***လမ်းကြုံ*** 



“ ဟဲ့မောင်ပု မောင်ပု ခဏရပ်စမ်းပါဦး မင့်လည်းကို”
တောထဲကအပြန် ၀ါးစည်းတွေကို လှည်းနဲ့အပြည့်တင်လာတဲ့ မောင်ပုတစ်ယောက် အသံကြားရာကို လိုက်ရှာမိပါတယ်။
တောလမ်းလဲဖြစ်၊ တစ်ရွာနဲ့တစ်ရွာကြားလည်းဖြစ်တော့ လူသံကြားရတာ သူ့အတွက်တော့ အတော်လေး ထူးဆန်းနေပါတယ်။
ပြီးတော့ သူ့ကို တရင်းတနှီးနဲ့ခေါ်လိုက်တဲ့အသံလည်းဖြစ်တာကြောင့် ဇဝေဇ၀ါ ဖြစ်သွားရင်းက လှည်းကိုခဏရပ်လို့ တောင်ကြည့်မြောက်ကြည့်နဲ့ ရှာဖွေနေမိပါတယ်။
“ဟဲ့ ဟဲ့ မောင်ပု ငါဒီမှာဟဲ့၊ ဒီမှာ”
“ဟာ ဖွားညှက်……..ဘာလုပ်နေတာတုန်းဗျ၊ ကျုပ်ဖြင့် လန့်သွားတာပဲဗျာ……”
လှည်းလမ်းဘေး ခြုံတွေထဲက တိုးထွက်လာတဲ့ အဖွားညှက်ကိုမြင်တော့မှ မောင်ပုတစ်ယောက် သက်ပြင်းချနိုင်ခဲ့လေသည်။
“စကားအပိုတွေပြောမနေနဲ့ ငါဟိုဘက်ရွာသွားချင်လို့ အဲဒါ မင့်လှည်းနဲ့ လမ်းကြုံလိုက်ချင်လို့”
“ဗျာ……………..လှည်းကိုလည်းကြည့်ပါဦးဗျာ၊ ကျုပ်နွားနှစ်ကောင်လဲ လျှာထွက်နေပြီ။ ပြီးတော့ဖွားညှက်က အထုတ်ကလည်းပါသေး၊ နောက်မှာ ဖိုးတုတ်တို့လှည်းပါသေးတယ်၊ သူ့လှည်းက ပစ္စည်းနည်းတယ်၊ အဲဒါကိုခဏစောင့်လိုက်နော်”
“ဟာ……..အဲ့ဖိုးတုတ်လှည်း ငါမစီးချင်ပါဘူး။ ဟိုတစ်ခါတုန်းကလည်း လှည်းကိုမောင်းသွားတာများ မြို့ပေါ်က ဘာတဲ့ ယာဉ်ပျံကျနေတာပဲ၊ တော်ပြီတော်ပြီ အဲ့ကတည်းက ငါ သူ့လှည်းဆို ဝေးသေး……………”
ဘယ်လိုမှပြောရမည်မဟုတ်မှန်း မောင်ပုသိပါတယ်။ တစ်ရွာလုံးကချစ်ကြတဲ့ဖွားညှက်ကို မောင်ပုလည်းချစ်ပေသည်။ ဒါပေမယ့် ၀ါးတွေအပြည့်တင်လာတဲ့ သူ့လှည်းက အတော်ကလေးကို လေးနေလေသည်။ ဒါတွေကို ဖွားညှက်ကသိပေမယ့်လည်းမရ။
“ပြောမရလည်း တက်ဗျာ”
“ကဲ…..ငါတက်ပြီနော်…”
ပြောပြောဆိုဆိုလှည်းဘီးကနေ တက်လာတဲ့ဖွားညှက်က စကားပြောခဏနားချိန်လေးမှာပင် လှည်းပေါ်ရောက်နေလေသည်။
ခပ်ပြုံးပြုံးအမူအယာနဲ့ မောင်ပုနောက်နားလေးမှာ ကပ်ထိုင်နေတဲ့ ဖွားညှက်က ဘာတစ်ခွန်းမှမပြော။ အတန်ကြာ မောင်းမိတဲ့အခါမှာတော့ မောင်ပုက ဖွားညှက်ကို သတိရသွားဟန်နဲ့ နောက်လှည့်ကြည့်တော့…..
မောင်ပုအရမ်းလည်းအံ့သြသွားပါတယ်။ ပြီးတော့ အရမ်းလည်း ရယ်ချင်သွားလို့ အားရပါးရကို ရယ်ချလိုက်ရင်းက……
“ဟာ…..ဟာ….ဖွားညှက်…ဒါ ဘာလုပ်ထားတာလဲ၊ ခေါင်းပေါ်ကအထုတ်က ဘာလုပ်တာလဲ…၊ ဟားဟားဟား”
“ မင်းလှည်း လေးနေမှာစိုးလို့ ငါ့အထုတ် ငါရွက်ထားတာ”
မောင်ပုသာ အရယ်ကအတောမသတ်ပေမယ့် ဖွားညှက်ကတော့ ခပ်ပြုံးပြုံးပင်။ ဖွားညှက်ခေါင်းပေါ်က အထုတ်ကလေးကလည်း ခပ်လှုပ်လှုပ်လေးပင်………………………..။


23.6.2014
သူဇာလေး(စိမ့်စမ်းရေ)

Posted by စိမ့်စမ်းရေ on Sunday, June 22, 2014

0 comments

Post a Comment