“မေမေ…..မေမေ………..”
“ဟင်..ဘာလဲသမီးရဲ့”
ကုလားထိုင်ပေါ်ထိုင်လို့ တွေတွေငေးငေးဖြစ်နေတဲမြရည် သမီးလေးခေါ်သံတောင် မကြားမိတော့ချေ။ လက်ကိုလှုပ်ရမ်းလိုက် တော့မှ အသိဝင်လာတဲ့ကျွန်မက ချက်ချင်းပဲ ပြန်ထူးလိုက်ရပါတယ်။
“ မေမေ၊ ဖေဖေက ဘာလို့ပြန်မလာသေးတာလဲဟင်၊ ဖေဖေပြန်မလာတာ ၃ ရက်ရှိပြီနော်”
မျက်နှာတည်တည်လေးနဲ့ လက်ကလေး ထောင်လို့ ပြောလာတဲ့ သမီးလေးရဲ့ဟန်ပန်ကြောင့် မြရည် ရင်ထဲ အမည်မသိဝေဒနာ တစ်ခု တိုးဝင်သွားပါတယ်။ သူ့အဖေကိုစိတ်ကောက်နေဟန်ပုံလေးနဲ့ ချစ်စရာ့သမီးလေးမျက်နှာကို ကျွန်မသေချာကြည့်ပြီး တော့-
“ ဖေဖေက ခရီးထွက်သွားတာပါ သမီးရဲ့၊ ပြန်လာမှာပါ၊ ပြီးတော့ သမီးအတွက်လည်း မုန့်တွေအများကြီး ၀ယ်လာမှာ”
သမီးလေးကို အလိုက်သင့်ပြန်ဖြေပေးလိုက်ရပေမယ့် မတင်မကျအဖြေဆိုတာ ကျွန်မဘာသာ အသိဆုံးမဟုတ်လား။ နှုတ်ဖျားကထွက်သွားတဲ့ဒီစကား အမှန်တရားဖြစ်ပါစေ၊ အမှန်တရားဖြစ်ပါစေ………လို့ ကျွန်မဘာသာ ဆုတောင်းလိုက်မိ ပါသေးတယ်။
ပတ်ဝန်းကျင်ရဲ့ တစွန်းတစကနေ အရာထင်လာခဲ့တဲ့ ခင်ပွန်းဖြစ်သူရဲ့အကြောင်းကို ကျွန်မနားနဲ့မဆန့်အောင်ကြားခဲ့ရပါတယ်။ ဘယ်သူတွေဘာပြောပြော သူ့နှုတ်က မပြောမချင်း မယုံဘူးလို့ ကျွန်မ ဆုံးဖြတ်ပြီးသား။ ပြဿနာတိုင်းမှာ အဖြေရှိတယ်လို့ ကျွန်မမေမေ သွန်သင်ခဲ့တာကို ကျွန်မရင်ထဲမှာအမြဲအမှတ်ရနေပြီးသားပါ။ အကောင်းဆုံးအဖြေဖြစ်ဖို့ကိုတော့ မိမိဘာသာ ရွေးချယ်ရမယ်တဲ့လေ။ မြရည် မေ့မေ့ကို ပြေးမြင်လိုက်မိပါတယ်။ အပြုံးမပျက်လမ်းခွဲခဲ့တဲ့ မေ့မေ့လို သတ္တိမျိုး မြရည်မှာ မရှိဘူးမေမေ။
ရိုးသားအေးဆေးတဲ့မိသားစုလေးဘ၀၊ ပျော်ရွှင်စရာ မိသားစုလေးကို ကျွန်မ အလိုချင်ဆုံးဆိုတာ သူလည်းပဲအသိလေ။ နွေးထွေးပြီး အေးချမ်းတဲ့မိသားစုဘ၀လေးက ကျွန်မအလိုချင်ဆုံး အိမ်မက်တစ်ခုဆိုတာ သူကောကျွန်မပါ အသိဆုံး မဟုတ်ပါလား၊ ဒါနဲ့များတောင် အဖြစ်အပျက်တွေက ကျွန်မအတွက်တော့ မလိုချင်တဲ့ ဆုလာဒ်တွေပါလား…….အော်…. ကျွန်မအတွက်တော့ ဘယ်အရာမှ လိုတိုင်းမပြည့်ခဲ့သလို ငြင်းဆန်ဖို့လဲ အခွင့်အရေးနည်းခဲ့ရတယ်လေ။
***-----***-----***-----***-----***-----***-----***-----***-----
“မေမေ..မေမေရေ…………မီးမီးကို ဒီပုံလေးတွေ ကူဆွဲပေးပါဦး….မီးမီးဆွဲတာမလှလို့။”
စာအုပ်ကိုင်ပြီးပြေးထွက်လာတဲ့ သမီးငယ်လေးကြောင့် မြနှစ် အသာလှမ်းကြည့်လိုက်ပါတယ်။ ကျောင်းကပေးလိုက်တဲ့ အိမ်စာ တွေကို ရောက်တာနဲ့ချက်ချင်းလုပ်တတ်တဲ့ အငယ်ဆုံးသမီးလေးရဲ့အကျင့်ကို မိမိအသိဆုံးမဟုတ်လား။ မောင်နှမ ၃ ယောက်ထဲမှာ အငယ်ဆုံး၊ အတော်ဆုံးနဲ့ အလိမ္မာဆုံးဖြစ်တဲ့ သမီးငယ်လေးကို မြနှစ်ရော ခင်ပွန်းသည်ပါ အရမ်းချစ်ကြသလို၊ သူ့အကိုနဲ့အမတွေကလည်း ညီမငယ်လေးမို့ အရမ်းချစ်ကြပါတယ်။
“ဟော..သင်္ချာပုံလေးတွေပါလားသမီးရဲ့ ပြော မေမေ ဘယ်ပုံကိုဆွဲပြပေးရမလဲ”
“ ဒီပုံ၊ ဒီပုံ”
“ ဒါလား…..အော်…ဒါက ပဉ္စဂံ လို့ခေါ်တယ်သမီးရဲ့ သူ့က အနား ၅ နားရှိရမယ်လေ၊ ပြီးတော့ အနား ၅ နားရှိရင် ပြီးရောဆိုပြီး ဖြစ်သလိုဆွဲထားရင် ဘယ်လှမလဲသမီးရဲ့၊ စာအုပ်ထဲကပြထားတဲ့ပုံလေးအတိုင်းဆွဲရင် ဘယ်လောက်လှသလဲ၊ သမီးလေး အများကြီးဆွဲရင် ကျွမ်းကျင်လာမှာပေါ့ကွယ်”
“ အော…..မီးမီးသိပြီ…………။ ဒါက မီးမီး၊ ဒါက ကိုကိုနဲ့မမ၊ အပေါ်က ဖေဖေနဲ့မေမေ၊……..ဟုတ်တယ်မလားမေမေ”
သူ့စိတ်ကူးလေးနဲ့ပုံလေးကိုဆွဲလို့ နှုတ်ကလည်းတတွတ်တွတ်ရွတ်နေတဲ့ သမီးလေးဟန်ပန်က တစ်ကယ်ပဲချစ်စရာကောင်းနေ ပါတယ်။ မြနှစ် တစ်ယောက်ထဲမပြီးခဲ့ သူ့ကိုကို၊ မမနဲ့ သူ့ဖေဖေကိုလည်း ဆွဲထားတဲ့ပုံလေးကိုလိုက်ပြလို့ သဘောကျနေတဲ့သမီး ငယ်လေးအတွက်တော့ ဒီပုံလေးက နမူနာကောင်းလေးတစ်ခုပဲလေ။ အောက်ခြေကစလို့ အပေါ်ကမိုးထားတဲ့ တန်းလေး ၂ချောင်းနဲ့ ချစ်စရာ့ ပဉ္စဂံ ပုံလေးတွေကို သမီးလေးသဘောကျစွာနဲ့ အများကြီးကိုရေးဆွဲနေတော့တာ။ အဲ့ဒီနေ့လေးကို မြနှစ် ဘယ်တော့မှမမေ့တော့ပေ။
***-----***-----***-----***-----***-----***-----***-----***-----
 “ မြရည်…..မြရည်..သမီးလေး ဘာဖြစ်လာတာလဲ၊ ဘာဖြစ်လာတာလဲ၊ ပြောပြော..မေ့မေ့ကိုပြော”
ကျူရှင်ကပြန်လာတဲ့ သမီးလေးမြရည် မျက်နှာကြီးစူပုပ်ပြီး အိမ်ပေါ်လှမ်းတက်လာကတည်းက အပြင်မှာတစ်ခုခု ဖြစ်ခဲ့တာ သေချာပါပြီ။ အလိုမကျမှုတစ်ခုခုဆိုတိုင်း မျက်နှာမှာပေါ်လွင်နေတဲ့ သမီးလေးက ဒီတစ်ခါ ဘာများဖြစ်ခဲ့ပါလိမ့်။ အိမ်ပေါ်တက် စကားမပြောပဲ အိပ်ခန်းဆီသို့သာ တန်းဝင်သွားတဲ့ သမီးလေးနောက်ကို ဒေါ်မြနှစ်အပြေးလိုက်လို့ အမောတကော မေးရပါပြီ။
“ ဟဲ့… ဟဲ့..ဒါက ဘာဖြစ်နေတာလဲ။ ပြောပါ မေ့မေ့ကိုပြောပါ။……….မြ ..ရည်…”
မြင်ရာမြင်ရာ အ၀တ်တွေ၊ ပစ္စည်းတွေကို ဆွဲလို့ လွင့်ပစ်နေတဲ့ သမီးငယ်ကို ကျွန်မ လေသံနဲနဲမာပြီးမေးလိုက်မှ-
“ ဘာဖြစ်ရမလဲ မေမေ၊ တစ်ခါမကတော့ဘူး။ ဒါပါနဲ့ဆို ၃ ခါ၊ ၃ခါ၊ ဟွန်း မပြောလိုက်ချင်ဘူး မိန်းမတွေ ယောက်ျားရှားနေလားမသိဘူး  ကဲကိုကဲတယ်”
“ သေချာရှင်းရှင်းပြောစမ်းပါ သမီးရယ်။ မေမေ နားမလည်လို့ပါ ”
“ မေမေ အဲ့လို ဘာမှနားမလည်လုပ်နေ၊ ဟိုမှာ သူများနောက်ပါတော့မယ်”
“ ဟဲ့ ဒါက ဘာစကားတုန်း၊ ဘယ်သူက ဘယ်သူ့နောက် ပါမှာတုန်း”
“ ဘယ်သူရှိရမလဲမေမေ ဖေဖေပေါ့၊  မိန်းမတစ်ယောက်နဲ့ သမီးတွေ့တာ 3 ခါရှိနေပြီ။ သမီးတို့ဆရာမကို အိမ်ပြန်လိုက်ပို့တဲ့လမ်းမှာ  သူငယ်ချင်းတွေပြလို့ သမီးကမြင်တာ ဖေဖေကမမြင်ဘူး။ လမ်းဘေးက မုန့်တီဆိုင်မှာ ဖေဖေက ရယ်လို့မောလို့၊ ဟွန်း…….ဟိုမိန်းမကလည်း မျက်နှာကြီးကိုဖြီးလို့….။
“ အော်….ဘာများလဲလို့ သမီးရယ်…. ဒီလိုပဲ အလုပ်ကိစ္စနဲ့ သွားတာ လာတာနေမှာပေါ့။  သမီးဖေဖေက အလုပ်များတယ်မလား၊ ဒီလိုပဲ လူပေါင်းစုံနဲ့ သွားရလာရမှာပေါ့။ ဘာမှမဟုတ်ပါဘူးသမီးလေးရယ်။ မဟုတ်တာမတွေးနဲ့နော် ငါ့သမီးလေး ငရဲကြီးနေပါ့မယ်။”
ဒေါ်မြနှစ် အသံကိုမနည်းထိန်းပြီးပြောလိုက်ရပေမယ့် သမီးလေးကတော့ အတော့ကိုဝမ်းနည်းနေပုံပါ။ အိမ်မှာဆို အဖေဖြစ်သူရဲ့ တည်တည်ငြိမ်ငြိမ်ပုံစံကို သူတစ်သက်လုံးမြင်တွေ့လာခဲ့ရတာမလား၊ အပြုံးအရယ်နည်းပြီး အေးဆေးတည်ငြိမ်တဲ့ သူတို့အဖေကို သူတို့ဂုဏ်ယူမဆုံးခဲ့ပေ။ အပြင်မှာခုလို သွားတယ်၊ လာတယ်ဆိုတော့ သူ့စိတ်ထဲ မခံချင်ဖြစ်ပြီးဝမ်းနည်းလာပုံရပါတယ်။
စကားတောင် လိုအပ်မှပြောလေ့ရှိတဲ့ ခင်ပွန်းသည်ကို မြနှစ်ကော ကလေးတွေကပါ ချစ်ကြောက်ရိုသေကြပါတယ်။ လေးလေးစားစားနဲ့ တသက်လုံးနေလာခဲ့တဲ့သူတို့အဖေကို ခုလိုမျိုး မိန်းမငယ်လေးနဲ့ ရယ်မောနေတာကိုမြင်တော့ သမီးလေးစိတ် ထဲ အလိုမကျမှုတွေ ဖြစ်လာခဲ့တယ်ဆိုတာ့ မြနှစ်တွက်ဆမိပါတယ်။
ဘာရယ်လို့မဖြစ်လာသေးတဲ့ ပုစ္ဆာတစ်ပုဒ်ကို ကြိုတင်ပြီးအဖြေမထုတ်ချင်ခဲ့။ အငယ်ဆုံးသမီးလေးတောင် 10 တန်းရောက်နေမှ သ၀န်တိုတာတွေ ဘာတွေလည်း မြနှစ်မတွေးတတ်၊ မသိတတ်ခဲ့ပါ။ ဒါပေမယ့် မသိစိတ်ထဲကနေတော့ အရာရာကိုကြိုတင်ပြင်ဆင် ထားဦးမှဟု………………..။
***-----***-----***-----***-----***-----***-----***-----***-----
“မေမေ..ဖေဖေဒီတစ်ခါခရီးသွားတာကြာလိုက်တာ”
မီးဖိုချောင်ထဲထမင်းချက်နေတဲ့ ကျွန်မ၊ နောက်ကသိုင်းဖက်ပြီးမေးလာတဲ့ သမီးလေးကို ကျွန်မအပြုံးလေးနဲ့ပဲ တုန့်ပြန်လိုက်ပါတယ်။ ပထမတစ်ခါကတည်းက သံသယစိတ်တွေဖြစ်တည်နေတဲ့ သမီးလေးက သူ့အဖေကို သံသယတွေနဲ့သာ မြင်နေမိပါတော့တယ်။ 10 တန်းစာမေးပွဲက တဖြည်းဖြည်းနီးကပ်လာတာနဲ့အမျှ စာမေးပွဲကိုသာ အာရုံစိုက်ဖို့ ကျွန်မ မကြာခဏ သတိပေးနေရပါတယ်။
“ ဘာတွေ တွေးနေပြန်ပီလဲသမီးလေးရဲ့ မေ့မေ့ကိုပြောသွားပါတယ် ဒီတစ်ခါ ရက်နဲနဲကြာမယ်တဲ့”
“ မေမေသိရင်ပီးတာပဲ၊ သမီးက မေမေမသိဘူးထင်လို့”
အိမ်ရှေ့ဘက်လှည့်ထွက်သွားတဲ့သမီးလေးက အဝေးရောက်သွားပေမယ့် စကားသံတို့အနားမှာ လွင့်ပျံနေဆဲပါလား။ တစ်ဆက်တည်းမှပဲ လူမသိ၊ သူမသိ ဆုံးဖြတ်လိုက်တဲ့ မြနှစ်ရဲ့ ဆုံးဖြတ်ချက်ကို သားတို့သမီးတို့ နားလည်မှာပါဟု တွေးလိုက်မိရင်းက သမီးလေးရဲ့စာမေးပွဲ မြန်မြန်ပြီးပါစေဟုသာ……………..။
***-----***-----***-----***-----***-----***-----***-----***-----
“ မေမေ…ဒါ တကယ်လား၊ တကယ်လားဟင် မေမေ၊”
“ ဟုတ်တယ်သမီးတို့၊ ကဲပါ လာလာ ထိုင်ကြပါဦး၊ မတ်တပ်ကြီးနဲ့ကွယ်”
သားသမီး ၃ ယောက်တို့ အပြိုင်အဆိုင် တစ်ယောက်တစ်ပေါက်မေးသံကို တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ဖြေပေးနေတဲ့ မြရည်တို့ မေမေကို မြရည် အံ့သြမိပါတယ်။ ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပြီး၊ ကိုယ့်ဆုံးဖြတ်ချက်ကို ကိုယ့်ဘာသာတာဝန်ယူတဲ့ ခံယူချက်နဲ့ အရာရာကို အေးဆေးတည်ငြိမ်စွာနဲ့ ဆုံးဖြတ်ပြောဆိုနေတဲ့ မေမေက မြရည်တို့အတွက်တော့ တစ်ကယ့်သူရဲကောင်းပါပဲ။
တစ်ဖက်သားမိန်းကလေးအတွက် စဉ်းစားပေးလိုက်ပြီး ခင်ပွန်းဖြစ်သူနဲ့ဆွေးနွေးကာ သမီးလေးစာမေးပွဲပြီးတဲ့အထိ တောင်းပန် ထားခဲ့တဲ့မေမေ၊ ဟန်မပျက်နေခဲ့ပေမယ့် မေ့မေ့ရင်ထဲ ဘယ်လောက်များကြေကွဲနေတယ်ဆိုတာ မြရည်တို့ မသိခဲ့ပါလား။
ဘ၀ရဲ့တစ်ဝက်လောက်ထိ တာဝန်ကျေခဲ့တဲ့ ဖေ့ဖေ့ကိုလည်း နားလည်ပေးနိုင်ဖို့ မေမေဘာလို့များ တတွတ်တွတ်ပြောနေပါလိမ့်။
“ သားနဲ့သမီးတို့ သမီးတို့ဖေဖေက သားတို့သမီးတို့ကို အားလုံးပြည့်စုံအောင် လုပ်ထားပေးခဲ့ပြီပဲ။ အသိဥာဏ်၊ ကိုယ်ကျင့်တရား၊ တာဝန်ယူစိတ်နဲ့ ပြည့်စုံတဲ့ပညာအရည်အချင်းတွေ အားလုံးပြည့်စုံနေပီပဲ။ ဖေဖေ့ကို နားလည်ပေးလိုက်ပါ။ တဖက်သား မိန်းကလေးကိုလည်း ကိုယ်ချင်းစာပေးလိုက်ကြပါနော်”
အဲဒီနေ့က မြရည် 10 တန်းဖြေပြီး ၁ လအကြာမှာဖြစ်ပါတယ်။ မိသားစု ၄ ယောက် ဧည့်ခန်းထဲထိုင်ပြီးစကားပြောနေပုံက  မြရည်ငယ်ငယ်ကဆွဲခဲ့တဲ့ မညီမညာ စတုဂံပုံပါလား။ တစ်ခါက စိတ်ကူးယဉ်လို့ မိသားစုလေးသဖွယ် ဆွဲခဲ့တဲ့ ငါးနားညီ ပဉ္စဂံပုံလေးကို မြရည် ပြေးပြီးမြင်ယောင်လိုက်ပါတယ်။ ခု မြရည်တို့ရဲ့ ငါးနားညီပဉ္စဂံလေးက ခေါင်မိုးတစ်ချက် ဟ သွားခဲ့ပြီမဟုတ်လား။
မေမေရဲ့ဦးဆောင်မှုအောက်မှာ မြရည်တို့မောင်နှမတွေ ဘ၀ကို အေးချမ်းစွာနဲ့ပျော်ရွှင်စွာနေခဲ့ကြတယ်။ မေမေ့ဘက်က မိသားစု တွေရဲ့ နွေးထွေးတဲ့အရိပ်အောက်မှာ မြရည်တို့တွေ မျက်နှာမငယ်နေခဲ့ကြတယ်။ ဒါပေမယ့်လည်းလေ တစ်ခါတလေတော့လည်း ဖေ့ဖေ့ကို သတိရမိကြတာပဲ။ မြရည်တို့က နှုတ်ကဖွင့်ပြောလို့သတိကြရပေမယ့် မေမေကတော့ တစ်ခါမှ မပြောခဲ့။
နှစ်တွေတဖြည်းဖြည်းကြာလာတာနဲ့အမျှ မမနဲ့ ကိုကိုတို့ အိမ်ထောင်ကျသွားကြတော့ မေမေနဲ့ကျန်ခဲ့ရသူက မြရည်ပဲလေ။ မေမေ့ရဲ့အတွင်းစိတ်နဲ့ ခံယူချက်ကို မြရည်ပိုပြီးနားလည်လာရပါတယ်။ တဖြည်းဖြည်းကုန်မြန်လာတဲ့ အချိန်တွေကြားမှာ မေမေလည်းအသက်ကလေးရလာတော့ မြရည်ကိုစိတ်မချခဲ့ပြန်ဘူး။
“ မေမေ သမီးအိမ်ထောင်မပြုချင်ဘူး မေမေနဲ့ပဲ တသက်လုံးနေမယ်လေ နော်”
“ အော်……..သမီးလေးရယ်။ ဒီလိုလဲဘယ်ဟုတ်ပါ့မလဲ၊ အရာရာတိုင်းကို အကောင်းချည်း၊ အဆိုးချည်းပဲ တွက်မထားရဘူးလေ၊ သမီးလေးလည်း ငယ်တော့တာမှမဟုတ်တာ၊ ပြီးတော့ မောင်အောင်ကလည်း သမီးနဲ့ရင်းနှီးပြီးသားပဲဟာကို၊ သူကလေးကလည်း ငါ့သမီးလေးကို ချစ်ခင်စုံမက်ရှာတယ်မဟုတ်လား”
မေမေ့ရဲ့ပြောစကားတွေက စကားဆိုးတွေဖြစ်နေဦးတော့ မြရည်နားထဲမှာ အေးအေးငြိမ့်ငြိမ့်လေးနဲ့ပဲ ၀င်သွားမိမှာပါ။ မိန်းကလေး တစ်ယောက်ရဲ့ဘ၀တစ်ခုလုံးအတွက် တစ်ခါတည်းသောဆုံးဖြတ်ချက်ကို မြရည် မေမေနဲ့သာအတူတကွ ဆုံးဖြတ်ခဲ့ပါတယ်။
အိမ်ထောင်သက် ၅ နှစ်ကျော်လောက်ထိ မေမေရယ်၊ ကိုအောင်ရယ်၊ မြရည်ရယ်တို့ အတူတကွပျော်ရွှင်စရာနေခဲ့ရတော့ မြရည် ကြည်နူးမိတာပေါ့။ “ အော်… တစ်ခါတလေတော့လည်း ဘ၀ဆိုတာ ပျော်စရာ၊ ကြည်နူးစရာနဲ့ ရင်ခုန်စရာကောင်းပါလား” လို့ မြရည် တိုးတိုးလေးညည်းကြည့်ဖူးပါတယ်။
ဟော…ခုတော့ မြရည်မှာ အသက် ၄ နှစ်အရွယ် သမီးလေးပင် ရလာခဲ့လေပြီ။ တစ်ခါကြုံထားဖူးတဲ့ သံသယကို မြရည် ကြောက်မိပါတယ်။ တစ်ချိန်ချိန်မှာ မေ့မေ့လိုအဖြစ်မျိုးများဖြစ်လေမလားလို့ မြရည်ခဏခဏတွေးပူမိပါတယ်။
ခုလည်း ပတ်ဝန်းကျင်က ပြောလာတဲ့ စကားတွေ မြရည်ကြားနေခဲ့ရပြီ။ မြရည် မေမေ့လိုစိတ်ဓာတ်မျိုးရှိပါ့မလား၊ မြရည်ရဲ့သမီးလေးကခုမှငယ်ငယ်လေးရှိသေးတာ။ ပြီးတော့ ကိုအောင်၊ ကိုအောင်က မြရည်ကို ငယ်ငယ်ကတည်းက ချစ်ခဲ့တာပဲ။ ဘုရား၊ ဘုရား၊ ဘာမှမဟုတ်တာတွေ မဖြစ်လာပါစေနဲ့……………………….။
“မေမေ၊ မေမေ၊ မီးမီးဗိုက်ဆာပြီ”
“ အော..သမီးလေး..”
ကျွန်မဘယ်လောက်များအတွေးတွေများသွားပါလိမ့်။ အိပ်တောင်ပျော်သွားလားမသိ၊ သမီးလေးအသံကြားမှ အသိတရားတွေ ပြန်ဝင်လာခဲ့ရပါတယ်။
“ မေမေ ခွံ့ကျွေးမယ်နော်သမီး”
“ ဟုတ်”
ညနေစာကိုစောစောစားတတ်တဲ့သမီးလေးက ထမင်းကိုအားရပါးရစားနေလေရဲ့၊ ခေါင်းပေါ်တည့်တည့်ကတိုင်ထိပ်ကနာရီကို အမှတ်မထင်မော့ကြည့်လိုက်တော့ နာရီလေးက တြိဂံပုံလေး၊ ကျွန်မအရူးတစ်ယောက်လိုထပ်ပြီး ဆုတောင်းမိပြန်ပါပြီ။ ကျွန်မတို့ မိသားစု ၃ ယောက် ဘ၀တသက်လုံးပျော်ပျော်ရွှင်ရွှင်နေသွးရပါလို၏……လို့။
“ ဟေး……………ဖေဖေပြန်လာပြီ”
“ ဟင်…………ကိုအောင်”
“ မပြောမဆိုနဲ့ တိုးတိုးလေးပြန်လာတာပေါ့လေဟုတ်လား”
“ ဟုတ်တယ်မြရည်ရဲ့ မိန်းမနဲ့သမီးလေးကို လွမ်းလို့လေ၊ ပြီးတော့ နောက်တစ်ပါတ်ကျရင် ကိုယ်တို့ရုံးက ဟိုကောင်မလေးလေ သိလား၊”
“ ဘယ်သူလဲ သီတာ လား”
“ အော..င့ါမိန်းမက သိသားပဲ၊ ဟုတ်တယ် သူမင်္ဂလာဆောင်မှာ အဲဒါ ကိုယ်တို့မိသားစုသွားကြမယ်” 
“ဟယ်………………….”
ကျွန်မဘယ်လောက်များပျော်လိုက်သလဲ၊ ကျွန်မရင်ထဲကို ခဏလောက်ဝင်ကြည့်ပေးကြပါလားနော်။ တစ်ကယ်တော့ ဘ၀ဆိုတာ တွေးထားတာတွေလည်း မဟုတ်ပါလားလို့ ကျွန်မဘာသာတွေးလိုက်မိရင်းက ဒီတစ်ခါပြုံးလိုက်အတဲ့ အပြုံးလေးတစ်ချက်က အသက်အ၀င်ဆုံးပဲမဟုတ်ပါလားနော်………………….။
26.3.2014
စိမ့်စမ်းရေ











Posted by စိမ့်စမ်းရေ on Sunday, April 20, 2014

0 comments

Post a Comment