“ အမေ... သမီး ဟိုဘက်ရပ်ကွက်ကို ခဏသွားရမယ်... ချစ်ဝိုင်းတစ်ယောက်နေမကောင်းလို့ အဲ့ဒါ သတင်းသွားမေးမလို့..”
“ မှောင်တောင် မှောင်တော့မယ် သမီးရယ် နောက်နေ့မှသွားပါလား ”
“ ဒီနေ့ပဲ သွားလိုက်မယ်အမေ... နောက်နေ့တွေဆိုမအားတော့လို့..”
“ ပြီးတော့ ကလေးတွေလဲ ပါမယ်.အမေ”

အလုပ်က ပြန်လာလာချင်း ချစ်ဝိုင်းတစ်ယောက်နေမကောင်းဘူးဆိုတဲ့ သတင်းကြောင့် ကျွန်မ လူနာသတင်းသွားမေးဖို့ ပြင်ဆင်နေလိုက်ပါတယ်။
အသိမကြွယ်တဲ့ သူတို့မိဘတွေက ခလေးကို ပစ်မထားရုံသာ ထားကြမယ်ဆိုတာ ကျွန်မ သိနေလို့ပါပဲ။ ကျောင်းမတက်နိုင်တာ တစ်ပါတ်ဆိုတဲ့
အခြေအနေကို တွက်ဆကြည်ရင်း ဘာများဖြစ်တာပါလိမ့်လို့သာ............။

“ အမေ..သွားပြီနော်...”
“အေးအေး.. ဂရုစိုက်သွားနော်”

“ဟာ.. မီးပျက်ပြီ”

အိမ်အပြင်တောင်မရောက်သေးဘူး မမှန်တဲ့မီးက ပျက်ပြီ။ အစိုးရမီး ပျက်လို့ကတော့ တစ်ရပ်ကွက်လုံး မှောင်ရော... ။ ဒါတောင် အပြင်ကပေးတဲ့မီးလေးတွေ
နဲနဲကြောင့် လင်းနေတာ ။ ခုတလော ဘာဖြစ်လို့ပါလိမ့် မီးခဏခဏပျက်နေတာ....

“ ဟာ မဆီမဆိုင် အတွေးတွေကို ဘာလို့များတွေးနေမိပါလိမ့်”

တစ်ကိုယ်တည်းရေရွတ်ရင်း အတူလိုက်မဲ့ ကလေးတွေကို ၀င်ခေါ်ပြီး ကျွန်မတို့ ဆရာတပည့်တွေ လမ်းထိပ်ဘက်ကို ထွက်လာလိုက်ပါတယ်။ ရပ်ကွက်တစ်ခုနဲ့
တစ်ခုက လမ်းလျောက်သွားလည်းဖြစ်ပေမယ့် မိုးချုပ်နေပြီဆိုတော့ ကျွန်မလည်း ဆိုက်ကားခေါ်ပြီးတော့သာ သွားလိုက်ပါတော့တယ်။ မညီမညာလမ်းပေါ်မှာတော့ ကျွန်မ
တို့ ဆရာတပည့်တွေ ဟိုလှိမ့် ဒီလှိမ့်ပေါ့...။

ကလင်..ကလင်...

“ ဟာ. ဆရာမတို့ လာကြတယ်..”
ချစ်ဝိုင်းအမေရဲ့ အာမေဋိတ်သံနဲ့အတူ ကျွန်မတို့လည်း အိမ်ပေါ်ကို ရောက်နှင့်ပြီးသား ဖြစ်နေပါတယ်။ နေမကောင်းတဲ့ ကလေးကတော့ အိပ်ယာထဲမှာ ခွေခွေလေး..။

“ အမရယ် နောက်ဆို ကလေးကို အဲ့လိုတွေ မခိုင်းပါနဲ့နော်..”
“ ကျွန်မ သိပါတယ်ဆရာမရယ်.... သူကိုယ်တိုင်ကလည်း သူ့အဖေကို ကူချင်တယ်ဆိုလို့ပါ...”
“ ကူတာလည်းကူပေါ့ အမရယ်... ခုတော့ လူလည်းနေမကောင်း ကျောင်းလဲပျက်ရတယ်ဆိုတော့နော် ”
“ အင်းပါ... ဆရာမရယ်.. ကျေးဇူးပါနော်... ”
ချစ်ဝိုင်းအမေရဲ့ လက်ကို ကျွန်မ အသာဖျစ်ညှစ်လိုက်ရင်း.... လက်ထဲအလိုက်သင့်ထည့်ပေးလိုက်တဲ့ ကလေးတွက် ဆေးဖိုးလေးကိုတော့
အားတုံ့အားနာဟန်လေးနဲ့.......။

“ ချစ်ဝိုင်း... သား.... တီချယ်တို့ ပြန်မယ်နော်.... နေကောင်းအောင်နေနော်.. ပြီးရင်ဆေးခန်းသွားလိုက်နော်...”
အဖျားရှိန်ကြောင့် နီနေတဲ့ မျက်နှာလေးနဲ့ အသာခေါင်းညှိပ်လိုက်ရင်း ကျွန်မတို့ကို ငေးကြည့်နေတဲ့ ချစ်ဝိုင်းလေးက သနားစရာ...။
“တာ့တာ..”
”တာ့တာ ”
သူငယ်ချင်းတွေရဲ့ လက်ပြနှုတ်ဆက်မှုကို ပြန်နှုတ်ဆက်ရင်း ကျွန်မတို့လည်း အလာတုန်းကအတိုင်းပဲ ဆိုက်ကားနဲ့ပဲ ပြန်လာလိုက်ကြပါတယ်။

“ ဟဲ့ အမလေး.. သားတို့ သေချာကိုင်ထားကြနော် ”
ယိုင်နဲ့နဲ့ ဆိုက်ကားနဲ့ မညီမညာလမ်းတွေကတော့ လူကို ဆွဲလှုပ်နေသလိုပါပဲ...။ ကလေးတွေရဲ့ဆိုက်ကားက ကျွန်မနောက်မှာဆိုတော့ လှမ်းပြီး သတိပေးလိုက်ရင်း.....
ကျွန်မရဲ့ အတွေးထဲတော့ ချစ်ဝိုင်းအကြောင်းကသာ စိုးမိုးလို့ လာခဲ့ပါတော့တယ်...။

“ ကလင်.. ကလင်....”
“ ဟာ.. ဒီကလေးတွေတော့... လမ်းမကြီးမှာ မှောင်က မှောင်နဲ့...”

ဆိုက်ကားသမားဦးလေးရဲ့ အသံကြားမှ ကျွန်မလဲ လမ်းမကို လှမ်းကြည့်မိလိုက်ပါတယ်။ ရပ်ကွက်တစ်ခုနဲ့ တစ်ခုကြားက အမှိုက်ပုံမှာ
စွန့်ပစ်ပစ္စည်းတွေကိုကောက်နေကြတာပါ။ ကောက်သူကကောက်၊ အော်သူကအော်၊ ကားအသွားအလာနည်းသွားတဲ့ လမ်းပေါ်မှာ လှဲအိပ်သူကအိပ်နဲ့...
အိုး....ဒါ .. ဒါ .....
ကျွန်မတပည့်လေးတွေ အရွယ်လေးတွေပါ...။
လက်ထဲမှာ ပါလာတဲ့ အိတ်တစ်လုံး အပြည့်ရမှ အိမ်ပြန်မဲ့ပုံမျိုးနဲ့ အသဲအသန် ရှာဖွေနေကြတာများ...... မကြည့်ရက်စရာလေးတွေ...။ ညကလည်း 9 ခွဲကျော်နေပီလေ။
မိဘက သန့်ရှင်းရေးဝန်ထမ်းဆိုတော့ သူတို့လေးတွေလည်း အလိုလိုနေရင်းကို ဖြစ်နေကြပါပေါ့လား....။ ကျောင်းတွေဘာတွေများ တက်ရရဲ့လားမသိ။ စာတွေကာ ဖတ်တတ်ရဲ့
လားမသိ...။
ကျွန်မ စိတ်ထဲတော့ အတွေးပေါင်းစုံက ရုပ်ချည်း ၀င်ရောက်လာပါတယ်။ မိဘတွေရဲ့ အာဘော်အတိုင်း လိုက်နေရတဲ့ ကလေးတွေကတော့ ဒီပုံစံအတိုင်းဆို
သနားစရာလေးတွေပါ။ မိဘတွေလက်ထက်က ပညာမတက်လို့ အလုပ်ကြမ်းလုပ်နေရတာထက် ကလေးတွေကိုလည်း ဒီတိုင်းပဲ ရေစုတ်မျောပစ်လိုက်တဲ့ တစ်ချို့သောမိဘ
တွေကို ကျွန်မ အမှန်ပင် မုန်းမိပါတယ်။ တက်နိုင်သလောက် တာဝန်ကို မယူချင်ကြဘဲ မိမိလမ်းစဉ်အတိုင်း မိမိတို့ရဲ့ ကလေးတွေကို လိုက်စေချင်ကြတာကတော့
မဖြစ်သင့်ဘူးလို့ ကျွန်မ ထင်သည်လေ............။

“ အမှိုက် လာပစ်ကြပါတော့ဗျို့”
“ မြန်မြန်လာကြပါတော့...”

ရုတ်တရက် ထ အော်လိုက်တဲ့ ကလေးတစ်ယောက်ရဲ့ အသံကြောင့် ကျွန်မတစ်ချက်လောက် တွေဝေသွားရပါတယ်။ တစ်ဖက်ဆိုက်ကားပေါ်က ကျွန်မတပည့်လေးတွေလည်း
ဆူညံနေရာကနေ ရုတ်တရက်တိတ်ဆိတ်သွားရင်း လမ်းပေါ်က ကလေးတွေဆီသာ မျက်လုံးက ရောက်နေပါတော့တယ်..။
မျက်လုံးအ၀ိုင်းသားလေးတွေနဲ့ လှည့်ကြည့် လှည့်ကြည့် လုပ်နေတဲ့ ကလေးတွေက မထီမဲ့မြင်စိတ် ၊ နှိမ့်ချလိုစိတ်နဲ့ မဟုတ်ဘူးဆိုတာတော့
ကျွန်မ သေချာပေါက်သိလို့နေပါတယ်...။ သူတို့စိတ်ထဲကော ဘာတွေများ တွေးနေပါလိမ့်....မလဲ ။

ကျွန်မ စိတ်ထဲတော့... ကျွန်မစိတ်ထဲတော့...။

ချစ်ဝိုင်းကိုများ သူ့မိဘတွေ အဲ့လိုများ ခိုင်းချင်နေကြတာလား...။ ကလေးက လုပ်ချင်လို့လား။ စာမဟုတ်တဲ့ တခြားဘက် စိတ်ရောက်သွားရင်...ကလေးရဲ့ဘ၀က..။
အိုး...မဟုတ်လောက်ပါဘူးလေ....မနက်ဖန်မှ သူ့အမေကို သေချာမေးကြည့်ပါဦးမယ်.....။
ဟင်း............ သက်ပြင်းမောက ချရ ပြန်ပါပြီ။

*****-----------*****-----------*****

“ ကျေးဇူးနော် ဦေးလး”

ဆိုက်ကားသမားဦးလေးကို နှုတ်ဆက်လိုက်ရင်း အိမ်ပြန်ရောက်တော့.. ည 10 တောင်ကျော်ပေါ့..။
ခြေလက်ဆေးပြီး အိပ်ယာထဲမ၀င်ခင် ဘာစာလေးများရေးရင်ကောင်းမလဲလို့ ကျွန်မ သိပ်မစဉ်းစားလိုက်ရပါဘူး.............။
မြင်ခဲ့ရတဲ့အခြေအနေကလေးတစ်ခုကိုပဲ..... ခေါင်းစဉ်လေးသာ စဉ်းစားရင်းနဲ့... ချရေးလိုက်မိပါတော့တယ်...။
မိဘတွေက ကလေးတွေကို ဘယ်လိုများ လက်ဆင့်ကမ်းပေးကြပါ့မလဲ......................နော်

သူဇာလေး (စိမ့်စမ်းရေ)
31.3.2012

Posted by စိမ့်စမ်းရေ on Saturday, March 31, 2012

0 comments

Post a Comment