“ ဆရာမ.......”
ဟိုးခပ်ဝေးဝေးကတည်းက မြင်နေရတဲ့ ကျွန်မကို သူတို့တွေ အကျယ်ကြီး လှမ်းခေါ်ကြပါတယ်။ မမှီမှာစိုး၍ ပြေးလာတော့ ခဏလေးရပ်စောင့်ရင်းက.....
“သားတို့ ဘယ်သွားကြမလို့လဲ”
“မော်ကွန်းထိန်း ဆီသွားမလို့”
“ ရန်မဖြစ်ကြနဲ့ဦးနော်....ကောင်းကောင်းသွားကြ”
“ဟုတ်”

သူတို့လေးတွေ အဝေးရောက်သွားပေမယ့် ကျွန်မ မျက်နှာပေါ်က ခပ်ပြုံးပြုံးလေးကတော့ အိမ်အထိကို ပါလာတော့တာ.....။

မတွေးပဲမနေနိုင် တာမို့ သတိရစရာလေးတွေက လွန်ခဲ့တဲ့ 5 နှစ်က အချိန်လေးကို ခဏရောက်သွား သလိုပါပဲ...။

လူသိပ်မများလှတဲ့ ကျွန်မရဲ့ ကျူရှင်ခန်းလေးမှာတော့ ကျောင်းသားတွေက သူတို့ကိုယ်ပိုင် နာမည်သစ်လေးတွေနဲ့....။

အဲ့ဒိနေ့ကလည်း နာမည်သစ်ပေးပွဲပေါ့။

“စည်သူ...” “ ဟုတ်ကဲ့”
”ချစ်ဝိုင်း” “ ဟုတ်”
“မောင်မောင်” “ ဟုတ်”

လေ့ကျင့်ခန်း စာအုပ်တွေကို အသီးသီးပေးလိုက်ပေမယ့် လက်ထဲမှာ ချန်ထားတဲ့ စာအုပ်ကိုတော့ အောင်အောင် လိုချင်နေမှာပါ။

တခြားသူတွေ အမှတ်ဘယ်လောက်ရတယ်ဆိုတာ အပြိုင်ပြောနေကြရင်း........

“အောင်အောင်”
“ဗျာ..........”

မသိမသာ တုန်သွားတဲ့သူ့အသံကြောင့် ဘေးနားက သူငယ်ချင်းတွေက သူ့ကို မော့ကြည့်လာပါတယ်။

“ ကိုယ့်အပြစ်ကိုယ်သိလား အောင်အောင်”
“ ဟုတ်”
“သိရင်ထ”
“ဟုတ်.........ဟုတ်.........”

“ မျဉ်းသားထားခြင်းမရှိဘဲ စာမျက်နှာ ထိပ်ကစလို့ အောက်ခြေထိကို ရေးထားတဲ့စာတွေက 45 ဒီဂရီ။ နဂိုထဲက ခပ်ရှည်ရှည်လက်ရေးတွေက ပဲပင်ပေါက်လေးတွေ ကခုန်လို့။  မျဉ်းကြောင်းပေါ်တက်လိုက် ဆင်းလိုက် လုပ်နေတဲ့ ဒီစာတွေ........ ”

 အပြစ်ပေးခံထားရတဲ့အောင်အောင့်မျက်နှာကတော့ သုန်သုန်မှုန်မှုန်......။

အဲ့ဒိနေ့ကစလို့ အောင့်အောင့်နာမည် မော်ကွန်းထိန်း........... ကျွန်မ ကိုယ်တိုင်ပေးခဲ့ပြီး ခေါ်စေခဲ့တာ..။

နောင်တစ်ချိန် စည်းကမ်းရှိလာအောင်လို့....။ အဲ့ဒိနေ့ကစလို့............အဲ့ဒိနေ့ကစလို့ပေါ့.............


သူဇာလေး (စိမ့်စမ်းရေ)
5.8.2012









Posted by စိမ့်စမ်းရေ on Sunday, August 5, 2012