အိမ်ရှေ့ကွပ်ပြစ်လေးမှာထိုင်ပြီး တစိမ့်စိမ့်ရွာနေတဲ့မိုးကို အဓိပ္ပါယ်မဲ့ ငေးကြည့်နေမိရင်းက မောင်ပုတစ်ယောက် အတွေးနယ်ချဲ့မိနေပါတယ်။  “အင်း….ဒီတစ်ခေါက်မိုးရွာတာ တော်တော်ကြာနေပြီ  စနေမိုးက အညှိုးကြီးတယ်ဆိုလားပဲ”
သက်ကြီးရွယ်အိုများနဲ့ ကလေးတော်တော်များများ ရာသီဖျား ဖျားနေကြတဲ့အချိန်မှာ မောင်ပုရဲ့ ကလေး ၂ ယောက်လည်းအပါအ၀င်ပါ။ မိုးတွင်းချိန်ခါမှာ ဒါတွေကဖြစ်နေကျသဘာဝဆိုတော့ သူ့အတွက်ကတော့ ထွေထွေထူးထူး ဘာမှမခံစားရပေ။ သူ့အချန်တန်ရင် ပျောက်သွားမှာပဲဟုသာ။
“ဟ ဟေ့ကောင်ကြီး ဘာတွေများ စဉ်းစားနေတာတုန်းကွ”
အိမ်ထဲကိုလူမရောက်ခင်ကတည်းက အသံကအရင်ရောက်လာတဲ့ ဖိုးထောင်စကားကြောင့် မောင်ပု အတွေးတို့ အဝေးလွင့်သွားရပါတယ်။
“ဘာရယ်မဟုတ်ပါဘူးကွာ………..ဒီလိုပါပဲ” “ဒါနဲ့ မင်းဘယ်ကလှည့်လာတာလဲ”
“မင်းဆီသက်သက်လာတာ၊ ဖွားညှက်ကိုသတင်းသွားမေးမလို့ ပြီးတော့ စားစရာလေးတွေလည်း သွားပို့မလို့အဲ့ဒါ ကိုသာလှက ခေါ်ခိုင်းလိုက်လို့”
“အော်………..အေး..ဖွားညှက်တော်တော်နေမကောင်းဖြစ်နေတာလား၊ အဲဒါဆိုလည်း သွားကြမယ်လေ”
ပြောပြောဆိုဆိုနဲ့ မောင်ပုက တိုင်မှာချိတ်ထားတဲ့ ခမောက်ကို လှမ်းဆွဲယူလိုက်ပြီး ဖိုးထောင်နဲ့အတူ ရွာလယ်ပိုင်းဆီသို့ ထွက်လာလိုက်ပါတယ်။
မောင်ပုတို့ရွာလေးက ချစ်ခင်စရာဓလေ့စရိုက်လေးတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားပါတယ်။ တစ်ဦးကိုတစ်ဦး ချစ်ခင်ကြင်နာကြလို့ အလေးထား ဂရုစိုက်ပေးမှုတွေလည်း ရှိကြပါတယ်။ သက်ကြီးရွယ်အိုများနဲ့ မိသားစု မဲ့နေသူများကို ပို၍ပင် အလေးထား ဂရုစိုက်ပေးကြပါတယ်။
ခုလည်း ရွာနောက်ပိုင်းမှာ တစ်ယောက်တည်းနေတဲ့ဖွားညှက် နေမကောင်းဖြစ်နေတာမို့  ရွာကလူငယ်တွေ အားလုံး တစ်စုတစ်စည်းထဲ သွားရောက်ကြဖို့ပါ။ စားချင်တာလေးတွေ၊ ခံတွင်းတွေ့မယ့်အရာလေးတွေလည်း ယူသွားလို့ ၊ ရှော်စရာ၊ ဖွပ်စရာတွေလည်း ကူညီညာလျှော်ကြလို့ ၊ စိတ်ပြေလက်ပျောက်ဖြစ်စေမယ့် စကားလေးတွေလည်းပြောကြလို့နဲ့ တစ်ကယ့်ကိုချစ်စရာ့ မြန်မာ့ဓလေ့လေးတစ်ခုပင်။
“ဖွားညှက်ရေ….ဖွားညှက်………….ကျွန်တော်တို့ပါ……………..မောင်ပုတို့ ဖိုးထောင်တို့ပါ”
 “အဟွတ်…အဟွတ်……ဟေ………….ဘယ်သူတွေများတုန်း……..လာကြလေကွယ်…….”
“ရော့……………ဒါကအဖွားတွက်၊ အားလုံးက ကြည့်ပြီး စီစဉ်လာကြတာ”
“ဘာလို့ တကူးတကတွေလုပ်လာပြန်ကြသလဲကွယ်။ ဖွားတွက် ဘာမှမလိုပါဘူး၊ အချိန်တန်တော့ ပျောက်သွားမှာပဲလေ….အဟွတ်…အဟွတ်…ဖွားက သက်သာနေပါပြီ။ ချောင်းဆိုးလေးပဲနဲနဲကျန်တာပါ အဟွတ် ဟွတ်”
“ဟော..ပြောရင်းဆိုရင်းကို ချောင်းကဆိုးလာပြန်ပြီ၊ အဖွား ၀ယ်ထားတဲ့ ဆေးလေးဘာလေး မရှိဘူးလား၊ မရှိရင်လည်း ကျွန်တော်တို့ သွားဝယ်လိုက်မယ်….”
“ဟဲ့…ဟဲ့….ဟဲ့……အမလေးသွားမ၀ယ်ပါနဲ့တော်…..ကျုပ်မှာရှိပါတယ်….ရှိပါတယ်….မောင်ပု…ဟောဟို စင်ပေါ်က ဘူးထဲကိုကြည့်စမ်း……….အဲ့မှာ ဆေးလုံးထုတ်ရှိတယ်…”
“ဟုတ်..ဖွားညှက်”
“ဟဲ့.မောင်ပု……ကြာလှချေလား…………..မတွေ့ဘူးလား…….”
“တွေ့တော့တွေ့တယ်ဖွားညှက်ရ……..ဒါပေမယ့် ဆေးလုံးမဟုတ်ဘူး………….”
“မင်းကို ဘယ်သူကဆေးလုံးပြောလဲ…………ဆေးလုံးထုတ်လို့ပြောတာ………တကတည်းမှပဲ၊ အဲဒါမှန်တယ် ယူခဲ့….”
“ဗျာ…..ဖွားညှက်ကလည်း အမှုန့်ထုတ်က ဘယ်လိုလုပ် ဆေးလုံးထုပ်ဖြစ်မလဲ…….”
“လာလာ……..ဒီမှာလာကြည့်………အမှုန့်ကိုဟောလိုလက်ထဲထည့် ပါးစပ်ထဲကို ဟောလိုပစ်ထည့်……လျှာလေးနဲ့အသာလေးလုံး……မျိုချ  ..အဲ့ဒါ ဆေးလုံးပေါ့…………….”
“ဟားဟားဟား…………….ဟုတ်ပါတယ်ဟုတ်ပါတယ်…………ဆေးလုံးပါခင်ဗျာ……….ဆေးလုံးပါခင်ဗျာ”
မောင်ပုတို့အားလုံး အားရပါးရ ရယ်လိုက်ကြပေမယ့် ဖွားညှက်ကတော့ ပြုံးစစ လေးနဲ့ပင်………………..။

*****-----******-----*****-----******-----*****-----******-----



 သူဇာလေး (စိမ့်စမ်းရေ)
24.6.2014






Posted by စိမ့်စမ်းရေ on Tuesday, June 24, 2014

0 comments

Post a Comment