ညက အိပ်ယာဝင်တာ နဲနဲနောက်ကျ သွားတာတဲ့ မနက်အိပ်ယာကထရတဲ့ ပြဿနာက စပြီ။
ပုံမှန်အချိန်ထက် အနည်းငယ်နောက်ကျပြီဆိုတာနဲ့ နောက်ဆက်တွဲတွေက လိုက်လာတော့တာပဲလေ..။

ခုလည်းကြည့်လေ.. အိပ်ယာထ နောက်ကျနေပါတယ်ဆိုမှ ရေချိုး၊ အ၀တ်လဲတာကစလို့ အကုန်လုံးကလည်း အဆင်ကိုမပြေတော့တာ..။

အိမ်မှာ မွေးထားတဲ့ ကြောင်မလေးကလည်း ဗိုက်ဆာလို့ထင်ပါရဲ့ လူနားကိုပဲ ပတ်ပြီး အော်နေတာ၊ ကိုယ့်မှာရှိတဲ့အချိန်လေးကို ဖဲ့ပြီး အစာကျွေးခဲ့ရသေးတယ်။

“ ဟာ..ပန်းပင်တွေရေလောင်းရဦးမယ်...... ”
အရင်နေ့တွေကတော့ ကိုယ့်တာဝန်ပေမယ့် ဒီနေ့တော့ အတော်ကလေးလဲနောက်ကျနေတာမို့ ပန်းပင်တွေလဲ ရေလဲမလောင်းနိုင်တော့ဘူးလေ.. ခပ်စောစောတာဝန်ကို ကျွန်မပဲ ယူခဲ့တာမို့လည်း ကိုယ့်တာဝန်တော့ မပျက်ချင်...ရှိစေတော...ရှိစေတော့..ဒီနေ့....

ဘုရားကို ဦးသုံးကြိမ် ကမန်းကတန်းချပြီး နာရီကြည့်လိုက်တော့ 6 နာရီနဲ့ မိနစ် 20  ၊ ဟာ.. မိနစ် 20 တောင် နောက်ကျနေပြီ။

သာမန်ထက် ပိုကျယ်တဲ့ ခြေလှမ်းများနဲ့ ကျွန်မစတင် ရွေ့လျားပါပြီ။ ကိုယ်က အချိန်မမှန်ပေမယ့် လိုင်းကားကတော့ အချိန်မှန်ပင်။ ပုံမှန်အချိန် စီးတာတောင် အလုပ်ကို 7 နာရီမှ ရောက်တာ. ဒီနေ့တော့ မတွေးရဲအောင်ပင်။ စောတဲ့နေများဆို အလုပ်ကို ပို၍ စောတတ်သည်။ နောက်ကျတဲ့နေ့များဆို ပို၍ နောက်ကျတတ်တာ သဘာဝလိုပင်။

ကားမှတ်တိုင်ကို ကျွန်မရောက်တော့ 6 နာရီခွဲ။ ဒီလမ်းခရီးကို 10 မိနစ်နဲ့ လျောက်နိုင်တာ ကျွန်မတစ်ယောက်တည်းပဲရှိမယ်လို့ ဘာသာထင်လိုက်ရင်း အပြုံးတစ်ခုတော့ မျက်နှာမှာ ပွင့်သွားလေရဲ့......

မှတ်တိုင်မှာတော့ ကားစောင့်နေတဲ့ လူစုကြီးက တစ်ပုံတစ်ပင်။ ကိုယ်စီးရမယ့် ဘတ်စ်ကားကို လည်တဆန့်ဆန့် မျှော်ကြည့်ရင်းနဲ့ပဲ ညက အိပ်ယာဝင်တာ နောက်ကျတာကိုပဲ အပြစ်တင်မိနေတော့တယ်..။

ဟော..လာပြီ။
ဘယ်ရမလဲ ကားလမ်းမပေါ်ထွက်ပြီး လက်နဲ့တားရတော့တာပေါ့ ၊ ကိုယ့်ကို ထားသွားမှဖြင့် ဒုက္ခလေ..။
တစ်ခါကလည်းကြုံပြီးပြီ နောက်ကျနေပါတယ်ဆိုမှ ကားကမှတ်တိုင်မှာမရပ်။ ဒီနေ့တော့အဲ့လို အဖြစ်မခံနိုင်တော့ဘူး။

“မြန်မြန်...မြန်မြန်. ကားဖိုက်လာလို့........မောင်း..........ဆရာရေ့...”
“ဟဲ့ ပလုတ်တုတ်.. ဖြေးဖြေးလုပ်ပါဟ”

ကားပေါ်တောင်မရောက်သေးဘူး လူက ချက်ချင်းပဲ ဟိုးနောက်ကိုတောင် တန်းပြီးရောက်အောင် တွန်းပို့လိုက်တာပဲ။ လူနည်းစုသာ ပါလာတဲ့ ကားကတော့ လမ်းမပေါ်မှာ ယိမ်းထိုးလို့...ဘယ်ယိမ်း..ညာယိမ်းနဲ့.............။

ဝူး...............ကျွီ.......... ဟ.. အမလေး..
“တန်းတွေ ဂွင်းတွေကိုင်ထားနော် ယိမ်းမယ် ယိုင်မယ်။ ”

ပိုက်ဆံကောက်တဲ့ စပယ်ယာရဲ့ အော်သံကိုတော့ ဒီချိန်မှာ အလေးထားရပါတယ်။ ပြတင်းပေါက်နဲ့ အနီးဆုံးမှာ နေရာရတဲ့ ကျွန်မကတော့ လက်နှစ်ဖက်က ရှေ့ကခုံကို အမိအရ။ လေထဲမှာ လွှင့်နေတဲ့ ဆံပင်တွေကိုလည်း မရှင်းလင်းအားပေ၊ ဖြစ်ချင်သလိုသာ ဖြစ်စေတော့..ဖြစ်စေတော့.။

ကားဖိုက်လာတယ်ဆိုတော့ ရှေ့ကားက ရပ်လိုက်၊ နောက်ကားက ရပ်လိုက်၊  မောင်းလိုက်၊ မှတ်တိုင်မှာလည်း လူကို တင်ချင်မှတင်တယ်။ ထားခဲ့သူတွေကိုတော့ အားနာစရာ.........။  တော်သေးတာပေါ့နော်.  ကားပေါ် ကျွန်မ ပါလာခဲ့လို့...........။

ကားပေါ်ပါလာတဲ့သူတွေကလည်း နောက်ကိုလှည့်ကြည့်လိုက်။ ရင်သပ်ရှုမော ဖြစ်လိုက်နဲ့..........ဘာပဲဖြစ်ဖြဖြစ် အလုပ်နောက်ကျနေတဲ့ ကျွန်မတွက်ကတော့ ဒါဟာ မဟာမအခွင့်အရေးပင်.. ဒီလိုမျိုးက ကြုံတောင့်ကြုံခဲ...။

နောက်ကားကို အပြတ်အသက် ချန်ထားနိုင်တဲ့ အချိန်မှာတော့ ကျွန်မဆင်းရမယ့်မှတ်တိုင်ကို ရောက်နေပါပြီ။ လမ်းတစ်လျှောက်လုံး အလုပ်ကို စိုးရိမ်တဲ့ စိတ်တွေတောင် ဘယ်ဆီနေမှန်းမသိတော့။  သာမန်ရက်တွေဆို တစ်နာရီနီးပါးမောင်းရတဲ့ ဒီခရီးမှာ ဒီနေ့တော့ နာရီဝက်ပင် မပြည့်တပြည့်။

အလုပ်ရောက်တော့ နာရီကြည့်လိုက်မိတယ်လေ ........... ဟာ.. 7 နာရီတောင် မထိုးသေးဘူး...။ တက်ကြွတဲ့ ခြေလှမ်းတွေနဲ့ လှမ်းအ၀င်..

“ ဟဲ့. နင့်ရုပ်က ဘာဖြစ်လာတာလဲ... ဆံပင်တွေကလည်း ဖရိုဖရဲနဲ့..”
“ အေး..ဟေ.....နင်မသိသေးဘူးထင်တယ်..  ငါက မြေပေါ် ရှပ်ပြေးနဲ့ အမြန်စီးလာတာ..... သိပီလား..”
“အေးပါ.အေးပါ.”

ဘာပဲဖြစ်ဖြစ်..ဒီနေ့တွက်တော့ ကျေးဇူးပါ....လိုင်းကားရေ..............။




Posted by စိမ့်စမ်းရေ on Sunday, May 13, 2012