“ဟ ဟေ့ကောင် ထွန်းလှ ထထ ထတော့ မိုးတောင်အတော်လင်းနေပြီ”
“
ဟာ ဦးဘမောင်ကလည်း ခုမှ 4 နာရီထဲရှိသေးတယ် “
“ဟာ
မင်းတို့တွေပြောလိုက်ရင်အဲ့လိုချည်းပဲ…ငါသွားနှင့်ပီ။ မင်း မြန်မြန်သာလိုက်လာခဲ့ပေတော့…..အော်
မေ့လို့ တပိုးတို့ကြိုးတို့လည်း ယူခဲ့ဖို့မမေ့နဲ့နော်“
“ဟုတ်ကဲ့ပါဗျာ
ဟုတ်ကဲ့ပါ“
ခပ်သုပ်သုတ်နဲ့ ထွက်သွားတဲ့ ဦးဘမောင်တစ်ယောက်
ရွာထိပ်ပိုင်းကိုလည်း တစ်အိမ်တက် တစ်အိမ်ဆင်းနဲ့ လူငယ်တွေကို လိုက်လံနှိုးလို့နေပါတယ်။ နံနက် 6 နာရီမှာ မြို့ကနေပြန်လာမယ့် ကျောင်းဆရာလေးကို
ကြိုဆိုကြရမည်မဟုတ်ပါလား။ ဆရာလေးနဲ့အတူ ဦးဘမောင်တို့ တစ်ခါမှ မမြင်ဖူး၊ မကြားဖူးတဲ့
ပစ္စည်းတစ်ခု ဆိုတာကြီးပါ ပါလာဦးမည်ဆိုတော့
ရွာလူကြီး ဦးဘမောင်အတွက် စီစဉ်စရာရှိတာတွေကို နေရာမလပ်စေဖို့ အပြေးအလွှားလုပ်ကိုင်နေရခြင်းပါ။
“ဟာ..ဘယ်လိုဟာတွေမှန်းမသိတော့ဘူး…ဒီလောက်
လူကြီးက ၀ီရိယ ထားတာတောင်မှ တစ်ကောင်မှ မနိုးကြသေးဘူး.............ငါ……..တယ်……”
တစ်ယောက်တည်း မကျေမနပ်ပြောနေရင်းက ဦးဘမောင်တစ်ယောက်
ရွာလမ်းတိုင်း ကားလမ်းမဆီသို့ တစ်ယောက်တည်း ဦးတည်းလျှောက်လာလိုက်ပါတယ်။ မနေ့ကတည်းက
လူငယ်တွေကို စည်းရုံးပြောဆိုခဲ့တာတွေကို ဦးဘမောင် ပြန်စဉ်းစားကြည့်မိတော့……………
“ဟာ
ဦးလေးရာ ဦးလေးပြောသလောက်လည်း မကြီးလောက်ပါဘူးဗျာ။ အဲ့လောက်ဆိုမှတော့ ဆရာလေးက ကျွန်တော်တို့ကို
မှာသွားမှာပေါ့ဗျ”
“ဟေ့ကောင်
လျှာမရှည်နဲ့၊ ဆရာလေးလည်း မေ့ချင်မေ့သွားမှာပေါ့ကွ၊ ကိုယ့်ဘက်က စီစဉ်ထားတော့ကောင်းတာပေါ့။
မင်းက လှည်း၁ စီးပဲတာဝန်ယူစမ်းပါကွာ“
“ဟိုအကောင်…….ငမင်း…မင်းကကြိုဆိုရေးကိုမလိုက်ချင်ဘူးဆိုတော့
ဆရာတော်ကျောင်းမှာ အဆင်သင့်လုပ်ထား”
“ထွေးပုတို့အဖွဲ့
ငါပြောတာမှတ်မိတယ်နော်”
“မှတ်မိပါတယ်
အဘမောင်ရယ်၊ ကျူပ်တို့တွေဘက်က တာဝန်မလစ်ဟင်းစေရပါဘူး“
” ဒီကောင်တွေက ပြောသာပြောရတာ တာဝန်တော့ မလစ်ဟင်းဖူးပါဘူးလေ..”
တစ်ခါမှမမြင်ဖူး၊ မတွေ့ဖူးသေးတဲ့ ပစ္စည်းကို
သူတို့အားလုံးမျှော်လင့်ကြီးစွာနဲ့ ကြိုဆိုနေကြလေရဲ့။ ရန်ကုန် - ကွင်းကောက် ကားလမ်းနံဘေးမှာတော့ ဦးဘမောင်တို့အားလုံး
တက်ကြွ ရွှင်လန်းစွာနဲ့ မြို့က လာမည် ကားကို လည်တဆန့်ဆန့်နဲ့ မျှော်နေကြပါတယ်။
” ဟော..ဟိုးမှာ ကားလာနေပြီ ”
ဦးဘမောင်ရဲ့ ပြောစကားကြောင့် အားလုံးလည်း
လှုပ်လှုပ်ရှားရှားဖြစ်သွားကြလေသည်။ ကားပေါ်မှဆင်းလာတဲ့ ဆရာလေးကို အားလုံးလှမ်းမြင်လိုက်တဲ့အခါမှာတော့
” ဟို ဆရာလေး…ဆရာလေး..ဟို ဟာရော…ဟိုဟာလေ…ဆရာလေးပြောတဲ့ဟာလေ”
” အော်..ပါပါတယ် ဦးဘမောင်…ဒီအိတ်ထဲမှာပါ”
”
ဟင်”
“၀ါး…ဟား
ဟား ဟား”
ရွာဘုန်းကြီးကျောင်းဝင်းထဲမှာတော့ လူငယ်တစ်သိုက်ရဲ့
ဝါးလုံးကွဲရယ်သံကို အဝေးကပင် ကြားနိုင်ပါတယ်။ မသိတဲ့သူက မတတ်တဲ့သူကို ဆရာလုပ်လို့ မမြင်ဖူးတဲ့
တိတ်ခွေဆိုတာကြီးကို လှည်းဘီးလောက်ကြီးထင်တဲ့သူကထင်၊ ၀ါးလုံးနဲ့လျိုပြီး ထမ်းမယ့်သူကထမ်းနဲ့၊
နွားလည်းနဲ့ တိုက်မယ့်သူကတိုက်မယ့်ဟန်နဲ့ ပြောပြောပြီး ရယ်နေလိုက်ကြတာများ တောသဘာဝ
ပွင့်လင်းမှုတစ်ခုသာပင်။
” ဟေ့ကောင်တွေ မင်းတို့ဘာရယ်တာလဲ”
” ဟား ဟား ဟား ဦးလေးပြောတော့
လှည်းဘီးလောက်ကြီးဆို………”
” အေးလေ..ငါလဲခုမှမြင်ဖူးတာ……မင်းတို့တောင်
သိလို့လား…………..အမယ်…ငါနှိုးလို့
အစောကြီးနိုးတဲ့ကောင်တွေ ကများ……….”
မနိုင် နိုင်ရာကိုပြောပြီး ကျောင်းပေါ်
ပြန်တက်သွားတဲ့ ဦးဘမောင်ကို လူငယ်တစ်သိုက်က ပြုံး၍သာ နှုတ်ဆက်လိုက်ပါတယ်။ မျက်နှာပိုးမသတ်နိုင်သေးတဲ့
မျက်နှာတွေနဲ့ နောက်တစ်ချီ အားရပါးရ အသံထွက်လာတာကတော့
“ဟား
ဟား ဟား၊
ဟား ဟား ဟား”
0 comments