ဟေး.............ပြီးပီကွ။

အတန်းထဲကပြေးထွက်လာတဲ့ ကျောင်းသားတွေထဲမှာ ကျွန်မတို့လည်း အပါအ၀င်ပါ။ မနက် ၈ နာရီကတည်းက အတန်းချိန်တွေက ဆက်တိုက်ဖြစ်နေတာမို့ အားလုံးလည်း ပင်ပန်းနေပါပြီ။ စာမေးပွဲနိးလာလေလေ အတန်းချိန်တွေ စိတ်လေလေပါ။

တက္ကသိုလ်ရောက်နေတာတောင် ကလေးစိတ်အတိုင်း ပြုမူနေကြတဲ့ ကျွန်မတို့တွေလည်း ထွက်ပေါက်တစ်ခု ထဲကို အတင်းတိုးလို့သာ.........။ ဟိုသစ်ပင်ရိပ်တစ်စု၊ ဒီသစ်ပင်ရိပ် တစ်ဖွဲ့နဲ့ အသီးသီးပြေးထွက်သွားကြပေမယ့် ကျွန်မတို့သူငယ်ချင်းအစုကတော့ ဘယ်ဆီရယ်လို့ ဦးတည်ချက်မထားဘဲ အဆောင်ထဲကနေသာ တိုးထွက်လာခဲ့ကြပါတယ်။

“ ဟဲ့ နင်တို့ ဘာစားကြမှာလဲ၊ ဘယ်သူမှလည်း ထမင်းချိုင့်မပါကြဘဲနဲ့”
“ တစ်ခုခုပေါ့ဟာ”
“ တစ်ခုခုလုပ်မနေနဲ့ မြန်မြန်ရွေး၊ ဒီမှာ လမ်းဆုံကိုရောက်နေပြီ”

သီတာပြောတာဟုတ်ပါတယ်။ အဆောင်ဘေးပတ်ပတ်လည်မှာ စားသောက်ဆိုင်တန်းတွေက သူ့အတန်းနဲ့သူပါ။ အအေး၊ကော်ဖီ နဲ့ သွားရေစာတွေက သက်သက်၊ မြန်မာထမင်းဟင်းက တစ်နေရာ၊ တရုပ်စာနဲ့ ရှမ်းစာက သပ်သပ်၊ စာရေးကိရိယာနဲ့ မိတ္တူက တခြား စသည်စသည်ဖြင့် ကွဲပြားနေတော့ သီတာ့စကားက ကျွန်မတို့တွက် ခေတ္တမျှ စဉ်းစားစရာဖြစ်နေပါတယ်။

“ မြန်မာထမင်းပဲစားကြမယ်ဟာ”
ကျွန်မရဲ့ ဦးဆောင်စကားကို အားလုံးပဲ လက်ခံကြလို့ မြန်မာထမင်းဆိုင်တွေဘက်ကို ကျွန်မတို့သူငယ်ချင်းတွေ လျှောက်လာလိုက်ကြပါတယ်။ အိုးသံ၊ ပန်းကန်သံတွေနဲ့ စားသောက်နေကြတဲ့ အသံပေါင်းစုံတို့က ကျွန်မတို့တွေကို အဝေးကနေပဲ ဆွဲဆောင်လိုက်တာကြောင့် ဒီတစ်ခါလည်း ကျွန်မတို့တွေ ဆိုင်ထဲကို အပြေးတစ်ပိုင်းပေါ့။

“ ဟဲ့ Menu ကြည့်ကြလေ၊ မြန်မြန်မှာ၊ ငါဗိုက်ဆာနေပြီ”
ဆရာကြီးလို့ နာမည်ပေးထားတဲ့ သီတာ ဦးဆောင်လို့ Menu ကို ကြည့်ကာ အဆင်ပြေမယ်ထင်တာလေးတွေကို သူရွေးပေးနေပါတယ်။

“ အင်း......ကြက်သားတစ်ပွဲ၊ ...ဟဲ့ သူဇာ...ငါ ကန်စွန်းရွက်မှာလိုက်မယ်နော်...”
“ အေးပါ သီတာရယ်..အားလုံးကြိုက်တာ နင်သိနေတာပဲ”

“ မောင်လေး............ကြက်သားတစ်ပွဲ၊ ကန်စွန်းပလိန်းတစ်ပွဲ၊ ငါးဖယ်သုတ်တစ်ပွဲ.............အင်း....... လောလောဆယ်ဒါပဲ နော် ၊ အရည်ဟင်းနဲ့ ငါးပိရည်က ပေးမှာမလား”
“ ဟုတ် အမ ”

ဗိုက်ဆာနေတဲ့ကျွန်မတို့တွေလည်း ဆိုင်ထဲကို ဝေ့ကြည့်ကြလို့ ကိုယ့်အလှည့်ရောက်လာမယ့် ထမင်း၊ ဟင်းတွေကို မျှော်နေကြပါတယ်။ အဲဒိအချိန်မှာပဲ သီတာက
“ ငါ.....ဒီဟင်းကို မသိဘူးဟ...........ဒါလေ..ဒါ..........ဘာတဲ့ - က က တစ်ကောင်လုံးကြော် တဲ့ ”


“ မှန်းစမ်း............”
“ အရူးမ.........အရူးမ..သီတာ.........ဟား ဟား ဟား ”
ဝါး ခနဲ ရယ်လိုက်မိကြတဲ့ ကျွန်မတို့တွေ ရှက်ရမှန်းတောင် မသိလိုက်ကြပါ။ အသာကိုယ်ရှိန်ပြန်သတ်ကြလို့ တီးတိုးတီးတိုးဖြစ်သွားတော့မှ ကြောင်တောင်တောင်ဖြစ်နေတဲ့ သီတာက.....
“ ဟဲ..ဘာလဲဟ...........နင်တို့တွေကလည်း.....င့ါကို ၀ိုင်းလှောင်ကြတယ်ပေါ့လေ ”

“ အေး.....နင့်ကို မိရှမ်းမလို့ခေါ်တော့လည်း နင်ကမကြိုက်၊ စာကို သေချာလည်း ဖတ်ကြည့်ပါဦးဟယ် ..... အဲဒါ ”ကကတစ် ကောင်လုံးကြော်” လို့ရေးထားတာ။ ဘယ်နားက က က ကို တစ်ကောင်လုံးကြော်ရမလဲ...တစ်ကယ်ပါပဲ သီတာရယ်..........”


“ ဟီး..............ငါ ရှမ်းသွားတာ.....ဆောရီး..ဆောရီး”


အဲဒိနေ့က ကျွန်မတို့သူငယ်ချင်းတွေ ပြောလိုက် ရီလိုက် စားလိုက်နဲ့ အမှတ်တရလည်းဖြစ်၊ ဘယ်တော့မှလည်း မေ့မည်မဟုတ်တော့ပါ။ ဆိုင်ထိုင်တိုင်း သတိရကြလို့  သီတာ့ကိုမြင်ရင်လည်း အားလုံးက ပြုံးစိစိတွေ ဖြစ်ကုန်ကြပါပြီ။ အော်..........ဒါကလည်း အမှတ်တရတွေများစွာထဲက တစ်ခုပေါ။

စိမ့်စမ်းရေ
3.5.2014










Posted by စိမ့်စမ်းရေ on Friday, May 2, 2014

0 comments

Post a Comment