ဆီကြော်မုန့်များ စားသုံးပါက ဆီးကျိတ်ကင်ဆာ ပိုမို ဖြစ်ပွား နိုင်သည်ကို လေ့လာ တွေ့ရှိ
=====================================
အာလူးချောင်း ကြော်များ၊ ကြက်ကြော်များနှင့် ဒိုးနတ်မုန့်များ အစရှိသည့် ဆီကြော်မုန့် များကို ပုံမှန် စားသုံး ပါက ဆီးကျိတ် ကင်ဆာ ပိုမို ဖြစ်ပွား နိုင်ကြောင်း လေ့လာ တွေ့ရှိချက် အသစ် တစ်ခုတွင် ဖော်ပြ ထားသည်။
အဆိုပါ လေ့လာ တွေ့ရှိချက် အသစ်ကို ဆီးကျိတ် ကင်ဆာ ဝေဒနာ ခံစားနေရသော အမျိုးသား ၁၅၄၉ ဦးနှင့် ကျန်းမာသည့်လူ ၁၄၉၄ ဦးကို လေ့လာ ဆန်းစစ်မှု ပြုခဲ့ရာမှ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ဝါရှင်တန် ပြည်နယ် ဆီယက်တဲလ် မြို့ရှိ Fred Hutchinson ကင်ဆာ သုတေသန ဌာနက ထုတ်ဖော် ပြောကြား ခဲ့သည်။
သုတေသန ပြုရာတွင် ပါဝင်ခဲ့သူ များမှာ အသက် ၃၅ နှစ်မှ ၇၄ နှစ်အတွင်း ဒေသခံများ ဖြစ်ပြီး ကော့ကေး ဆပ်စ် နွယ်ဖွားများနှင့် အာဖရိက- အမေရိကန် နွယ်ဖွား ဆီယက်တဲလ် မြို့သူ မြို့သားများ ဖြစ်ကြောင်း သိရ သည်။ ၎င်းတို့၏ ပုံမှန် စားသောက်ပုံစံတွင် ဆီကြော် အစာများ မည်မျှ ပါဝင်သည်ကို သုတေသီ များက လေ့လာ ခဲ့ကြသည်။
ထိုကဲ့သို့ လေ့လာရာတွင် သီတင်းပတ် တစ်ပတ်အတွင်း အာလူးချောင်းကြော်များ၊ ကြက်ကြော်များ၊ ငါးကြော်များနှင့် ဒိုးနတ်မုန့် များကို စားသုံးသူ များသည် ဆီးကျိတ်ကင်ဆာ ဝေဒနာ ဖြစ်ပွားမှုနှုန်း ၃ဝ ရာခိုင်နှုန်းမှ ၃၇ ရာခိုင်နှုန်း ပိုများသည်ကို တွေ့ရသည်။ ပုံမှန် ဆီကြော်မုန့် များကို စားသုံးသူ များသည် ဆီးကျိတ်ကင်ဆာ ရောဂါ ဖြစ်ပွားနိုင်မှု အန္တရာယ် ပိုမို ကြီးမားကြောင်း တွေ့ရသည်။
သုတေသီ များက ဆီကြော်မုန့်များ စားခြင်းနှင့် ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှု အကြား ဆက်စပ်မှုကို ချင့်တွက် ရာတွင် အသက်၊ မိသားစု အတွင်း ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှု မျိုးရိုး ရှိ၊ မရှိ၊ အရပ်နှင့် ကိုယ်ခန္ဓာ အလေးချိန် ကိုက်ညီမှု ရှိ၊ မရှိ၊ လူမျိုး၊ PSA စမ်းသပ်မှု များကိုလည်း ထည့်သွင်း စဉ်းစား ခဲ့ကြသည်။
ဆီကြော် အစာများတွင် ကင်ဆာ ဖြစ်စေနိုင်သော ဒြပ်ပေါင်း ပါဝင်ကြောင်း သုတေသီ များက ထုတ်ဖော် ပြောကြား ထားသည်။ အစား အစာများကို ဆီဖြင့် ကြော်လှော်ရာတွင် အပူရှိန်ကြောင့် ဆီများဆက် ပြောင်းလဲ သွားပြီး ကြွပ်အောင် ကြော်ထားသည့် အစားအစာ များတွင် ကင်ဆာ ဖြစ်စေနိုင်သည့် ကာစီနိုဂျင် ဒြပ်ပေါင်းအဖြစ် ဖြစ်လာသည်ကို တွေ့ရသည်။ ကာစီနိုဂျင် များကို အာလူးချောင်း ကြော်များ ကဲ့သို့ ကာဗိုဟိုက်ဒြိတ် ပါသော အစားအစာ များတွင် တွေ့ရသော acrylamide အပူချိန် မြင့်၍ ချက်သော အစား အစာ များတွင် တွေ့ရသည့် ဓာတုပစ္စည်းများ ဖြစ်သည့် ဒြပ်ပေါင်းများ၊ ရေမွှေးများ ပါဝင်သည့် အော်ဂဲနစ် ပစ္စည်းမှာ ပေါင်းသတ် ဆေးများတွင် တွေ့ရသည့် ဓာတုဗေဒ တစ်မျိုး ဖြစ်သည့် acrylamide ဒြပ်များ ပါဝင်သည်။
ယင်း အဆိပ် ဖြစ်စေသော ဒြပ်ပေါင်းများသည် ဆီများ ထပ်ခါထပ်ခါ ပြန်သုံးခြင်းနှင့် အကြော်ခံဆီ တို့ကို ထပ်ခါထပ်ခါ ပြန်သုံးပါက ပို၍ အဆိပ်အတောက် ဖြစ်စေကြောင်း သုတေသီ များက ပြောကြား ခဲ့သည်။
မျိုးသူထက်
Read More
Posted by စိမ့်စမ်းရေ on Thursday, February 20, 2014
ဆေးဖက်ဝင် မရမ်းသီး
မရမ်းသီးသည် သွေးဝမ်းသွားခြင်း၊ ၀မ်းကိုက်ခြင်း၊ သွေးကြောင့်ဖြစ်သောရောဂါ၊ အဖျားဟောင်းနှင့် ကိုယ်တွင်းပူ လောင်ခြင်း၊ အသားကြား အရိုးကြားတို့၌ နာကျင်ကိုက်ခဲခြင်းတို့ကို သက်သာပျောက်ကင်းစေသည်။ 
မရမ်းသီးကို သုပ်စားခြင်း၊ ချက်စားခြင်း၊ စသည်ဖြင့် ပြုလုပ်စားသုံးပါက ခံတွင်းပျက်ခြင်းနှင့် ခံတွင်းအရသာ မပေါ်ခြင်းတို့ကို သက်သာပျောက်ကင်းစေနိုင်သည်။
ဝမ်းကိုက်ခြင်း၊ မီးယပ်ဝမ်သွားခြင်းများအတွက် မရမ်းသီးဆားရည်စိမ် အရည်သောက်ပေးခြင်း၊ ဆားရည်စိမ် မရမ်းသီးကို သုပ်စားပေးခြင်းဖြင့် ၀မ်းကိုက်ပိုးများကို သေစေနိုင်သည်။ 
အသည်း အဆီဖုံးသော ရောဂါများကို ပျောက်ကင်းစေရန်နှင့် အဆီများသော သားငါးများတွင် မရမ်းသီးထည့်၍ ချက်ပြုတ်ခြင်းဖြင့် ပိုလျှံနေသော အဆီများကို ချေဖျက်နိုင်သည်။ 
အထူးသဖြင့် မရမ်းစေ့များကို ၀မ်းပိတ်ဆေးများတွင် အသုံးပြုနိုင်သည်။
Read More
Posted by စိမ့်စမ်းရေ on
ရာသီဥတု ဒဏ်ကြောင့် ခြောက်ကပ်ပြီး ခြေဖ၀ါး ကွဲနေသူများ အတွက်ပါ
••••••••••••••••••••••••••••••••••••••••••••••••••••••••
ကျွန်တော်တို့ ခြေဖ၀ါး တွေဟာ ရာသီဥတု ဒဏ်ကြောင့်ပဲ ဖြစ်ဖြစ် ခြောက်ပြီး ကွဲတာတို့ ဖြစ်တတ်ကြ ပါတယ်။ ဒီလိုမျိုး အခြေအနေ မျိုးကို ဘယ်လို ပြန်လည် ကုစားရ မလဲဆိုတာ ဆက်ပြီး ဖတ်ရှုကြ ပါဦး။
ကျွန်တော်တို့ ခြေဖ၀ါး တွေဟာ သဘာဝ အားဖြင့် စိုစွတ်စေတဲ့ အဆီရည်တွေ ထုတ်ပေးလေ့ မရှိပါဘူး။ ချွေးပေါက်တွေကို မှီခိုပြီး ထွက်လာတဲ့ ချွေးတွေနဲ့ ခြေဖ၀ါး တွေကို စိုနေအောင် ထိန်းထားလေ့ ရှိပါတယ်။ ဒါပေမယ့် ဒီလိုမျိုး ဖြစ်စဉ် မျိုးဟာ တစ်ချို့သော အရာတွေကြောင့် ဖြစ်လေ့ မရှိပါဘူး။ ဆီးချိုရောဂါ၊ Thyroid ရောဂါ၊ အသား အရည်ကို ထိခိုက်စေတဲ့ နာတာရှည် ရောဂါတွေ၊ ခြေလက် ဖောယောင် တတ်တာတွေနဲ့ အ သက်ကြီး ရင့်ခြင်း တို့ဟာ ခြေဖ၀ါးကို ခန်းခြောက် စေတဲ့ အကြောင်း အရင်းထဲမှာ အဓိက တရားခံ တွေပါ။ ဘတ်တီး ရီးယားတွေ၊ ဗီတာမင် ချို့တဲ့တာတွေ၊ ရေနဲ့ တရားလွန် ထိတွေ့တာတွေ၊ ခြေထောက်နဲ့ ဟန်ကျ မဖြစ်တဲ့ ဖိနပ်တွေ၊ ခြေထောက်နှင့် ခြေဖ၀ါးပိုင်း လုံလောက်တဲ့ လေ ပမာဏနဲ့ ထိတွေ့ခြင်း မရှိတာ ကြောင့်လည်း ပုံမှန် စိုစွတ်တာ ခြောက်ခန်းပြီး ခြေဖ၀ါး ကွဲတာမျိုးတွေ ဖြစ်တတ် ပါတယ်။
How to Fix Dry Cracked Feet
အခု ကျွန်တော်တို့ ခြေဖ၀ါးတွေ ကွဲရတဲ့ အကြောင်းအရင်း တွေကို လေ့လာ သိရှိကြ ပြီးပါပြီ။ ဘယ်လို ကုထုံး မျိုးနဲ့၊ ဘယ်လို နည်းလမ်းမျိုးနဲ့ ကျွန်တော်တို့ ခြေဖ၀ါး တွေကို ကုသကြမလဲ။ ဓာတု ပစ္စည်းနဲ့ ဖော်စပ်ထားတဲ့ ဆေးဝါး မှန်သမျှ ရာနှုန်းပြည့် စိတ်မချ ရပါဘူး။ ခြေထောက် လိမ်းတဲ့ လိမ်းဆေးရည် တွေထက် ပိုပြီး စိတ်ချပြီး ဈေးသက်သာတဲ့ အိမ်သုံးကုထုံး တွေကသာ အကောင်းဆုံး အာမခံချက် ရှိတဲ့ နည်းလမ်း တွေ ဖြစ်ပါတယ်။ အဆိုပါ နည်းလမ်း တွေကို ဖော်ပြရရင် အောက်ပါ အတိုင်း ဆောင်ရွက် ကြည့်နိုင် ပါတယ်။
နည်း(၁) - ရှာလကာရည် ပန်းကန်လုံး တစ်ခွက် ပမာဏကို ၂ ဂါလန် ပမာဏ ရှိတဲ့ ခပ်နွေးနွေး ရေနဲ့ ရောလိုက်ပါ။ တစ်ပတ် မိနစ် ၃၀ ကနေ ၄၅ မိနစ် စိမ်ပါ။ ပြီးနောက် ရေစစ်၊ အခြောက်ခံ၊ Moisturizer သုံးပြီး ခြေအိတ် စွတ်ထားပါ။
နည်း(၂) - မုန့်ဖုတ် အမှုန့် Baking Soda ပန်းကန်လုံး တစ်ဝက် ပမာဏကို ၁ ဂါလန် ပမာဏ ရှိတဲ့ ခပ်နွေးနွေး ရေနဲ့ ပျော်ဝင် သွားအောင် ရော လိုက်ပါ။ ရောပြီး ရေထဲမှာ မိနစ် ၃၀ ကနေ ၄၅ မိနစ် အထိ စိမ်ပါ။ ပြီးနောက် ရေစစ်၊ အခြောက်ခံ၊ Moisturizer သုံးပြီး ခြေအိတ် စွတ် ထားပါ။
နည်း(၃) - ၁ ဂါလန် ကနေ ၂ ဂါလန် ပမာဏ ရှိတဲ့ ရေနွေးထဲကို လက်ဖက်ရွက်ဆီ နည်းနည်း ထည့်လိုက် ပါ။ ပြီးနောက် ရေထဲ စိမ်ပြီး ရေစစ်၊ အခြောက်ခံ၊ Moisturizer သုံးပြီး ခြေအိတ် စွတ်ထားပါ။ ဒီနည်း ကတော့ ဘတ်တီးရီးယားလို၊ မှိုလို မျိုးကြောင့် ခြေဖ၀ါး ကွဲတာမျိုး ဆိုပို ကောင်း ပါတယ်။
နည်း(၄) - ၁ ဂါလန်ကနေ ၂ ဂါလန် ပမာဏ ရှိတဲ့ ရေနွေးထဲကို လက်ဖက် စားဇွန်း ၂ ဇွန်းကနေ ၃ ဇွန်း ပမာ ဏရှိတဲ့ Lemon Juice ထည့်ပါ။ ပြီးနောက် ရေထဲစိမ်ပြီး ရေစစ်၊ အခြောက်ခံပါ။
How to Fix Dry Cracked Feet
အထက်ပါ နည်းတွေ အပြင် လှပတဲ့ ခြေဖ၀ါး ပိုင်ရှင်တွေ ဖြစ်ဖို့ အတွက် မှတ်သား ထားရမှာတွေ ရှိပါ သေးတယ်။ ကုမ္ပဏီထုတ် Lotion တွေ အစား သဘာဝ ကရတဲ့ သံလွင်ဆီ၊ အုန်းဆီ၊ ဖယောင်း ဒါမှမဟုတ် မီးဖိုကြောင်သုံး ဆီပဲဖြစ်ဖြစ် အထက် ဖော်ပြပါ နည်းလမ်း မျိုးတွေ သုံးတဲ့ အခါ တစ်စက်၊ နှစ်စက်သော ပမာဏလောက် အနံ့ကောင်းအောင် ထည့်ပြီး စိမ်ကြည့် ကြပါ။ ရေမွှေး ဆီမျိုးကို မသုံးပါနဲ့။ အကြောင်း ရင်းက အသားအရည် အတွက် စိတ်မချ ရလို့ပါ။ အကောင်းဆုံး နည်းလမ်း တစ်မျိုးကတော့ လက်ဖက် စားဇွန်း ၁ ဇွန်း ပမာဏ သံလွင်ဆီကို Lemon Juice အနည်းငယ်နဲ့ ရောပြီး ခြေဖ၀ါးနဲ့ သက်ဆိုင်တဲ့ နေရာတွေ ကို စိမ့်နေအောင် လိမ်းပါ။ ပြီးရင် သန့်ရှင်းတဲ့ ချည်ခြေ အိတ်နဲ့ စွပ်ထားလိုက် ပါ။
အထက်က ဖော်ပြခဲ့တဲ့ နည်းတွေမှာ ခြေအိတ် သုံးရင် ချည်ခြေအိတ်သာ သုံးသင့် ပါတယ်။ ဒါမှ လေ၀င် လေထွက် ရှိပြီး အကျိုးရှိမှာ ဖြစ် ပါတယ်။ ခြေဖ၀ါးတွေ ကွဲလှပါတယ် ဆိုတဲ့ သူတွေအတွက် သိမှတ်ဖွယ်ရာ တွေကို ဖော်ပြပေး ခဲ့ပါတယ်။ ဖြစ်ရတဲ့ အကြောင်းအရင်း တွေကို ကော ပြန်လည် ကုစားရတဲ့ နည်းလမ်း တွေပါ ဖော်ပြပေး ခဲ့တာကြောင့် အသုံးဝင်မှာပါ။ ဖော်ပြပါ သဘာဝနဲ့ ညီညွတ်တဲ့ နည်းလမ်းတွေ အသုံးပြုပြီး စာဖတ်သူ တွေရဲ့ ခြေဖ၀ါး တွေဟာ လှပပြီး နူးညံ့နိုင် ကြပါစေလို့ မျှော်လင့် ပါတယ်ဗျာ။
form -
Read More
Posted by စိမ့်စမ်းရေ on
အစွမ်းထက် "ဂျင်း" ပင်၏အာနိသင်များ။
=======================
ပင်နုပင်ပျော့မျိုးဖြစ်၏။
အမြင့်(၃)ပေမှ(၄)ပေခန့်ထိမြင့်ပြီးရွက်ရောင်ပင်စည်မျိုးဖြစ်သည်။
အရွက်မှာရွက်ဖျားချွန်းပြီးရွက်ရင်းသွယ်သည်။
အညိုနုရောင်ရှိသောမြေအောက်ပင်စည်ဥအတတ်ရှိပြီးဥ၏အဆစ်နေရာများတွင်အဖတ်လေးများရှိသည်။
အေးသောဓာတ်ရှိ၏။
 နှုတ်ကိုမြိန်စေ၏။ကြေကျက်လွယ်၏။
သလိပ်လည်းခြေဒေါသကိုနိုင်၏။
ဆီးဝမ်းကိုရွှင်စေ၏
အဆိပ်ကိုနိုင်၏။
အသနာ၊ရင်နာ၊လေနာတို့ကိုနိုင်၏။
 ပြင်းထန်သောအနာပေါက်ခြင်းနှင့်ထိခိုက်ခြင်းကြောင့်ဖြစ်သည့်ရောင်တင်းသောရောဂါများ
 ပျောက်ကင်းစေသည်။ 
ဂျင်းစိမ်းဥတတ်အရည်နှင့်ပျားရည်ကိုရောစပ်ကာလျက်ပေးပါက နှာစေချောင်းဆိုး နှင့်ပန်းနာရင်ကြပ်ရောဂါ
များပျောက်ကင်းသည်။
ဂျင်းစိမ်းရည်နှင့်ကြက်သွန်နီဥမှညှစ်သောအရည်တို့ကိုမျှတစွာရောသောက်သော် အော့အန်ခြင်း၊ ကြို့ထိုးခြင်းများပျောက်သည်။
ဂျင်စိမ်းရည်အားနှမ်းဆီနှင့် ကြိုချက် ကာရသောဆီကိုအဆစ်အမြစ်ရောင်ရမ်းသောနေရာတွင်လိမ်းပေးသော် ဝေဒနာများလျှင်မြန်စွာသက်သာ ပျောက်ကင်းသည်။
ဂျင်းစိမ်းကိုဝါးပြီးကိုက်သောနေရာတွင်ငုံထားပါကသွားကိုက်ခြင်း၊သွားနာခြင်းများ ပျောက်ကင်းသည်။
ဂျင်းစိမ်း၊ထန်းလျှက်နှင့်ကွမ်းရွက်တို့ကို ရောကာပြုတ်သောက်သော်တုတ်ကွေးနာ ပျောက်ကင်းနိုင်ပြီး သားဖွားမိခင်များအတွက် သွေးသားစင်ကြယ်စေသည်။
Julyshwemoe
=========================================
တင်ခဲ့သည့် သတင်းများကို #MyanmarMarketEconomy ဒီနေရာတွင်နှိပ်လိုက်ပြီးပြန်ဖတ်နိုင်ပါသည်။
By- Myanmar Market Economy
Page သို့တိုက်ရိုက်သွားရန် http://on.fb.me/1bDgZdN
=========================================
Read More
Posted by စိမ့်စမ်းရေ on
ဆေးဖက်ဝင် ရဲယိုပင် အကြောင်းသိကောင်းစရာ
===========================
ရဲယိုသီးသည်ပူစပ်သောအရသာရှိပြီး အနည်းငယ်ချဉ်၏။
သွေးသည်းခြေ၊ လေသလိပ်တို့ကိုနိုင်၏၊ 
အစာမ ကြေနာ၊လေနာ၊သည်းခြေနာတို့ကိုနိုင်၏။
ရဲယိုရွက်ကိုပြုတ်ပြီးစားလျှင် လေချုပ်ရောဂါ၊ ၀မ်းဗိုလ်နာရောဂါ၊ အာခေါင်ပူလောင်သောရောဂါ၊ သည်းခြေဖေါက်ပြန်သောရောဂါနှင့်သွေးတိုးရောဂါများအားသက်သာ ပျောက်ကင်းစေသည်။
ရဲယိုရွက်ကိုငါးမြွေထိုးအားနှင့် ပြုတ်ပြီးသုတ်စားလျှင်ပင်လယ်အူနာကိုသက်သာ ပျောက်ကင်းစေသည်။
ရဲယိုရွက်ကိုသုတ်စားပါက နို့ချောင်းပိတ်ရောဂါ၊ နို့ရေခန်းရောဂါ၊ သကျဉ်းကိုက်ရော ဂါ၊၀မ်းရစ်ပြီးနာခြင်းနှင့် နာခေါင်းသွေးလျှံခြင်းတို့ကိုပျောက်ကင်းစေသည်။
နှလုံးရောဂါ၊သွေးလွန်ရောဂါနှင့်ဆီးချိုရောဂါများအတွက်ဒန့်သလွန်ရွက်နှင့်ရောပြီး ဟင်းချိုအဖြစ်ချက်သောက်ပါကသက်သာပျောက်ကင်း စေပါသည်။
ရဲယိုသီးကိုပျားရည် နှင့်ခေါက်ပြီးစားလျှင် ချေင်းဆိုးရောဂါနှင့်ပန်းနာ ရောဂါတို့ကိုသက်သာ ပျောက်ကင်းစေသည်။
ရဲယိုသီးမှည့်ကိုထန်းလျက်နှင့်စားသော်အစာမကြေခြင်းအားပျောက်ကင်းစေသည်။
ရဲယိုသီးကိုပျားရည်နှင့်ခေါက်ပြီးစားလျှင် ချောင်းဆိုးရောဂါနှင့်ပန်းနာရောဂါတို့ကိုသက်သာ
ပျောက်ကင်း စေသည်။
ရဲယိုသီးမှည့်ကိုထန်းလျက်နှင့်စားသော်အစာမကြေခြင်းအားပျောက်ကင်းစေသည်။
ရဲယိုသီးနုကို ပြုတ်ပြီးသုတ်စားပါက လေထိုးလေအောင့်နှင့် သွေးတတ်ရောဂါများပျောက်ကင်းစေသည်။
=========================================
တင်ခဲ့သည့် သတင်းများကို #MyanmarMarketEconomy ဒီနေရာတွင်နှိပ်လိုက်ပြီးပြန်ဖတ်နိုင်ပါသည်။
By- Myanmar Market Economy
Page သို့တိုက်ရိုက်သွားရန် http://on.fb.me/1bDgZdN
=========================================
Read More
Posted by စိမ့်စမ်းရေ on
သူဇာလေး(စိမ့်စမ်းရေ) သို့ အစဉ်တစိုက် အားပေးနေကြသော ချစ်လှစွာသော သူငယ်ချင်း၊ မိတ်ဆွေများ၊ အွန်လိုင်းပေါ်မှ စာဖတ်ပရိတ်သတ်များအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်လိုက်ရပါတယ်။
တက်စွမ်းသမျှသော ငွေကြေးပမာဏလေးများဖြင့်၊ မအားမလပ်တဲ့ကြားက မဖြစ်ဖြစ်အောင်ကြိုးစားဆောင်ရွက်ထားတဲ့ ပရဟိတအဖွဲ့ငယ်လေးတစ်ခုရဲ့ တက်နိုင်သမျှသော လုပ်ဆောင်မှုလေးတွေကို ပရိသတ်ကြီးအားလုံးအား မျှဝေပေးချင်တဲ့ ဆန္ဒလေးတစ်ခုတည်းနဲ့တင် ဤပို့စ်လေးကို တင်ပြပေးလိုက်ရပါတယ်။
ပရဟိတ အမှတ်စဉ် (၂) အဖြစ် မင်္ဂလာဒုံ ပုလဲမြို့နယ်ရှိ ပညာမြေ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ လှူဒါန်းမှု ပြုခဲ့ကြပါတယ်။
ကျောင်းသားကျောင်းသူ၊ ကိုရင်၊ သီလရှင် စုစုပေါင်း 500 ကျော်ခန့်ရှိပါတယ်။ မေတ္တာစမ်းရေအဖွဲ့လေးကို အလှူဖြစ်မြောက်အောင် တစ်ဖက်တစ်လမ်းက ၀ိုင်းဝန်းကူညီပေးတဲ့ ကိုသန့်ဇင်+မနီလာတို့ မိသားစုကိုလည်း ကျေးဇူးတင်ရပါတယ်။
ကိုယ်တိုင်အပင်ပန်းခံချက်ပြုတ်ပေးတဲ့ ကုသိုလ်အတွက်လည်း များစွာ ပီတိဖြစ်ရပါတယ်။ ၀က်သားဟင်း၊ အရွက်ကြော် နဲ့ ငါးပိရည်၊ တို့စရာတို့ စုံလင်စွာဖြင့် ကျွေးမွေးလှူဒါန်းနိုင်ခဲ့ကြပါတယ်။
ဦးစီးတည်ထောင်ထားသော ဆရာတော်ဘုရားကိုလည်း ကြည်ညိုစွာဖြင့် ဖူးမြော်ခဲ့ရပါတယ်။
ကိုရင်လေးများ၊ ဆရာလေးများကိုလည်း ပီတိဖြစ်စရာ မြင်ခဲ့ရပါတယ်။
 အချိုပွဲအဖြစ် ကော်ဖီနဲ့ မုန့်လဲပါပါသေးတယ်။
ကျောင်းသားကျောင်းသူများရဲ့ မေတ္တာပို့သံတွေ ကြားရတဲ့အခါ ကျွန်မတို့ရင်ခဲ ခံစားရတဲ့ ဝေဒနာကို အမည်မဖော်ပြနိုင်ခဲ့ပါဘူး။
သကြားလုံးလေးတွေလည်း ဝေခဲ့ကြတယ်။
အလှူရှင်အားလုံးတို့ လှူဒါန်းပေးကြသော ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ခဲဖျက်များနှင့် သကြားလုံးများကိုလည်း    ဝေငှပေးခဲ့ကြတယ်။
သူဇာလေးတို့ မေတ္တာစမ်းရေ အဖွဲ့လေးရဲ့ တစ်နိုင်တစ်ပိုင်လှုပ်ရှားမှုလေးကို ကြည့်မိကြလို့ သိသွားကြတဲ့ သူငယ်ချင်း မိတ်ဆွေများအားလုံးအနေဖြင့် ဆက်သွယ်လှူဒါန်းချင်ပါက မေးမြန်းနိုင်ပါကြပါတယ်ရှင့်။
မိမိတို့ကိုယ်တိုင်ဖြစ်စေ၊ မေတ္တာစမ်းရေအဖွဲ့နှင့် ပူးပေါင်း၍ဖြစ်စေ သဒ္ဓါတက်အားသရွေ့ လှူဒါန်းနိုင်ကြပါကြောင်း အသိပေးနှိုးဆော်လိုက်ရပါတယ်။
Read More
Posted by စိမ့်စမ်းရေ on Monday, February 17, 2014
"ချစ်သူကို တရားဟောပါ"
••••••••••••••••••••••••
[www.facebook.com/youngbuddhistassociation.mm]
မြတ်စွာဘုရားလက်ထက်တော်က သားအမိနှစ်ယောက်ရှိပါတယ်။ သမီးရဲ့နာမည်က ကေသကာရီလို့ ခေါ်ပါတယ်။
တစ်နေ့အိမ်တံခါးဝမှာထိုင်ပြီး သမီးကအမေ့ရဲ့ဦးခေါင်းမှာ သန်းရှာပေးနေပါတယ်။ အဲဒီအချိန်မှာပဲ ရဟန်းတော်တွေ
အများကြီး အိမ်ရှေ့က ဆွမ်းခံကြွသွားတာကို
မြင်လိုက်ရပါတယ်။ ဒီတော့ သမီးကေသကာရီက အမေလုပ်သူကိုမေးပါတယ်။
“အမေ.. ဒီရဟန်းတွေဟာ ပထမအရွယ်ရုပ်ရည်အဆင်း လှလှပပရှိပါလျက်နဲ့ ဘာမှလည်း မပျက်ဆီးသေး ဘဲနဲ့
ဘာဖြစ်လို့ ရဟန်းပြုကြတာလဲ”
ဒီတော့ အမေလုပ်သူက ပြန်ပြောပြပါတယ်။
“သမီး.. မြတ်စွာဘုရားပွင့်နေတယ်။
မြတ်စွာဘုရားတရားနာကြားပြီးရဟန်းပြုကြတာ”
သားအမိနှစ်ယောက်သန်းရှာရင်းစကားပြေနေတုန်းမှာပဲ
သောတာပန်ဒကာတစ်ယောက် အိမ်တံခါးဝ
ရောက်လာပါတယ်။ သားအမိနှစ်ယောက်ပြောတဲ့
စကားကိုလည်း ကြားသွားပါတယ်။
♦ အမေလုပ်သူက အိမ်ရှေ့ရောက်လာတဲ့သောတာပန်
ဒကာကို “ဥပသကာကြီး… တစ်ခုမသိ လို့မေးပါရစေ။
အမျိုးကောင်းသားတွေ စည်းစိမ်တွေ စွန့်၊ ဆွေမျိုး မိတ်ဆွေတွေစွန့်ပြီး မြတ်စွာဘုရားထံမှာ ရဟန်းပြုကြတယ်။ ဘာအကျိုးကိုမြင်လို့ ရဟန်းပြုကြတာလဲ”
လို့ ထပ် ဆင့်မေးကြည့် ပါတယ်။
သောတာပန်ဒကာကလည်း
“ ကာမဂုဏ်ရဲ့အပြစ်ကိုမြင်လို့ ရဟန်းပြုကြတာပါ”လို့ ပြောပြ ပါတယ်။ သောတာပန်ဒကာကဆက်ပြီး "သရဏဂုံနဲ့ငါးပါး သီလ" အကြောင်းကို ပြောပြပေးပြီး ကျင့်သုံးရင် ရမယ့်အကျိုးရလဒ်တွေကိုပါ ပြောပြပါတယ်။
♦သောတာပန်ဒကာရဲ့စကားကြားရတော့ ကေသကာရီက
စိတ်ဝင်စားသွားပြီး“သရဏဂုံနဲ့ ငါးပါးသီလကို ကျွန်မတို့မိန်းမသားတွေကျင့်သုံးရင်ကော သင်ပြောပြတဲ့ မျက်မှောက်တမလွန် အကျိုးတွေရနိုင်သလား”လို့ မေးလိုက်ပါတယ်။
သောတာပန်ဒကာကလည်း “သမီးရယ် ဒီတရား တွေဟာ
လူသား အားလုံးနဲ့ဆိုင်ပါတယ်။ လူသားအားလုံးကျင့်ဖို့ဟောထားတာပါ”လို့ ပြန်ပြော ပြပါတယ်။
နောက်သောတာပန်ဒကာက ကေသကာရီကို
သရဏဂုံနဲ့ငါးပါးသီလကို ကိုယ်တိုင်တိုင်ပေး ပါတယ်။
ကေသကာရီက ငါးပါးသီလကိုခံယူပြီးတော့ “ဥပသကာကြီးရယ် သရဏဂုံငါးပါးသီလထက် မြင့်တဲ့တရားရှိသေးလား”လို့ ဆက်မေးလာပြန်ပါတယ်။
ဒီအခါမှာတော့ သောတာပန်ဒကာက ကေသကာရီ တရားကိုတော်တော်စိတ်ဝင်စားနေပြီ ဆိုတာသိရသလို တရားပါရမီရှိသူဆိုတာလည်း သိလိုက်ပါတယ်။
ဒါကြောင့် တရားကို ဆက်ဟောပြပေးပါတယ်။
► “ရှိတာပေါ့၊ ချစ်သမီး သေချာနားထောင်ပါ။
ဆံပင်၊ မွေးညင်း၊ ခြေသည်း၊ လက်သည်း၊
သွား၊ အရေ၊ အသား၊ အကြော၊ အရိုး၊ ရိုးတွင်းချင်ဆီ၊
အညှို့၊ နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း၊ အဆုတ်၊
အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ ဦးဏှောက်၊
သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ၊ မျက်ရည်၊
ဆီကြည်၊ နှပ်၊ တံတွေး၊ အစေး၊ ကျင်ငယ်၊
အဲဒီ သုံးဆယ့်နှစ်ကောဋ္ဌာသ ကမ္မဋ္ဌာန်းကို
အပြန်ပြန်အလှန်လှန်စီးဖြန်းပါ။
ဒီကနေတစ်ဆင့်တက်ပြီး
အဆင်းဖြစ်ပျက်၊ အသံဖြစ်ပျက်၊ အနံ့ဖြစ်ပျက်၊
အရသာဖြစ်ပျက်၊ ကြမ်း ချော ဖြစ်ပျက်၊ တွန်းတိုးဖြစ်ပျက်၊ ပူအေးဖြစ်ပျက်၊ မြင်ဖြစ်ပျက်၊ ကြားဖြစ်ပျက်၊ နံဖြစ်ပျက်၊ လျက်ဖြစ်ပျက်၊ တွေ့ထိဖြစ်ပျက်၊ ဖြစ်ပျက်ဖြစ်ပျက်
အဲဒီလိုနှလုံးသွင်းပါ”လို့ သုံးဆယ့်နှစ်ကောဋ္ဌာသကမ္မဋ္ဌာန်းနဲ့ ဖြစ်ပျက်ကမ္မဋ္ဌာန်း ကို သေချာဟောပြပေးပြီး ပြန်သွားပါတယ်။
ကေသကာရီလည်း သောတာပန်ဒကာဟောပြပေးခဲ့တဲ့
ကမ္မဋ္ဌာန်းကို နေ့စဉ်ပွါးများအားထုတ် လိုက်တာ မကြာမီကာလမှာပဲ သောတာပန် တည်သွား ပါတယ်။
လူ့ပြည်မှာသက်တမ်းစေ့နေပြီး ကွယ်လွန်တော့
တာဝတိံသာနတ်ပြည်မှာ နတ်သမီးအခြံ အရံတစ်သိန်းနဲ့
သိကြားမင်းရဲ့ မိဖုရားငယ်ဖြစ် သွားရပါတယ်။
(ဝိမာနဝတ္ထုအဋ္ဌကထာ၊ကေသကာရီဝတ္ထု)
[www.facebook.com/youngbuddhistassociation.mm]
► တရားဟောတယ်လို့ပြောလိုက်ရင် ရဟန်းကလူကိုဟောတာကိုပဲ ပြေးပြေးမြင်လေ့ရှိပါတယ်။
ဒီဝတ္ထုလေး မှာတော့ လူအချင်းချင်းပဲဟော လိုက်လို့ ကေသကာရီ သောတာပန်တည် သွားတာပါ။ လူထောင်သောင်းပရိသတ်ကိုဟောမှရယ်မဟုတ်ပါဘူး၊ တစ်နာရီ နှစ်နာရီဟောမှရယ် လည်း မဟုတ်ပါဘူး။ လူအချင်းချင်းတစ်ယောက်တည်းကိုဟောလည်း
တရားကတရားပါပဲ။ အလှူတကာ့အလှူတွေထဲမှာ တရားအလှူဟာအမြတ်ဆုံး ဆိုတာ အားလုံးသိပါတယ်။
တရားအလှူပေးလှူလိုက်တာဟာ အမတဒါန=နိဗ္ဗာန်အလှူကိုပေးလှူလိုက်တာပါ။
ဒီတော့ ကိုယ့်မိတ်ဆွေကို ဆယ်မိနစ်၊ ဆယ့်ငါးမိနစ် ကိုယ့်သိသလောက်လေး ပြောပြပေးလိုက်ရင်လည်း အမတဒါန=နိဗ္ဗာန်အလှူကို ပေးလှူလိုက်တာပါပဲ။
တရားဟောပြီးတဲ့အခါ
“ဘုရားတပည့်တော်ဟောပြောပေးရသော ကုသိုလ်ကောင်းမှု အဖို့ဘာဂသည် နိဗ္ဗာန်၏အထောက်အပံ့ဖြစ်ပါစေ။ ဘုရားတပည့်တော်ဟောပြတဲ့တရားလေးကို နာကြားပြီး တရားအသိလေးတွေ ရသွားကြပါစေ။ ရသည့်အားလျော်စွာ ကျင့်နိုင်ကြပါစေ၊ ကျင့်နိုင် သည့်အားလျော်စွာ မဂ်ဖိုလ် နိဗ္ဗာန်ရဲ့ အထောက်အပံ့ ကောင်းတွေရသွားကြပါစေ”လို့
မေတ္တာပို့ ပေးလိုက်ရမှာပါ။
► အထူးသဖြင့်တရားဟောပြီးတိုင်း နိဗ္ဗာန်ကိုဆုတောင်းတဲ့အလေ့လေးကိုထုံထားရမှာပါ။ ဒါဆိုကိုယ်ဟောတဲ့တရားကို ပိုပြီးတန်ဖိုးထားသွားမှာပါ။ “ငါပြုတဲ့ကုသိုလ်ဟာ ပေါ့ပေါ့ တန်တန်မဟုတ်ဘူး။ နိဗ္ဗာန်အထိဦးတည်နေတယ်”ဆိုပြီးကိုယ့်ကုသိုလ်အပေါ် အားရ ကျေနပ်နေတော့မှာပါ။
► ဒီလိုပါပဲ။ ကိုယ့်ခင်ပွန်းကိုလည်း ဟောပြပေးရမှာပါ။ ကိုယ့်ဇနီးကိုလည်း ဟောပြပေးရမှာပါ။ ကိုယ့်သားသမီးကိုလည်း ဟောပြပေးရမှာပါ။ ကိုယ့်မိဘကိုလည်းဟောပြပေးရမှာပါ။
ကိုယ့်ချစ်သူကိုလည်း ကိုယ်သိသလောက် ဟောပြပေးရမှာပါ။ ချစ်သူသဘာဝ သံယောဇဉ် အကြောင်း၊
မေတ္တာအကြောင်း၊ သီချင်းလေးတွေအကြောင်း၊
အိပ်မက်အကြောင်း၊ ပန်းလေးတွေအကြောင်း၊
ပစ္စည်းလေးတွေအကြောင်း စသည်ဖြင့်ပြောပြရမှာပါပဲ။ ဒီသံယောဇဉ်အကြောင်းတွေအပြင် တစ်ခါတလေ
ကိုယ်သိသလောက် ကိုယ်လေ့လာထားသလောက် တရား စကားလေးတွေလည်း ပြောပြပေးရမှာပါ။ ဒါနအကြောင်း၊ သီလအကြောင်းတွေအပြင် ဒီကတစ်ဆင့်တက်ပြီး ဝိပဿနာရှုပုံအကြောင်းလေးတွေ လည်း ပြောပြပေးရမှာပါ။ အဲဒီလိုပြောပြပေးနေရင် ကိုယ့်ချစ်သူကို
တရားအလှူပေးလှူနေတာပါပဲ။
မွေးနေ့နီးလာလို့ ကိုယ့်ချစ်သူကကိုယ့်ကို
“ဘာလိုချင်သလဲ”လို့မေးလာရင်
“သောကြာ, စနေ, တနင်္ဂနွေ နှစ်ညအိပ်သုံးရက်
တရားစခန်း ဝင်ပေးပါ”လို့ တောင်းလိုက်ရုံပါ။
ဒါဆိုသူ့အတွက် ရော ကိုယ့်အတွက်ရော အမြတ်ဆုံးကုသိုလ်တွေဖြစ်သွားတာပါ။
[www.facebook.com/youngbuddhistassociation.mm]
သုံးရက်ဆိုတော့ တရားစခန်းဝင်ပေးရမယ့် ကိုယ့်ချစ်သူအတွက်မခက်သလို သောကြာ စနေ တနင်္ဂနွေဆိုတော့ သောကြာညနေရုံးကအပြန်တရားစခန်းဝင်၊ တနင်္ဂနွေနေ့ခင်းပြန်ထွက်၊ ပြီးရင် ဘုရားကိုအတူတူသွား၊ ဘယ်လောက်ပျော်ဖို့ကောင်းသလဲ
ဘုရားမှာအတူတူပန်းကပ်၊ ပြီးတော့ ဘုရားပေါ်မှာတရားစခန်းကပြန်ထွက်လာတဲ့ချစ်သူက
ကိုယ်နာခဲ့တဲ့ တရားလေးတွေ၊ အားထုတ်ခဲ့ရတဲ့တရား သဘောလေးတွေ ပြန်ပြောပြပေးပြီး ကိုယ်ဆောက်တည်ခဲ့ရတဲ့ သီလကုသိုလ်၊ ကိုယ်ပွားများအားထုတ်ခဲ့ရတဲ့ ဝိပဿနာဘာဝနာ ကုသိုလ်တွေကိုလည်း ကိုယ့်ချစ်သူကို အမျှပေးဝေလိုက်မယ်ဆိုရင်လည်း ချစ်သူရဲ့သာဓုခေါ်သံဟာ ကိုယ့်အတွက်တော့ ကမ္ဘာပေါ်မှာ အသာယာဆုံး အသံတစ်ခုဖြစ်နေတော့ မှာပါ။ ဒါတင်မကပါဘူး။ အမျှဝေသံ၊ သာဓုခေါ်သံတွေဟာ စည်းချက်ညီ “ပါရမီသံစဉ်” တစ်ခုအဖြစ် ဘဝအဆက်ဆက် တည်တံ့ပျံ့လွင့်နေတော့မှာပါ
ကုသိုလ်ကောင်းမှုတွေအတူတူပြုခဲ့ရင် ဘဝအဆက်ဆက်ဆုံတွေ့ဦးမှာပါပဲ။ ► ဘဝအဆက် ဆက်ဆုံတွေ့တဲ့အခါ ကိုယ်လည်းတရားရှိဘို့လိုသလို ကိုယ့်ချစ်သူလည်းတရားရှိဘို့လိုပါတယ်။ နောက်ဘဝတွေမှာ ပြန်တော့ဆုံပါရဲ့ ကိုယ်ကတော့တရားရှိပြီး ကိုယ့်ချစ်သူကတရားမရှိရင်,မရှိခဲ့ရင် အဆင် မပြေလှပါဘူး။
ဥပမာ- ကိုယ့်ချစ်သူက“ဒေါသမီးလျှံ၊ အကျည်းတန်၊
သည်းခံလှပသည်”ဆို တဲ့အတိုင်း ဒေါသကြီးခဲ့လို့ ဒေါသကြီးနေလို့ ရုပ်ဆိုးအကျည်းတန်နေမယ်။
နောက်- “ညှဉ်းဆဲသူကား၊ အနာများ၊ သနားကျန်းမာသည်”ဆိုတဲ့
အတိုင်း ကိုယ့်ချစ်သူက သူတစ်ပါး,သူတစ်ပါးတွေကို ညှဉ်းဆဲခဲ့လို့ အနာရောဂါ ထူပြောနေမယ်ဆိုရင် ကိုယ်ပဲဆေးကုပေး နေရမှာပါ။ အကုသိုလ်ရဲ့ အကျိုးကို ကိုယ်ကမခံရပေမေယ့် ကိုယ့်ချစ်သူကို
ကြည့်ပြီး ကိုယ်ပါစိတ် ဆင်းရဲ နေရတော့မှာပါ။ ဒီတော့ကိုယ်လည်းတရားရှိဘို့လိုသလို သူလည်းတရားရှိဘို
့လိုပြန်ပါတယ်။
ဒါကြောင့်ကိုယ့်ချစ်သူလည်းတရားရှိဘို့ ကိုယ်ကကိုယ့်ချစ်သူကိုတရားဟောပေးရမှာပါ။
တော်နေကြာနောက်ဘဝ မှာ လေဖြတ်တဲ့ ချစ်သူနဲ့ပြန်ဆုံနေရင် ဘယ်လိုလုပ်မလဲ။ ဒီလိုပြန်ဆုံမယ် ဆိုရင်တော့ ကိုယ့်ဟာကိုတွေးသာကြည့်ပါတော့။
အမျှဝေသံ,သာဓုခေါ်သံလေးတွေဟာ သံယော ဇဉ်တွေကြားမှာ အခါအားလျှော်စွာကြားနေမှ နောက်ဘဝပါစိတ်အေးစိတ်ချရမှာပါ။ သတိထားပါ၊ လေဖြတ်တဲ့ချစ်သူနဲ့ပြန်ဆုံ နေမှာကို။
► ဒီနေရာမှာအမျှဝေတာနဲ့ပတ်သက်ပြီး ပြောပြချင်ပါသေးတယ်။
အမျှဝေတဲ့နေရာမှာ
၁။ ဒါနပြုပြီးအမျှဝေတာရယ်၊
၂။ သီလဆောက်တည်ပြီး အမျှဝေတာရယ်၊
၃။ သမထဝိပဿနာပွါးများပြီးအမျှဝေတာရယ်ဆိုပြီး
သုံးမျိုးရှိပါတယ်။
♦ ၁။ ဒါနပြုပြီးအမျှဝေရင် အမျှဝေတဲ့သူဟာ
ဒါနကုသိုလ်ကိုထပ်မံရရှိပါတယ်။
လူတစ်ရာ သာဓုခေါ်ရင် ဒါနကုသိုလ်တစ်ရာထပ်မံရရှိပါတယ်။ လူတစ်ထောင်သာဓုခေါ်ရင် ဒါနကုသိုလ် တစ်ထောင်ထပ်မံရရှိပါတယ်။ သာဓုခေါ်ကြတဲ့လူတစ်ရာ ၊လူတစ်ထောင်တွေလည်းဒါနကုသိုလ်
ကို ရကြပါတယ်။
♦ ၂။ သီလဆောက်တည်ပြီး သီလကုသိုလ်ကိုအမျှဝေရင် သီလကုသိုလ်ကိုထပ်မရတော့ပါဘူး။ ဒါနကုသိုလ်ကိုပဲရရှိပါတယ်။ သာဓုခေါ်တဲ့ပုဂ္ဂိုလ်တွေကျတော့ သီလကုသိုလ်မရကြပါဘူး။ ဒါနကုသိုလ်ကိုပဲ ရကြပါတယ်။
♦ ၃။ သမထဝိပဿနာပွါးများပြီးအမျှဝေရင်
သမထဝိပဿနာကုသိုလ်တွေ ထပ်မရတော့ပါ ဘူး။ ဒါနကုသိုလ်ကိုပဲရပါတယ်။ သာဓုခေါ်တဲ့သူတွေလည်း သမထဝိပဿနာကုသိုလ်ကိုတော့ မရပါဘူး၊
ဒါနကုသိုလ်ကိုပဲရရှိပါတယ်။
အမျှဝေတာနဲ့ သာဓုခေါ်တာဟာ ဒါနထဲမှာပါပါတယ်။
ဒီသုံးမျိုးကို "သဒ္ဓမ္မရံသီဆရာတော်ကြီး" က မှတ်ရလွယ်အောင် ဆောင်ပုဒ်လေး စီပေးထားပါတယ်။
၁။ ဒါနဝေလျှင်၊ ဒါနပင်၊ အမှန်ပင် ရရှိသည်။
၂။ သီလဝေလျှင်၊ ဒါနပင်၊ အမှန်ပင် ရရှိသည်။
၃။ ဘာဝနာဝေလျှင်၊ ဒါနပင်၊ အမှန်ပင် ရရှိသည်။
စိတ်ထဲမှာရှင်းကြရဲ့လားမသိပါဘူး။ မရှင်းသေးဘူးဆိုရင် ပုညကြိယဝတ္ထု(၁၀)ပါးကို အာရုံပြုကြည့် လိုက်ပါ။
[www.facebook.com/youngbuddhistassociation.mm]
"ပုညကြိယာ ဝတ္ထု(၁၀)ပါး"
------------------------------
၁။ဒါန=ပေးကမ်းလှူဒါန်းမှု၊
၂။ သီလ=၅-ပါး ၊ ၈-ပါး၊ ၁၀-ပါးစသော သီလဆောက်တည်မှု၊
၃။ ဘာဝနာ- ကမ္မဋ္ဌာန်းစီးဖြန်းမှု၊
၎။ အပစာယန= အသက်သိက္ခာကြီးသူအား အရိုအသေပြုမှု၊ ၅။ ဝေယျာဝစ္စ= သူများကုသိုလ်ကိစ္စ၌ကူညီဆောင်ရွက်မှု၊
၆။ပတ္တိဒါန= မိမိရသောကုသိုလ်အဖို့ကို အမျှဝေမှု၊
၇။ ပတ္တာနုမောဒန= မိမိသို့ရောက်လာသောကုသိုလ်အဖို့ကို ဝမ်းမြောက်ဝမ်းသာသာဓု ခေါ်မှု၊
၈။ ဓမ္မဿဝန=တရားနာမှု၊
၉။ ဓမ္မဒေသနာ= လာဘ်လာဘကိုမငဲ့ဘဲ တရားဟောမှု၊
၁၀။ ဒိဋ္ဌိဇုကမ္မ= အယူကိုဖြောင့်မတ်စွာပြုမှု။
ဒီ(၁၀)ပါးကို ဒါန- သီလ - ဘာဝနာထဲပြန်သွင်းပုံလင်္ကာလေးကို အရင်ကျက်ထားလိုက်ရ အောင်ပါ။
♦ ဒါန၊ သီလာ၊ ဘာဝနာ သုံးဖြာစဉ်၍ခင်း။
♦ စနှစ်ကိုလယ်၊ လယ်နှစ်ကိုစ၊ နောက်မှ နောက်ချင်းသွင်း။
ကဲ..ရပြီလား။ လင်္ကာကိုရှင်းပြရအောင်ပါ။ ပုညကြိယာဝတ္ထု(၁၀)ပါးကို သေချာပြန်ကြည့် ထားလိုက်ပါ။
တတ်နိုင်ရင် ခဲတံလေးနဲ့လိုက်တို့လိုက်ပါ
ဒါန-သီလ-ဘာဝနာကို အစဉ်အတိုင်းထားလိုက်ပါတဲ့၊
အစဖြစ်တဲ့ အပစာယန၊ ဝေယျာဝစ္စ (၂)ပါးကို အလယ်ဖြစ်တဲ့သီလထဲမှာသွင်းလိုက်ပါတဲ့။
အလယ်ဖြစ်တဲ့ ပတ္တိဒါန၊ ပတ္တာနုမောဒန(၂)ပါးကို အစဖြစ်တဲ့ ဒါနထဲမှာသွင်းလိုက်ပါတဲ့။
နောက်ဖြစ်တဲ့ ဓမ္မဿဝန၊ ဓမ္မဒေသနာ၊ ဒိဋ္ဌိဇုကမ္မ(၃)ပါးကို ဘာဝနာထဲမှာသွင်းလိုက်ပါတဲ့။
ဒီခွဲပြပုံလေးကိုအာရုံပြုလိုက်ရင် ဘာတွေဟာ
ဘယ်ထဲမှာပါတယ်ဆိုတာ ခွဲခြားသိလို့ရပါပြီ။
♦အမျှဝေတာ၊ သာဓုခေါ်တာဟာဒါနထဲမှာပါတဲ့အတွက် ဒါနကုသိုလ်ပဲရတာပါ။
♦တရားနာတာ ၊တရားဟောတာကတော့ ဘာဝနာထဲမှာ ပါနေပါတယ်။
ဒါကိုထောက်ပြီး ကိုယ့်ချစ်သူကိုတရားဟောတာ၊ ကိုယ့်ချစ်သူဟောတဲ့တရားကိုနာတာ တွေဟာ
ဘာဝနာထဲမှာပါနေပါတယ်။
♦ အရိုအသေပေးတာ၊
ဝေယျာဝစ္စလုပ်တာတွေကတော့ သီလထဲမှာပါပါတယ်။
လိုရင်းကတော့ ကိုယ့်ချစ်သူ၊ ကိုယ်ချစ်တဲ့သူကို
တရားဟောတာဟာ အမတဒါန= နိဗ္ဗာန် အလှူ၊ အမြတ်ဆုံးအလှူကြီးကို ပေးလှူလိုက်တာပါပဲ။
အမေကိုချစ်တယ်၊ အဖေကိုချစ်တယ်၊
သားသမီးကိုချစ်တယ်၊ သူငယ်ချင်းကိုချစ်တယ်၊
မိတ်ဆွေကိုချစ်တယ်၊ ချစ်သူကိုချစ်တယ်ဆိုရင် တရားဟောရမှာပါ၊ တရားဟောရင်း အမြတ်ဆုံး ကုသိုလ်တွေယူရမှာပါပဲ။
♦မြတ်စွာဘုရားလက်ထက်တော်က" ဝဍ္ဎမာတာထေရီ"ဆိုတာ
ရှိပါတယ်။ သူလူ့ဘဝတုန်းက သူ့ရဲ့သားလေးရဲ့ နာမည်ကဝဍ္ဎပါ။
ဝဍ္ဎဆိုတာ တိုးပွါးခြင်းလို့အဓိပ္ပါယ်ရပါတယ်။သားနာမည်ကို
အစွဲပြုပြီး “ဝဍ္ဎမာတာ=တိုးပွါး အမေ”လို့ခေါ်ကြတာပါ။
ယောင်္ကျားဆုံးပြီးကာလတစ်ခုကြာတော့ ဘိက္ခုနီမဝတ်ပါတယ်၊ ဘိက္ခုနီမဝတ်တော့လည်း ဝဍ္ဎမာတာထေရီ ရယ်လို့ခေါ်ဝေါထင်ရှားသွားပြန်ပါတယ်။ ကမ္မဋ္ဌာန်းကိုကြိုးစားအားထုတ်လိုက်တာ ရဟန္တာဖြစ် သွားပါတယ်။
♦ နောက်လူ့ဘဝမှာကျန်ခဲ့တဲ့သား“မောင်တိုးပွါး”ကိုခေါ်ပြီး ကိုရင်ဝတ်ပေးပါတယ်။ သားကိုရင် အသက် နှစ်ဆယ်ပြည့်ပြန်တော့လည်း ရဟန်းဘောင်ကို ပို့ဆောင်ပေးပြန်ပါတယ်။ သားရဟန်း ဝဍ္ဎထေရ်ဟာ စာသင်ရင်း ပိဋကတ်သုံးပုံကိုကျွမ်းကျင်တတ်မြောက်သွားပါတယ်။ သားရဟန်းက တရားဟောပြန်တော့လည်း နာမည်ကျော် ဓမ္မကထိကတစ်ပါးဖြစ်သွားပြန်ပါတယ်။ နာမည်ကျော် စာတတ် ဓမ္မကထိကဖြစ်လာတော့ ကြည်ညိုသူတွေပေါပြီး လာဘ်လာဘတွေပေါချင်တိုင်းပေါနေ ပါတော့တယ်။
တရားဟောတာနဲ့ပဲ အချိန်ကုန်နေတဲ့အတွက် ဝိပဿနာတရား အားထုတ်မှုကို မလုပ်နိုင်ပါဘူး။ ဒါကိုမိခင်ထေရီမက မနှစ်သက်ပါဘူး။
♦ တစ်နေ့မှာတော့ ဓမ္မကထိကသားရဟန်းဟာ
မိခင်ဘိက္ခုနီမကျောင်းကို သင်္ကန်းမရုံဘဲကြွ လာပါတယ်။ ကျောင်းထဲရောက်တော့ မိခင်ထေရီမက
တုတ်ကိုကိုင်ပြီး “အို…သားရဟန်း ဘာဖြစ်လို့သင်္ကန်းမရုံဘဲ ဘိက္ခုနီမကျောင်းကိုလာရတာလဲ သင့်အမူအယာကိုပြန်ကြည့်ပါဦး၊ တရားဟောတာ၊ ဂန္ထဓုရလုပ်တာနဲ့ပဲ အချိန်ပုပ်နေတယ်။ မာန်မာနကလည်းတက်ကြွနေသေးတယ်
♦ ရဟန်းတစ်ပါးတကယ်လုပ်ရမယ့်ဝိပဿနာဘာဝနာ
အလုပ်ကိုသာလုပ်ပါ။ကိုယ်ဟန်ကြော့ကြော့မော့မော့နဲ့
အမူအယာကိုပြင်ပါ”လို့ဆိုပြီး ခပ်တင်း တင်းလေး
ပြောလိုက် ပါတော့တယ်။
♦ သားရဟန်းလည်း မိခင်ထေရီမပြောစကားကြား
ရတော့ ချက်ချင်းသတိရပြီး
“မိခင်.. ကျွန်ုပ်မှားပါပြီ၊ နောင်ဒီလိုအမူအယာတွေနဲ့
မနေတော့ပါဘူး”လို့ ဝန်ခံကတိပေးလိုက်ပါတယ်။
သားရဟန်းသတိဝင်သွားတော့မိခင်ထေရီမကြီးက
သားရဟန်းကို ဂါထာလေးတွေနဲ့ ထပ်မံဟောပြပေး
ပြန်ပါတယ်။
သားရဟန်းဟာ မိခင်ကျောင်းကပြန်ခဲ့ပြီးတရားဟောမှုတွေကို လုံးဝရပ်လိုက်ပါတယ်။ မိခင်ဖြစ်စေချင်တဲ့
ဝိပဿနာဘာဝနာပွါးများမှုကိုပဲ ကြိုးစားအားထုတ်ပါတော့တယ်။ ပါရမီပါပြီးသား ဆိုတော့ မကြာမီ ကာလမှာပဲ
ရဟန္တာဖြစ်သွားပါတော့တယ်။
ဇာတ်သိမ်းတော့ သားရဟန်းရော မိခင်ထေရီမကြီးရော အရတ္တဖိုလ်ကိုယ်စီရပြီး ပရိနိဗ္ဗာန်စံ သွားကြပါတယ်။
ဇာတ်သိမ်းပိုင်းလေးကသိပ်လှတာပါ။ ဘယ်အချိန်ပြန်ဖတ်ဖတ်လှနေတာပါပဲ။ နောက်ဆုံးတော့ အားလုံးအားလုံးဟာ ဒီအတိုင်းပဲဇာတ်သိမ်းကြဖို့ လိုရင်းပါ။
သံသရာ ဘယ်လောက်ရှည်ကြ ရဦးမယ်မသိပါဘူး။
♦ ဒီဝတ္ထုလေးမှာလည်းမိခင်က သားကိုတရားဟောတာပါ။ တရားဟောတဲ့နေရာမှာလည်း ရိုးရိုးဣနြေ္ဒရရထိုင်ပြီး ဟောတာတောင်မဟုတ်ပါဘူး။ "တုတ်"ကိုကိုင်ပြီးခပ်တင်းတင်းလေးဟော လိုက်တာပါ။
[www.facebook.com/youngbuddhistassociation.mm]
ဒီသာဓကလေးတွေထောက်ပြီး သားအမိချင်း၊ ဇနီးမောင်နှံချင်း၊ ညီအစ်ကိုမောင်နှမချင်း၊ မိတ်ဆွေချင်း၊ ချစ်သူချင်းကိုယ်သိထားတဲ့ တရားလေးတွေကို ဟောပေးရမှာပါပဲ။ ဟောပေးရင် ကုသိုလ်တွေရနေတာပါပဲ။
ဒီလိုပါပဲ။ ရဟန်းအချင်းချင်းလည်းဟောရမှာပါပဲ။
ကိုယ်ချစ်တဲ့ရဟန်း၊ ကိုယ်သံယောဇဉ်ရှိ ရှိတဲ့ရဟန်းကိုဟောရမှာပါပဲ။ စာတွေအခြေခံရှိပြီး သားဆိုတော့ ဟောသူရော နာသူရောပိုလို့ တောင်သဘောပေါက် လွယ်ဦးမှာပါ။ ချစ်တဲ့ရဟန်းအချင်းချင်းဟောမှလည်း ပိုပြီးလက်ခံတာပါ။
လိုရင်းကတော့တရားဟောပြီးတိုင်း “ဘုရားတပည့်တော်တရားဟောပြောရသော ကုသိုလ် ကောင်းမှုအဖို့ ဘာဂသည် နိဗ္ဗာန်၏အထောက် အပံ့ဖြစ်ပါစေ။ ဘုရားတပည့်တော်ဟောတဲ့တရား လေးကိုနာကြားပြီး ကို..ဘယ်သူ၊ မ…ဘယ်သူတရားအသိလေးတွေရသွားပါစေ။ ရသည့်အား လျှော်စွာကျင့်နိုင်ပါစေ။ ကျင့်နိုင်သည့်အားလျှော်စွာ မဂ်ဖိုလ်နိဗ္ဗာန်ရဲ့ အထောက်အပံ့ကောင်းတွေ ရသွားပါစေ”လို့ နိဗ္ဗာန်ကို ဆုတောင်းတာရယ်၊ မေတ္တာပို့တာရယ်ကို အလေ့အကျင့် အထုံလေးလုပ်ထားရမှာပါ။ ကိုယ့်ရဲ့တရားဟောပြောမှုဟာ နိဗ္ဗာန်ရဲ့ အထောက် အပံကောင်းတွေဆိုတာကို လည်း အထူးအာရုံပြုထားရမှာပါ။
ကိုယ်ချစ်တဲ့မိဘ၊ ကိုယ်ချစ်တဲ့သားသမီး၊ ကိုယ်ချစ်တဲ့ဇနီး၊ ကိုယ်ချစ်တဲ့ခင်ပွန်း၊ ကိုယ်ချစ်တဲ့ မိတ်ဆွေ၊ ကိုယ်ချစ်တဲ့သူငယ်ချင်း၊ ကိုယ်ချစ်တဲ့ချစ်သူကို ကိုယ်သိတဲ့တရားလေးတွေကို သိသလောက်ဟောလိုက်ဖို့ပါပဲ။
ဘဝမှာဘယ်သူကိုပဲချစ်ချစ်၊ ချစ်တဲ့သူကိုတရားဟောလိုက်ဖို့ပါပဲ ။ တရားဟောလိုက်ရင် အမြတ်ဆုံး ကုသိုလ်တွေဖြစ်သွားတာပါပဲလေ
[စာရေးသူ - [အရှင်ရာဇိန္ဒ/ရဝေနွယ်(အင်းမ)]
[www.facebook.com/youngbuddhistassociation.mm]
ကျမ်းကိုး-
၁။ ဝိမာနဝတ္ထုတော်ကြီး ။ မြို့မိဆရာတော်
၂။ အခြေပြုသဂြိုဟ်။ အရှင်ဇနကာဘိဝံသ
၃။ သိကောင်းစရာဓမ္မပဒေသာ (တတိယတွဲ)
သဒ္ဓမ္မရံသီရိပ်သာဆရာတော်
၎။ ထေရီအပဒါန်ဝတ္ထုတော်ကြီး။ အရှင်ဓမ္မဿာမီဘိဝံသ
Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm
Read More
Posted by စိမ့်စမ်းရေ on Saturday, February 15, 2014
"တပိုတွဲလပြည့် သြ၀ါဒပါတိမောက်အခါတော်နေ့"
★★★★★★★★★★★★★★★★★★★★★★★
★ တပို့တွဲလပြည့်နေ့တွင် ဘုရားရှင်တိုင်း တပည့်သားတို့အား သြ၀ါဒ ပေးတော်မူသည်ကို အကြောင်းပြု၍ ထိုနေ့ကို သြ၀ါဒပါတိမောက် အခါတော်နေ့အဖြစ် သတ်မှတ်ထားပါသည်။ တပို့တွဲလပြည့်နေ့၏ ထူးခြားချက်များမှာ ...
- အရှင်သာရိပုတ္တရာ ရဟန္တာဖြစ်သောနေ့၊
- အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလန် ဧတဒဂ်ရသောနေ့၊
- အင်္ဂါလေးရပ်နှင့်ပြည့်စုံသော ရဟန်းပရိသတ်တို့ အလိုအလျောက် စုဝေးမိသောနေ့၊
- ဘုရားရှင်တိုင်း သြ၀ါဒပါတိမောက် ပြတော်မူသောနေ့ ... တို့ ဖြစ်ပါသည်။
★ ဘုရားရှင်တို့၏ အဆုံးအမ သြ၀ါဒါနှင့် ပညတ်တော်မူသော သိက္ခာပုဒ်များကို ပါတိမောက်ဟုခေါ်ပါသည်။
ပါတိမောက်တွင် သြ၀ါဒပါတိမောက်နှင့် အာဏာပါတိမောက်ဟူ၍ နှစ်မျိုးရှိသည်။ သြ၀ါဒပါတိမောက်ကို ဘုရားရှင်တို့သာ ပြခွင့်ရှိသည်၊ တပည့်သာဝကတို့ ပြခွင့်မရှိပါ။ ဘုရားတဆူနှင့်တဆူ သြ၀ါဒပေးပုံ ကွဲပြားခြားနားမှု မရှိ၊ ပြတော်မူသည့် အချိန်ကာလသာ ကွဲပြားသည်။
ဥပမာ ...
၁။ ၀ိပဿီမြတ်စွာဘုရားသည် ၇-နှစ်လျှင်တကြိမ် သြ၀ါဒပါတိမောက်ကို ပြတော်မူသည်။ တကြိမ်ပြလျှင် သြ၀ါဒ ၇-နှစ် ကြာ တည်တံ့သည်။
၂။ သိခီနှင့် ဝေဿဘူမြတ်စွာဘုရားတို့သည် ၆-နှစ်လျှင်တကြိမ် သြ၀ါဒပါတိမောက်ကို ပြတော်မူသည်။ တကြိမ်ပြလျှင် သြ၀ါဒ ၆-နှစ်ကြာ တည်တံ့သည်။
၃။ ကကုသန်နှင့် ကောဏာဂုမ်မြတ်စွာဘုရားတို့သည် ၁-နှစ်လျှင် တကြိမ် သြ၀ါဒပါတိမောက်ကို ပြတော်မူသည်။ တကြိမ်ပြလျှင် သြ၀ါဒ ၁-နှစ်ကြာ တည်တံ့သည်
၎။ ကဿပမြတ်စွာဘုရားသည် ၆-လလျှင်တကြိမ် သြ၀ါဒပါတိမောက်ကို ပြတော်မူသည်။ တကြိမ်ပြလျှင် သြ၀ါဒ ၆-လကြာတည်တံ့သည်။
★ သက်တမ်းရှည်သော ဘုရားတို့မှာ သြ၀ါဒပါတိမောက်ကို သာသနာခေတ်ဆုံးတိုင် ပြတော်မူကြသည်။ သက်တမ်းတိုသော ဘုရားရှင်တို့မှာ ပထမဗောဓိ ခေါ်သော ၀ါတော် ၂၀ အတွင်း၌သာ သြ၀ါဒ ပါတိမောက်ကို ပြတော်မူလေ့ရှိပါသည်။ သိက္ခာပုဒ်တော် ပညတ်ချိန်မှစ၍ သြ၀ါဒ ပါတိမောက်ကို ပြတော်မမူဘဲ အာဏာပါတိမောက်ကိုသာ ပြစေတော်မူပါသည်။
ဘုရားရှင်တို့သည် သြ၀ါဒပါတိမောက်ကို ...
- တပို့တွဲလပြည့်နေ့ ကြုံကြိုက်ခြင်း၊
- ဧဟိဘိက္ခုရဟန်းချည်းသာဖြစ်ခြင်း၊
- ဆဠာဘိည ပဋိသမ္ဘိဒါပတ္တ ရဟန္တာချည်းဖြစ်ခြင်း၊
- မည်သူမျှ မပင့်ဖိတ်ဘဲ စုဝေးမိခြင်း ...
ဤ အင်္ဂါ လေးချက်နှင့် ပြည့်စုံမှ ပြမြဲ ဖြစ်ပါသည်။
★ ဂေါတမ မြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပို့တွဲလပြည့်နေ့တွင် အထက်ဖော်ပြပါ အင်္ဂါလေးရပ်နှင့် ပြည့်စုံသော ကဿပညီနောင် ရှင်တထောင်၊ အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလန်နှင့် တပည့် ၂၅၀၊ စုစုပေါင်း ရဟန္တာ ၁၂၅၂ ပါးတို့အား ဂါထာသုံးပုဒ်ဖြင့် သြ၀ါဒပါတိမောက်ကို ပြတော်မူပါသည်။ သြ၀ါဒပါတိမောက်ဂါထာသည် သီလ, သမာဓိ, ပညာကို ဟောကြားထား၍ ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်တရားဟု ခေါ်ပါသည်။ သြ၀ါဒပါတိမောက်ဂါထာအတိုင်း လိုက်နာကျင့်ကြံပါက ကိုယ်, နှုတ်, စိတ် ယဉ်ကျေးလိမ္မာပြီး အို, နာ, သေ လွတ်ရာ နိဗ္ဗာန်သို့ ရောက်ရှိနိုင်မည် ဖြစ်ပါသည်။
{ သြ၀ါဒပါတိမောက် ပါဠိ -မြန်မာ}
(၁)
ခန္တီ ပရမံ တပေါ တိတိက္ခာ၊
နိဗ္ဗာနံ ပရမံ ၀ဒန္တိ ဗုဒ္ဓါ၊
န ဟိ ပဗ္ဗဇိတော ပရူပဃာတီ၊
န သမဏော ဟောတိ ပရံ ၀ိဟေဌယန္တော
★ လွန်စွာ ချုပ်တည်းမှုဟူသော သည်းခံခြင်းသည် အလွန်မြတ်သော အကျင့်ပေတည်း။
နိဗ္ဗာန်တရားကို အမြတ်ဆုံးဟူ၍ ဘုရားရှင်တို့ ဟောတော်မူကုန်၏။
သူတပါးကို သတ်သောသူသည် စိတ်အညစ်အကြေးကို နှင်ထုတ်သူမဟုတ်။
သူတပါးကို ညှဉ်းဆဲသောသူသည် မကောင်းမှုတို့ကို ငြိမ်းစေသူမဟုတ်။
(သည်းခံခြင်းက မွန်မြတ်တယ်၊
နိဗ္ဗာန်က အမြတ်ဆုံးလို့ ဘုရားရှင်တိုင်း မိန့်တယ်၊
သူတစ်ပါးကို သတ်ဖြတ်ညှင်းဆဲတဲ့ သူဟာ ရဟန်းမဟုတ်ဘူး၊
ရဟန်းမှန်ရင် သူတစ်ပါးကို ဘယ်တော့မှ မသတ်ဖြတ် မညှင်းဆဲဘူး။ )
အဓိပ္ပါယ် -
(က) အလွန်ထက်မြက်၍ စွမ်းအားပြည့် သည်းခံမှုသည် မြတ်သောအကျင့်တည်း။
(ခ)နိဗ္ဗာန်သည် အမြတ်ဆုံးချမ်းသာဟု ဘုရားရှင်တို့ ဟောတော်မူကုန်၏။
(ဂ)သူတစ်ပါးကို သတ်ဖြတ်သူ- သည် ကိလေသာတို့ကို နှင်ထုတ်တတ်သော ရဟန်းမဟုတ်။ (ဃ) သူတစ်ပါးကို ညှင်းဆဲနှိပ်စက်သူသည် ကိလေသာတို့မှ ငြိမ်းအေးပြီးသော ရဟန်းမဟုတ်။
သည်းခံခြင်းတရား
★ သည်းခံသည်ဆိုရာ၌ မိမိကိုယ်တွင်း ကိလေသာရန်သူများကိုလည်း သည်းခံရမည်။ ပြင်ပဆန့်ကျင်ဘက်ရန်သူများနှင့် အနိဋ္ဌာရုံများကိုလည်း သည်းခံရမည်။ မိမိကိုယ်တွင်း ကိလေသာရန်သူများကို အမြဲတမ်းကိန်းနေသော အနုသယကိလေသာအဆင့်မှ ထကြွသောင်းကျန်းလာသော ပရိယုဋ္ဌာနကိလေသာအဆင့်သို့ မရောက်အောင် အောင့်အီးသည်းခံရသည်။ ထကြွသောင်း ကျန်းလာသော ကိလေသာအဆင့်မှ လွန်ကျူးသော ၀ီတိက္ကမကိလေသာအဆင့်သို့မရောက်အောင် အောင့်အီးသည်းခံရသည်။ ပြင်ပဆန့်ကျင်ဘက်ရန်သူများကိုကား ကိုယ့်ထက် အသက်ဂုဏ်ဝါကြီးသူများ ကို မေတ္တာ ကရုဏာတရားတို့ဖြင့် သည်းခံရမည်။ ကိုယ်နှင့် အသက်ဂုဏ်ဝါတူသူများကို မုဒိတာတရားဖြင့် သည်းခံရပေမည်။ ကိုယ့်အောက် အသက်ဂုဏ်ဝါ ငယ်ရွယ်သူများကို ကရုဏာတရားဖြင့် သည်းခံရ မည်။ ကိုယ့်ကို ဆန့်ကျင်ဘက်လုပ်၍ အမြဲရန်ရှာနေကြသူများကို သူတို့သည် အရင့်အရင် ဘ၀အဆက်ဆက် သံသရာအဆက်ဆက်က ကိုယ့်ကို အသက်ပေးမွေးခဲ့သော၊ ကျွေးမွေးပြုစုခဲ့သော၊ ကယ်တင်ခဲ့ သောသူများဖြစ်ခဲ့သည်များကို အောက်မေ့သတိရ စိတ်ကောင်းမွေးမြူကာ သည်းခံရမည်။ အနိဋ္ဌာရုံများကို တွေ့ကြုံလာတိုင်း တရားရှုမှတ်ခြင်းဖြင့် သည်းခံရမည်။
★ သည်းခံခြင်းသည် သာသနာတော်၏ အနှစ်သာရကျင့်စဉ်များဖြစ်သော သီလ သမာဓိ ပညာ သိက္ခာသုံးပါး၏ ပဓာနအကြောင်းရင်းဖြစ်သည်။ သည်းခံမှုမရှိလျှင် သီလသိက္ခာလည်း မပြည့်စုံနိုင်။ သူတစ် ပါးအသက်ကို သတ်ဖြတ်ချင်သောစိတ်ကို သည်းခံထိန်းသိမ်းမထားလျှင် ကိုယ်ကျင့်သီလပျက်၏။ သူတစ်ပါးပစ္စည်း မတရားယူချင်သော စိတ်ကို သည်းခံထိန်းသိမ်းမထားလျှင် ကိုယ်ကျင့်သီလပျက်၏။ ကာမ ဂုဏ်တို့၌ မှားမှားယွင်းယွင်း လွန်ကျူးလိုသောစိတ်ကို ထိန်းသိမ်းသည်းခံမထားလျှင် ကိုယ်ကျင့်သီလပျက်၏။ ကိလေသာစိတ်၏ အလိုဆန္ဒအတိုင်း လွန်ကျူးလိုသောစိတ်များကို ထိန်းသိမ်းသည်းခံခြင်းဖြင့်သာ သီလသိက္ခာများပြည့်စုံနိုင်ပါသည်။
လောကီအာရုံကာမဂုဏ်တို့၌သာ ပျော်မွေ့တတ်ပြီး အဖမ်းရခက်သော စိတ်ကလေးကို ငြိမ်နေအောင် ထိန်းသိမ်းလေ့ကျင့်ရသော အလုပ်သည် သမာဓိအလုပ်ဖြစ်သည်။ သမာဓိလုပ်ငန်းသည် ယောက် ယက်ခတ်ပြေးလွှားနေတတ်သော စိတ်ကိုထိန်းသိမ်းရသောကြောင့် ကြိမ်ဖန်များစွာ လေ့ကျင့်ရသည်။ သည်းခံစိတ်မရှိသူများ စိတ်မရှည်တတ်သူများ တည်ငြိမ်ရင့်ကျက်သော သမာဓိသိက္ခာမပြည့်စုံနိုင်ပါ။ ထို့ကြောင့် အရာရာတိုင်း ချုပ်တည်းသည်းခံမှုဖြင့် သမာဓိသိက္ခာပြည့်စုံနိုင်သည်။ တည်ကြည်ငြိမ်သက်သော သမာဓိနှင့်ပြည့်စုံမှသာ ရုပ်နာမ်တရားတို့၏ ဖြစ်မှုပျက်မှု သဘာဝအမှန်တရားကို ထင်ရှားစွာ မြင် ရနိုင်ပါသည်။ ဥပမာအားဖြင့် ရေပြင်ကြည်လင် ငြိမ်သက်နေမှ ရေထဲက ငါးလိပ် ကျောက်စရစ်ခဲများကိုမြင်ရသကဲ့သို့တည်း။ ရုပ်နာမ်တရားတို့၏ ဖြစ်မှုပျက်မှုကို ကြိမ်ဖန်များစွာ ရှုမှတ်ဆင်ခြင်ခြင်းဖြင့် ၀ိပဿ နာဉာဏ်စဉ်များ အဆင့်ဆင့်တက်လာပါမည်။ အဆင့်အမြင့်ဆုံး မဂ်ပညာ ဖိုလ်ပညာများ ပြည့်စုံလာနိုင်ပါသည်။ ထိုသို့ အဆင့်အမြင့်ဆုံး ပညာဉာဏ်များ ပြည့်စုံလာခြင်းသည် သည်းခံခြင်း ခန္တီတရားကြောင့် ပင်မဟုတ်ပါလော။ ထို့ကြောင့် မြတ်စွာဘုရားရှင်က သည်းခံခြင်းသည် မြတ်သော အကျင့်တည်းဟု ဟောတော်မူပါသည်။
နိဗ္ဗာန်သည် အမြတ်ဆုံးချမ်းသာ၊
★ လူ့ချမ်းသာ နတ်ချမ်းသာ ဗြဟ္မာ့ချမ်းသာတို့သည် မည်မျှပင် ချမ်းသာသည်ဖြစ်စေ ချမ်းသာစစ် ချမ်းသာမှန်မဟုတ်ပါ။ အိုခြင်း နာခြင်း သေခြင်း စိုးရိမ်ပူဆွေးခြင်းတရားတို့ဖြင့် အမြဲတမ်း ရစ်ပတ်နှောင်ဖွဲ့ နေသည်။ မတည်မမြဲ ဖောက်ပြန်ပြောင်းလဲတတ်သော သဘောရှိသည်။ ယနေ့ သူဋ္ဌေးဖြစ်သော်လည်း နောက်နေ့ ခွေးဖြစ်ချင်ဖြစ်သွားနိုင်သည်။
အဆင့်အမြင့်ဆုံးဗြဟ္မာမင်းကြီး ဘ၀မှ အောက်တန်းစား အပါ ယ်ဘုံသို့လည်း ရောက်ချင်ရောက်သွားနိုင်သည် (တိုက်ရိုက်တန်းဆင်းသွားခြင်းမျိုးတော့မဟုတ်ပါ လူ့ပြည် နတ်ပြည်မှတစ်ဆင့် အပါယ်ဘုံသို့ ဆင်းသွားနိုင်သည်)။ နိဗ္ဗာန်မရောက်သေးသမျှ အိုနာသေဆင်းရဲ ဒုက္ခတို့မှ မလွတ်သကဲ့သို့ အပါယ်ဘေး၊ ကပ်ကြီးသုံးပါးဘေး၊ ရန်သူမျိုးငါးပါးဘေးတို့မှလည်း စိတ်မချရပါ။ နိဗ္ဗာန်ချမ်းသာကို ရရှိမှသာလျှင် ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်နိုင်ပါသည်။ ထို့ကြောင့် မြတ်စွာ ဘုရားက နိဗ္ဗာန်ချမ်းသာသည်သာ အမြတ်ဆုံးချမ်းသာဟု ဟောတော်မူပါသည်။
{ သူတစ်ပါးကို သတ်ဖြတ်သူသည် ကိလေသာတို့ကို နှင်ထုတ်တတ်သော ရဟန်းမဟုတ်၊}
★ သူတစ်ပါးအသက်ကို သတ်ဖြတ်ခြင်း အမှုသည် ရဟန်းတော်များနှင့် လုံးလုံးမအပ်စပ်သော အမှုပါတည်း။
ကိုယ်တိုင် တိုက်တွန်း ချီးမွမ်း စိတ်တူဆိုသည့်အတိုင်း သူတစ်ပါး အသက်ကို ကိုယ်တိုင်လည်း မသတ်ရပါ။ သူတစ်ပါးကိုလည်း မသတ်ခိုင်းရပါ။ သူတစ်ပါးတို့က သတ်ဖြတ်ညှင်းဆဲနေသည်ကိုလည်း မချီးမွှမ်းရပါ။ သူတစ်ပါးတို့က အသက်သတ်ဖြတ်ခြင်းကိုလည်း သဘောမတူရပါ။ သူတစ်ပါးအသက်ကို သတ်ဖြတ်ခြင်းနှင့် ပတ်သက်၍ မြတ်စွာဘုရားရှင်က ပါတိမောက်ပါဠိတော်ကြီး၌ အဆင့်ဆင့် အကျယ်တစ်ဝင့် ဟောကြားတော်မူပါသည်။ သူတစ်ပါးအသက်ကို သတ်ဖြတ်နေသမျှ သီလမပြည့်စုံ။ သီလမပြည့် စုံလျှင် သမာဓိမရ။ သမာဓိမရလျှင် မဂ်ဖိုလ်နိဗ္ဗာန်နှင့် ဝေးပါမည်။ ထို့ကြောင့် မြတ်စွာဘုရားရှင်က သြ၀ါဒပါတိမောက်ဒေသနာကို ညွှန်ပြစဉ်မှာပင် အကျဉ်းအားဖြင့် ဆုံးမတော်မူပါသည်။
{ သူတစ်ပါးကို ညှင်းဆဲသူသည် ကိလေသာတို့မှ ငြိမ်းအေးပြီးသူ သမဏမဟုတ်၊}
★ သမဏဆိုသည်မှာ ကိလေသာတို့မှ ငြိမ်းအေးပြီးသူ ငြိမ်းအေးအောင် ကျင့်ကြံနေသူများကို ဆိုလိုပါသည်။ သူတစ်ပါးကို ညှင်းဆဲသည်ဆိုရာ၌ သူတစ်ပါး ထိခိုက်နစ်နာအောင်၊ ဒဏ်ရာအနာတရဖြစ်စေ အောင် ညှင်းဆဲခြင်းကိုသာ ဆိုလိုသည်မဟုတ်ပါ။ သူတစ်ပါးတို့ စိတ်ဆင်းရဲအောင် ကိုယ်အမူရာဖြင့်ဖြစ်စေ၊ နှုတ်အမူရာဖြင့်ဖြစ်စေ လုပ်ဆောင်ခြင်းကိုလည်း ညှင်းဆဲခြင်းဟုပင် ဆိုလိုပါသည်။ ရဟန်းတော်အ ချင်းချင်း တစ်ပါးက တစ်ပါးကို အနေရအထိုင်ရခက်အောင် စိတ်ဆင်းရဲအောင် ပူးပူးကပ်ကပ်တိုးဝှေ့နေထိုင်ခြင်း၊ ထိကပါး ရိကပါး စောင်းချိတ်ပြောဆိုခြင်းစသည်တို့သည် သူတစ်ပါး စိတ်ဆင်းရဲအောင် ညှင်း ဆဲနှိပ်စက်ခြင်း မည်ပါသည်။
(၂)
သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ၊
သစိတ္တ ပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါန သာသနံ။
မကောင်းမှု ဟူသမျှကို မပြုလုပ်ရာ။
ကောင်းမှုဟူသမျှကို ပြည့်စုံစေရာ၏။
မိမိစိတ်ကို သန့်ရှင်း ဖြူစင်စေရာ၏။
ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။
(မကောင်းမှုကို မလုပ်နဲ့၊
ကောင်းမှုကို လုပ်၊
စိတ်ကို ဖြူဖြူစင်စင်ထား၊
အဲဒါ ဘုရားရှင်တိုင်းရဲ့ အဆုံးအမဘဲ။)
အဓိပ္ပါယ်
(က)မကောင်းမှုမှန်သမျှ မပြုလုပ်ရ။
(ခ)ကောင်းမှုမှန်သမျှ ပြည့်စုံအောင်ပြုလုပ်ပါ။
(ဂ)မိမိစိတ်ကလေး ဖြူဖွေး စင်ကြယ်အောင်ပြုလုပ်ပါ။
မကောင်းမှုမှန်သမျှ မပြုလုပ်ရ
မကောင်းမှုဟူသည် ကာယဒုစရိုက်သုံးပါး၊ ၀စီဒုစရိုက်သုံးပါး၊ မနောဒုစရိုက်သုံးပါးပင်ဖြစ်သည်။ ကာယဒုစရိုက်သုံးပါးဆိုသည်မှာ-
(က)သူ့အသက်ကိုသတ်ဖြတ်ခြင်း။
(ခ)သူတစ်ပါး ပစ္စည်းကို မတရားယူ ခြင်း။
(ဂ)သူတစ်ပါး သားမယားကို လွန်ကျူးစော်ကားခြင်းတို့ဖြစ်ပါသည်။
ဝစီဒုရိုက်လေးပါးဆိုသည်မှာ
(က)လိမ်ညာပြောဆိုခြင်း။
(ခ)သူတစ်ပါးတို့ ချစ်ခြင်းမေတ္တာပျက်ပြားအောင် ကုန်းတိုက်ခြင်း။
(ဂ)ကြမ်း တမ်းယုတ်မာသောစကားကိုပြောဆိုခြင်း။ (ဃ)အကျိုးမဲ့စကားကို ပြောဆိုခြင်းတို့ဖြစ်ပါသည်။
★ မနောဒုစရိုက်သုံးပါးဆိုသည်မှာ
(က)သူတစ်ပါးပစ္စည်းကို ကိုယ့်ပစ္စည်းဖြစ်အောင် မကောင်းကြံခြင်း။
(ခ)အခြားသူများကို သေကြေပျက်စီးစေလိုခြင်း။
(ဂ)မှားယွင်း သော အယူကို ခံယူခြင်းတို့ဖြစ်ပါသည်။
ယင်းဒုစရိုက်များကို ကျူးလွန်ခြင်းကြောင့် လက်ရှိဘ၀မှာပင် နောင်တတစ်ဖန်ပူပန်ခြင်း၊ သူတစ်ပါးတို့၏ လက်စားခြေမှုကို ခံယူခြင်း၊ မင်းပြစ်မင်းဒဏ်ခံရခြင်းစသော ဆိုးကျိုးများကိုခံစားရနိုင်ပါသည်။ ဘ၀အဆက်ဆက်၌လည်း ၀ဋ်ကျွေးမကုန်မချင်း ထိုက်သင့်သော ဆင်းရဲဒုက္ခမျိုးစုံတို့ကို ခံစားရခြင်းဟူသော ဆိုးကျိုးများကို ခံစားရနိုင်ပါသည်။
ကောင်းမှုမှန်သမျှပြုလုပ်ကြပါ
ကောင်းမှုကုသိုလ်ဟုဆိုရာတွင် ကောင်းမှုကုသိုလ်အမျိုးမျိုးရှိပါသည်။ မိမိတို့ အဆင်ပြေနိုင်သော ကုသိုလ်ကောင်းမှုများကို မဖြစ်မနေပြုလုပ်ရမည်ဖြစ်ပါသည်။ အဘယ့်ကြောင့်နည်း မိမိဘ၀တစ် လျှောက်လုံး အကုသိုလ်များနှင့်သာ ပျော်ခဲ့ကြသည်။ အကုသိုလ်များကိုသာ နေ့စဉ်လုပ်ဆောင်ခဲ့ကြသောကြောင့်တည်း။ လူတိုင်း လူတိုင်း ဆေးမသောက်ချင်သော်လည်း ရောဂါပျောက်ကင်းရေးအတွက် ဆေးသောက်ကြရသကဲ့သို့ ကုသိုလ်ကောင်းမှုများကို မလုပ်ချင်သော်လည်း ပေတေပြီးလုပ်ကြရသည်။ ပြုလုပ်ရင်းပြုလုပ်ရင်း စိတ်ပါလာကြရပါသည်။ မိမိစိတ်ကို ပြုပြင်ဆုံးမ၍ ကုသိုလ်ကောင်းမှု လမ်းကြောင်းပေါ်ရောက်အောင် တင်ပေးကြရသည်။ ကုသိုလ်ကောင်းမှုများမှာ ပါရမီဆယ်ပါး၊ ပုညကိရိယ၀တ္ထုဆယ်ပါး၊ သုစရိုက်ဆယ်ပါးတို့ဖြစ်ပါသည်။ သုစရိုက်ဆယ်ပါးဆိုသည်မှာ ဖေါ်ပြပါ ဒုစရိုက်ဆယ် ပါးတို့ကို မပြုလုပ်မိအောင် ရှောင်ကြဉ်ခြင်းသီလတို့ပင်ဖြစ်ပါသည်။
★ ပါရမီဆယ်ပါးဆိုသည်မှာ
(က)ဒါနပါရမီ-အလှူပေးခြင်း။
(ခ)သီလပါရမီ-ကိုယ်ကျင့်သီလဆောက်တည်ခြင်း။
(ဂ)နေက္ခမ္မပါရမီ-တောထွက်ခြင်း(စည်းစိမ်ဥစ္စာ အင်္ဂါခြေလက်တို့ကို စွန့်လွှတ်၍ အနစ်နာခံ ခြင်း)။(ဃ)ပညာပါရမီ-အသိအလိမ္မာ ဉာဏ်ပညာဖြင့် လောက၏ကောင်းကျိုးကို ဆောင်ရွက်ခြင်း။ (င)၀ီရိယပါရမီ-ကြီးမားရဲရင့်သော ဇွဲလုံ့လဖြင့် လောက၏ကောင်းကျိုးကိုဆောင်ရွက်ခြင်း။ (စ)ခန္တီပါရမီ- သည်းခံခြင်းဖြင့် လောက၏ကောင်းကျိုးကိုဆောင်ရွက်ခြင်း။
(ဆ)သစ္စာပါရမီ-မှန်ကန်သော သစ္စာစကားဖြင့် လောက၏ကောင်းကျိုးကိုဆောင်ရွက်ခြင်း။ (ဇ)အဓိဋ္ဌာနပါရမီ-အဓိဋ္ဌာန်ပြုခြင်းဖြင့် လောက၏ ကောင်းကျိုးကို ဆောင်ရွက်ခြင်း။ (ဈ)မေတ္တာပါရမီ-သတ္တ၀ါအနန္တအပေါ် အညီအမျှမေတ္တာထားခြင်းဖြင့် လေက၏ကောင်းကျိုးကို ဆောင်ရွက်ခြင်း။
(ည)ဥပေက္ခာပရမီ-ချစ်သည်လည်းမဟုတ် မုန်းသည်လည်း မဟုတ်သော ဥပေက္ခာတရားဖြင့် လောက၏ကောင်းကျိုးကိုဆောင်ရွက်ခြင်းတို့ဖြစ်ပါသည်။
ပုညကိရိယ၀တ္ထုဆယ်ပါးဆိုသည်မှာ
(က)ဒါန-အလှူပေးခြင်း။
(ခ)သီလ-ကိုယ်ကျင့်သီလမပျက်အောင်ထိန်းခြင်း။
(ဂ)ဘာဝနာ-သမထဘာဝနာ ၀ိပဿနာဘာဝနာနှစ်မျိုးကို အားထုတ်ခြင်း။
(ဃ)အပစာယန- ရတနာသုံးပါး ဆရာသမားမိဘကြီးသူများကို ရိုသေခြင်း။
(င)ဝေယျာဝစ္စ- အများကောင်းကျိုး ဆောင်ရွက်ခြင်း။
(စ)ပတ္တိဒါန- ကုသိုလ်ကောင်းမှုများကို အမျှပေးဝေခြင်း။
(ဆ)ပတ္တာနုမောဒန- ကုသိုလ် ကောင်းမှု အမျှပေးဝေခြင်းများကို သာဓုခေါ်ခြင်း။
(ဇ)ဓမ္မဿဝန-တရားတော်ကိုနာယူခြင်း။
(ဈ)ဓမ္မဒေသနာ-တရားဒေသနာဟောခြင်း။
(ည)ဒိဋ္ဌိဇုကမ္မ- အယူကို ဖြောင့်မှန်အောင်ယူခြင်းတို့ဖြစ်ပါသည်။
ဖေါ်ပြပါကုသိုလ် ကောင်းမှုအမျိုးအစား သုံးဆယ်တို့တွင် တူညီနေသော အချက်များလည်း ရှိပါသည်။ပါရမီကုသိုလ်ဖြစ်လိုသူများ ပါရမီဆယ်ပါးကို ကျင့်ကြံကြရုံသာ ဖြစ်ပါသည်။
မိမိတို့ စိတ်ကလေးဖြူဖွေးစင်ကြယ်အောင်ထား
လောကီအာရုံကာမဂုဏ်တို့၌သာ ပျော်မွေ့နေတတ်သော မိမိတို့စိတ်ကလေးသည် အမြဲညစ်ပတ်ပေကြံနေတတ်သည်။ ယင်းစိတ်ကလေးကို ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်း၊ အထူးသဖြင့် တရားနာယူ ခြင်း၊ တရားအားထုတ်ခြင်းတည်းဟူသော ဓမ္မရေစင်ဖြင့် သန့်ရှင်းစင်ကြယ်အောင် ဆောင်ရွက်ရမည်။ ကုသိုလ်ကောင်းမှုပြုစဉ် တဒင်္ဂအခိုက်အတန့်လေးမှာပင် ကိလေသာအညစ်အကြေး ကင်းဝေးစင်ကြယ် မှု၊ စိတ်ထားဖြူစင်ဖွေးလက်မှုများကိုချက်ချင်းပေးစွမ်းနိုင်သည်။ တရားဓမ္မကို အချိန်ကြာမြင့်စွာ အားထုတ်နိုင်လေလေ အချိန်ကြာမြင့်စွာ စိတ်ထားဖြူစင်ဖွေးလက်လေလေဖြစ်ပါသည်။ တရားထူးတရားမြတ် ကို ထိုးထွင်းသိမြင်လာသည့်အခါ တွင် စိတ်ကိုအမြဲညစ်ပတ်အောင် လုပ်ဆောင်တတ်သောကိလေသာများ လုံးဝကင်းစင်သွားပါတော့သည်။ စိတ်ကလေး ပကတိဖြူစင်သွားပါတော့သည်။
★ အဘယ့်ကြောင့် မကောင်းမှုရှောင်၊ကောင်းမှုဆောင၊် ဖြူအောင်စိတ်ကိုထားရပါသနည်း။ မကောင်းမှုကိုပြုသည့်အတွက် မိမိတို့ဘ၀အဆက်ဆက် မလိုချင်ပါဘဲနှင့် ရနေတတ်သော ဆင်းရဲဒုက္ခများကို ကြုံတွေ့ခဲ့ရပါသည်။ အိုနာသေဆင်းရဲများနှင့် စိုးရိမ်ပူဆွေး ငိုကြွေးခြင်း ပြင်းစွာဆင်းရဲဒုက္ခရောက်ခြင်းစသော ဆင်းရဲဒုက္ခများပင်ဖြစ်ပါသည်။ ထိုဆင်းရဲဒုက္ခများသည် မိမိတို့ မလိုချင်မတောင့်တပါပဲ ရလာ သောအကြောင်းတရား၏ အကျိုးဆက်များသာတည်း။
★ ကောင်းမှုကုသိုလ်မပြုသည့်အတွက် အထူးသဖြင့် ဒါနကောင်းမှု မပြုသည့်အတွက် လိုချင်တာကို မရသည့်ဆင်းရဲဒုက္ခ ကြုံရတတ်ပြန်ပါသည်။ ဘ၀များစွာသံသရာတွင် ဆင်းရဲချို့တဲ့ ငတ်ပြတ်မှုများ သည် ကုသိုလ်ကောင်းမှု မပြုသည့်အတွက်ကြောင့်ပင်ဖြစ်ပါသည်။မကောင်းမှုကို ပြုလုပ်သည့်အတွက် ဆင်းရဲမျိုးစုံ ကြုံတွေ့ရခြင်းသည် မလိုချင်ဘဲရလာသော ဒုက္ခတည်း။ ကောင်းမှုကုသိုလ်မပြုသည့်အ တွက် ချို့တဲ့ဆင်းရဲခြင်းသည် လိုချင်တာကိုမရသည့် ဒုက္ခတည်း။ ယင်းဒုက္ခနှစ်မျိုးအနက် မည်သည့်ဒုက္ခက ပို၍ဆင်းရဲပါသနည်း။ မလိုချင်ပါဘဲ ရလာသော ဒုက္ခက ပို၍ဆင်းရဲပါသည်။
အဘယ့်ကြောင့်ဆို သော် လိုချင်၍ရလာသော လိုချင်တပ်မက်စွာ ရှာဖွေထားသော စည်းစိမ်ဥစ္စာများသည် မလိုချင်ဘဲရလာသော ရောဂါဝေဒနာနှင့် ဘေးအန္တရာယ်များကြောင့် တစ်ခဏနှင့်ပင် ကုန်ချင်ကုန်သွားနိုင်သည်။ ထို့ ကြောင့် မကောင်းမှုမှန်သမျှ မပြုလုပ်ကြရန်၊ ကောင်းမှုမှန်သမျှ ပြုလုပ်ကြရန် မြတ်စွာဘုရား မိန့်ကြားတော်မူပါသည်။
အဘယ့်ကြောင့် မိမိတို့စိတ်ကလေး ဖြူဖွေးစင်ကြယ်အောင် ထားသင့်ပါသနည်း။ လူတို့သည် များသောအားဖြင့် ဘ၀သံသရာအဆက်ဆက်၌ စိတ်ရိုင်းစိတ်မိုက်၊ စိတ်ဆိုးစိတ်ညစ်များဖြင့်သာ အချိန်ကုန် ခဲ့ကြပါသည်။ စိတ်ကလေး ဖြူဖွေးစင်ကြယ်သော အချိန်ကား အလွန်နည်းပါးလှပါသည်။ စိတ်ဆိုးစိတ်မိုက်များကြောင့် ဘ၀သံသရာအဆက်ဆက် ဆင်းရဲမျိုးစုံနှင့် လုံးထွေးရစ်ပတ်ကာ ရှည်လျှားလှသော သံသရာခရီးကို ဆက်ခဲ့ကြရပါသည်။ ထို့ကြောင့် လူမိုက်အဖို့ သံသရာသည် ရှည်လျှားလှ၏ဟု ဘုရားရှင်ဟောကြားပါသည်။ လူမိုက်များ သံသရာခရီးရှည်ရာ၌ အဆိုးဆုံးသံသရာသည်သာ သူ့အတွက်အလွန် ရှည်လျှားလှပါ၏။ ကောင်းရာသုဂတိ သံသရာသည်ကား ထိုလူမိုက်အတွက် အလွန်နည်းပါးလှပါ၏။ ကောင်းရာသုဂတိသံသရာ၌ လည်ပတ်နေရသည်ဆိုသော်ငြားလည်း အမှန်တကယ်ကောင်းသည်ဟု မြတ် စွာဘုရား ချီးမွှမ်းတော်မမူ။ အိုနာသေ ဆင်းရဲဒုက္ခများနှင့် လုံးထွေးရစ်ပတ်နေသော ဘ၀သံသရာကို တစ်စက္ကန့်မျှပင် ကောင်းသည်ဟု ဘုရားချီးမွှမ်းတော်မမူ။ အိုနာသေကင်းသော အလုံးစုံသော ဘုံဘ၀တို့ ၏ ဆင်းဒုက္ခမှလွတ်သော နိဗ္ဗာန်ချမ်းသာသည်သာ အကောင်းဆုံးအမြတ်ဆုံးဖြစ်သည်။ မိမိတို့စိတ်ကလေး ဖြူဖွေးစင်ကြယ်အောင် ကြိုးစားလေ့ကျင့်ရင်း တစ်ဆင့်ထက်တစ်ဆင့် မြင့်သည်ထက်မြင့်သော မဂ်ဉာဏ်ဖိုလ်ဉာဏ် နိဗ္ဗာန်ကို ဧကန်မုချ ရရှိနိုင်ပါသည်။ ထို့ကြောင့်ဘုရားရှင်က မိမိတို့စိတ်ကလေး ဖြူဖွေးစင်ကြယ်အောင်ထားရန် မိန့်ကြားတော်မူပါသည်။
(၃)
အနူပ၀ါဒေါ အနူပဃာတော၊ ပါတိမောက္ခေ စ သံဝရော။
မတ္တညုတာ စ ဘတ္တသ္မိံ၊ ပန္တဉ္စ သယနာသနံ၊
အဓိစိတ္တေ စ အာယောဂေါ၊ ဧတံ ဗုဒ္ဓါန သာသနံ။ .. ။
သူတပါးကို မစွပ်စွဲ မပြစ်မှားရာ။
သူတပါးကို မညှဉ်းဆဲ မနှိပ်စက်ရာ။
မြတ်သောသီလ၌ စောင့်စည်း လုံခြုံရာ၏။
စားသုံးဖွယ်၌ ပမာဏကို သိရာ၏။
အစွန်အဖျား ကျောင်းအိပ်ရာ၌ နေရာ၏။
ထူးမြတ်သောစိတ်၌ လွန်စွာ အားထုတ်ရာ၏။
ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။
(သူတစ်ပါးကို မစွပ်စွဲနဲ့၊ မကဲ့ရဲ့နဲ့၊ မညှင်းဆဲနဲ့၊
သီလကို ကောင်းကောင်းစောင့်၊
အစားအသောက် ပမာဏကို သိ၊
ဆိတ်ငြိမ်တဲ့ အရပ်မှာ နေ၊
စိတ်ကို တည်တည်ငြိမ်ငြိမ် ဖြစ်အောင် ကြိုးစား၊
အဲဒါ ဘုရားရှင်တိုင်းရဲ့ အဆုံးအမဘဲ။ ")
အဓိပ္ပါယ် =
(က)သူတစ်ပါးကို မကဲ့ရဲ့ မစွပ်စွဲရခြင်း။
(ခ)သူတစ်ပါးကို မနှိပ်စက်ရခြင်း။
(ဂ)ပါတိမောက္ခသံဝရသီလကို စောင့်စည်းခြင်း။
(ဃ)အစာ အဟာရ၌ အတိုင်းအရှည်ကိုသိခြင်း။
(င)ရွာနီးကျောင်း ၌မနေ တောကျောင်း၌နေရခြင်း။
(စ)လွန်မြတ်သော မဂ်၏ရှေ့သွားဖြစ်သော စိတ်ကိုဖြစ်စေရခြင်းတို့သည် ဘုရားတိုင်းညွှန်ပြသော အဆုံးအမသြ၀ါဒဖြစ်သည်။
ရဟန်းတော်တို့မည်သည် သူတစ်ပါးကို မကဲ့ ရဲ့မစွပ်စွဲရပါ။ တည့်တိုးဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ စောင်းချိတ်၍ဖြစ်စေ မကဲ့ရဲ့မစွပ်စွဲရပါ။ အကယ်၍ မိမိက အရိယာတစ်ပါးကို ကဲ့ရဲ့စွပ်စွဲမိပါက အပြစ်ကြီးလေးရုံသာမက ဈာန်မဂ်ဖိုလ်ပင်မရနိုင်တော့ပါ။ သောတာပန်ဖြစ်ပြီးသူပင် သကဒါဂါမ်အဆင့်သို့ မရောက်နိုင်တော့ပါ။ ပဉ္စာနန္တရိယကံကြီးနှင့် ဆင်တူပါသည်။ သို့သော် အရိယာတစ်ပါးကို စွပ်စွဲကဲ့ရဲ့မိသူသည် ၀န်ချတောင်းပန်လျှင် ဈာန်မဂ်ဖိုလ် ရနိုင်ပါ သေးသည်။ ပဉ္စာနန္တရိယ ကံကြီးတို့ကား ၀န်ချတောင်းပန်သော်လည်း ဈာန်မဂ်ဖိုလ် မရနိုင်တော့ပါ။
ပါတိမောက္ခသံဝရသီလကို မကြိုးပေါက်အောင် စောင့်ထိမ်းရပါမည်။ အလွန်သေးငယ်သည်ဟုထင်ရသော ဒုက္ကဋ်အာပတ်အပြစ်ကလေးများကပင် ဈာန်မဂ်ဖိုလ်ကိုတားဆီးတတ်ပါသည်။ ထို့ကြောင့် မြတ်စွာဘုရားက သေးငယ်သည်ဟုထင်ရသော အပြစ်များကိုပင် ဘေးကဲ့သို့ရှုမြင်လျှက် အသက်ထက်ဆုံး ရှောင်ကြဉ်ရန် မိန့်ကြားတော်မူပါသည်။
★ အစာအာဟာရကို ဘုဉ်းပေးသုန်းဆောင်ရာတွင်လည်း ခန္ဓာကိုယ်နှင့် သင့်တင့်မျှတရုံ အတိုင်းအရှည်ပမာဏနှင့် ဘုဉ်းပေးသုန်းဆောင်ရမည်။ မေတ္တာနှင့်ယှဉ်သောစိတ်ကို ဖြစ်စေ၍လည်းကောင်း တရားနှလုံးသွင်း၍လည်းကောင်း ဘုဉ်းပေးသုန်းဆောင်ရပါမည်။ အတိုင်းထက်အလွန် ဘုဉ်းပေးမိလျှင် ခန္ဓာကိုယ်လေးလံထိုင်းမှိုင်းကာ တရားအားထုတ်မှု၌ သမာဓိရဖို့ မလွယ်ကူတော့ပါ။ တရားလက်လွတ် ဘုဉ်းပေးသုန်းဆောင်မိလျှင် ဣဏပရိဘောဂ(ကြွေးယူ၍ သုန်းဆောင်ခြင်း)ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ဘုရားရှင်က မိမိဘုဉ်းပေးသော အစာအာဟာရသည် ရဲရဲတောက်ပူလောင်သော သံတွေသံခဲကဲ့သို့ မဖြစ်စေဖို့ လေးလေးနက်နက် မိန့်ကြားတော်မူပါသည်။
★ ရွာနီးကျောင်း၌ မနေပဲတောကျောင်း၌နေရန်မိန့်ကြားတော်မူရခြင်းအကြောင်းရင်းမှာ တောအရပ်သည် ဆိတ်ငြိမ်အေးချမ်းသဖြင့် တရားထူးတရားမြတ်လျှင်မြန်စွာ ရစေခြင်းငှါလည်းကောင်း၊ လူတို့နှင့် မရောမယှက် သီးသန့်နေရသည့်အတွက် လူမှုဒုက္ခများ စိုးရိမ်ပူပန်မှုများ မကူးစက်စေခြင်းငှါလည်းကောင်း၊ သာယာတပ်မက်ဘွယ်ရာ အာရုံငါးပါးကာမဂုဏ်တရားတို့နှင့် ကင်းဝေးစေခြင်းငှါလည်းကောင်း ဘုရားရှင် မိန့်ကြားတော်မူခြင်းဖြစ်ပါသည်။
★ မဂ်၏ရှေ့သွားဖြစ်သောစိတ် မဂ်နှင့်ယှဉ်သောစိတ် ဖြစ်စေရန် မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ကြိုးစားပွားများခြင်းဖြင့် နိဗ္ဗာန်ကို လျှင်မြန်စွာ မျက်မှောက်ပြုနိုင်ပါသည်။ နိဗ္ဗာန်သို့ လျှင်မြန်စွာ မျက်မှောက် ပြုနိုင်မှသာ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ပါမည်။ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်မှုချမ်းသာ ၀ိမုတ္တိသုခသည် သာသနာတော်မြတ်ကြီး၏ တစ်ခုတည်းသော အနှစ်သာရသာတည်း။ ထိုဝိမုတ္တိသုခပန်း တိုင်သို့ မရောက် ရောက်အောင် ဗုဒ္ဓဘာသာတိုင်း ချီတက်နေကြခြင်းဖြစ်သည်။
★ ထို့ကြောင့် ဘုရားရှင်ကိုယ်တော်မြတ်ကြီးတိုင်း ဆုံးမညွှန်ကြားတော်မူသော သြ၀ါဒပါတိမောက်စည်းကမ်းချက်များကို လိုက်နာကျင့်သုံးခြင်းခြင့် ရဟန်းရှင်လူ ပြည်သူအားလုံးသည် သံသရာဝဋ်ဆင်းရဲ မှလွတ်မြောက်မှု
ဝိမုတ္တိသုခချမ်းသာကို ဧကန်ပိုင်ပိုင်ရရှိနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါတော့သည်။
Read More
Posted by စိမ့်စမ်းရေ on Friday, February 14, 2014
သူဇာလေး(စိမ့်စမ်းရေ) သို့ အစဉ်တစိုက် အားပေးနေကြသော ချစ်လှစွာသော သူငယ်ချင်း၊ မိတ်ဆွေများ၊ အွန်လိုင်းပေါ်မှ စာဖတ်ပရိတ်သတ်များအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်လိုက်ရပါတယ်။
တက်စွမ်းသမျှသော ငွေကြေးပမာဏလေးများဖြင့်၊ မအားမလပ်တဲ့ကြားက မဖြစ်ဖြစ်အောင်ကြိုးစားဆောင်ရွက်ထားတဲ့ ပရဟိတအဖွဲ့ငယ်လေးတစ်ခုရဲ့ တက်နိုင်သမျှသော လုပ်ဆောင်မှုလေးတွေကို ပရိသတ်ကြီးအားလုံးအား မျှဝေပေးချင်တဲ့ ဆန္ဒလေးတစ်ခုတည်းနဲ့တင် ဤပို့စ်လေးကို တင်ပြပေးလိုက်ရပါတယ်။
ပထမဦးဆုံး လှူဒါန်းမှုလေးကတော့
မြောက်ဥက္ကလာပမြို့နယ်၊ ခြောက်ကွေ့ကားမှတ်တိုင်အနီး ဇမ္မူအေးကျာင်းဝင်းရှိ
အရုဏ်သစ် လူငယ်ဖွံ့ဖြိုးရေးဂေဟာ သို့ သွားရောက်လှူဒါန်းမှု ပြုခဲ့ပါတယ်။
မေတ္တာစမ်းရေလို့ အမည်လေးပေးထားပြီး  မပြည့်စုံကြတဲ့ လူသားများအချင်းချင်း စာနာနားလည်မှုတွေနဲ့
ဖြတ်ကျော်ကြမယ်လို့လည်း ဂတိပြုထားကြပါတယ်။
အသင်းသူ၊ အသင်းသားရယ်လို့ ဘာကိုမျှ သတ်မှတ်မထားဘဲ။ စေတနာရှင်လူငယ်များမှ စုပေါင်း၍ လှူဒါန်းခြင်းသာဖြစ်ပါတယ်။
သူတစ်လက်၊ ငါတစ်ခု၊ ၀ိုင်းကာစုလို့ အပုံကြီးမဟုတ်ပေမယ့် အသုံးဝင်မှုလေးတွေမြင်ရပြန်တော့ ရင်ထဲ အတိုင်းမသိ ၀မ်းသာခဲ့ကြပါတယ်။
ကောင်းနိုးရာရာလေးတွေကို ၀ိုင်းဝန်းစဉ်းစားပေးကြသဖြင့် လိုအပ်မှုလေးတွေကိုလည်း ကွက်လက်လေးတွေဖြည့်ပေးနိုင်ခဲ့ကြတယ်။
ကလေးငယ်များနဲ့ အမှတ်တရ ဓါတ်ပုံလည်းရိုက်ခဲ့ကြတယ်။ သူတို့လေးတွေနဲ့ ပီတိအပြုံးလေးတွေ ထာဝရ ရှင်သန်နေစေဖို့ ကျွန်မတို့အားလုံး ၀ိုင်းဝန်းဆောင်ရွက်ပေးနိုင်ကြစေဖို့လည်း ဆုတောင်းလိုက်ရပါတယ်။
သူဇာလေး(စိမ့်စမ်းရေ)ရဲ့  မေတ္တာစမ်းရေ ပရဟိတ အသင်းရဲ့ တစ်နိုင်တစ်ပိုင်လုပ်ဆောင်မှုလေးတွေကို ဤပို့စ်လေးကို ကြည့်မိကြသူ အားလုံးသော မိတ်ဆွေ သူငယ်ချင်းများလည်း သူဇာလေးတို့နဲ့အတူ ကုသိုလ်အမျှ ထပ်တူရကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်ရှင်။
ခင်မင်စွာဖြင့်။
သူဇာလေး (စိမ့်စမ်းရေ)
Read More
Posted by စိမ့်စမ်းရေ on
ရင်သို့ ထိစေသော………………
“၀ပြီလား ကိုသိန်း၊ ရှင် ဒီနေ့ ဘယ်ဘက်ကိုသွားမလဲ၊ ကျုပ်ဘယ်ချိန်လောက် လိုက်လာခဲ့ရမလဲ”
“ ချောင်းကြီးထိပ်ဘက် သွားမလားလို့၊ နေ့လည် 2 နာရီလောက်မှ ထွက်ခဲ့”
“ပစ္စည်းတွေ မေ့ကျန်မယ်နော်”
နံနက်စာ အစာပြေစားပြီးပြီ ဆိုလျှင်တော့ ကိုသိန်းတစ်ယောက် ငါးရှာထွက်ဖို့ပြင်ရလေပြီ။ ကျင်စက်လို့အမည်ပေးထားတဲ့ သူ့ရဲ့ ငါးမျှားပစ္စည်းအစုံကိုတော့ သေချာစွာစစ်ယူနေကျပါ။ ကျောပိုးအိတ်ထဲထည့်ထားတဲ့ ဘတ္တရိအိုး၊ အဲဒိဘတ္တရီအိုးနဲ့ချိတ်ဆက် ထားတဲ့ ငါးမျှားတံ၊ ငါးတွေထည့်ဖို့ ရေပုံးအလွတ်၊ ထမင်းဗူး၊ ရေနွေးကြမ်းဗူး၊ စသည် စသည် ပစ္စည်းအစုံကိုတော့ သတိပေးနေတဲ့ မခင်မေရဲ့အသံကလည်း နေ့စဉ်လိုလိုပင်။
နေသိပ်မပွင့်ခင်ကတည်းက တက်ကြွစွာလှုပ်ရှားနေတဲ့ ဒီပုံရိပ်လေးကိုပဲ ကိုသိန်းတစ်ယောက် ကြည်နူးနေရတာပါ။ ကိုယ့်မိသားစု အတွက် ရှာဖွေပေးနေရတာကိုက ယောက်ျားတစ်ယောက်ရဲ့ ပီတိ၊ ဖခင်တစ်ယောက်ရဲ့ တာဝန်ဟု သူခံယူထားသည်။ ကိုယ့်အလုပ်ပေါ်မှာ မိသားစုတွေ အားကိုးအားထားနေရတာကိုပင် ဂုဏ်ယူစရာ။
ရွာထဲမှာ လယ်မရှိ၊ လယ်မလုပ်ရဘဲ သူများတန်းတူနေနိုင်တာကိုလည်း ကိုသိန်းတစ်ယောက် ဂုဏ်ယူရတာပါပဲ။ သားလေးရဲ့ ကျောင်းစားရိတ်၊ အိမ်စားရိတ်ကို ဒီဝင်ငွေတစ်ခုထဲကပဲ ထိန်းထားနိုင်တာ။ အရင်က သူရင်းငှားဘ၀တုန်းကထက် အစစအရာရာ အဆင်ပြေနေခဲ့ပြီလေ၊ တစ်နေကုန်တစ်နေခန်း နွားနဲ့ရုန်းနေရပေမယ့် ၀မ်းဝအောင်ပင် မနည်းလုပ်ခဲ့ရတာ။
ဇနီးသည် ခင်မေကလည်း ခုဆို အတော်ကလေးကို ကျွမ်းကျင်နေလေပြီ။ ရသမျှငါးတွေကို ရွာထဲလည်ရောင်း ပိုတာတွေကို နေလှန်းထား၊ ငါးပိလုပ်ထား ဘာမှလွှင့်ပစ်စရာကိုမရှိ။ အရင်ကဆို ငါးပိချက်ထဲ ငါးထည့်ဖို့တောင် အနိုင်နိုင်ရယ်။ ခုများကျတော့ တစ်နေ့တစ်မျိုး မရိုးရပေ။ ရလာတဲ့ ငါးတွေထဲကမှ ကိုယ်စားချင်တာကိုလည်း ဖယ်ထားလို့ရသေးတယ်။ မရဘူးဆိုရင်တောင်မှ တနေ့စာအားလုံးပြီး စုဗူးထဲကို 2000 လောက်တော့ အသာလေးရောက်သေးတယ်။
အင်းလေ…တစ်ခုရှိတာက နွေဘက်လေးပဲ နဲနဲ ပင်ပန်းတာ။ လယ်ထဲမှာ နွားနဲ့ရုန်းတာနဲ့စာရင်  ခုပင်ပန်းတာက ဘာဟုတ်သေးလဲ။ ကျောမှာပိုးထားရတဲ့ ဘတ္တရီအိုး လောက်တော့ ကိုသိန်းတို့က ခြင်ကိုက်ရုံလောက်သာ။ အရင်တုန်းကတော့ ကိုယ်တစ်ယောက်တည်းပေမယ့် ခုက ကိုယ့်လိုလူ တွေများလာတော့ ကိုသိန်းတို့ ငါးများများရဖို့ ရွာနဲ့အတန်ဝေးဝေးကို သွားနေရပြီ။
“ ခင်မေရေ…သွားပြီ”
“ ကိုသိန်း ဂရုစိုက်သွားနော်။ သိပ်မိုးမချုပ်စေနဲ့”
***-----***-----***-----***-----***-----***-----***-----***-----***-----***-----
“ ကိုသိန်း၊ ကိုသိန်း။
တကတည်းတော် ငေးနေလိုက်တာများ၊ ဘာတွေများ စဉ်းစားနေတာတုန်း၊ ကျုပ်ခေါ်တာ ရှင် မကြားဘူးလား၊
ဒီမှာ ထမင်းတွေ အေးကုန်တော့မယ်”
“ အေး…..အေးပါကွာ…။
ငေးမိငေးရာနဲ့ တွေးမိတွေးရာ တွေးနေတဲ့ကိုသိန်းတစ်ယောက် ဇနီးသည် မခင်မေရဲ့အနီးကပ်ခေါ်သံတောင် မကြားနိုင်ပေ။ စိတ်မပါ့တပါနဲ့ပြန်သာဖြေလိုက်ရပမယ့် ထမင်းမပြောနဲ့ ခုချိန်မှာ ဘာမှကို မလုပ်ချင်ပေ။
“ဒါနဲ့ ဘာဟင်းလဲ ခင်မေ”
“ ဘာရှိရမလဲ ထုံးစံအတိုင်း ငါးကြော်၊ ငါးပိချက်၊ ဟင်းချိုပေါ့။ ဒီနေ့မှ အထူးအဆန်းလုပ်လို့”
“ ဘာ….ငါးကြော်ဟုတ်လား”
“ ဘာ….ဘာ ငါးလဲ”
ကိုသိန်းရဲ့ အထိတ်တလန့်အော်ဟစ်လိုက်သံနဲ့ အထစ်ထစ်အငေါ့ငေါ့ စကားများကြောင့် မခင်မေ ကိုသိန်းကို နားမလည်တဲ့မျက်ဝန်းအစုံနဲ့ပြူးကြောင်ကြောင် ကြည့်နေလိုက်ရပါတယ်။ ညနေပိုင်းအိမ်ပြန်လာကတည်းက ငူငူငိုင်ငိုင်ဖြစ်လာတဲ့ ယောက်ျားကို သတိတော့ထားမိသား။ အရင်နေ့တွေကဆို သူပဲအတက်ကြွဆုံး ဖမ်းလာတဲ့ ငါးတွေထဲကမှ သူကြိုက်တဲ့ငါးကို ကိုယ်တိုင်ချက်နေကျ။ ဒီနေ့မှ ထူးထူးဆန်းဆန်းတွေကိုဖြစ်လို့။
“ တော့…..ကိုသိန်း…ရှင် ဘာဖြစ်နေတာလဲ…ပြောစမ်းကျုပ်ကို”
“ပြန်လာကတည်းက ဘာဖြစ်နေမှန်းကိုမသိဘူး။ ရှင့်ကို တောတွေ တောင်တွေကများ ပြုစားလိုက်တာလားဟင်…ပြောစမ်းပါ။ ရှင် ဘာဖြစ်လာတာလဲပြော။ ပြောလေ….”
မခင်မေရဲ့ အမေးစကားတွေနားထဲမှာကြားတစ်ချက်၊ မကြားတစ်ချက်၊ ကိုသိန်းရဲ့မျက်ဝန်းအစုံကတော့ ဟိုးအဝေးတစ်နေရာ ကိုသာ ငေးမောလျက်………….။
“ကဲ..ကဲ.မပြောချင်လဲနေ၊ ထမင်းတော့လာစား…. ကဲ…ထထ….ထမင်းစားပြီး ကျုပ်က ငါးဖိုးတွေ လိုက်တောင်းရဦးမှာ”
ခင်မေက ပါးစပ်ကလည်းပြော၊ လက်ကလည်းဆွဲခေါ်လို့သာ ကိုသိန်းတစ်ယောက် ထမင်းစားပွဲနားရောက်လာခဲ့ပေမယ့် စိတ်နဲ့လူနဲ့က မကပ်၊ ထမင်းစားပွဲပေါ်က ဟင်းတွေကိုသာ ငေးကြည့်နေပါတော့တယ်။
“ရော့..တော်ကြိုက်တဲ့ ငါး…”
“ မထည့်နဲ့…………..မထည့်နဲ့”
ဇနီးသည်ရဲ့ဟင်းထည့်ပေးတဲ့လက်ကို အတင်းပဲကာလိုက်ရင်းက ကိုသိန်းတစ်ယောက် ပန်းကန်ထဲက ထမင်းဖြူကိုသာ ပါးစပ်ထဲအတင်းသာထိုးထည့်နေမိပါတော့တယ်။ အထူးအဆန်းသဖွယ်ဖြစ်နေတဲ့ ကိုသိန်းကိုတော့ မခင်မေလုံးဝ လုံးဝကို နားမလည်တော့။
“ငါ ၀ပြီ ခင်မေ”
စကားတစ်ခွန်းသာပြောပြီး ထသွားတဲ့ကိုသိန်းရဲ့ကျောပြင်ကို ကြည့်နေရင်းက ထမင်းလည်းဆက်မစားချင်တော့တာနဲ့ ခင်မေလည်း စားပွဲဝိုင်းနားက ထလာရပါတယ်။ ရစရာငါးဖိုးအကြွေးတွေအတွက် ရွာထဲကို တပတ် ပတ်ရပေဦးမည်။
ဒီနေ့ကျမှ ထူးဆန်းနေတဲ့ကိုသိန်းတစ်ယောက်တည်း အိမ်မှာထားခဲ့ရမှာလည်းစိတ်မချ၊ ငါးဖိုး အကြွေးတွေကလည်း ကိုယ်မှမတောင်းရင် ရမှာမဟုတ်တော့ပေ။ နေ့တိုင်းရောင်းချင်တော့လည်း နေ့တိုင်းတော့ တောင်းရမည်သာ။ ရွာထဲထွက်ခဲ့ရပေမယ့် စိတ်က ကိုသိန်းဆီ။ ကျူရှင်အိမ်မှာ မျှော်နေမည့် သားတော်မောင်ကိုလည်း ၀င်ကြိုရဦးမည်။ ညကျရင်တော့ ကိုသိန်းကို အသေအချာ မေးကြည့်ဦးမည်ဟုသာ။
ညနေ မှောင်စပျိုးချိန်ဆို မခင်မေတို့ ငါးဖိုးတွေ လိုက်တောင်းရပါတယ်။ ကိုသိန်းပါလာတဲ့ငါးတွေကို ညနေစောင်းကတည်းက လိုက်လည်ရောင်းပြီးသား။ မကုန်တဲ့ငါးတွေကို အိမ်ပြန်ချက်သင့်တာချက်၊ လှန်းသင့်တာလှန်း၊ ငါးပိလုပ်သင့်တာလုပ်၊ အားလုံးစားသောက်ပြီးမှ နောက်တစ်ခေါက်က အကြွေးတောင်းအလှည့်၊ သားကြိုအလှည့်။
နေ့စဉ်အလုပ်ဆိုပေမယ့် မောတယ်ပန်းတယ်လို့ကိုမထင်၊ အရင်က ဘ၀တုန်းကတော့ ကိုယ်ကပေးအလှည့်ချည်းသာ၊ အိမ်ပေါက်စေ့ကို မျက်နှာငယ်နဲ့ရောက်ခဲ့ပေါင်းလည်းများခဲ့ပြီ။ ခုကျတော့ ကိုယ်ကတောင်းအလှည့်။ ကိုယ်ကတောင်းအလှည့် ဆိုပေမယ့် အရင်ကဘ၀ရဲ့စာမျက်နှာတွေကြောင့် လေသံတောင်မမာတတ်တော့ပေ။
အော်…..ဘ၀ဆိုတာ အနိမ့်အမြင့်နဲ့ပါလားဆိုတာ ခင်မေတို့ မပြောပဲသိ၊ မသင်ပဲတတ်ခဲ့ပါပြီလေ။
နှာခေါင်းနဲ့ပါးစပ်မှတစ်ဆင့် အငွေ့ငွေ့ထွက်သွားတဲ့ ဆေးလိပ်မီးခိုးတွေကို အဓိပါယ်မဲ့စွာ လိုက်ကြည့်နေရင်းက ကိုသိန်းတစ်ယောက် အတွေးနယ်ချဲ့မိလေပြီ။ အိပ်မောကျနေတဲ့ မယားနဲ့သားကို အသာငဲ့ကြည့်လိုက်ရင်း… ရင်ထဲအမျိုးအမည်မသိတဲ့ ဝေဒနာတစ်ခုကို မိမိဘာသာပဲ ခံစားလိုက်ရပါတယ်။ တစ်လိပ်ပြီးတစ်လိပ် တရှိုက်မက်မက် ဖွာနေခဲ့မိတာ ဘာ့ကြောင့်ပါလဲလို့ သူ့ဘာသာတောင် မဝေခွဲတတ်တော့ပေ။ တိတ်ဆိတ်နေတဲ့ ညအလယ်မှာ တစ်ယောက်တည်းသောသူက တစ်ခုတည်းသော အတွေးကိုသာ တွေးနေခဲ့လေပြီ။
တဆစ်ဆစ်နာကျင်တာလား၊ တဆတ်ဆတ်တုန်ယင် နေတာလား၊ ရင်အစုံရဲ့ မြည်ဟီးသံကို မကြားရဲလောက်အောင် ဖြစ်နေတာမို့ မျက်စိအစုံကိုသာ အသာမှိတ်လိုက်ရင်း…………… အိပ်ယာပေါ်သာ လှဲချလိုက်ပါတော့တယ်။
မပီမပြင် ၀ိုးတ၀ါးနဲ့ အမြင်အာရုံကြားထဲမှာတော့……………………အမေ၊………………………အမေ။
အမေဆိုတာ ဘယ်လိုပုံမျိုးပါလိမ့်၊ အသားဖြူဖြူလား၊ ညိုညိုလား။ အရပ်ရှည်သလား၊ ပုသလား ကိုသိန်းမသိ၊ မိခင်မေတ္တာဆိုတာလည်း မသိခဲ့။ အေးသလား ပူသလား ဘယ်လိုမျိုးလဲ..။
အဖေ့လက်ပေါ်ကြီးလို့ လူဖြစ်လာတဲ့ ကိုသိန်းတစ်ယောက် မိခင်မေတ္တာဆိုတာကို ဘာမှန်းမသိခဲ့ရပေ။  ဒီနေ့မှ မျက်ဝါးထင်ထင်မြင်လာခဲ့ရတဲ့ မြင်ကွင်းလေးတစ်ခုကိုပဲ ယောက်ျားကြီးဖြစ်ပေမယ့် တုန်ရင်စွာ ခံစားနေရပြီ။ အိပ်ပျော်အောင်ကြိုးစားမယ်လို့ မျက်လုံးမှိတ်လိုက်ပြန်တော့ မေ့မရတဲ့ မြင်ကွင်းအချို့တို့ တိုး၍၀င်လာလေပြီ၊ နေ့လည်က မြင်ကွင်းနဲ့အပြိုင် ပုံရိပ်တစ်ခု…၀ါးတားတားပုံရိပ်တစ်ခု………….အမေ…အမေ၊
ခပ်တိုးတိုးညည်းသံနဲ့အတူ နှုတ်ကထွက်ကျလာတဲ့ ဒီစကားလုံးလေးတွေ၊ သူ့နှုတ်က ထွက်သွားတာမှ ဟုတ်ပါလေစ၊ ရင်ထဲကများ ထွက်ကျလေရော့သလား။
ကိုယ်နဲ့အပြိုင် တစ်နေကုန်ပင်ပန်းထားတဲ့ ဇနီးသည်ကို အသာငဲ့ကြည့်လိုက်ရင်းက ..ရင်ထဲတိုးတိုးလေး ဆိုမိသည်………….
ခင်မေ………..ငါ့ကိုလေ….အမေ့ရဲ့မေတ္တာတွေအကြောင်း နင်သိသလောက်ပြောပြပါလား။ နင်က ခု အမေနေရာဆိုတော့ နင်က ငါ့ထက်ပိုသိမှာပါ။
နင် င့ါကိုမေးတယ်မလား ၊ တော့်ကို တောတွေတောင်တွေကများ ပြုစားလိုက်တာလားတဲ့။ မဟုတ်ပါဘူးဟာ ငါနင့်ကိုပြောပြမယ်ခင်မေ ပြောပြမယ်။
***-----***-----***-----***-----***-----***-----***-----***-----***-----***-----
“ဟာ.ကိုသိန်း..စောလှချေလားဗျ၊”
“စောရတယ်ကွ၊ ခုချိန်ထွက်မှ တော်ကြာကြတာ၊ ကိုယ်ကလည်း ၀ီရိယရှိရမယ်လေကွာ”
“ကောင်းတယ်ကိုသိန်းရေ….. ကောင်းတယ်”
ရိုးသားအေးဆေးတဲ့ ကိုသိန်းတို့မိသားစုက ချစ်ခင်သူမရှားပေမယ့် မုန်းသူလည်းမရှိပါ။ သူများအလုပ်၊ ကိုယ့်အလုပ် ဘယ်အလုပ် ဖြစ်ဖြစ် ဂရုတစိုက်ရှိတတ်တဲ့ ကိုသိန်းရဲ့အကျင့်လေးက မျက်နှာပွင့်စေခဲ့ပါတယ်။ တောသူတောင်သားဘ၀တွေမို့ လင်းကြက်တွန်ရင်ကိုဖြင့် အားလုံးနိုးနေကြပြီ။
လယ်အလုပ်မဟုတ်ပေမယ့် ကိုယ်ကအရင်ရောက်နှင့်မှသာ ငါးများများရပေလိမ့်မည်။ ခြေကျင်ခရီးကလည်း သိပ်တော့ခရီးတွင်တာမဟုတ်၊ ၃ နာရီလောက် လမ်းလျှောက်သွားမှ အဆင်ပြေတာ။
နွေဘက်ရောက်လေလေ ငါးက ရှားလေလေပင်၊ ရွာနဲ့အတော်ဝေးဝေးမှသာ အဆင်ပြေတတ်တာဆိုတော့ ဒီနေ့တော့ ကိုသိန်းတစ်ယောက် ခပ်ဝေးဝေးဆီသို့သာ……….။
အောက်ခြေကိုမြင်နေရတဲ့ ချောင်းရိုးတစ်လျှောက် စိတ်လိုလက်ရ လမ်းလျှောက်နေရင်းက ရေပြင်ဆီသို့လည်းမကြာမကြာ မျက်လုံးကရောက်ရပါတယ်။ ငါးရှိမယ်ထင်တဲ့နေရာဆိုရင် ရှာကြည့်၊ တစ်နေရာ တစ်နေရာကို ခပ်ကြာကြာလေးနေလို့မှ မရရင်တော့ နောက်တစ်နေရာကို ခရီးဆက်ပေါ့။ တစ်ခါတစ်လေတော့လည်း တစ်နေရာတည်းနဲ့တင် ငါးတွေအတော်များများရခဲ့ရင်တော့ ကိုသိန်းတို့ သက်သာရပါတယ်။ အဲ့လိုအခါမျိုးဆို နောက်က လိုက်လာမယ့် ခင်မေကို စောင့်နေရုံသာ။
“အင်း……….ဒီနေရာမှာ ရှာကြည့်ဦးမှ”
ပါလာတဲ့ပစ္စည်းတွေကို နေရာကောင်းကောင်းလေးတစ်ခုမှာ ချထားပြီး ကျင်စက်ကို အသုံးပြုလို့ ကိုသိန်းတစ်ယောက် ငါးရှာရပါတယ်။ ချောင်းထဲဆင်းပြီး ငါးရှိမယ့်နေရာတွေကိုမှန်းပြီး ငါးမြှားတံကိုထိုးရတာ ကျင်စက်ကြောင့် သေသွားတဲ့ငါးတွေကို အသာလေး ပုံးထဲကောက်ထည့်ရုံသာ။ တစ်ခါတစ်လေကျတော့ မသေပဲ ပါလာတာတွေလည်းရှိခဲ့ပါတယ်။
“ ဟာ…………ဟိုဘက်မှာ အများကြီးပါလား”
ရိပ်ခနဲ လှမ်းမြင်လိုက်ရတဲ့ တစ်နေရာဆီ တဖြည်းဖြည်း အသာတိုးကြည့်လိုက်တော့….
“ ဟာ…….ဘယ်ရောက်သွားတာပါလိမ့်..”
အသာလေးငြိမ်နေလိုက်ပြီး ခဏစောင့်ကြည့်လိုက်တဲ့အခါ
ဟော………..ကျောက်တုံးတွေနဲ့ကွယ်နေတာကိုး၊
စိတ်ထဲသဘောကျသွားဟန်နဲ့ လက်ထဲက ကျင်စက်ကို ရေထဲထည့်လို့ ခလုပ်ကိုဖွင့်မယ်အလုပ်…………………..
“ဟာ…………………..ထူးဆန်းလိုက်တာ”
ကိုသိန်းတစ်ယောက် ပါးစပ်အဟောင်းသားဖြစ်လို့ လက်ထဲကငါးမြှားတံကို အဝေးဆီသာ လွှင့်ပစ်လိုက်မိပါတယ်။
ကိုသိန်းကြောင့် လှုပ်သွားတဲ့နေရပြင်မှာ ဟိုဟိုဒီဒီ ကူးနေကြတဲ့ ငါးသားပေါက်လေးတွေ….တစ်နေရာ ဆီသို့ အတင်းထိုးပြေးသွားလိုက်ကြတာ……မိခင်ဖြစ်မယ်ထင်ရတဲ့ ငါးခပ်ကြီးကြီးတစ်ကောင်က အသာလေးပါးစပ်ဟပေးလိုက်တော့……..ငါး သားပေါက်ကလေးတွေ အကုန်လုံး တန်းစီပြီး မိခင်ငါးမကြီးရဲ့ ပါးစပ်ထဲ အကုန်လုံးရောက်သွားကြတဲ့ မြင်ကွင်း…………ဒီမြင်ကွင်း………….။
“ဟာ”
ဆိုပြီး ဖြစ်သွားတဲ့ ကိုသိန်းရဲ့ပုံစံက ဟန်ဆောင်ပန်ဆောင်မဟုတ်ခဲ့ပါ။ မျက်စိရှေ့မှာတင်ဖြစ်သွားတဲ့ဒီမြင်ကွင်းကို ဘယ်မေ့နိုင်မလဲ။ ဘေးလွတ်ရာသို့ တဟုန်ထိုး ကူးခတ်သွားတဲ့ မိခင် ငါးမကြီးနောက်ကို ကိုသိန်း အပြေးလိုက်ရမလား…………..၊ကိုသိန်းမလိုက်တော့ပါ။
ဈေးကြီးရမယ့် ဒီလိုငါးမျိုးလည်း ကိုသိန်းမဖမ်းလိုတော့။
အရသာရှိတယ်၊ အသားချည်းပဲ ဆိုတာမျိုးလည်း မကြားချင်တော့။
ကြိုက်လှချေရဲ့ဆိုတဲ့ ဒီငါးကို ဘယ်လိုသတ္တိမျိုးနဲ့ ကိုယ်တိုင်ဖမ်းပြီး စားသောက်ရပါ့မလဲ။
ရင်ထဲမှာ ဘာဖြစ်သွားမှန်းမသိတဲ့ ဝေဒနာကို လူတွေသိအောင် ဘယ်လိုပြောပြရမလဲ။
ငါ့ရဲ့အဖြစ်အပျက်က အဲဒါပဲခင်မေ။ငါသိပ်ကြိုက်ခဲ့တဲ့ အဲဒိငါးကို ငါစားဖို့ မျိုမကျတော့ဘူးခင်မေ။ ဟင်းပန်းကန်ထဲက ငါးဟင်းတွေကို ကြည့်ရဲဖို့ ငါ့သတ္တိတွေ ပျောက်ဆုံးကုန်ပြီ။ အမြီးလေးလှုပ်ရမ်းလို့ ကူးခတ်သွားတဲ့ မြင်ကွင်းလေးကို နင် မြင်ကြည့်စမ်းပါခင်မေ၊ မြင်ကြည့်စမ်းပါ။မိခင်မေတ္တာဆိုတာ ထူးဆန်းလှချေရဲ့။ ငါ တစ်ခါမှ မတွေးဖူးဘူး ခင်မေ။
ရင်ထဲမှာ မွန်းကြပ်သွားဟန်နဲ့ ကိုသိန်း တစ်ယောက် ငုတ်တုတ်ထ ထိုင်မိလျက်က နံရံမှာထောင်ထားတဲ့ ငါးဖမ်းပစ္စည်းအစုံဆီ မျက်စိက ရောက်မိပြန်ပါပြီ။ ခုံမင်တပ်မက်မိတဲ့ ဒီပစ္စည်းတွေကို တစ်ရေးနိုးလည်းမြင်သာနိုင်အောင် ကိုယ်နဲ့မကွာ အနီးဆုံးမှာတောင် ထားထားတာ။ ဒီပစ္စည်းတွေကြောင့်သာ မိသားစုရဲ့ ကယ်တင်ရှင် ဖြစ်ခဲ့ရတာ။ တန်းတူနေနိုင်ခဲ့တာ။ ဇနီးနဲ့သားတို့ ၀မ်းဝ၊ ခါးလှခဲ့ရတာ။
တသက်လုံးမလုပ်ချင်တော့လောက်အောင် ငါ တွေးမိတယ်ခင်မေ၊ ဒါပေမယ့် မဖြစ်နိုင်ဘူးဆိုတာ ငါသိပါတယ်။ ငါ ဘာဆက်လုပ်ရမလဲ၊ နေ့စဉ်ရက်ဆက် ငါ မေ့မေ့ပျောက်ပျောက်ထားနိုင်ပါ့မလား။ မသေမရှင်ဖြစ်နေတဲ့ ငါးတွေကို ကျင်လည်စွာကိုင်တွယ်ခဲ့တဲ့ ငါ့ရဲ့လက်နဲ့ ငါ…ပျော်ပျော်ကြီးဖမ်းရဲပါတော့မလား။
တစ်ကိုယ်တည်း တီးတိုးပြောဆိုသံတွေ လည်ချောင်းဝမှာတင်ပျောက်ဆုံးကုန်လေပြီ။ လင်းကြက်တွန်သံ ကြားရတော့မှ ကိုသိန်း တစ်ယောက် မျက်စိအစုံကိုသာ အတင်းထိုးမှိတ်လိုက်ရင်းက……………တစ်ခုတည်းသောဆုံးဖြတ်ချက်ကိုသာ…….ချလိုက်နိုင်ပါတယ်။
ကျွမ်းကျင်လို့ အဆင်ပြေနေတဲ့နေရာမှာ အကောင်းဆုံးသော လုပ်ဆောင်ချက်သာ ကိုယ့်ရဲ့ရွေးချယ်ရာ………..။
ဝမ်းစာရေးတွက် ဘယ်အရာကများ အရေးကြီးနိုင်ပါ့မလဲ။ ၀မ်း သုံးဝမ်းနဲ့ ခါးသုံးခါး လှဖို့အတွက်တော့ ဒီအလုပ်ကို ဆက်လုပ်ရပေ မည်။ သေချာတာတစ်ခုကတော့ နောင်ဆို ကိုသိန်း သိပ်ကြိုက်တဲ့ငါးမျိုး သူ…လုံးဝ၊ လုံးဝ မျက်စိရှေ့သို့ အရောက်ခံတော့မည် မဟုတ်ချေ။
ဒါဟာ ကိုသိန်းရဲ့ အကောင်းဆုံးသော၊ မိသားစုတွက် ရွေးချယ်မှု တစ်ခုဟုသာ……………………။
စိမ့်စမ်းရေ
131207
Read More
Posted by စိမ့်စမ်းရေ on