မိသားစု စကားဝိုင်း


“ ဗိုက်ဆာတယ်..........ဗိုက်ဆာတယ်...”
“ မြန်မြန်......မြန်မြန်...”

အလုပ်ရောက်ရောက်ချင်း ကြားနေကျ အသံပဲဖြစ်ပါတယ်။ လူတကာတို့ထက်ထူးခြားတဲ့ ကျွန်မတို့ရဲ့ အလုပ်ချိန်က 7 နာရီမထိုးခင်။

“စု......... ညနေက အိမ်မှာထမင်းမစားပြန်ဘူးလား...”
“အင်းလေ.........ဘယ်သူမှ မရှိတာ...... ဘာမှလဲ မချက်ထားဘူး.............”
“အော်.........”

ခဏခဏမေးနေကျ၊ သိနေကျ ဖြစ်ပေမယ့်၊ ဒီစကားကို လက်မခံနိုင်လို့ပဲလား၊ မယုံလို့ပဲလားတော့မသိပါ ၊ ကျွန်မပဲ ခဏခဏကိုမေးဖြစ်နေတာ။

ခင်တွယ်စရာ သူငယ်ချင်း မိတ်ဆွေအနေနဲ့ သိပ်မများလှတဲ့ ကျွန်မမှာတော့ အလုပ်က သူငယ်ချင်းတွေက ခင်စရာအတိပါ။
 မိုးလင်း မိုးချုပ် ရက်မှလ၊ လမှ နှစ် တိုင်အောင် ပြောင်းလဲလာတော့လည်း တစ်ယောက်အကြောင်း တစ်ယာက်က မပြောပဲကို သိနေနှင့်ကြပြီလေ။

အလုပ်က အဖြစ်အပျက်လေးတွေ၊ စိတ်ညစ်စရာအပါအ၀င် တခြား ဟာသ လေးတွေလည်း အိမ်မှာ ပြန်ပြောပြနေကျ ဖြစ်တဲ့ ကျွန်မကတော့ နေ့စဉ် အလုပ်လိုပါပဲ...........။

ကျွန်မရဲ့ မိသားစုကတော့ အလုပ်ကသူငယ်ချင်းတွေကို မမြင်ဖူးပဲနဲ့ကို ရင်းနှီးနေကြပြီလေ။

“ စု..........တို့ကျတော့....ပြောင်းပြန်......။
ငွေကြေးတက်နိုင်တဲ့ စုက ကျွန်မတို့အလုပ်မှာ အလုပ်သင်ပါ။  ကိုယ်ရတာကိုယ်သုံး.......... ဘ၀ကို ပျော်ပျော်နေသူ။ မိဘဆီက လက်ဖြန့်လိုက်ရုံနဲ့ အရာရာဟာ အဆင်ပြေနေတာ။

“ မိသားစုနဲ့ တူတူ ထမင်းမစားဘူးလားဆိုတော့၊ စကားမပြောရတဲ့ ရက်တွေတောင် ရှိတယ်ဆိုပဲ ”

အပြင်လောကနဲ့ ဆက်သွယ်နေရတဲ့ ကျွန်မ အဖို့တော့ အိမ်မှာနေ ကျန်ခဲ့တဲ့ မိဘ၊ ညီကို မောင်နှမတွေကို အတွေ့အကြုံလေးတွေ မျှဝေပေးနေရတာကိုပဲ ကျေနပ်နေရတာပါ။
ထမင်းစားရင်း........ရေနွေးသောက်ရင်းနဲ့ မိသားစု စကားဝိုင်းလေးက အမြဲလိုလို......။

တစ်ယောက်နဲ့တစ်ယောက် အဖြစ်အပျက်၊ အတွေ့အကြုံကို ပြောပြကြရင်းနဲ့ ကျွန်မတို့ မောင်နှမတွေကတော့ အပြန်အလှန်ပါ။

တစ်ခါတလေများဆို ကျွန်မ “စု” ကို အိမ်ကိုခေါ်လာပြီး စကားစမည် ပြောခိုင်းကြည့်ပါတယ်။ စိတ်ဝင်စားမှု မရှိတဲ့ သူ့အမူအယာကြောင့် နောက်တစ်ခါ ခေါ်လာဖို့တော့ စဉ်းစားရပြီလေ။

“လူအများကြီးနဲ့ သိပ်စကားမပြောတတ်ဘူးတဲ့”
“အော်.........သနားစရာ......”

တစ်ကယ်တော့ မိသားစု စကားဝိုင်းလေးဆိုတာ လိုအပ်တယ်လို့ ကျွန်မ ထင်မြင်မိပါတယ်။  အသက်အရွယ် ကြီးလာတာနဲ့အမျှ ကိုယ့်အလုပ်နဲ့ကိုယ် ဖြစ်လာတော့ ဒီလိုမျိုးလေး အချိန်တွေကပဲ မိသားစုတွက် အချိန်ရယ်ပါ။

မိဘရဲ့ကျန်မာရေးကိစ္စအပြင် တခြား ကိစ္စလေးတွေတောင် သတိမထားမိတတ်တာ ဖြစ်လာနိုင်ပါတယ်။ ဖြစ်ချင်တာလေးတွေမေးမြန်း၊ ပြောပြမှ အားလုံး နွေးထွေးစေမှာပါ။

မိဘက အဲ့လိုမဖြစ်ချင်ရင်တောင် သားသမီးက တောင်းဆိုရမှာပါ။ တူတူသွားဖို့၊ လာဖို့၊ စားဖို့ပေါ့၊
သားသမီးက အရမ်းကို အပြင်ထွက်လွန်းရင်လည်း မိဘက နွေးထွေးမှုပေးတာမျိုး ဖြစ်ရမှာပါ။

မိမိကိုယ်တိုင် ကြင်နာတတ်မှ သူတပါးကြင်နာမှုကိုလည်း ရယူနိုင်မှာပါ။ သူများကိုလည်း ဖေးမတာ ကူညီတာ စတာတွေ လုပ်နိုင်မှာပါ။

ကျွန်မသူငယ်ချင်း စု လိုမျိုး.မိသားစုနဲ့ ဝေးကွာနေသူတွေ ဘယ်လောက်များ ရှိနေပြီလဲ။ ဘယ်လောက်များ များနေပြီလဲ ဆိုတာ မသိတော့ပါဘူး.....။

တက်နိုင်သလောက် ဖေးမပြောဆိုရင်းကပဲ ကျွန်မတို့ရဲ့ ၀တ္တရား မဟုတ်ပါလားနော်.......။

ခင်မင်စွာဖြင့်
သူဇာလေး (စိမ့်စမ်းရေ)
4.8.2012









Posted by စိမ့်စမ်းရေ on Friday, August 3, 2012