“ ကလင်ကလင်…
ကလင်ကလင် ”
ဝေးသွားလိုက်
နီးလာလိုက်နဲ့ ကြားလိုက်ရတဲ့ နှိုးစက်နာရီသံ အဆုံးမှာတော့ ခင်တစ်ယောက် အိပ်ယာနိုးခဲ့လေပြီ၊
ခေါင်းရင်းဘက်က ကြွက်လျှောက်တန်းလေးပေါ်မှာတင်ထားတဲ့
ချစ်စရာ နှိုးစက် နာရီလေးကို လက်ကလေးနဲ့အသာပုတ်လိုက်ရင်းက ကြည်နူးအပြုံးလေးတစ်ခုတော့ခင့်မျက်နှာပေါ်
ဖြတ်ပြေးသွားလေရဲ့။
ဒီနေ့တော့
မြင်မြင်သမျှ၊ ကြားသမျှနဲ့ တွေ့ထိသမျှအရာအားလုံးနူးညံ့နေပါလားလို့ ခင် ထင်မိပါတယ်။
မနက် မလင်းတလင်းရဲ့ မှုံပြပြလေးကိုလည်း ခင်နှစ်သက်မိနေသည်။ လေနုလေးရဲ့ ခပ်အေးအေး အရသာလေးကလည်းချစ်စရာ၊
ချိုမြမြနှိုးစက်သံလေး ကလည်း ချစ်စရာ၊ အိုး……………ဒီနေ့တော့ အရာအားလုံးလှပလို့နေပါလား။
ဒီချိန်ဆို
အကျော်ရော…အကျော့်မိဘတွေကော……ဘာများလုပ်နေမှာပါလိမ့်။ အိပ်နေတုန်းလား၊ နိုးနေပြီလား၊
ခင့်ကိုမျှော်နေမလား၊
“ အို……သိတော့ပါဘူး……”
တစ်ယောက်တည်း
တွေးလိုက် ပြုံးလိုက်နဲ့ ရင်ခုန်နေတဲ့ခင်တစ်ယောက်တော့ ပြင်ဆင်စရာကိစ္စတွေကို ပြင်ဆင်နေမိပါတယ်။
ဒီနေ့ အကျော်တို့အိမ်ကို အလည်လာဖို့ ခင့်ကိုဖိတ်ထားတာကြောင့် ခင် ရင်ခုန်နေမိတာ၊ ပျော်နေမိတာ။
ပြီးတော့ ကြည်နူးနေသလိုလိုပဲ။ ဓါတ်ပုံလောက်သာမြင်ဖူးထားတဲ့ အကျော့် မိဘတွေကို ခုမှ
နဖူးတွေ့၊ ဒူးတွေ့ ခင်မြင်ရတော့မယ်လေ။ အမလေး….ဘယ်လောက်များရင်ခုန်ဖို့ကောင်းလိုက်ပါလိမ့်။
“ ခင်တို့
အူမြူးနေတာ အမြင်ကပ်တယ်ဟေ့”
“မဟုတ်ပါဘူး
မမြရယ်။ စိတ်ထင်လို့ပါနော်၊ ခင်ကပုံမှန်ပါပဲ”
အတူနေ
အမတွေက ခင့်ကိုဝိုင်းစကြပေမယ့် ခင်ကလုံးဝစိတ်မဆိုးမိပါ၊ တစ်ကယ်တန်းကျတော့ ကိုယ်က သူတို့ပြောတာ
ထက်တောင်လွန်နေသေးတယ်မဟုတ်လား။
“ စောစောပြန်လာနော်ခင်၊
ညနေကျ လက်ဖက်သုပ်စားကြရအောင်”
“ဟုတ်ကဲ့ပါ
မမြရဲ့”
“ ကဲပါ၊
ကဲပါ၊ ဒေါ်ခင်ခင်တို့ လုပ်စရာရှိတာလုပ်ပါရှင့်။ လှလှလေးလည်း ပြင်သွားပါရှင့်၊ ယောက္ခမချက်ကျွေးတဲ့ထမင်းကိုလည်း
အားရပါးရစားခဲ့ပါရှင့်”
“ ဟယ်..မမြကတော့လုပ်ပီနော်”
ကိုယ့်ဘာသာရှက်ရယ်
ရယ်လိုက်ရင်းက ပြင်ဆင်စရာများကို ခင်အမြန်ဆုံးပဲ ပြင်လိုက်မိပါတယ်။ ပြင်လို့မဆုံး တပြုံးပြုံးဖြစ်နေတဲ့
ခင့်ကိုတော့ မမြတို့ အမြင်ကပ်နေလောက်ပါပြီ။ အစစအရာရာ ညီမရင်းလိုနေလာခဲ့တဲ့ ဒီအတောအတွင်းမှာတော့
ခင့်အတွက်က မမြတို့သာ အားကိုးအားထားရာမဟုတ်လား။ အားလုံးကိုနှုတ်ဆက်လို့ ခင် ထွက်လာခဲ့တော့
မနက် ၆ နာရီပင်မထိုးသေးပေ။
6 နာရိဆိုတာ အရင်ကလည်း ခင်အလုပ်သွားချိန်ပဲလေ။ ဒါပေမယ့်
ဒီနေ့တော့ စိတ်ထဲမှာ မိုးအတော်လင်းနေပီလားလို့။
ပေါ့ပါးတဲ့ခြေလှမ်းလေးတွေက
ဒီနေ့မှပိုများသွက်နေသလားလို့တောင် ခင်ထင်မိပါတယ်။ လမ်းလျှောက်နေရင်းက ခင်များစွာတွေးမိလေပြီ။
ခင်လာမယ်ဆိုလို့ ခင့်အတွက် အလုပ်များနေကြပြီလား၊ အို….အားနာမိပါရဲ့။ တွေ့ဖူးချင်နေတာ
ကြာပြီလို့ အကျော်ပြောပြထားကတည်းက ခင်ကလည်း အကျော့်မိဘတွေကို တွေ့ဖူးချင်နေတာပါ။
“ အကျော့်
မေမကပြောတယ် ခင်ကို မြင်မြင်ချင်း ချစ်မိတယ်တဲ့၊ အကျော်တို့မှာ ညီမ၊ အမ မရှိဘူးလေ”
အဲလိုလေးပြောပြထားတဲ့
အကျော့် စကားတွေကြောင့် ခင် နဲနဲတော့ အားရှိပါရဲ့။ အင်းပါလေ အခြေအနေကြည့်ရတာပေါ့။ ခင်လဲ
ငယ်တော့တာမှမဟုတ်ပဲ။ သင့်တင့်တဲ့ ဆင်ခြင်ဥာဏ်နဲ့ စဉ်းစားတွေးတောနိုင်မှုတော့ ရှိတန်ကောင်းပါတယ်လေ။
မိမိဘာသာမေးလို့၊
ကိုယ့်ဘာသာပဲပြန်ဖြေ၊ တစ်ယောက်တည်းဆုံးဖြတ်ချက်ချလိုက်ပြီးတဲ့ဟန်နဲ့ ခင့်ပုံစံက တစ်ကယ့်
သူရဲကောင်းအမျိုးသမီးအသွင်ပေါ့။ ကားမှတ်တိုင်ရှိရာ လှမ်းနေတဲ့ခြေလှမ်းတိုင်းမှာ ဒီတစ်ချိန်က
အားအင်အပြည့်ဆုံးပါလားလို့။
-----***-----***-----***-----***-----***-----***-----***-----***
နေ့လည်
၁ နာရီ။
“ အား
ပါးပါး ပူလိုက်တာ။ အိမ်ကိုမြန်မြန်ရောက်မှပဲ”
အကျော်တို့အိမ်ကပြန်လာတဲ့လမ်းတစ်လျောက်တော့
နေက အရမ်းပူလို့နေလေသည်။ နေပူတာထက် ရင်ပူနေတာ သာ၍ဆိုးပါသည်။ ရင်ပူပူနဲ့တွေးမိတဲ့ခင့်အတွေးများလည်း
ပူနွေးသည်ထက်ပို၍ ပူလောင်လို့နေပါသည်။ စိတ်ထဲအလိုမကျမှု
ကြောင့်သာ ခုလိုအချိန်ပြန်လာရပေမယ့် အမှန်တော့ အကျော်တို့အိမ်မှာ နေစောင်းသည်အထိနေပြီးမှ
ပြန်မယ်လို့တွေးထားတဲ့ ခင့်အတွေးတွေက အဝေးကိုထွက်ပြေးသွားခဲ့ပြီမဟုတ်လား။
ခုလို
နေ့ခင်းကြီးပြန်လာတဲ့ခင့်ကို မမြတို့ ၀ိုင်းများလှောင်ကြမလား၊ တစ်မျိုးတစ်မည်များထင်ကြမလား။
တနေရာရာနေပြီးမှပဲ ညနေစောင်းမှ အိမ်ပြန်ရင်ကောင်းမလား….အို…ခင့်ရင်တွေမောလိုက်တာ….ဘာလို့များအဲ့လောက်တောင်ဖြစ်နေရတာပါလိမ့်
ခင်တစ်ယောက်တည်း ဗျာများနေရင်းကပဲ…………ပေတစ်ရာ ကားလမ်းပေါ်မှာပြေးလွှားနေတဲ့ ကားကို မမြတို့ဆီသာ
အမြန်ရောက်အောင် မောင်းပေးပါတော့ဟုသာ.. ကျိတ်၍ ဆုတောင်းလိုက်ရပါတော့တယ်…………………။
“ ဟယ်….ခင်၊
ပြန်လာပြီ၊
ပြန်လာတာစောလိုက်တာ။
နဲနဲနေအေးမှပြန်လာ….ပြီးရော၊ ဒီချိန်အပြင်မှာဘယ်လောက်ပူလိုက်လဲ”
“အင်း…အင်း….မမမြ….ခင်ဗိုက်ဆာတယ်”
“အမလေး
ကြားသားမိုးကြိုး…တော်ရမယ့်ယောက္ခမအိမ်သွားတာ ဘာမှမစားလာဘူးလား”
ခင့်ကိုထူးဆန်းသွားဟန်နဲ့
မမြတို့နှစ်ယောက်သား မျက်စပစ်နေကြပြီဆိုတာ ခင်သိပါတယ်။ ဘယ်လိုလဲ၊ ဘာလဲ၊ ဘာတွေဖြစ်လာတာလဲ
ဆိုတဲ့အတွေးနဲ့ ခင့်ကိုထမင်းဟင်းတွေခူးခပ်ထည့်ပေးနေတဲ့ မမြတော့ သိချင်နေရှာရော့မယ်။
ထမင်းစားပွဲဝိုင်းလေးမှာ
၃ ယောက်သားစုထိုင်ကြလို့ စကားစရှာနေတဲ့ မမြကို ခင် ဘယ်နားက ဘာစပြောရမှန်း မသိတော့ပါဘူး။
တွေတွေငေးငေးဖြစ်နေတဲ့ခင်ကတော့ မျက်စိရှေ့က ထမင်းပန်းကန်ကိုသာ မြင်နေမိပါတယ်။ ဆာလောင်မှုကြောင့်
ရင်ထဲတလှပ်လှပ်ဖြစ်နေပေမယ့် ခင် အားရပါးရ မစားနိုင်သေးပါ။
“ခင်………..ညီမလေး၊
အဆင်မပြေခဲ့ဘူးလား၊ ဘာတွေပြောလိုက်လို့လဲ”
“ဟင့်အင်း၊
ဘာမှမပြောပါဘူး မမြ”
“ဘာမှမပြောဘူးသာဆိုတယ်
မျက်နှာကြီးက ဘယ်လိုဖြစ်နေတာလဲ ပြောပြပါမမြတို့ကို။ ဘာလဲ မမြတို့ကို မယုံလို့လား”
“မဟုတ်၊
မဟုတ်ပါဘူး မမြရယ်။ မယုံစရာအကြောင်းမှမရှိတာကို”
“ကဲပါ၊
ဒါဆိုလည်း ထမင်းတော့ပြီးအောင်စားလိုက်နော်”
အနားကနေထွက်သွားပေးတဲ့
မမြရဲ့နောက်ကျောကို ခင် လေးဖင့်စွာနဲ့ပဲ ကြည့်နေမိလိုက်ပါတယ်။ ပါးစပ်ထဲဝင်သွားတဲ့
ထမင်းတွေတောင် ခင် ၀ါးများဝါးမိရဲ့လား။ ဘာအရသာမှန်းတောင်မသိတော့ပေ။ ဆာလောင်နေတဲ့ဗိုက်ကို
သက်သာစေဖို့သာ လောလောဆယ်ဦးတည်လိုက်ရင်းက အကျော်တို့အိမ်က မိသားစုကို ပြေးသာမြင်ယောင်လိုက်ပါတော့တယ်………..။
-----***-----***-----***-----***-----***-----***-----***-----***
“အကျော်ရေ..ခင်ဒီမှာ”
ကားမှတ်တိုင်မှာ
စောင့်နေတဲ့အကျော့်ကို ခင်အဝေးကပင်လှမ်းမြင်လိုက်ရပါတယ်။ ခုမှအိပ်ရာထလာတဲ့ပုံစံနဲ့အကျော့်ပုံစံက
ညှင်းသိုးသိုးများဖြစ်နေလားလို့။ မိဘအိမ်ကိုအိမ်လည်ခေါ်တဲ့ အကျော့်ပုံစံကို မြင်မြင်ချင်းထဲကပင်
ခင် သဘောမကျချင်ခဲ့ပါ။ ပျင်းရိလေးတွဲဟန်ဖြစ်နေတဲ့ အကျော့်ကို ခင် စိတ်မရှည်ဟန်ဖြင့်
“အကျော်ရယ်
အကျော့်အိမ်ကို ခင်လာလည်တာလေ၊ နဲနဲပါးပါး သပ်သပ်ရပ်ရပ်လေးတော့ ဖြစ်နေဖို့ကောင်းပါတယ်။
ခုတော့ကြည့်ပါဦး အဝေးကလာရတဲ့ခင့်ကိုတောင် အားမနာဘူး၊ အမောမပြေဘူးသိလား”
“အော်….ခင်ကလည်း
အလုပ်သွားတာမှမဟုတ်ပဲ၊ ပြီးတော့ မသိတဲ့သူတွေမှမဟုတ်ကြတာ၊ မဟုတ်ဘူးလား…။”
ပေစောင်းစောင်းနဲ့ပြောလာတဲ့
အကျော့်ကို ခင် ဘာမှထပ်ပြီး မပြောဖြစ်တော့၊ မရောက်ဖူးတဲ့ နေရာတစ်ခုကိုရောက်နေတဲ့ ခင့်အတွက်တော့
အရာရာက အသစ်အဆန်းပင်။ လူတွေများ ၀ိုင်းကြည့်နေကြမလား၊ ခင့်ပုံစံက ဘာများဖြစ်နေလဲ၊ အကျော့်မိဘတွေ
ခင့်ကိုစောင့်နေကြမလား၊ အိမ်ကိုဘယ်လိုပုံစံနဲ့ဝင်သွားရမလဲ၊ မျက်နှာကိုဘယ်လို ထားရမလဲ..အိုး…စုံလို့..စုံလို့။
“ ခင်..ဘာတွေ
တွေးနေတာလဲ”
“ဘာမှမဟုတ်ပါဘူးအကျော်ရ”
အကျော်တို့နေရာလေးက
အတော်အတန်ပင်စည်ကားလှပါတယ်။ မနက် ၇ နာရီဆိုပေမယ့် နေရာတိုင်းမှာတော့ လူတွေချည်းသာ။
လက်ဖက်ရည်ဆိုင်၊ ကားမှတ်တိုင်၊ ကွမ်းယာဆိုင်နဲ့ ဈေးသေးသေးလေးမှအစ အားလုံး လူတွေနဲ့ချည်းသာ
ပြည့်နေလေသည်။ အကျော့်အမ၀မ်းကွဲတစ်ယောက်က ဒီဈေးလေးထဲမှာ ဈေးရောင်းတယ်လို့ပြောပြထားတော့
ခင့်မျက်နှာက ဈေးလမ်းထဲကို မကြည့်ရဲခဲ့ပါ။
ကားမှတ်တိုင်နဲ့အိမ်ကိုရောက်အောင်
10 မိနစ်ကျော်လောက်တော့လမ်းလျှောက်ရပါသေးတယ်။ တဒိတ်ဒိတ်ခုန်နေတဲ့ရင်အစုံက ဟာတာတာနဲ့ပင်၊
အဝေးကလာရတဲ့ဧည့်သည်ကို ဘာတွေနဲ့များဧည့်ခံလိမ့်မလဲလို့ ခင်တွေးထားလိုက်သေးသည်။ စိတ်ပူပန်မှုနဲ့
စိတ်လောနေမှုကြောင့် ဗိုက်ထဲဘာမှမထည့်ခဲ့တဲ့ခင်က မမြင်ရသေးတဲ့အရသာကို ဂျေးများကြည့်နေမိသေးသည်။
တဖြည်းဖြည်း လမ်းလျှောက်လာရင်းက အကျော်တို့အိမ်က လမ်းသွယ်တစ်ခုထဲမှာပင်။
“ ခင်……..ဟိုဟာ ကိုယ်တို့အိမ်လေ”
အကျော့်အပြောကြောင့်
ခပ်လှမ်းလှမ်းကအိမ်ဝိုင်ေးလးကို ခင် ငေးကြည့်လိုက်မိပါတယ်။ သပ်ရပ်ပြီး နေချင်စရာကောင်းတဲ့
အိမ်လေးပါလားလို့ တွေးမိလိုက်ပါတယ်။ ရန်ကုန်မြို့လိုနေရာမှာ ပျဉ်ထောင်ပျဉ်ခင်း အိမ်လေးတွေက
တဖြည်းဖြည်းရှားပါးနေပြီမဟုတ်လား။ မြို့လည်ခေါင်နဲ့ တစ်နာရီလောက်သာ ကားစီးရတဲ့ အကျော်တို့
တို့ရပ်ကွက်လေးမှာ သူလိုကိုယ်လိုလူတန်းစားတွေသာ ရှိကြတာမို့ မြင်မြင်သမျှတော့ ခင်တို့လိုနယ်ကလာသူတွေအနေနဲ့
သိပ်မကွာခြားလှပေ။
အိမ်နဲ့တဖြည်းဖြည်းနီးလာခဲ့ပေမယ့်
လူရိပ်၊ လူသံ ဘာမှမကြားရတော့ ခင် အနည်းငယ် စိုးရိမ်မိသွားသည်။ အိမ်နောက်ဘက်များ ရောက်နေကြလား၊
ဘာများလုပ်နေကြလို့လဲ၊ မရှိများ မရှိဘူးလား စသည်..စသည်ဖြင့် အတွေးတွေက ရင်ခုန်နှုန်းကိုမြန်စေပါတယ်။
အိမ်ထဲရောက်ရောက်ချင်းမှာပဲ အကျော်က ဧည့်ခန်းထဲ ကုလားထိုင်ပေါ်က စာရွက်အချို့ကို ဘေးသို့ဖယ်ပေးရင်းက
“ လာ..ခင်၊
ဒီမှာထိုင်”
“အကျော့်
မိဘတွေကော”
“ မရှိကြဘူးလေ။
အဖေက လမ်းထိပ်ဘက်ကိုခဏသွားတယ်၊ ခဏနေရင်ပြန်လာတော့မှာ၊ အမေကတော့ ထုံးစံအတိုင်း ထွက်သွားတာပဲ၊”
“အော်……ခင်က
အားလုံးရှိနေကြမယ်ထင်လို့လေ၊ အကျော်က ခင် လာမယ်လို့ ပြောမပြထားဘူးလား”
“အမလေး
မမခင်ရယ်………….ကျွန်တော်မျိုးပြောပြထားပါတယ်ခင်ဗျာ….ဘာလဲ မယုံဘူးလား….ခုက ခင်ပဲ ပုံမှန်ထက်
နဲနဲစောလာတယ်ဆို”
“အင်းပါ၊
အင်းပါ”
တစ်အိမ်လုံးရဲ့ဖွဲ့စည်းပုံကို
ခင်လေ့လာကြည့်မိပါတယ်။ မိန်းကလေးမရှိတဲ့အိမ်က ဒီလိုပဲလားလို့တောင် မေးကြည့်ချင်ပါသေး
တယ်။ တစ်ကယ်ဆို အကျော့်အမေ့ကလည်း မိန်းကလေးပဲမဟုတ်ဘူးလား။ ကလေးတွေကရှုပ်ပွထားတဲ့ဟန်နဲ့
တစ်အိမ်လုံးက ခြေချစရာနေရာမရှိပါ။ ခြေချစရာမရှိသလို အ၀တ်တွေကလည်း တန်းပေါ် တိုးလိုးတန်းလန်းတွေပင်။
မနေ့ တနေ့ကမှ အကျော်ဝတ်ခဲ့တဲ့ အင်္ကျီတောင် ခင် မြင်လိုက်မိပါသေးတယ် ခင် စဉ်းစားကြည့်မိတယ်လေ
၃ ယောက်တည်းသာနေပေလို့။
“အော်…သမီးရောက်နေပြီလား”
“ဟုတ်…ဟုတ်ကဲ့”
အပြင်ကပြန်လာဟန်ဖြစ်တဲ့
အကျော့်အဖေက အိမ်ထဲစ၀င်ဝင်ချင်းကတည်းကနှုတ်ဆက်တော့ ခင် နဲနဲအားရှိသွားပါရဲ့။
အော်..
သိထားကြတာပဲဟုသာ။
ခင်ရှိရာကို
ဝင်လာထိုင်လို့ စကားစမည်ပြောကြတော့ အကျော့်အဖေကလည်း လူရိုးလူအေးတစ်ယောက်ပါလားလို့ ခင့်
စိတ်ထဲက မှတ်ချက်ပြုလိုက်ပါတယ်။ အပြန်အလှန်စကားတွေပြောနေကြရင်းက ခင်လည်း အကျော့်အမေများ
လာနေမလားလို့ အိမ်ရှေ့ဆီကို မကြာခဏ လှမ်းလှမ်းကြည့်မိတော့……….
“သမီး…ဘာတွေကြည့်နေတာလဲ”
“ဟို……ဘာမှမဟုတ်ပါဘူး……ဦး……”
“လွတ်လွတ်လပ်လပ်နေနော်၊
ဘာမှအားမနာနဲ့ အားလုံးကမိသားစုတွေပဲပေါ့၊ မဟုတ်ဘူးလား”
“ဟုတ်ကဲ့ပါ
ဦး”
အကျော့်အဖေနဲ့စကားပြောနေရပေမယ့်
ခင့်ဗိုက်ထဲကတော့ ဆာတာတာပင်။ ခုံဘေးမှာကပ်လျက်ထိုင်နေတဲ့ အကျော်ကတော့ ခင့်ကိုတစ်လှည့်၊
သူ့အဖေကိုတစ်လှည့်ကြည့်နေပါတယ်။ ပထမဦးဆုံး စစသိ၊ စစမြင်တဲ့ အကျော့်အဖေရှေ့မှာ ဗိုက်ဆာလိုက်တာ
လို့ ခင်မပြောရဲပါ။ အကျော်များ စကားစလေမလားလို့ ခင်လည်း အကျော့်မျက်နှာကို ခဏခဏကြည့်ရတာအမောပင်။
“ဖွား
ဖွားကြီး…….မုန့်ဖိုးပေး….မုန့်ဖိုးပေး……..”
အိမ်ရှေ့ဘက်နားက
ကလေးငယ်တစ်ယောက်ရဲ့ ပြေးလွှားသံနဲ့အတူ စကားသံတို့ပါကြားလိုက်ရတာမို့ ကျွန်မလည်း အလိုလို
နားစွင့်မိလျက်သားဖြစ်သွားပါတယ်။ မုန့်ဖိုးတောင်းတဲ့
ကလေးကို အဖွားဖြစ်သူက ငွေအချို့လက်ထဲထိုးထည့်ပေးလိုက်တာကို မြင်တော့မှ ကျွန်မမျက်နှာလည်း
နဂိုဘက်ကို ပြန်လည့်မိပါတယ်။ အကျော်နဲ့ သူ့အဖေကတော့ ထိုနေရာမှ မျက်လုံးမခွါကြသေးပေ။
“ခင်..အဲဒါ
မေမေလေ၊ ကလေးက အမ၀မ်းကွဲသားပေါ့”
“အော်………….”
ခင့်ပါးစပ်က
အာမေဋိတ်က မဆုံးလိုက်ရပါ။ အိမ်ပေါ်ကိုခြေသံပြင်းပြင်းနဲ့ ဆောင့်တက်လာတဲ့ ခြေသံကြောင့်
ခင်လဲ နောက်လှည့်ကြည့်မိလိုက်ပါတယ်။ လူလတ်ပိုင်းအရွယ်လောက်သာထင်ရတဲ့ အကျော့်အမေက နုပျိုတုန်းပင်။
စောနက ခပ်လှည်းလှည်းနေပူထဲကနေ လှမ်းမြင်လိုက်ရလို့ မခန့်မှန်းတတ်ပေမယ့် အိမ်ပေါ်ရောက်လာတော့မှ
အသေအချာ ကြည့်မိရပါတယ်။ ခပ်သွက်သွက်နဲ့ လည်လည်ဝယ်ဝယ်ရှိမည့်ပုံပါ။ လုပ်တာကိုင်တာပြောတာဆိုတာကို
ကြည့်ရုံနဲ့ အဲ့လောက်တော့ ခင်လည်း ခန့်မှန်းတတ်ခဲ့ပါတယ်။
“ အော်…သမီးရောက်နေပီလား…”
“ ကိစ္စလေးတွေက
ကိုယ်တိုင်လိုက်မှဖြစ်လို့ ထွက်သွားရတာ။ ငကျော်ကတော့ပြောတယ် ဒီနေ့ သမီးလာမယ်လို့လေ”
“ဟုတ်ကဲ့
အန်တီ”
စကားလည်းပြော၊
လူကလည်း ခင့်အနားကို ၀င်ထိုင်လို့ ခုမှမြင်ဖူးပေမယ့် ရင်းနှီးတဲ့ဟန်ပန်ကြောင့် ခင်
အားတက်သွားပါတယ်။ ခင့်မိဘအကြောင်း၊ မောင်နှမတွေအကြောင်းကို
မေးကြပြောကြပေမယ့် အကျော်ပြောပြထားလို့ အားလုံးသိထားတဲ့အကြောင်းပြောပြတော့ ခင် အနေမကျဉ်းကြပ်ခဲ့ပါ။
“ ဟုတ်တယ်ခင်ရ….
မေမေ့မှာက သမီးအရင်းမရှိဘူးလေ၊ ခင်ပဲ အကုန်လုံး ဦးစီးလုပ်ကိုင်ပေးရမှာ”
ကြားကနေ
စကားစဖြတ် ၀င်ပြောလာတဲ့ အကျော့်စကားကို ကျွန်မ ပြုံး၍သာ တုန့်ပြန်လိုက်ပါတယ်။ စကားပြောနေရင်းက
အမှတ်မထင်နဲ့ နာရိကိုကြည့်မိတော့ 9 နာရီတောင်ခွဲလုပြီ။
“ ဒါနဲ့
သမီး ထမင်းစားပြီးမှ ပြန်နော်”
နှုတ်ကနေ
ခင် မတုန့်ပြန်မိပါ။ ခေါင်းသာ အသာညှိတ်လိုက်ရင်းက မီးဖိုချောင်ဘက်ဆီသို့ ကျွန်မ အသာနားစွင့်မိပါတယ်။
ကျွန်မ စရောက်ကတည်းက ဘာမှပြင်ဆင်မထား၊ မချက်ပြုတ်ရသေးတဲ့ ဒီအိမ်မှာ ကျွန်မကို ထမင်းစားသွားဆိုပါလား…….။
“ ငကျော်..မေမေ
ဒံပေါက် မှာထားခဲ့တယ် လာပို့လိမ့်မယ်သိလား၊ မေမေအပြင်ခဏပြန်သွားလိုက်ဦးမယ်။ သားတို့
သမီးတို့ အရင်စားထားနှင့်နော်”
“ဟ……….တယ်မိုက်ပါလား
ငကျော်တို့တော့ ပွတာပဲဟေ့၊ ဒီနေ့တော့ စားကောင်းပြီကွ…………..”
အိမ်ပေါ်ကနေအပြင်ပြန်ထွက်သွားတဲ့
အကျော့်အမေကို ခင်လည်း အိမ်ရှေ့ထိ လိုက်ပို့မိလျက်သားဖြစ်သွားပါတယ်။ အကျော်တို့ အိမ်အကြောင်း
သေချာဂဂနန မသိ၊ မပြောပြထားတာမို့လည်း ခင်ကတော့ အရာရာကို အူကြောင်ကြောင်နိုင်စွာနှင့်ပင်။
“အကျော့်
အမေက အပြင်ကို ဘာကိစ္စ ခဏခဏ သွားနေရတာလဲ”
“အော်……ဒါလား…….မေမေက
နေ့တိုးလေးတွေပေးတယ်လေ၊ ပြီးတော့ ပွဲစားလိုလို ဘာလိုလိုလဲလုပ်တယ်၊ မေ့မေ့ အလုပ်က တစ်ရပ်ကွက်လုံးကို
နှံရော၊ မေမေ့ကို ဒီမှာ မသိတဲ့သူမရှိလေ။”
“အော်………….”
-----***-----***-----***-----***-----***-----***-----***-----***
“ဟယ် အဲဒါ
ခင် မစားလာဘူးလား….အဲဒါနဲ့ ဆက်ပြောပါဦးခင်ရ”
ခင်ပြောပြနေတဲ့
အကျော်တို့အိမ်ကအကြောင်းကို စိတ်ဝင်တစားနဲ့နားထောင်နေတဲ့ မမြတို့က သိလိုဇောနဲ့မေးကုန်ကြပါပြီ။
ခင် ဘယ်လိုဆက်ပြောရမလဲ၊ ဘယ်အင်အားတွေနဲ့ ဆက်ပြောရပါ့မလဲ….။
“ဟင်း……………..မထူးတော့တာ့ပါဘး
မမြရယ်……ခင်ပြောပြပါတော့မယ်။ နောက်ကွယ်ပြောတော့လည်း အတင်းဖြစ်ပြန်ဦးတော့မယ်”
“အို……အဲ့လိုသဘောမထားရဘူးလေခင်ရဲ့၊
ကောင်းရာကောင်းကွက်ကို မြင်တတ်ရမှာပေါ့။ မကောင်းရာ မကောင်းကွက်ကိုကျတော့ ပြန်ပြင်ရမယ်လေ။
ခုက ခင့်တဘ၀လုံးနဲ့ဆိုင်တဲ့ဟာပဲလေ။ ကိုယ်က ကြိုတင် မြင်တတ်၊ သိတတ်ထားမှသာ တော်ကာကျမပေါ့”
“ ကဲပါ
ခင်ရယ် ဆက်ပြောပြပါ။ ဒါမှသာ မမြတို့က အကြံဥာဏ်ပေးနိုင်မှာပေါ့”
“အင်းပါ
မမြရယ်… အဲ့ဒါနဲ့ ခင်တို့ ဓါတ်ပုံတွေကြည့်တယ်၊ သီချင်းဖွင့်နားထောင်ကြတယ်၊ အကျော့်အဖေကတော့
အိမ်ရှေ့ဘက်လေးမှာ စာအုပ်တစ်အုပ်နဲ့ပေါ့၊ အဲ့ဒိအချိန်မှာဘဲ အိမ်တစ်အိမ်က အလှူလုပ်တာတဲ့
ကြာဇံကြော်လာပို့တယ်လေ။ အကျော်လည်း ပန်းကန်လှယ်မယ်ဆိုပြီး နောက်ဖေးဘက်ကို ၀င်သွားတာပေါ့..ခဏကြာတော့
ပန်းကန်ကြီးဒီတိုင်းကိုင်ပြီး ပြန်ထွက်လာတယ်လေ၊
“ ဟဲ့
အကျော် နင် မလှယ်ခဲ့ဘူးလား”
“ငါ..ငါ
ပန်းကန်ရှာနေတာ”
“ဟင်
”
အဲဒါလဲ
ခင်လဲ မပြောမဆိုပဲ မီးဖိုချောင်ထဲ ၀င်သွားလိုက်တော့…..အမလေးတောင် တလိုက်ရတယ် မမြရယ်။
ပန်းကန်စင်ပေါ်မှာ
ဘာမှမရှိ၊ အကုန်လုံးက စားပြီးသားပန်းကန်တွေ ဆေးဖို့ဆိုပြီး စုပုံထားတာ တွေ့ရတော့တာပဲ၊
ခင်လည်း
တခြားဘာမှ ပြောမနေတော့ပဲ တွေ့ရာ ဆပ်ပြာနဲ့ ရှိသမျှပန်းကန်တွေအားလုံးကို တစ်ခါတည်းဆေးပေးလိုက်တာ
ခါးကိုညောင်းရောပဲ………………..”
“အော်…ဖြစ်မှဖြစ်ရလေခင်ရယ်….ဘယ်လိုအိမ်မျိုးနဲ့မှ
သွားတွေ့ရတာလဲဟယ်….ဧည့်သည်လာမယ်ဆိုတာသိတဲ့ဟာကို နဲနဲပါးပါးတော့ လုပ်ထားဦးမှပေါ့ဟယ်
ပြီးတော့ မကြာခင်တော်ရမယ့် ချွေးမလောင်းပဲဟာကို….”
“အဲဒါနဲ့ခင်လည်း
အပြင်ပြန်ထွက်လာပြီးတော့ တွေ့ရာစာအုပ်တစ်အုပ်ကို ဖတ်နေလိုက်ရတယ်လေ။ အကျော်ကော သူ့အဖေကော
ဘာမှလည်းမပြော၊ နှစ်ယောက်စလုံးက မှင်သေသေတွေနဲ့၊ ခင်ကဖြင့် ပြန်ပြီးမျက်နှာပူနေသေးတယ်လေ
မျက်နှာလဲပူ
ရင်လည်းပူနဲ့ ခင်ဖြင့် ဘယ်လိုတွေနေရမှန်းတောင်မသိတော့ပါဘူးမမြရယ် ချက်ချင်းကိုထပြန်ချင်စိတ်
ပေါက်လာတာပဲ၊ အဲဒါနဲ့ပြန်လာခဲ့တာ….”
“အော်..ဖြစ်မှဖြစ်ရလေ…..ငကျော်
ဒီကောင် မတားဘူးလား၊ ပြီးတော့ ထမင်းစားချိန်ကြီးဟာကို၊ သူ့ဒံပေါက်က လာမပို့ဘူးလား….”
“ ဘယ်ချိန်မှာလို့
ဘယ်ချိန်လာပို့မှန်းလည်း မသိတော့ပါဘူး မမြရယ်…ခင်အိမ်ကထွက်လာတော့ 12 တောင်ထိုးတော့မယ်၊
ခင်လည်း မမြတို့နဲ့ချိန်ထားတယ်ဆိုပြီး အတင်းကိုပြန်လာတာ”
“ခင်လေ…..ခင်.၀မ်းလည်းနည်းတယ်သိလား၊
ပြီးတော့ရှက်လည်းရှက်မိတယ်၊ စိတ်လည်းပျက်မိတယ်၊ ဒီလိုမျိုးပုံစံနဲ့ ခင်ဘယ်လို ရှေ့ဆက်သွားရမလဲ
မမြစဉ်းစားကြည့်၊ ”
ပြောနေရင်း
ခင့်စကားသံများက တုန်လို့နေပါတယ်။ အသံတွေတုန် ရင်တွေပါတုန် မျက်လုံးတွေလည်းဝါးလာတော့
မျက်ရည်တွေက ခင့်ပါးပေါ်ကို လိမ့်ဆင်းလျက်သာပေါ့………..
“ဟယ်…….ခင်…………ဒါ
ငိုစရာလား၊ ၀မ်းနည်းစရာလား၊ ကြည့်စမ်းပါဦး ဒီကလေးမနှယ်…..
ဒီမှာကြည့်….မမြကိုကြည့်…………….မမြပြောပြမယ်
ခု ခင်တို့က
ဘ၀တစ်ခုကို နှစ်ယောက်ပေါင်းလို့လျှောက်ကြမယ်လို့ ဆုံးဖြတ်ထားပြီးသားမဟုတ်လား…. ဒါဆိုရင်ဆိုင်ရဲရမှာပေါ့၊
သတ္တိရှိရမှာပေါ့၊
ခု ခင်က လူကိုရွေးထားတာလေ၊ ဒါဆိုခဏတော့ သူတို့မူကို ခင် သည်းခံနိုင်ရမယ်မဟုတ်လား၊ တစ်မိသားနဲ့
တစ်မိသား ပုံစံ၊ အခြေအနေနဲ့ အနေအထားကတော့ ဘယ်တစ်ထပ်တည်းကျပါ့မလဲခင်ရယ်…………နော်…. မမြ
ပြောတာ လက်ခံတယ်မဟုတ်လား…..”
“ဟုတ်..မမြ”
“ပြီးတော့
ခင် ခု ခံစားပြီး ၀မ်းနည်းတယ်ဆိုတာ ရုတ်တရက်ဆိုတော့ မမြတို့ကို ပြောပြလိုက်ရတော့ ခင်
ရှက်သွားတာပါ။ ဒါကို မမြ နားလည်ပါတယ်၊ ကဲပါ..ခင်လည်းနားတော့ စိတ်ထဲဘာမှမထားနဲ့၊ နှစ်ဦးနှစ်ဖက်
ညှိနှိုင်းကြရင်းကပဲ အားလုံးက ရှင်သန်နေကြရတာပဲမဟုတ်လား။ ကိစ္စသေးသေးလေးကို အကြီးကြီးလို့
ခင် မမှတ်ယူဖို့ပဲလိုတယ်…………ဟုတ်ပီလား”
စကားပြောနေရာကနေ
ထသွားတဲ့ မမြကို ခင် အားကိုးတစ်ကြီးနဲ့ လှမ်းကြည့်မိလိုက်ပါတယ်။ အိမ်ထောင်သည်မဟုတ်ပေမယ့်
မောင်နှမ၊ တွေရဲ့ မိသားစုဒုက္ခတွေကို ဖြေရှင်းပေးနေရတဲ့ မမြက ခင့်တွက်လည်း မဟာအားဆေးတစ်ခွက်ပင်။
စိတ်ပျက်လို့ အားငယ်စကားကို အားတက်ဖွယ်ပဲအမြဲသွန်သင်ပေးတဲ့ မမြက ခင့်ရဲ့ ဆရာတစ်ယောက်ဆိုလည်း
ဘယ်တော့မှ မှားမည်မဟုတ်တော့ပေ။
ခင်တို့တွေက
ခုမှ ဘ၀ကို စတည်ဆောက်ဖို့ စဉ်းစားကြတာပါ။ အဖက်ဖက်က အရာရာအားလုံး အဆင်ပြေချောမွေ့လို့သာ
ခုလိုစဉ်းစားကြတာမဟုတ်လား။ ဘ၀တစ်ခုကို အစပြုဖို့ ကြားထဲက တိုက်ပွဲသေးသေးလေးတွေကို ခင်တို့
နှစ်ရှည်လများ ကျော်ဖြတ်ခဲ့ပြီးပါပြီ။ အားလုံးစိတ်ချမ်းသာကြလို့ နောက်ဆုံးအဖြစ် ဆုံးဖြတ်ပြီးကာမှ
ဆုံးဖြတ်ပြီးကာမှ……. ခင့်ဘ၀က ခုမှ ပြန်စရတော့မှာပါလားလို့……………………….။
စိမ့်စမ်းရေ
တက္ကသိုလ်ရဟန်းပျို ဓမ္မစာစောင် အတွဲ(၂) အမှတ်(၉)၊ စာမျက်နှာ (၅၃)တွင် လည်း ဖတ်ရှုနိုင်ပါတယ်။
http://takkathoyahanpyo.blogspot.com/
0 comments