ရင်သို့ ထိစေသော………………

“၀ပြီလား ကိုသိန်း၊ ရှင် ဒီနေ့ ဘယ်ဘက်ကိုသွားမလဲ၊ ကျုပ်ဘယ်ချိန်လောက် လိုက်လာခဲ့ရမလဲ”
“ ချောင်းကြီးထိပ်ဘက် သွားမလားလို့၊ နေ့လည် 2 နာရီလောက်မှ ထွက်ခဲ့”
“ပစ္စည်းတွေ မေ့ကျန်မယ်နော်”

နံနက်စာ အစာပြေစားပြီးပြီ ဆိုလျှင်တော့ ကိုသိန်းတစ်ယောက် ငါးရှာထွက်ဖို့ပြင်ရလေပြီ။ ကျင်စက်လို့အမည်ပေးထားတဲ့ သူ့ရဲ့ ငါးမျှားပစ္စည်းအစုံကိုတော့ သေချာစွာစစ်ယူနေကျပါ။ ကျောပိုးအိတ်ထဲထည့်ထားတဲ့ ဘတ္တရိအိုး၊ အဲဒိဘတ္တရီအိုးနဲ့ချိတ်ဆက် ထားတဲ့ ငါးမျှားတံ၊ ငါးတွေထည့်ဖို့ ရေပုံးအလွတ်၊ ထမင်းဗူး၊ ရေနွေးကြမ်းဗူး၊ စသည် စသည် ပစ္စည်းအစုံကိုတော့ သတိပေးနေတဲ့ မခင်မေရဲ့အသံကလည်း နေ့စဉ်လိုလိုပင်။

နေသိပ်မပွင့်ခင်ကတည်းက တက်ကြွစွာလှုပ်ရှားနေတဲ့ ဒီပုံရိပ်လေးကိုပဲ ကိုသိန်းတစ်ယောက် ကြည်နူးနေရတာပါ။ ကိုယ့်မိသားစု အတွက် ရှာဖွေပေးနေရတာကိုက ယောက်ျားတစ်ယောက်ရဲ့ ပီတိ၊ ဖခင်တစ်ယောက်ရဲ့ တာဝန်ဟု သူခံယူထားသည်။ ကိုယ့်အလုပ်ပေါ်မှာ မိသားစုတွေ အားကိုးအားထားနေရတာကိုပင် ဂုဏ်ယူစရာ။

ရွာထဲမှာ လယ်မရှိ၊ လယ်မလုပ်ရဘဲ သူများတန်းတူနေနိုင်တာကိုလည်း ကိုသိန်းတစ်ယောက် ဂုဏ်ယူရတာပါပဲ။ သားလေးရဲ့ ကျောင်းစားရိတ်၊ အိမ်စားရိတ်ကို ဒီဝင်ငွေတစ်ခုထဲကပဲ ထိန်းထားနိုင်တာ။ အရင်က သူရင်းငှားဘ၀တုန်းကထက် အစစအရာရာ အဆင်ပြေနေခဲ့ပြီလေ၊ တစ်နေကုန်တစ်နေခန်း နွားနဲ့ရုန်းနေရပေမယ့် ၀မ်းဝအောင်ပင် မနည်းလုပ်ခဲ့ရတာ။

ဇနီးသည် ခင်မေကလည်း ခုဆို အတော်ကလေးကို ကျွမ်းကျင်နေလေပြီ။ ရသမျှငါးတွေကို ရွာထဲလည်ရောင်း ပိုတာတွေကို နေလှန်းထား၊ ငါးပိလုပ်ထား ဘာမှလွှင့်ပစ်စရာကိုမရှိ။ အရင်ကဆို ငါးပိချက်ထဲ ငါးထည့်ဖို့တောင် အနိုင်နိုင်ရယ်။ ခုများကျတော့ တစ်နေ့တစ်မျိုး မရိုးရပေ။ ရလာတဲ့ ငါးတွေထဲကမှ ကိုယ်စားချင်တာကိုလည်း ဖယ်ထားလို့ရသေးတယ်။ မရဘူးဆိုရင်တောင်မှ တနေ့စာအားလုံးပြီး စုဗူးထဲကို 2000 လောက်တော့ အသာလေးရောက်သေးတယ်။

အင်းလေ…တစ်ခုရှိတာက နွေဘက်လေးပဲ နဲနဲ ပင်ပန်းတာ။ လယ်ထဲမှာ နွားနဲ့ရုန်းတာနဲ့စာရင်  ခုပင်ပန်းတာက ဘာဟုတ်သေးလဲ။ ကျောမှာပိုးထားရတဲ့ ဘတ္တရီအိုး လောက်တော့ ကိုသိန်းတို့က ခြင်ကိုက်ရုံလောက်သာ။ အရင်တုန်းကတော့ ကိုယ်တစ်ယောက်တည်းပေမယ့် ခုက ကိုယ့်လိုလူ တွေများလာတော့ ကိုသိန်းတို့ ငါးများများရဖို့ ရွာနဲ့အတန်ဝေးဝေးကို သွားနေရပြီ။

“ ခင်မေရေ…သွားပြီ”
“ ကိုသိန်း ဂရုစိုက်သွားနော်။ သိပ်မိုးမချုပ်စေနဲ့”

***-----***-----***-----***-----***-----***-----***-----***-----***-----***-----
“ ကိုသိန်း၊ ကိုသိန်း။
တကတည်းတော် ငေးနေလိုက်တာများ၊ ဘာတွေများ စဉ်းစားနေတာတုန်း၊ ကျုပ်ခေါ်တာ ရှင် မကြားဘူးလား၊
ဒီမှာ ထမင်းတွေ အေးကုန်တော့မယ်”
“ အေး…..အေးပါကွာ…။
ငေးမိငေးရာနဲ့ တွေးမိတွေးရာ တွေးနေတဲ့ကိုသိန်းတစ်ယောက် ဇနီးသည် မခင်မေရဲ့အနီးကပ်ခေါ်သံတောင် မကြားနိုင်ပေ။ စိတ်မပါ့တပါနဲ့ပြန်သာဖြေလိုက်ရပမယ့် ထမင်းမပြောနဲ့ ခုချိန်မှာ ဘာမှကို မလုပ်ချင်ပေ။
“ဒါနဲ့ ဘာဟင်းလဲ ခင်မေ”
“ ဘာရှိရမလဲ ထုံးစံအတိုင်း ငါးကြော်၊ ငါးပိချက်၊ ဟင်းချိုပေါ့။ ဒီနေ့မှ အထူးအဆန်းလုပ်လို့”
“ ဘာ….ငါးကြော်ဟုတ်လား”
“ ဘာ….ဘာ ငါးလဲ”
ကိုသိန်းရဲ့ အထိတ်တလန့်အော်ဟစ်လိုက်သံနဲ့ အထစ်ထစ်အငေါ့ငေါ့ စကားများကြောင့် မခင်မေ ကိုသိန်းကို နားမလည်တဲ့မျက်ဝန်းအစုံနဲ့ပြူးကြောင်ကြောင် ကြည့်နေလိုက်ရပါတယ်။ ညနေပိုင်းအိမ်ပြန်လာကတည်းက ငူငူငိုင်ငိုင်ဖြစ်လာတဲ့ ယောက်ျားကို သတိတော့ထားမိသား။ အရင်နေ့တွေကဆို သူပဲအတက်ကြွဆုံး ဖမ်းလာတဲ့ ငါးတွေထဲကမှ သူကြိုက်တဲ့ငါးကို ကိုယ်တိုင်ချက်နေကျ။ ဒီနေ့မှ ထူးထူးဆန်းဆန်းတွေကိုဖြစ်လို့။
“ တော့…..ကိုသိန်း…ရှင် ဘာဖြစ်နေတာလဲ…ပြောစမ်းကျုပ်ကို”
“ပြန်လာကတည်းက ဘာဖြစ်နေမှန်းကိုမသိဘူး။ ရှင့်ကို တောတွေ တောင်တွေကများ ပြုစားလိုက်တာလားဟင်…ပြောစမ်းပါ။ ရှင် ဘာဖြစ်လာတာလဲပြော။ ပြောလေ….”
မခင်မေရဲ့ အမေးစကားတွေနားထဲမှာကြားတစ်ချက်၊ မကြားတစ်ချက်၊ ကိုသိန်းရဲ့မျက်ဝန်းအစုံကတော့ ဟိုးအဝေးတစ်နေရာ ကိုသာ ငေးမောလျက်………….။
“ကဲ..ကဲ.မပြောချင်လဲနေ၊ ထမင်းတော့လာစား…. ကဲ…ထထ….ထမင်းစားပြီး ကျုပ်က ငါးဖိုးတွေ လိုက်တောင်းရဦးမှာ”
ခင်မေက ပါးစပ်ကလည်းပြော၊ လက်ကလည်းဆွဲခေါ်လို့သာ ကိုသိန်းတစ်ယောက် ထမင်းစားပွဲနားရောက်လာခဲ့ပေမယ့် စိတ်နဲ့လူနဲ့က မကပ်၊ ထမင်းစားပွဲပေါ်က ဟင်းတွေကိုသာ ငေးကြည့်နေပါတော့တယ်။
“ရော့..တော်ကြိုက်တဲ့ ငါး…”
“ မထည့်နဲ့…………..မထည့်နဲ့”
ဇနီးသည်ရဲ့ဟင်းထည့်ပေးတဲ့လက်ကို အတင်းပဲကာလိုက်ရင်းက ကိုသိန်းတစ်ယောက် ပန်းကန်ထဲက ထမင်းဖြူကိုသာ ပါးစပ်ထဲအတင်းသာထိုးထည့်နေမိပါတော့တယ်။ အထူးအဆန်းသဖွယ်ဖြစ်နေတဲ့ ကိုသိန်းကိုတော့ မခင်မေလုံးဝ လုံးဝကို နားမလည်တော့။
“ငါ ၀ပြီ ခင်မေ”
စကားတစ်ခွန်းသာပြောပြီး ထသွားတဲ့ကိုသိန်းရဲ့ကျောပြင်ကို ကြည့်နေရင်းက ထမင်းလည်းဆက်မစားချင်တော့တာနဲ့ ခင်မေလည်း စားပွဲဝိုင်းနားက ထလာရပါတယ်။ ရစရာငါးဖိုးအကြွေးတွေအတွက် ရွာထဲကို တပတ် ပတ်ရပေဦးမည်။

ဒီနေ့ကျမှ ထူးဆန်းနေတဲ့ကိုသိန်းတစ်ယောက်တည်း အိမ်မှာထားခဲ့ရမှာလည်းစိတ်မချ၊ ငါးဖိုး အကြွေးတွေကလည်း ကိုယ်မှမတောင်းရင် ရမှာမဟုတ်တော့ပေ။ နေ့တိုင်းရောင်းချင်တော့လည်း နေ့တိုင်းတော့ တောင်းရမည်သာ။ ရွာထဲထွက်ခဲ့ရပေမယ့် စိတ်က ကိုသိန်းဆီ။ ကျူရှင်အိမ်မှာ မျှော်နေမည့် သားတော်မောင်ကိုလည်း ၀င်ကြိုရဦးမည်။ ညကျရင်တော့ ကိုသိန်းကို အသေအချာ မေးကြည့်ဦးမည်ဟုသာ။

ညနေ မှောင်စပျိုးချိန်ဆို မခင်မေတို့ ငါးဖိုးတွေ လိုက်တောင်းရပါတယ်။ ကိုသိန်းပါလာတဲ့ငါးတွေကို ညနေစောင်းကတည်းက လိုက်လည်ရောင်းပြီးသား။ မကုန်တဲ့ငါးတွေကို အိမ်ပြန်ချက်သင့်တာချက်၊ လှန်းသင့်တာလှန်း၊ ငါးပိလုပ်သင့်တာလုပ်၊ အားလုံးစားသောက်ပြီးမှ နောက်တစ်ခေါက်က အကြွေးတောင်းအလှည့်၊ သားကြိုအလှည့်။

နေ့စဉ်အလုပ်ဆိုပေမယ့် မောတယ်ပန်းတယ်လို့ကိုမထင်၊ အရင်က ဘ၀တုန်းကတော့ ကိုယ်ကပေးအလှည့်ချည်းသာ၊ အိမ်ပေါက်စေ့ကို မျက်နှာငယ်နဲ့ရောက်ခဲ့ပေါင်းလည်းများခဲ့ပြီ။ ခုကျတော့ ကိုယ်ကတောင်းအလှည့်။ ကိုယ်ကတောင်းအလှည့် ဆိုပေမယ့် အရင်ကဘ၀ရဲ့စာမျက်နှာတွေကြောင့် လေသံတောင်မမာတတ်တော့ပေ။

အော်…..ဘ၀ဆိုတာ အနိမ့်အမြင့်နဲ့ပါလားဆိုတာ ခင်မေတို့ မပြောပဲသိ၊ မသင်ပဲတတ်ခဲ့ပါပြီလေ။
နှာခေါင်းနဲ့ပါးစပ်မှတစ်ဆင့် အငွေ့ငွေ့ထွက်သွားတဲ့ ဆေးလိပ်မီးခိုးတွေကို အဓိပါယ်မဲ့စွာ လိုက်ကြည့်နေရင်းက ကိုသိန်းတစ်ယောက် အတွေးနယ်ချဲ့မိလေပြီ။ အိပ်မောကျနေတဲ့ မယားနဲ့သားကို အသာငဲ့ကြည့်လိုက်ရင်း… ရင်ထဲအမျိုးအမည်မသိတဲ့ ဝေဒနာတစ်ခုကို မိမိဘာသာပဲ ခံစားလိုက်ရပါတယ်။ တစ်လိပ်ပြီးတစ်လိပ် တရှိုက်မက်မက် ဖွာနေခဲ့မိတာ ဘာ့ကြောင့်ပါလဲလို့ သူ့ဘာသာတောင် မဝေခွဲတတ်တော့ပေ။ တိတ်ဆိတ်နေတဲ့ ညအလယ်မှာ တစ်ယောက်တည်းသောသူက တစ်ခုတည်းသော အတွေးကိုသာ တွေးနေခဲ့လေပြီ။

တဆစ်ဆစ်နာကျင်တာလား၊ တဆတ်ဆတ်တုန်ယင် နေတာလား၊ ရင်အစုံရဲ့ မြည်ဟီးသံကို မကြားရဲလောက်အောင် ဖြစ်နေတာမို့ မျက်စိအစုံကိုသာ အသာမှိတ်လိုက်ရင်း…………… အိပ်ယာပေါ်သာ လှဲချလိုက်ပါတော့တယ်။

မပီမပြင် ၀ိုးတ၀ါးနဲ့ အမြင်အာရုံကြားထဲမှာတော့……………………အမေ၊………………………အမေ။

အမေဆိုတာ ဘယ်လိုပုံမျိုးပါလိမ့်၊ အသားဖြူဖြူလား၊ ညိုညိုလား။ အရပ်ရှည်သလား၊ ပုသလား ကိုသိန်းမသိ၊ မိခင်မေတ္တာဆိုတာလည်း မသိခဲ့။ အေးသလား ပူသလား ဘယ်လိုမျိုးလဲ..။

အဖေ့လက်ပေါ်ကြီးလို့ လူဖြစ်လာတဲ့ ကိုသိန်းတစ်ယောက် မိခင်မေတ္တာဆိုတာကို ဘာမှန်းမသိခဲ့ရပေ။  ဒီနေ့မှ မျက်ဝါးထင်ထင်မြင်လာခဲ့ရတဲ့ မြင်ကွင်းလေးတစ်ခုကိုပဲ ယောက်ျားကြီးဖြစ်ပေမယ့် တုန်ရင်စွာ ခံစားနေရပြီ။ အိပ်ပျော်အောင်ကြိုးစားမယ်လို့ မျက်လုံးမှိတ်လိုက်ပြန်တော့ မေ့မရတဲ့ မြင်ကွင်းအချို့တို့ တိုး၍၀င်လာလေပြီ၊ နေ့လည်က မြင်ကွင်းနဲ့အပြိုင် ပုံရိပ်တစ်ခု…၀ါးတားတားပုံရိပ်တစ်ခု………….အမေ…အမေ၊

ခပ်တိုးတိုးညည်းသံနဲ့အတူ နှုတ်ကထွက်ကျလာတဲ့ ဒီစကားလုံးလေးတွေ၊ သူ့နှုတ်က ထွက်သွားတာမှ ဟုတ်ပါလေစ၊ ရင်ထဲကများ ထွက်ကျလေရော့သလား။

ကိုယ်နဲ့အပြိုင် တစ်နေကုန်ပင်ပန်းထားတဲ့ ဇနီးသည်ကို အသာငဲ့ကြည့်လိုက်ရင်းက ..ရင်ထဲတိုးတိုးလေး ဆိုမိသည်………….
ခင်မေ………..ငါ့ကိုလေ….အမေ့ရဲ့မေတ္တာတွေအကြောင်း နင်သိသလောက်ပြောပြပါလား။ နင်က ခု အမေနေရာဆိုတော့ နင်က ငါ့ထက်ပိုသိမှာပါ။

နင် င့ါကိုမေးတယ်မလား ၊ တော့်ကို တောတွေတောင်တွေကများ ပြုစားလိုက်တာလားတဲ့။ မဟုတ်ပါဘူးဟာ ငါနင့်ကိုပြောပြမယ်ခင်မေ ပြောပြမယ်။

***-----***-----***-----***-----***-----***-----***-----***-----***-----***-----

“ဟာ.ကိုသိန်း..စောလှချေလားဗျ၊”
“စောရတယ်ကွ၊ ခုချိန်ထွက်မှ တော်ကြာကြတာ၊ ကိုယ်ကလည်း ၀ီရိယရှိရမယ်လေကွာ”
“ကောင်းတယ်ကိုသိန်းရေ….. ကောင်းတယ်”

ရိုးသားအေးဆေးတဲ့ ကိုသိန်းတို့မိသားစုက ချစ်ခင်သူမရှားပေမယ့် မုန်းသူလည်းမရှိပါ။ သူများအလုပ်၊ ကိုယ့်အလုပ် ဘယ်အလုပ် ဖြစ်ဖြစ် ဂရုတစိုက်ရှိတတ်တဲ့ ကိုသိန်းရဲ့အကျင့်လေးက မျက်နှာပွင့်စေခဲ့ပါတယ်။ တောသူတောင်သားဘ၀တွေမို့ လင်းကြက်တွန်ရင်ကိုဖြင့် အားလုံးနိုးနေကြပြီ။

လယ်အလုပ်မဟုတ်ပေမယ့် ကိုယ်ကအရင်ရောက်နှင့်မှသာ ငါးများများရပေလိမ့်မည်။ ခြေကျင်ခရီးကလည်း သိပ်တော့ခရီးတွင်တာမဟုတ်၊ ၃ နာရီလောက် လမ်းလျှောက်သွားမှ အဆင်ပြေတာ။

နွေဘက်ရောက်လေလေ ငါးက ရှားလေလေပင်၊ ရွာနဲ့အတော်ဝေးဝေးမှသာ အဆင်ပြေတတ်တာဆိုတော့ ဒီနေ့တော့ ကိုသိန်းတစ်ယောက် ခပ်ဝေးဝေးဆီသို့သာ……….။

အောက်ခြေကိုမြင်နေရတဲ့ ချောင်းရိုးတစ်လျှောက် စိတ်လိုလက်ရ လမ်းလျှောက်နေရင်းက ရေပြင်ဆီသို့လည်းမကြာမကြာ မျက်လုံးကရောက်ရပါတယ်။ ငါးရှိမယ်ထင်တဲ့နေရာဆိုရင် ရှာကြည့်၊ တစ်နေရာ တစ်နေရာကို ခပ်ကြာကြာလေးနေလို့မှ မရရင်တော့ နောက်တစ်နေရာကို ခရီးဆက်ပေါ့။ တစ်ခါတစ်လေတော့လည်း တစ်နေရာတည်းနဲ့တင် ငါးတွေအတော်များများရခဲ့ရင်တော့ ကိုသိန်းတို့ သက်သာရပါတယ်။ အဲ့လိုအခါမျိုးဆို နောက်က လိုက်လာမယ့် ခင်မေကို စောင့်နေရုံသာ။

“အင်း……….ဒီနေရာမှာ ရှာကြည့်ဦးမှ”
ပါလာတဲ့ပစ္စည်းတွေကို နေရာကောင်းကောင်းလေးတစ်ခုမှာ ချထားပြီး ကျင်စက်ကို အသုံးပြုလို့ ကိုသိန်းတစ်ယောက် ငါးရှာရပါတယ်။ ချောင်းထဲဆင်းပြီး ငါးရှိမယ့်နေရာတွေကိုမှန်းပြီး ငါးမြှားတံကိုထိုးရတာ ကျင်စက်ကြောင့် သေသွားတဲ့ငါးတွေကို အသာလေး ပုံးထဲကောက်ထည့်ရုံသာ။ တစ်ခါတစ်လေကျတော့ မသေပဲ ပါလာတာတွေလည်းရှိခဲ့ပါတယ်။
“ ဟာ…………ဟိုဘက်မှာ အများကြီးပါလား”
ရိပ်ခနဲ လှမ်းမြင်လိုက်ရတဲ့ တစ်နေရာဆီ တဖြည်းဖြည်း အသာတိုးကြည့်လိုက်တော့….
“ ဟာ…….ဘယ်ရောက်သွားတာပါလိမ့်..”
အသာလေးငြိမ်နေလိုက်ပြီး ခဏစောင့်ကြည့်လိုက်တဲ့အခါ
ဟော………..ကျောက်တုံးတွေနဲ့ကွယ်နေတာကိုး၊
စိတ်ထဲသဘောကျသွားဟန်နဲ့ လက်ထဲက ကျင်စက်ကို ရေထဲထည့်လို့ ခလုပ်ကိုဖွင့်မယ်အလုပ်…………………..

“ဟာ…………………..ထူးဆန်းလိုက်တာ”
ကိုသိန်းတစ်ယောက် ပါးစပ်အဟောင်းသားဖြစ်လို့ လက်ထဲကငါးမြှားတံကို အဝေးဆီသာ လွှင့်ပစ်လိုက်မိပါတယ်။
ကိုသိန်းကြောင့် လှုပ်သွားတဲ့နေရပြင်မှာ ဟိုဟိုဒီဒီ ကူးနေကြတဲ့ ငါးသားပေါက်လေးတွေ….တစ်နေရာ ဆီသို့ အတင်းထိုးပြေးသွားလိုက်ကြတာ……မိခင်ဖြစ်မယ်ထင်ရတဲ့ ငါးခပ်ကြီးကြီးတစ်ကောင်က အသာလေးပါးစပ်ဟပေးလိုက်တော့……..ငါး သားပေါက်ကလေးတွေ အကုန်လုံး တန်းစီပြီး မိခင်ငါးမကြီးရဲ့ ပါးစပ်ထဲ အကုန်လုံးရောက်သွားကြတဲ့ မြင်ကွင်း…………ဒီမြင်ကွင်း………….။

“ဟာ”
ဆိုပြီး ဖြစ်သွားတဲ့ ကိုသိန်းရဲ့ပုံစံက ဟန်ဆောင်ပန်ဆောင်မဟုတ်ခဲ့ပါ။ မျက်စိရှေ့မှာတင်ဖြစ်သွားတဲ့ဒီမြင်ကွင်းကို ဘယ်မေ့နိုင်မလဲ။ ဘေးလွတ်ရာသို့ တဟုန်ထိုး ကူးခတ်သွားတဲ့ မိခင် ငါးမကြီးနောက်ကို ကိုသိန်း အပြေးလိုက်ရမလား…………..၊ကိုသိန်းမလိုက်တော့ပါ။

ဈေးကြီးရမယ့် ဒီလိုငါးမျိုးလည်း ကိုသိန်းမဖမ်းလိုတော့။
အရသာရှိတယ်၊ အသားချည်းပဲ ဆိုတာမျိုးလည်း မကြားချင်တော့။
ကြိုက်လှချေရဲ့ဆိုတဲ့ ဒီငါးကို ဘယ်လိုသတ္တိမျိုးနဲ့ ကိုယ်တိုင်ဖမ်းပြီး စားသောက်ရပါ့မလဲ။
ရင်ထဲမှာ ဘာဖြစ်သွားမှန်းမသိတဲ့ ဝေဒနာကို လူတွေသိအောင် ဘယ်လိုပြောပြရမလဲ။

ငါ့ရဲ့အဖြစ်အပျက်က အဲဒါပဲခင်မေ။ငါသိပ်ကြိုက်ခဲ့တဲ့ အဲဒိငါးကို ငါစားဖို့ မျိုမကျတော့ဘူးခင်မေ။ ဟင်းပန်းကန်ထဲက ငါးဟင်းတွေကို ကြည့်ရဲဖို့ ငါ့သတ္တိတွေ ပျောက်ဆုံးကုန်ပြီ။ အမြီးလေးလှုပ်ရမ်းလို့ ကူးခတ်သွားတဲ့ မြင်ကွင်းလေးကို နင် မြင်ကြည့်စမ်းပါခင်မေ၊ မြင်ကြည့်စမ်းပါ။မိခင်မေတ္တာဆိုတာ ထူးဆန်းလှချေရဲ့။ ငါ တစ်ခါမှ မတွေးဖူးဘူး ခင်မေ။
ရင်ထဲမှာ မွန်းကြပ်သွားဟန်နဲ့ ကိုသိန်း တစ်ယောက် ငုတ်တုတ်ထ ထိုင်မိလျက်က နံရံမှာထောင်ထားတဲ့ ငါးဖမ်းပစ္စည်းအစုံဆီ မျက်စိက ရောက်မိပြန်ပါပြီ။ ခုံမင်တပ်မက်မိတဲ့ ဒီပစ္စည်းတွေကို တစ်ရေးနိုးလည်းမြင်သာနိုင်အောင် ကိုယ်နဲ့မကွာ အနီးဆုံးမှာတောင် ထားထားတာ။ ဒီပစ္စည်းတွေကြောင့်သာ မိသားစုရဲ့ ကယ်တင်ရှင် ဖြစ်ခဲ့ရတာ။ တန်းတူနေနိုင်ခဲ့တာ။ ဇနီးနဲ့သားတို့ ၀မ်းဝ၊ ခါးလှခဲ့ရတာ။

တသက်လုံးမလုပ်ချင်တော့လောက်အောင် ငါ တွေးမိတယ်ခင်မေ၊ ဒါပေမယ့် မဖြစ်နိုင်ဘူးဆိုတာ ငါသိပါတယ်။ ငါ ဘာဆက်လုပ်ရမလဲ၊ နေ့စဉ်ရက်ဆက် ငါ မေ့မေ့ပျောက်ပျောက်ထားနိုင်ပါ့မလား။ မသေမရှင်ဖြစ်နေတဲ့ ငါးတွေကို ကျင်လည်စွာကိုင်တွယ်ခဲ့တဲ့ ငါ့ရဲ့လက်နဲ့ ငါ…ပျော်ပျော်ကြီးဖမ်းရဲပါတော့မလား။

တစ်ကိုယ်တည်း တီးတိုးပြောဆိုသံတွေ လည်ချောင်းဝမှာတင်ပျောက်ဆုံးကုန်လေပြီ။ လင်းကြက်တွန်သံ ကြားရတော့မှ ကိုသိန်း တစ်ယောက် မျက်စိအစုံကိုသာ အတင်းထိုးမှိတ်လိုက်ရင်းက……………တစ်ခုတည်းသောဆုံးဖြတ်ချက်ကိုသာ…….ချလိုက်နိုင်ပါတယ်။

ကျွမ်းကျင်လို့ အဆင်ပြေနေတဲ့နေရာမှာ အကောင်းဆုံးသော လုပ်ဆောင်ချက်သာ ကိုယ့်ရဲ့ရွေးချယ်ရာ………..။
ဝမ်းစာရေးတွက် ဘယ်အရာကများ အရေးကြီးနိုင်ပါ့မလဲ။ ၀မ်း သုံးဝမ်းနဲ့ ခါးသုံးခါး လှဖို့အတွက်တော့ ဒီအလုပ်ကို ဆက်လုပ်ရပေ မည်။ သေချာတာတစ်ခုကတော့ နောင်ဆို ကိုသိန်း သိပ်ကြိုက်တဲ့ငါးမျိုး သူ…လုံးဝ၊ လုံးဝ မျက်စိရှေ့သို့ အရောက်ခံတော့မည် မဟုတ်ချေ။
ဒါဟာ ကိုသိန်းရဲ့ အကောင်းဆုံးသော၊ မိသားစုတွက် ရွေးချယ်မှု တစ်ခုဟုသာ……………………။

စိမ့်စမ်းရေ
131207









Posted by စိမ့်စမ်းရေ on Friday, February 14, 2014

0 comments

Post a Comment