလို မျက်ရည်လေးတွေလည်း ဝေ့လာခဲ့ပါတယ်။ အားကိုးစရာအဖြစ် ဒေါ်မြတစ်ယောက်တည်းကိုသာ အစအဆုံးရင်ဖွင့်နေရှာတဲ့ အေးခင်ကိုလည်း ဒေါ်မြ ကိုယ်ချင်းစာမိပါတယ်။ ကိုယ်က အားကိုးအားထားပြုနေရတဲ့ သားတစ်ယောက်ကိုလက်လွတ်ရမှာရော၊ မပြည့်မစုံနဲ့ မင်္ဂလာဆောင်ပေးရမှာကော၊ ဟိုဘက်ကစိတ်မကောင်းစရာ စကားတွေကြားရလာရင်ကော လိုအပ်မယ့်ငွေကြေးတွေအတွက်ကော စတဲ့ စတဲ့ အတွေးပေါင်း သောင်းခြောက်ထောင်တွေအတွက် အေးခင်တစ်ယောက် မပူပဲဘယ်နေလိမ့်မလဲ။
“ဒါ ၀မ်းနည်းစရာမဟုတ်ပါဘူး အေးခင်ရယ်။ မရှိတာကိုတော့ အတင်းကြီးလိုက်ရှိဖို့မလိုပါဘူး၊ ကိုယ့်အခြေအနေကိုလည်း တစ်ရပ်ကွက်လုံးသိနေတာပဲဟာ။ ဟိုဘက်လူကြီးတွေကို သွားပြောတဲ့နေ့ကျ အသေအချာသိရတာပေါ့၊ သိပ်လည်းစိတ်ပူမနေ စမ်းပါနဲ့ အရေးကြီးတာက သူတို့ချင်းအဆင်ပြေကြဖို့ပဲ မဟုတ်လား၊ နောက်ပြီး နင့်သားက သူများသားသမီးကို ခိုးယူပေါင်းသင်းတာမှ မဟုတ်တာ မိသားဖသားပီပီသွားတောင်းမှာလေ”
“ဟုတ်တော့ဟုတ်ပါတယ်လေ…….ဒါဆို ကျွန်မပြန်ဦးမယ်နော်။ ပြင်ဆင်စရာရှိတာလေးတွေ နဲနဲပါးပါးပြင်ဆင်ရအောင် ၊ ဟိုနေ့ကျ အဒေါ် ဆက်ဆက်လိုက်ရမယ်နော်”
“လိုက်ရမှာပေါ့ အေးခင်ရယ်၊ င့ါကို စိတ်မပူစမ်းပါနဲ့၊ ညည်းသာ ကလေးတွေကို စိတ်မချမ်းသာဖြစ်အောင် ဘာမှသွားပြောမနေနဲ့၊ ကြားလား”
ဒေါ်မြစကားအဆုံးမှာတော့ အေးခင်က ခြံအပြင်သို့ရောက်နေလေပြီ။ ခပ်သုတ်သုတ် မပြေးယုံတမယ်ထွက်သွားတဲ့အေးခင် ကို ဒီတစ်ခါလည်း ဒေါ်မြမျက်စိတစ်ဆုံး ငေးကြည့်မိပြန်ပါပြီ။ ဒီတစ်ခါကတော့ အားကျခြင်းများ ပါလေမလား၊ မိဘတစ်ယောက်ရဲ့ တာဝန်တွေကို ဖခင်ကောမိခင်နေရာကနေ တာဝန်တွေကျေပွန်နေတဲ့ အေးခင်က ဒေါ်မြမျက်လုံးထဲမှာတော့ မဟာသူရဲကောင်းမ လေးပင်။

***-----***-----***-----***-----***-----***-----***-----***-----

“ဒေါ်မြ...ဒေါ်မြ….လူတွေလာကြပါ့မလားနော်၊ ခုထိလည်း မလာကြသေးပါလား”
“အော်…………အေးခင်ရယ်…….အဲ့လောက်လည်းစိတ်သိပ်မလှုပ်ရှားစမ်းပါနဲ့၊ ဘယ်သူက အချိန်စစချင်း ရောက်လာကြမှာ လဲ………ဟော………ဟော ဟိုမှာ လာနေကြပြီ”
“ အမယ် မအေးခင်ကြီး အရမ်းလှနေပါလား၊ ကြည့်စမ်း”
“ မအေးခင်ကြီးက ငါ့ကိုမဖိတ်ဘူးသိလား၊ မရပါဘူးနော် ကျွန်မတို့ကတော့ မဖိတ်လဲလာတာပဲ”
“ အဲ့လိုမဟုတ်ပါဘူး မိုးမိုးရယ်….ငါက………ဖိတ်စာသိပ်မရလို့ပါ။ ပြီးတော့…….ပြီးတော့……လာဖို့ဖိတ်ရမှာလဲ မရဲလို့ပါ”
“အာ….စတာပါ မအေးခင်ရဲ့…………..ကြည့်ကြည့် လှလှလေးတွေပျက်ကုန်တော့မှာပဲ”
အေးခင်တို့လမ်း၊ ဟိုဘက်လမ်း၊ ဒီဘက်လမ်းနဲ့ တစ်ရပ်ကွက်လုံးနီးပါး အို………..အေးခင်ဖိတ်တဲ့သူကော၊ မဖိတ်တဲ့သူတွေကော တစ်ရောက်ချင်းကစလို့ အဖွဲ့လိုက်၊ အစုလိုက် လာလိုက်ကြတာ အေးခင်တစ်ယောက် မင်္ဂလာပွဲချိန်တစ်ခုလုံး ထိုင်ချိန်ပင် မရလိုက်ပေ။
ဟိုဘက်လည်း လာပါဦး သတို့သားအမေ၊ ဒီဘက်ကလည်း “အေးခင်..နင့်သားက အချောပဲဆိုတာတစ်မျိုး” သားအကြီးရဲ့ အလုပ်ရှင်က “ခေါ်ပါဦး သတို့သားရဲ့ အမေ” ဆိုတာတစ်မျိုး အဲ့လိုတွေ စားခဲ့ရ၊ မြင်ခဲ့ရတဲ့ပီတိတွေကို အေးခင်က အရည်ရွှန်းတဲ့ မျက်လုံးအစုံနဲ့ပဲ အားလုံးကို ဧည့်ခံရပါတော့တယ်။
နဲနဲလေးများလူချင်းကွဲသွားတာနဲ့ ဒေါ်မြများပြန်သွားမလားဆိုပြီး သူ့ရဲ့တစ်ခုတည်းသော အားကိုးအားထားရာ ဒေါ်မြကိုလည်း မျက်ခြေမပျက်ရအောင် လိုက်ကြည့်နေရတာလဲအမောပါပဲ။ ရေခဲမုန့်တွေထည့်တဲ့ အနောက်ဘက်ကိုသွားလို့ လောက်ပါ့မလား၊ ပိုနေလား အဆင်ပြေလားနဲ့ ခဏခဏသွားကြည့်ရတာလဲခဏခဏပါပဲ။
“ကဲ.အေးခင် ညည်းစိတ်ပူနေတာတွေ တစ်ခုမှမဟုတ်ဘူးဆိုတာ မြင်ပီလား၊ စောနကတောင် ရေခဲမုန့်နဲ့ မုန့်တွေမလောက်လို့ ထပ်ဝယ်ရတယ်၊ ဖိတ်ထားတဲ့သူတွေ ကျန်နေသေးလို့တဲ့ ဟိုဘက်ကပြောသံကြားတယ်”
“ဟုတ်လား ဒေါ်မြ…….ကျွန်မဖြင့် သိတောင်မသိလိုက်ဘူး”
“အေးခင် ဟိုမှာ ညည်းကို နှုတ်ဆက်ကြမလို့ထင်တယ် သွားလိုက်ဦး”
“မအေးခင်ရေ ပြန်ပြီနော်…..၊ 
သတို့သားအမေ ကျွန်တော်တို့ပြန်ပါဦးမယ်၊
အေးခင်ရဲ့ လာပါဦး ငါတို့နဲ့အတူ ဓါတ်ပုံတွဲရိုက်စမ်းပါဦး
လာစမ်း၊ လာစမ်း နင်တို့ သားအမိချည်းပဲ အရင်ရိုက်စမ်းပါဦး”

***-----***-----***-----***-----***-----***-----***-----***-----

ဝင်လုလုနေရောင်ကြောင့် အရာအားလုံးလှပနေသလို လေပြေအေးလေးရဲ့ စေတနာတွေကြောင့်လည်း လူတွေအားလုံးရဲ့ အပြုံးကိုယ်စီတို့ လန်းဆန်းနေကြပေသည်။ တောက်ပသစ်လွင်သော အ၀တ်အစားများနဲ့ ပျော်ရွှင်နေကြဟန်တွေ ပိုင်ဆိုင်ထားတဲ့ တစ်စုတည်းသော နေရာလေးမှာ လူတွေအားလုံး ပြုံးလို့ပျော်နေကြလေသည်။ ပျော်လွန်းလို့ တစ်ချို့များက မျက်ရည်တောင် ကျနေကြလေသည်။
“အေးခင် ညည်းနှယ်အေ………… ခုချိန်က ငိုနေရမယ့်အချိန်မဟုတ်ဘူးလေ၊ ၀မ်းသာပြီး ပျော်နေရမယ့်အချိန်လေ”
“ကျွန်မသိပါတယ်ဒေါ်ဒေါ်မြရယ်။ ခုဟာကလည်း ကျွန်မ….. ကျွန်မ ၀မ်းသာတာလား ၀မ်းနည်းတာလား မသိတော့ပါဘူး ရင်ထဲမှာလည်း တလှပ်လှပ်နဲ့ တစ်ခုခု တစ်ခုခုပဲ၊  ကျွန်မ အားရပါးရ ငိုလိုက်ချင်လို့ပါ။ ”
“ဒါတော့ဒါပေါ့ အေးခင်ရယ်၊ ဒါပေမယ့်လည်း ဘယ်တက်နိုင်မလဲ ကိုယ်ကမိဘဆိုတော့လည်း မိဘတာဝန် ကျေပေးရတော့မပေါ့၊ ညည်း တာဝန်ကျေပါတယ်အေးခင်ရယ်၊ တာဝန်ကျေပါတယ်။”
မျက်နှာပေါ်မှာ မိတ်ကပ်အဖွေးသားနဲ့ မျက်ရည်ကျနေတဲ့အေးခင်ကို ဒေါ်မြ ဂရုဏာသက်စွာနဲ့ ပြောလိုက်မိပါတယ်။ သားဖြစ်သူရဲ့မင်္ဂလာပွဲက မထင်ထားလောက်အောင် စည်ကားခဲ့လေတော့ တစ်ချိန်လုံးစိုးရိမ်စိတ်တွေနဲ့ ဖိစီးနေခဲ့တဲ့ အေးခင်က အိမ်ရောက်တော့မှ စိတ်နှလုံးကို ဒုံးဒုံးချနိုင်ခဲ့လေသည်။
အမေကို ကန်တော့ကာ ညီငယ်တွေကို နှုတ်ဆက်လို့ ယောက္ခမအိမ်ကို ပြန်သွားတဲ့ သားဖြစ်သူရဲ့ကျောပြင်ကိုကြည့်ရင်းက အေးခင်ရဲ့ ၀မ်းသာပီတိတွေ မျက်ရည်တွေအဖြစ် ပြောင်းလဲပြစ်လိုက်ချိန်မှာ တစ်ခွန်းတစ်စအားပေးသံတွေကို မျက်ရည်ဝိုင်းနဲ့အေးခင်က အပြုံးနဲ့ နှုတ်ဆက်လို့။

“ကဲကဲ ဒါဆို…ငါလည်းပြန်လိုက်ဦးမယ်အေးခင်”

“ ဟုတ်၊ ဟုတ်ကဲ့ ကျေးဇူးပါ ဒေါ်မြရယ်”
မျက်ရည်လေး ၀ဲတဲတဲနဲ့ အိမ်ပေါက်ဝအထိလိုက်ပို့ပေးရှာတဲ့ အေးခင်ရဲ့လက်ကို အသာဖျစ်ညှစ်လိုက်ပြီး ဒေါ်မြတစ်ယောက် အိမ်ပြန်လာခဲ့ပါတယ်။ အေးခင်တို့ အိမ်လေးရဲ့ ဒီနေ့လို မင်္ဂလာနေ့လေးမှာ အေးခင်တစ်ယောက် ၀မ်းနည်းမှုကော ၀မ်းသာမှုတွေကော  မဖြစ်ပဲမနေဘူးဆိုတာ ဒေါ်မြအသိဆုံး မဟုတ်ပါလား။
အေးခင်အတွက်ဝမ်းသာမှုကို ဒေါ်မြ  သာမက ရပ်ကွက်တစ်ခုလုံးကလည်း ချီးကျူးကြမှာမလွဲပေ။ ဘ၀တစ်လျှောက်လုံး သက်သာမှုရယ်လို့ မရှိခဲ့တဲ့အေးခင်ရဲ့ဘ၀တစ်မျက်နှာစာမှာ ဒီနေ့လိုနေ့ရက်မျိုးလည်း သူ မျှော်လင့်ရဲခဲ့မှာမဟုတ်ပေ။ သူမတူအောင် စည်ကားသွားတဲ့ သားအကြီးဆုံးရဲ့ မင်္ဂလာပွဲမှာ အေးခင်တစ်ယောက် မျက်နှာပန်း ပွင့်လန်းခဲ့ပြီမဟုတ်ပါလား…။
***-----***-----***-----***
 4.8.2014
စိမ့်စမ်းရေ
http://www.takkathoyahanpyo.blogspot.com/
တက္ကသိုလ်ရဟန်းပျို ဓမ္မစာစောင် အတွဲ(၂) အမှတ် (၁၁) တွင်လည်း အားပေးဖတ်ရှုနိုင်ပါတယ်။

Posted by စိမ့်စမ်းရေ on Sunday, September 28, 2014

0 comments

Post a Comment