ဟေး...လွတ်ပြီ...ကျွတ်ပြီ....။

ရုတ်တရက် ကြားလိုက်ရတဲ့ ကလေးငယ်တစ်ယောက်ရဲ့ အော်သံက အမှတ်ခြစ်နေတဲ့ ကျွန်မကို မှင်သက်သွားစေပါတယ်။

ကျောင်းစာတွေရဲ့ မွန်းကြပ်မှုကနေ ခဏတာလွတ်မြောက်လာရတဲ့အတွက် စိတ်ပေါ့သွားဟန်နဲ့ နှုတ်ကနေ ရုတ်တရက် ထွက်သွားရခြင်းပါ။

ဒါဟာ သူ့အတွက်တော့ အခက်အခဲတစ်ခုကနေ ခဏတာ ပြီးဆုံးတဲ့အတွက် စိတ်ပေါ့သွားတယ်လို့ ဆိုရမှာပါ။

နွေရာသီကျောင်းပိတ်ရက်က ကလေးတွေအတွက်တော့ စိတ်ပေါ့ပါးတဲ့ အချိန် ဆိုတာ ဘယ်မှားပါ့မလဲ..။ စားစရာ သွားစရာ လည်စရာတွေနဲ့သာ အချိန်ကုန်ရတော့ ဒီအချိန်ကို သူတို့လည်း မျှော်မိကြတာပဲလေ...။

ခပ်သွက်သွက်လေး လှုပ်ရှားနေတဲ့ သူ့အမူအယာလေးတွေက စိတ်ပေါ့ပါးဟန်လေးပါ။ ကလေးသဘာဝမို့လည်း ဟန်ဆောင်မှု ကင်းတာ ဖြစ်ပါလိမ့်မယ်။ စိတ်ထဲမှာပေါ်လာတဲ့ အတိုင်း စကားပြောတာ၊ အမူအယာ၊ စတာတွေဟာ လွတ်လပ်သွားတဲ့ ဟန်ပန်လေးအတိုင်း

လုပ်ဆောင်ကြတာမို့.. ကလေးတွေကတော့ အပြစ်ကင်းစွာနဲ့ လှပနေတာပါ။

ငယ်ရွယ်တဲ့ကလေးငယ်တွေ မဆိုထားနဲ့ ကျွန်မတို့လို အလုပ်သမားတွေလည်း ဖြစ်တတ်ကြပါတယ်။ တစ်နေ့တာရဲ့ ပင်ပန်းမှုတွေကို ခဏတာ လွတ်မြောက်တဲ့ ရုံးဆင်းချိန်၊ အလုပ်ဆင်းချိန်လေးက ကျွန်မတို့တွက်တော့ စိတ်သက်သာတဲ့အချိန်လို့ ဆိုရမှာပါ။ ပေါ့ပါးတဲ့ခြေလှမ်းတွေနဲ့

လှမ်းလိုက်တဲ့ ခြေလှမ်းတွေက သွက်လက်နေတာ မိမိဘာသာပဲသိတယ်လေ။ လုပ်ငန်းခွင်၊ ပညာရေးခွင်၊ စီးပွားရေးနယ်ပယ် စသည်ဖြင့် နေရာ

တိုင်းမှာတော့ ခဏတာလေး လွတ်မြောက် ခြင်းရဲ့ အရသာကိုတော့ အားလုံးနီးပါး ခံစားသိရှိကြမယ်ထင်ပါတယ်။

ပူပန်နေရတဲ့ စိတ်အစဉ်လေး ခဏတာလေး အေးချမ်းသွားတာတောင် ကျွန်မတို့တွေ ဒီလောက်ပေါ့ပါးနေရင် .....။ အစဉ်သဖြင့် ပူပန်ခြင်း၊

လောင်မြိုက်ခြင်း ကင်းတဲ့ အရာတွေနဲ့သာ တွေ့ထိနေရတဲ့ သူတွေအဖို့ ဘယ်လောက်များ စိတ်ချမ်းသာစရာ ကောင်းလိုက်မလဲနော်...။ တွေးကြည့်ရုံနဲ့

သိနိုင်တာမျိုးပါ။ ပူပန်ခြင်းကင်းတဲ့ မျက်နှာ ပိုင်ရှင်တွေက မြင်ရတာတောင် အရမ်းအေးချမ်းတယ်တဲ့..အင်းလေ.. ဒါ့ကြောင့်လဲ ကလေးတွေရဲ့

မျက်နှာလေးတွေက အရမ်းကို အပြစ်ကင်းစင်ကြတာပေါ့နော်။

ကျွန်မတို့လို နေ့စဉ် တာဝန်..တာဝန် စတာတွေနဲ့သာ လုံးပန်းနေရသူတွေတွက်ကတော့ ဘယ်မှာများ အေးချမ်းနိုင်ပါ့မလဲနော်

တစ်နေ့တာအတွက် လုပ်ငန်းတာဝန်များ ပြီးမြောက်ပြီးပြီဆိုရင်တော့ နောက်တစ်နေ့အတွက် အားအင်သစ်တွေနဲ့ စ ကြရပြန်ပါတယ်။

မပြီးဆုံးနိုင်တဲ့ ဇာတ်ကားကြီးကိုကိုယ်တိုင် သရုပ်ဆောင်နေရသလိုပါပဲ..။ ဒါပေမယ့်လဲ ညည်းညူခြင်းဆိုတာ တိုးတိုးတိတ်တိတ်ပေါ့။

ကျွန်မတို့ရဲ့ စိတ်ကလေးတွေ တစ်ခုချင်းစီ တစ်ခုချင်းစီ ခဏခဏ လွတ်မြောက်တိုင်းသာ သတိတရရှိနေမယ်ဆိုရင်.. သတိထားမိမယ်ဆိုရင်...

တာဝန်တွေတိုင်းမှာ ပူပန်စိတ်ကလေးတွေ နည်းလာနိုင်မယ်ထင်ပါရဲ့နော် ။ တင်းကျပ်နေတဲ့ စိတ်လို့ သဘောမထားဘဲ ခပ်လျော့လျော့လေးအတိုင်း

လုပ်ဆောင်နိုင်ကြရင် မကောင်းဘူးလားဟင်...။ ခပ်တင်းတင်းအနေအထားတစ်ခုကနေ ပြေလျော့သွားတာမျိုးမဟုတ်ဘဲ.. အစကတည်းက

ခပ်လျော့လျော့လေးအတိုင်း လုပ်ဆောင်နိုင်ကြမယ်ဆိုရင် ကျွန်မတို့ရဲ့ စိတ်တွေလည်း နေသာထိုင်သာ ရှိနိုင်ပါရဲ့နော်..။

လောဘ၊ ဒေါသ တွေနဲ့ လုပ်ရတဲ့ တာဝန်တွေများကနေ ခဏတာ လွတ်မြောက်လာတဲ့သူဆို ပိုပြီး ဆိုးမယ်ထင်ပါတယ်။ တင်းကျပ်နေတဲ့

စိတ်က ထွက်ပေါက်တစ်ခု လိုတယ်လို့ပြောကြတာ ကြားဖူးထားတယ်လေ။ စိတ်ရဲ့ထွက်ပေါက်ဆိုတာက ကောင်းတဲ့ဘက်ဆိုရင်တော့

ကိစ္စမရှိဘူးပေါ့။ အေးချမ်းတဲ့ စကားသံ၊ တရားသံတွေနဲ့သာ ထွက်ပေါက်ရှာမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ မကောင်းတဲ့ဘက်ကိုများ

စိတ်ရဲ့ထွက်ပေါက်အဖြစ် အသုံးချမိမယ်ဆိုရင်တော့ ကျွန်မတို့ရဲ့ စိတ်ကို အစကတည်းက မတင်းကျပ်အောင်လေ့ကျင့် ထားတာမှ တော်ကာကြမည်

မဟုတ်ပါလားနော်။

ဒါ့ကြောင့် တင်းကျပ်နေတဲ့စိတ်တစ်ခု လွတ်မြောက်ဖို့ထက်.. မတင်းကျပ်အောင် ကြိုးစားနေထိုင် သွားကြရအောင်လို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။

သူဇာလေး(စိမ့်စမ်းရေ)

24.3.2012

Posted by စိမ့်စမ်းရေ on Saturday, March 24, 2012

0 comments

Post a Comment