အိမ်နောက်ဘက်ဆီမှ ခပ်မွှေးမွှေးအနံ့တို့ နှာခေါင်းကိုလာထိသည်နှင့်တစ်ပြိုင်နက် ဗိုက်ထဲက အသံအချို့အပြင်သို့ လွင့်ပျံလာချေပြီ။ နေ၀င်ချိန် ဒီလိုချိန်ရောက်ရင်ဖြင့် ရနေကျအနံ့နှင့်အပြိုင် မိခိုင်ဗိုက်ထဲကအသံတို့ကလည်း ကွက်တိနီးပါး တူညီစွာ ထွက်ပေါ်လာတတ်လေ သည်၊ အသက်ကိုခပ်ပြင်းပြင်းလေးတစ်ချက် ရှုသွင်းလိုက်ပြီး မမြင်ရပေမယ့် အရသာကိုမှန်းဆလို့ သိနှင့်နေပြီဖြစ်တဲ့ ကြာဇံပြုတ်အရသာကို တစ်ဝကြီးခံစားပစ်လိုက်လေသည်။
ဒီလိုအခြေအနေတွေဖြစ်ပြီးရင်ဖြင့် မိခိုင်တို့အလုပ်သမားလေးတွေရဲ့ အိမ်ပြန်ချိန်ကလည်း နီးကပ်လေပြီ။ တစ်ရက်မဟုတ် နေ့စဉ်ရက်ဆက်ဆို တော့ မိခိုင်တို့ရဲ့မြန်ဆန်သွက်လက်တဲ့ လက်အချို့ကတော့ဖြင့် လုပ်လက်စ အလုပ်ကလေးတွေကို အပြီးသတ်လို့ အညောင်းအညာဖြေနေရ ပြီလေ။
တစ်နေကုန် ရှိချင်လည်းရှိ မရှိချင်လည်းမရှိတဲ့ မိခိုင်တို့အလုပ်ရှင် အန်တီကြီးကတော့ အချိန်မှန်စွာ ညနေ ၅ နာရီထိုးဖို့ ၅ မိနစ်အလိုမှာ မိခိုင်တို့နားသို့ ရောက်လာတတ်ပါတယ်။ တစ်နေ့တာအတွက် လုပ်အားခလေးတွေကို ကိုယ်စီပေးကာ အခြားသော စားစရာ၊ ဟင်းချက် စရာလေးတွေကိုလည်း အလှည့်ကျပေးတတ်ပါတယ်။

“ကဲ..ဒီနေ့တော့ မိခိုင်ယူနော်…..”
“ဟုတ်ကဲ့ အန်တီ”

စကားသံနှင့်အတူ ကမ်းပေးလာတဲ့ အန်တီ့လက်ထဲက အရာကို မိခိုင် မျှော်လင့်တစ်ကြီးနဲ့ လှမ်းကြည့်လိုက်ပါတယ်။ သွားရေစာ စားစရာထက် ဟင်းချက်စရာဆိုရင် မိခိုင်အရမ်းပျော်သွားမှာ…….ဘာလို့လဲဆိုတော့ ညနေစာဖြစ်ဖြစ် နောက်တစ်နေ့မနက်စာဖြစ်ဖြစ် အသုံးပြုလို့ရတာပေါ့။ အဲဒါမှ မိခိုင်အဖွားလဲ ဟင်းအတွက်တစ်နပ်စာသက်သာမှာ။

“ဟဲ့ မိခိုင်…..ဘာတွေတွေးနေတာလဲ…….အန်တီပြောတာကြားရဲ့လား”
“ဟင်……..ရှင်…ဘာ…..ဘာ ပြောလိုက်တာလဲ”
“အော်…….ဒီကလေးမနှယ်….. အိမ်ကိုမပြန်နဲ့ဦးလို့… အန်တီ့ကို ၀ိုင်းကူပြီး အဖွားကို ကြာဇံပြုတ်တိုက်ပေးဖို့ပြောတာ”
“ကြာဇံပြုတ်…….ဟုတ်လား….”

အံ့သြသွားတဲ့ မိခိုင်မျက်နှာကို အဖွားကိုမြင်စေချင်လိုက်တာ.. ဒါက မရဖူးတဲ့အခွင့်အရေးမဟုတ်လား

“ဟုတ်…တိုက်မယ်..တိုက်ပေးမယ်  အန်တီ”

အားရ၀မ်းသာဖြစ်သွားတဲ့မိခိုင် ဘယ်နှစ်ကြိမ် ဘယ်နှစ်ခေါက်တောင်များ ပြန်ဖြေမိသည်မသိ။ ဒီလိုအခွင့်အရေးက ရခဲပါဘိခြင်း။ ဟုတ်သည်… မိခိုင် ဒီအိမ်မှာ အလုပ်စလုပ်ကတည်းက အဲ့ဒီအနံ့ကို သိပ်ကြိုက်ခဲ့တာ။ ညနေတိုင်း အန်တီ့ရဲ့အမေ ဖွားဖွားကြီးကို ကြာဇံပြုတ် တိုက်တယ် ဆိုတာ မိခိုင်သိပြီးသား။ ဟော…ခုတော့ ကိုယ်သိပ်ကြိုက်တဲ့ ကြာဇံပြုတ်အနံ့ကို တ၀ကြီးလည်းခံစားရမယ်၊ ပြီးတော့ မြင်လည်းမြင်ရဦးမယ်.. ကံကောင်းရင် …………….။

“ဟဲ့…………အော်……… မိခိုင်…..ညည်းဘာတွေတွေးနေပြန်ပြီလဲ..လာလာ ငါ့နောက်လိုက်ခဲ့”
“ဟုတ်ဟုတ်…………ဟုတ်ကဲ့အန်တီ”
ဦးဆောင်ကာခေါ်သွားတဲ့ အန်တီ့နောက်ကို အမှီလိုက်ရင်းက တစ်ခါမှမရောက်ဖူးခဲ့တဲ့ အိမ်အပေါ်ထပ်ဆီသို့သာ………………….။

-----***-----***-----***-----***-----***-----***-----***-----***-----***

“မြေးလေး….ခိုင်ခိုင်……ထမင်းစားတာ နည်းလှချေလား၊ ဘာလဲ ဟင်းမကြိုက်လို့လား၊ ဟုတ်လား သမီး”
“မဟုတ်ပါဘူးဖွားရဲ့……. သမီး သိပ်မဆာလို့ပါ၊ ပြီးတော့ အလုပ်အိမ်က အန်တီကလည်း မုန့် ကြွေးလိုက်လို့ပါ”
မြေးဖြစ်သူ ထမင်းစားနေတာကို တစိမ့်စိမ့်ထိုင်ကြည့်နေတဲ့ ဒေါ်ဖွားမေကတော့ မြေးမလေး ခိုင်ခိုင်အပေါ် ကရုဏာမျက်လုံး၊ သနားကြင်နာမှု မျက်လုံးတွေနဲ့သာ ကြည့်နေလိုက်ပါတယ်။ လှုပ်ရှားမှုဟန်ပန်တွေအကုန်လုံးက သားတော်မောင်နဲ့ မတူတာတော့အမှန်ပင်။

“ဖွား……..ဒီအထုတ်တွေကဘာတွေလဲဟင်” 

“အော်…………..အေး…ဟုတ်သားပဲ…….အဲ့ဒါမြေးလေးဝတ်ဖို့တဲ့……ဖွားအသိတစ်ယောက်က လာပေးသွားတာ။ အကုန်လုံး အလတ်ကြီးရှိသေးတယ် ဖွားကြည့်ပြီးပြီ”

“အော်…ဖွားရယ်……သမီးမှာလည်းအ၀တ်တွေရှိပါသေးတယ်ဖွားရဲ့ ဒါတွေတောင်မနည်းကုန်အောင်ဝတ်ရဦးမှာ။ ပြီးတော့ ဒီမှာက တောမှာလို့ အ၀တ်က သိပ်မဟောင်းဘူးလေ”

“အေးပါ၊ အေးပါ ဖွားမြေးလေးကို ဖွားက လှစေချင်လို့ပါ”

မိခိုင်က တစ်နေကုန်အလုပ်လုပ်ရပေမယ့် အိမ်ပြန်ရောက်လာခဲ့ရင်လည်း မညည်းညူခဲ့ပေ၊ ဒေါ်ဖွားမေက အရင်က မနက်နဲ့ညစာကို အဆင်ပြေသလို စားနေရင်းမှ ခုဆို မိခိုင်က ညနေစာကို ပူပူနွေးနွေး ချက်ပြုတ်ပေးလေသည်။ သောက်ရေ၊ သုံးရေမှအစ အစစအရာရာ အလိုက်သိတတ်စွာနဲ့ ပြုစုပေးလေသည်။ တဖြည်းဖြည်း နေသားကျလာတဲ့ မိခိုင်က ဒေါ်ဖွားမေရဲ့ လက်သုံး တောင်ဝှေး တစ်ချောင်းဖြစ်လာ ပြီဟုဆိုရင်လည်း မမှားနိုင်တော့ပေ။ 

ညဘက် အိပ်ယာထဲရောက်ပြီဆိုရင်တော့ အဖွားဖြစ်သူနဲ့ ဟိုအကြောင်းဒီအကြောင်းလေးတွေပြောဆိုကြ၊ သူသိချင်တာလေးတွေမေး၊ ဒေါ်ဖွားမေကလည်း သိသင့်တာလေးတွေပြောပြဖြစ်ကြပါတယ်။ တစ်ခါတစ်လေများ စကားပြောရင်းက မိခိုင်ရဲ့အမေအကြောင်းကို စကားလမ်းကြောင်း ရောက်သွားခဲ့ရင်တော့ စကားသံတို့ တိတ်ဆိတ်သွားတတ်ပါတယ်။ 

၃ နှစ်သမီးအရွယ်ကတည်းက အမေဖြစ်သူရဲ့မေတ္တာကို ဆုံးရှုံးခဲ့ရတဲ့ မိခိုင်လေးကို သားဖြစ်သူကလည်း အချိန်ကြာမြင့်စွာ ပစ်ထားခဲ့ လေသည်။ ကိုယ့်သမီးလေးရယ်လို့ ချစ်ခြင်းတရားနဲ့ နွေးထွေးမှုမပေးခဲ့တဲ့ သားဖြစ်သူကို ဒေါ်ဖွားမေ ဒေါသထွက်၍မဆုံးပေ။ ဘာလို့များ အဲ့လောက်တောင် အသိဉာဏ်တွေ မရှိရပါလိမ့်၊ တာဝန်ယူစိတ်တွေကို နားမလည်ရပါလိမ့်လို့ ဒေါ်ဖွားမေ ခဏခဏတွေးကာ ယူကြုံးမရ ဖြစ်မိလေသည်။
ပျံ့ကျဲသွားတဲ့အတွေးစတွေကိုစုစည်းလို့  သတိထားမိလိုက်တဲ့အချိန်မှာ မိခိုင်က အိပ်ပျော်နေလေပြီ။ ငယ်ရွယ်နုနယ်သေးတဲ့ ၁၀ ကျော်သက်အရွယ်လေးတောင် ဘ၀တွေက အေးချမ်းခြင်းမရှိပါလားလို့……….တကိုယ်တည်းတွေးမိရင်းက ဒေါ်ဖွားမေရဲ့ စိတ်အစဉ်တွေက ရှေ့နောက်တောင်မြောက်သို့ စတင်ကာရွှေ့လျှားနေလေပြီ။

-----***-----***-----***-----***-----***-----***-----***-----***-----***

“အမေ…….အမေရေ……လာပါဦးဗျ….”

အိမ်ထဲကို ကမူးရှူးထိုးနဲ့ ပြေးဝင်လာတဲ့ အောင်မင်းတစ်ယောက် တွေ့ချင်တဲ့သူကို အလွယ်တကူမတွေ့ရတဲ့အခါ မြင်မြင်ရာကို ဒေါသကြီး စွာဖြင့် ကိုင်ပေါက်၊ ရိုက်ချိုးနေပါတော့တယ်။ အရက်မူးလာရင် သွေးဆိုးတတ်တဲ့ အောင်မင်းကို အရင်ကတော့ ရပ်ကွက်ထဲက ၀ိုင်းဝန်း ဖြောင်းဖျပေးကြပေမယ့် ပြောမရတဲ့အဆုံးမှာတော့ မပြောပဲထားခဲ့ကြခြင်းသာ။ 

“ဟာဗျာ………………ဘယ်တွေ ရောက် ကုန် ကြပြီလဲ……….” 

အကျယ်လောင်ဆုံးအသံတွေနဲ့ ကြုံးအော်နေတဲ့ အောင်မင်းအသံကြောင့် ပတ်ဝန်းကျင်ကလူတွေက ကွက်ကြည့်ကွက်ကြည့်မျှသာ..။ ဒီလိုပုံစံမျိုးမြင်ရပြီဆိုရင်တော့ အားလုံးရဲ့မျက်လုံးတွေက ဒေါ်ဖွားမေရဲ့ သနားစရာရုပ်ပုံလေးကို ပြေးလို့သာမြင်ယောင်ကြပြီးသားပါ။

 “ကြီးကြီး……ကြီးကြီး…..ဟိုမှာ ကိုအောင်မင်း သောင်းကျန်းနေပြန်ပြီ”
“ဟုတ်လား………ကျေးဇူးပဲသားလေးရယ်”

လမ်းထိပ်ဘက်ရောက်နေတဲ့ ဖွားမေတစ်ယောက် သားဖြစ်သူ သောင်းကျန်းနေတယ်ဆိုတဲ့ အသံကြားတာနဲ့ ရောက်တဲ့အရပ်က အပြေးပြန်လာခဲ့ရလေသည်။ ဘာတွေများ ဖြစ်လာပြန်ပြီလဲဆိုတဲ့အတွေးတွေက ဖွားမေရဲ့ ခြေလှမ်းတွေကို သွက်စေလိုက်ပါတယ်။

“၀ုန်း………………”

“ဟဲ့…….ဟဲ့……အမလေး အမလေး ကုန်ပါပြီ….ကုန်ပါပြီ…..အောင်မင်းရယ်….နင့်ကိုမြင်ရတာလဲ စိတ်တွေလည်းဆင်းရဲပါတယ် ပြော………ဘာပြဿနာရှာလာ ပြန်ပြီလဲ…”

“အမေတို့ အဲ့ဒါတွေပြောတာပေါ့……… ကျွန်တော့်ကိုဆို လူဆိုးလို့ပဲမြင်ကြတယ် အမေကအစ”

“အေး….မြင်မှာပေါ့..မြင်ကြမှာပေါ့………….ခု နင်လုပ်နေတဲ့ပုံစံက လူကောင်းတွေရဲ့စရိုက်လား၊ ပြောလေ၊ အကြောင်းမဲ့သက်သက် ဒေါသတွေထွက်…… ရှိတာအကုန်ရိုက်ခွဲ၊ နင့်ကို ရပ်ကွက်ထဲက ဘယ်သူတွေလေးစားလဲ၊ နင့်ကိုပညာတွေသင်ပေးထားတာ ခုလို သောင်းကျန်းနေဖို့မဟုတ်ဘူး အောင်မင်းရဲ့……………. ငါလဲ မြန်မြန်သေသွားစမ်းပါဟယ်……သေသွားစမ်းပါ …..”

“အဲ့လိုတော့ မပြောပါနဲ့ အမေရာ…………ကျွန်တော်လည်း စိတ်ညစ်လို့ပါဗျ…………စိတ်ညစ်လို့ပါ……”

“အေး……ညစ်……ညစ်……ဘာအလုပ်မှမရှိတဲ့သူက စိတ်ညစ်ရတယ်ရှိသေး…….သွား……..နင့်ဘာသာ အဝေးမှာသွားညစ်”

ဒေါ်ဖွားမေရဲ့ အော်ဟစ်ပြောဆိုသံတို့ တရစပ်ထွက်လာပြီးရင်တော့ အောင်မင်းတစ်ယောက် ငြိမ်ကျသွားပါတော့တယ်။ သူဘယ်လောက် ဆိုးဆိုး သောင်းကျန်းသောင်းကျန်း သူ့အမေမျက်ရည်ကျပြီး ပြောရင်တော့ ဘာစကားမှ ဆက်မပြောဆိုတော့ပေ။ နေ့စဉ်ရက်ဆက် မဟုတ်ပေမယ့် မထင်ရင်မထင်သလို ထထ သောင်းကျန်းတတ်တဲ့ အောင်မင်းကိုတော့ ဖတဆိုးလေးဆိုပြီး အလိုလိုက်ထားခဲ့တဲ့ ဖွားမေတစ်ယောက် နောင်တကြီးစွာတွေနဲ့သာ။

-----***-----***-----***-----***-----***-----***-----***-----***-----***

“ဟဲ့………ဖွားမေ…….နင့်သားတစ်ယောက် မမြင်မိပါလား၊ ဒီကောင် ဘယ်တွေရောက်နေလဲ”

“ရှိပြန်တော့လည်း စိတ်ညစ်ရ၊ မရှိပြန်တော့လည်း စိတ်ပူရတယ် ကိုစိန်သောင်းရေ၊ စိတ်ပြေလက်ပျောက် သူ့သူငယ်ချင်းတို့ရွာဆိုလားပဲ အဲ့ဒီကို အလည်သွားလေရဲ့၊ သွားတာတောင် ၂ လကျော်လောက်ရှိပြီ၊ ပြန်လာမှ ဘာအသံတွေကြားရဦးမလဲမသိပါဘူး………….”

“အေးပါ ဖွားမေရယ်….နင်လည်း နင့်သားကို သိပ်လည်းအလိုမလိုက်နဲ့ဦး ငါကကြားထဲက စိတ်ဆိုးခံပြီးပြောရတာ၊ ကြား ၃ ကြား မ၀င်ရဘူးတဲ့”

“စိတ်လည်းမဆိုးရပါဘူး ကိုစိန်သောင်းရယ်၊ ကျွန်မ အားလုံးရဲ့စေတနာတွေကို နားလည်ပါတယ်။ ခုကလည်း ကိုယ့်မိုက်ပြစ်နဲ့ ကိုယ်ဆိုတော့ လည်း ကိုယ်ပဲခံရတော့တာပေါ့”

“အေးပါ အေးပါ ဒါဆို ငါပြန်လိုက်ဦးမယ်”

“ဟုတ်ကဲ့၊ ဟုတ်ကဲ့”

ကိုစိန်သောင်းပြန်သွားပြီးခဲ့ပေမယ့် ဖွားမေရဲ့စိတ်အစဉ်က အဝေးကိုရောက်နေတဲ့ သားတော်မောင်ကိုတစ်လှည့်၊ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ခင်ပွန်းသည်ကိုတစ်လှည့် အတွေးများစွာရစ်သိုင်းနေပါတော့တယ်။
အသက်ကြီးခါမှ ရလာတဲ့သားတစ်ယောက် ဆိုသလောက်လောက်ကို ဖွားမေတို့တွေ အရမ်းချစ်ခဲ့ရ၊ အလိုလိုက်ခဲ့ရတာပါ။ မျက်နှာတစ်ချက် အညှိုးမခံဘဲ မရှိရှိတဲ့ကြားထဲက လိုတာအကုန်ရစေခဲ့တာပါ။ ခင်ပွန်းသည်ရှိစဉ်တုန်းကတော့ ဖွားမေက ဘာမှပူပန်ကြောင့်ကြမှု မရှိခဲ့ပဲ သားတစ်ယောက် ထိန်းကျောင်းရင်းက ဘ၀ကို ပျော်ရွှင်စွာဖြတ်သန်းလာခဲ့ရသူပေ။ အောင်မင်းအသက် 13 နှစ်အရွယ်မှာ မမျှော်လင့်ပဲ ခင်ပွန်းသည်က ဆုံးပါးသွားချိန်မှာ ဖွားမေအသက်လည်း 40 ကျော်ခဲ့လေပြီ။ 

ရှိတာလေးတွေထုခွဲရောင်းချစားသောက်ရင်းက နောက်ဆုံးတော့ အသက်ကြီးမှ လမ်းဘေးဈေးသည်ဘ၀ကို ဖွားမေပိုင်ဆိုင်ခဲ့ခြင်းသာ။ ပညာရေးကို ဆုံးခန်းတိုင်စေချင်ပေမယ့် သားဖြစ်သူက ၁၀ တန်းသာအောင်ပြီး ဘာမှမရေရာခဲ့ပေ။ အမေ့ကိုလည်းဂရုမစိုက်၊ ပတ်ဝန်းကျင်ကိုလည်း မထီမဲ့မြင်နဲ့ တဖြည်းဖြည်းအရွယ်ရောက်လာတဲ့ အောင်မင်းက ခုလိုအခြေအနေမျိုးတွေ ရောက်ရခြင်းပင်။ “ပြောမဲ့သာ ပြောရတာပါ င့ါသားလေးက ဆိုးရုံပဲဆိုးတာပါ၊ ရိုင်းရိုင်းစိုင်းစိုင်းတော့ မရှိပါဘူး”ဟု ကိုယ့်ဘာသာ ဖြေသိမ့်လိုက်ရင်းကပဲ သားတော်မောင်ကို သတိရသလိုလို လွမ်းသလိုလို ဖြစ်မိလေတော့သည်။

-----***-----***-----***-----***-----***-----***-----***-----***-----***

“ဟင်…….ဘာ…..ဘာရယ်…ကြီးကြီးကို… ပြန်ပြောစမ်းပါဦး သားတို့ရယ် ”

 ကြားလိုက်ရတဲ့ သတင်းကို  သတင်းကောင်းလား၊ သတင်းဆိုးလား ဖွားမေ မဝေခွဲတတ်တော့ပေ။ အရုပ်ကြိုးပြတ်သလို မတ်တပ်အနေ အထားကနေ ထိုင်လျက်ဖြစ်သွားတဲ့ ဖွားမေကို အောင်မင်းရဲ့သူငယ်ချင်းတို့ တွဲကူဖေးမရင်းက ဘာစကားမှ ဆက်မဆိုမိကြ။

“အောင်မင်းက တစ်ကယ်ကော ဟုတ်ရဲ့လား သားတို့ရယ်၊ ငါ့သားလေးတို့က ၀ိုင်းပြီးမတားကြဘူးလား ဟင်၊ သူ့အကြောင်းလည်း သားလေးတို့သိသားနဲ့ကွယ် ဘယ်အရာကိုမှ လေးလေးနက်နက်ထားတတ်တာလည်းမဟုတ်ဘူး… တစ်ဖက်သားကို အားနာစရာ မျက်နှာ ပျက်စရာတွေဖြစ်ကုန်တော့မှာပဲ……………..ဟင်း……အောင်မင်းနဲ့တော့ ခက်တော့တာပဲ…”

သက်ပြင်းကိုအရှည်ကြီးချလိုက်တဲ့ ဖွားမေရဲ့ ပုံသဏ္ဍာန်တို့ တည်ငြိမ်သွားတော့မှ အောင်မင်းရဲ့သူငယ်ချင်းတို့ စကားစကို ဆက်ရဲလေတော့သည်။ မိခင်တစ်ယောက်ရဲ့ သောကအပူကို ဘယ်သူတွေကိုဝေမျှလို့ ဘယ်လိုတွေ ဖြေသိမ့်ပေးနိုင်ကြပါ့မလဲ။
“အောင်မင်းက ဒီတစ်ခါ တစ်ကယ်ပါ ဖွားမေရဲ့ သားတို့မညာပါဘူး၊ ပြီးတော့ အောင်မင်းကလည်း မှာလိုက်ပါတယ် ဖွားမေကို ဘာမှ စိတ်မပူပါနဲ့တဲ့၊ သူ့လုပ်ရပ်ကို သူတာဝန်ယူတယ်တဲ့”

“မပူလို့ရမလားသားတို့ရယ် သူများသားပျိုသမီးပျိုကို ခိုးယူသွားတယ်ဆိုတာ သူက ခပ်လွယ်လွယ်သဘောထားပေမယ့် ဖွားမေက မိဘချင်းကိုယ်ချင်းစာရမယ်လေ။ ပြီးတော့ ဒါက ပစ်ထားလို့ရတဲ့အရာမှမဟုတ်တာ၊ ကဲပါ တစ်ခါတည်း သားတို့မိဘအိမ်ကို ဖွားမေလိုက်ခဲ့မယ် အကြိုးအကြောင်းလေးပြောရ ဆိုရတာပေါ့၊ လူကြီးတွေကော အိမ်မှာ ရှိကြတယ်မလား…….”
“ဟုတ်…..ဟုတ်….ဟုတ်ကဲ့ဖွားမေ”

-----***-----***-----***-----***-----***-----***-----***-----***-----***

ကိုယ်နဲ့လည်းတစ်ခါမှမရင်းနှီးဖူး၊ ရောက်လည်းမရောက်ဖူးတဲ့ အရပ်ဒေသတစ်ခုဆီကို ဖွားမေ အရဲစွန့်လို့ လာခဲ့ရပြန်ပါပြီ။ မမျှော်လင့်ပဲ အိမ်ထောင်သည်ဖြစ်သွားတဲ့ သားဖြစ်သူကို ဒေါ်ဖွားမေ တစ်ခါလောက်တော့ သွားကြည့်သင့်တယ်မဟုတ်ပါလား…. တစ်ဦးတည်းသော သားလေးမို့ လုပ်ပေးသင့်လုပ်ပေးထိုက်တာလေးတွေကို အတက်နိုင်ဆုံး ဖြည့်ဆည်းပေမယ်လို့ ဆုံးဖြတ်ချက်ချလိုက်ရင်းက ဝေးလံလှတဲ့ ဒီခရီးကို တစ်ကိုယ်တည်းစွန့်စားကာ ထွက်လာခဲ့ရခြင်းပါ။ လမ်းဘေးတစ်လျှောက်ရဲ့ စိမ်းစိုနေတဲ့ သစ်ရိပ်ဝါးရိပ်တွေက ဒေါ်ဖွားမေရဲ့ စိတ်အစဉ်ကို တခဏတာတော့ အေးချမ်းစေခဲ့လေသည်။ 

မမြင်တာကြာပြီဖြစ်တဲ့ သားဖြစ်သူရဲ့ ပုံသဏ္ဍာန်တွေကို မှန်းဆနေရင်းက မမြင်ဖူးသေးတဲ့ ချွေးမလေးကိုလည်း ပုံစံအမျိုးမျိုးဖော်ကြည့်ရတာ အမောပင်။ မိဘနဲ့အတူနေတာတောင် စားရုံ အိပ်ရုံသာ အားကိုးရတဲ့ ဒီသားတစ်ယောက်က အိမ်ထောင်မှုတစ်ခုကိုများ ဘယ်လိုများ ထိန်းသိမ်းနိုင်ပါ့မလဲ။ ကလေးမလေးရဲ့ မိဘတွေကကော ဘယ်လိုများပြောကြမလဲ…..။ အဆင်မှပြေကြပါ့မလား……..။ ဘာတွေများ လုပ်ကိုင်စားသောက်နေကြပါ့မလဲ…………….ဒေါ်ဖွားမေတစ်ကိုယ်တည်း အတွေးများနဲ့ချာချာလည်နေခဲ့လေပြီ။

“(……)………ဆင်းမှာ ပါသေးလား”

စပါယ်ယာကောင်လေးရဲ့ အော်သံအဆုံးမှာတော့ ဒေါ်ဖွားမေရဲ့အတွေးစတို့ ပြတ်တောက်သွားခဲ့လေသည်။ သိပ်မကြာခင်မှာ သူဆင်းရမယ့် မှတ်တိုင်တစ်ခု ရောက်တော့မယ်လေ။

“(…..)………ဆင်းမှာ ပါသေးလား”

“ပါတယ် ပါတယ်သားရေ……အမေ့ကို အထုတ်ကလေး ချပေးပါဦးနော်”
ရိုးသားအေးဆေးဟန်ရှိလှတဲ့ စပါယ်ယာကောင်လေးရဲ့ ဖော်ရွေအပြုံးလေးနဲ့ ကူညီဟန်လေးက ဒေါ်ဖွားမေအတွက်တော့ တစ်သက် မမေ့စရာပင်။ အသံခပ်ဝဲ၀ဲလေးနဲ့ ခရီးသည်တွေကို ဆောင်ရွက်ပေးမှုလေးတွေကတော့ အားရကျေနပ်စရာပင်။ မှတ်တိုင်မရောက်ခင် ကတည်းက အဝေးကိုလှမ်းမျှော်နေမိတဲ့ ဒေါ်ဖွားမေကတော့ သားတော်မောင်နဲ့ တွေ့ချင်လှပြီ။

“အမေ……………..သားဒီမှာ”
“သား……..သားလေး…အောင်မင်း………..”

အားရ၀မ်းသာခြင်းနဲ့အတူ သားဖြစ်သူထံပြေးသွားမိတော့ နောက်ဘက်နားဆီက မမြင်ဖူးသေးတဲ့ ချွေးမလောင်းလေးကိုလည်း မြင်လိုက် ရပါတယ်။ အားပေးအပြုံးလေးနဲ့ ကြိုဆိုနေရှာတဲ့ သူမလေးကိုလည်း ဖက်လှဲတကင်းပြုလို့ ဒေါ်ဖွားမေတစ်ယောက် နေရာသစ်တစ်ခုဆီသို့ ရောက်ခဲ့ရပြန်ပါပြီ။ သားဆိုတဲ့အသိတစ်ခုနဲ့ မိခင်ဆိုတဲ့ တာဝန်ရှိမှုတွေကြားမှာ ခဏတာလေးတော့ ဒေါ်ဖွားမေတို့သားအမိတွေ လောက အဆင်နိုင်ခဲ့ကြလေသည်။

-----***-----***-----***-----***-----***-----***-----***-----***-----***

“အမေ…………အမေ……….ကျွန်တော်ပါ”

ခပ်အုပ်အုပ်အသံတစ်ခုက အိပ်ပျော်နေတဲ့ ဒေါ်ဖွားမေရဲ့နားထဲကို အတင်းတိုးဝင်လာပါတယ်။ မှောင်မဲနေတဲ့ ည အချိန်ဆိုတော့ တစ်ယောက်တည်းနေရတဲ့ ဒေါ်ဖွားမေ အနည်းငယ်တော့ ကြောက်ရွံသွားမိလေသည်။

“ဘယ်သူလဲ………..ဘယ်သူလဲ”

သေချာအောင်အသံပြုလိုက်တော့ တစ်ဖက်ကပြန်ပြောသံက အောင်မင်းအသံမှ အောင်မင်းအသံပင်။ မိန်းမရပြီးကတည်းက အမေကို အဆက်အသွယ်ဖြတ်ထားခဲ့ရာက ခု ညကြီးမင်းကြီး ဘယ်လိုများဖြစ်လာပြန်သည်မသိ။
အိမ်ရှေ့တံခါးကို အသာဖွင့်ပေးလိုက်ပြီး ကြည့်လိုက်မိတဲ့အခါမှာ အရမ်းကို ပင်ပန်းပြီး နဂိုရုပ်ပြောင်းသွားတဲ့ အောင်မင်းပုံစံကို မြင်လိုက်ရတော့ ဒေါ်ဖွားမေရင်ထဲ ဘယ်လိုဖြစ်သွားမှန်းမသိပေ။ ခရီးဆောင်ကျောပိုးအိမ်အဟောင်းကလည်း စုတ်ပြတ်လို့၊ ခပ်နွမ်းနွမ်း အ၀တ်တစ်စုံကလည်း သူ့နဂိုရုပ်ကို ပို၍ပြောင်းစေခဲ့လေသည်။

“အမေ……ကျွန်တော် ခဏနေရင် သွားတော့မှာ……….အမေ့ဆီ ခု ခဏလေး ၀င်လာတာ”

“ဟဲ့…….ဟဲ့….ဘယ်လိုဖြစ်ရပြန်တာတုန်း အောင်မင်းရယ်…….အမေ့ကိုလည်းပြောစမ်းပါဦး…………ဟင်၊ မင်း.ဘာတွေဖြစ်လာပြန်ပြီလဲ….. အမေရင်တွေထိတ်လိုက်တာ”

“…………..……………အဖြစ်အပျက်ကတော့ အဲ့ဒါပဲအမေ………….ကျွန်တော် လက်လွန်သွားတယ်……….နောက်ရက်ကျတော့ အေးခိုင်မရှိတော့ဘူး…မနက်အစောကြီးကတည်းက ဘယ်ထွက်သွားမှန်းမသိဘူး၊ ကျွန်တော်လည်း စိတ်ပြေလက်ပျောက် သူ့အမျိုးတွေအိမ် သွားနေတယ်ထင်တာ ခုက အဲ့လိုမဟုတ်တော့ဘူး…..သမီးလေးကိုထားသွားတယ်။ ခု သူ ရခိုင်ဘက်မှာလို့ သတင်းရလို့ အဲ့ဒီကို ကျွန်တော်သွားမလို့…..”

“ဒါနဲ့ ကလေးကကော…ခု ဘယ်အရွယ်ရှိနေပြီလဲ၊ နင်  ဘယ်သူတွေနဲ့ထားခဲ့လဲ………စိတ်ချရလို့လားဟယ်”
“၃ နှစ်ကျော်ပြီအမေ………စိတ်ချရပါတယ် သူ့အဒေါ်တွေဆီမှာ…..”

“မင်း………တော်တော်မိုက်တယ် အောင်မင်း…….တော်တော်မိုက်တယ်၊ မင်းရဲ့ မဖြစ်စလောက်အသိဉာဏ်လေးက ခုကြည့်စမ်း.. မင်းတို့ သားတစ်ကွဲ.မယားတစ်ကွဲဖြစ်ကုန်ကြပြီ……. ကလေးကကော…… မိတကွဲ….ဖတကွဲမဟုတ်ဘူးလား………… ဒီလောက်ကလေး ငယ်ငယ်ကလေးရှိတာကိုတောင် နဲနဲပါးပါး ထိန်းပါဦးလားအောင်မင်းရယ်၊ မင်းဘယ်လောက် နှိပ်စက်ထားလဲမှမသိတာ…. ထွက်တောင် ပြေးရတယ်လို့…….ငါဖြင့် မင်းနဲ့မှပဲ မကြားဖူးတာတွေအကုန် ကြားဖူးတော့တယ်”

“ကျွန်တော်လည်း မတက်နိုင်ဘူးအမေရာ…………ဒါနဲ့ ကျွန်တော့်ကို ပိုက်ဆံနည်းနည်းလောက်ရှိရင်ပေးလိုက်ပါဦး…….ဒီမှာ ပါလာတာတွေ အကုန်ကုန်ပြီ”

မပြောခင်ကတည်းက ဒေါ်ဖွားမေသိပြီးသားပင်။ တကူးတက ဒီကိုဝင်လာကတည်းက ငွေလိုလို့ဆိုတာ ဒေါ်ဖွားမေ တွက်ဆမိပါရဲ့၊ လူဆိုးမှ လူကြမ်း၊ လူကြမ်းမှ လူယုတ်မာ ဖြစ်တော့မယ့် သားဖြစ်သူ လူမိုက်ကြီးကို ကြည့်နေတဲ့ ဒေါ်ဖွားမေရဲ့ ဂရုဏာမျက်ဝန်းတွေက အမှောင်ထဲမှာပင် အရောင်တလက်လက်နဲ့သာ…………….အဲ့ဒီညကအဖြစ်အပျက်တို့ဖြစ်ပြီး သိပ်မကြာခင်မှာပဲ အောင်မင်းနဲ့ ဒေါ်ဖွားမေတို့ အဆက်သွယ်က ပြတ်သထက်ပြတ်သွားခဲ့ရလေသည်။

-----***-----***-----***-----***-----***-----***-----***-----***-----***

“ဖွားမေ….ဖွားမေ…”
“အော်…..ဘယ်သူများလဲလို့……….ကိုကျော်ဦး…………ဆို…..ဘာကိစ္စ”
“အေး………ကိစ္စကတော့ နင့်သားကိစ္စပဲ……ဒီလိုဟ.….ငါ ဟိုတလောက နယ်ကိုခဏရောက်သွားတယ်........နင့်သားကို မင်္ဂလာဆောင်ပေးခဲ့တဲ့ရွာပေါ့”

“အော်……ဟုတ်ကဲ့”
“ကြားရတဲ့သတင်းတွေ မကောင်းဘူးဟာ…………နင့်ချွေးမက ဘာသတင်းဘာအစမှကိုမရ၊ နင့်သားကလည်း ပေါ်လာလိုက် ပျောက်သွား လိုက်ပဲတဲ့……ဘာတွေများလုပ်ကိုင်စားသောက်နေလဲမသိပါဘူး………….အဲ…….ကလေးက အစကတော့ သူ့အဒေါ်တွေကျွေးမွေးထာလို့ ၄ တန်းလောက်တောင်ရောက်နေပြီဆိုပဲ”
“အစကဆိုတော့ ခုကတော့ဟင်….ခုကကော”

“ငါကြားတာတော့………. သူ့အဒေါ်ရင်းဆီမှာ မရှိတော့ဘူးတဲ့………. ကလေးမလေးလည်း သိပ်ငယ်တော့တာမဟုတ်ဘူး……….အဲ့ဒါ..နင် သိရအောင် ငါလာပြောတာ”
“ဟုတ်……….ဟုတ်ကဲ့…….ကျေးဇူးပါကိုကျော်ဦးရယ်……ကျေးဇူးပါ…”

စကားပြောပြီး ထပြန်သွားတဲ့ ကိုကျော်ဦးရဲ့ကျောပြင်ကို ခပ်တွေတွေလေး ငေးကြည့်နေရင်းက ဒေါ်ဖွားမေရဲ့ အတွေးအာရုံတို့ နောက်ပြန်ဆွဲ မိလေတော့သည်။ ဒေါ်ဖွားမေမှာ ပြောစရာစကားလုံးတို့ မရှိနိုင်တော့ပါ။ သူမ ဘာများ ပြောနိုင်ပါမည်နည်း………..။ 

အဝေးတစ်နေရာရောက်နေတဲ့ သားတစ်ယောက်ဆီက အမေတစ်ယောက်ဆီကို မေတ္တာစကားလုံးတို့ဝေးစွ သူ့သွေးသားအရင်းကိုတောင် ပစ်ထားရဲတဲ့ ဒီလိုသားမျိုးကို ကိုယ်တိုင်မွေးဖွားခဲ့တာပါလားဟု ဒေါ်ဖွားမေ သိလိုက်ရလေသည်။ မမြင်ဖူးသေးပေမယ့် မှန်းဆကြည့်နိုင်တဲ့ သံယောဇဉ်ကြိုးလေးတစ်ချောင်းအတွက်   

“ငါ……ဘယ်လိုနေရာက ၀င်ပြီး နေရာယူရပါ့မလဲ….” လို့ တွေးမိတဲ့တစ်ကိုယ်တည်းအတွေးတွေက လေထဲမှာပဲ အကုန်ပျောက်ကုန်လေပြီ။
အသက်အရွယ်ကြီးရင့်လာတာကတစ်ကြောင်း၊ ခရီးဝေးမသွားနိုင်တာကတစ်ကြောင်းနဲ့ အကြောင်းပေါင်းများစွာတို့က ဒေါ်ဖွားမေကို အရာအားလုံး မေ့ပျောက်စေခဲ့လေသည်။ တစ်ခါတလေ ရမိတဲ့သတိကိုတောင် မေ့မေ့ ပျောက်ပျောက်ဖြစ်အောင်ကြိုးစားနေထိုင်ခဲ့ရင်းက မမျှော်လင့်တဲ့ နေ့တစ်ရက်ကို ရောက်ရှိလာခဲ့လေသည်။

တစ်ခါတုန်းကလို လူမသိသူမသိမဟုတ်ပဲ မနက်အစောကြီးမှာ ဆယ်ကျော်သက် ကလေးမလေးတစ်ယောက်ကို လက်ဆွဲလို့ အမေ့အိမ်ပေါ် ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့ သားကို ဒီတစ်ခါတော့ ဒေါ်ဖွားမေ ပိုမိုနွေးထွေးစွာ ကြိုဆိုခဲ့လေသည်။ အမေ့ရဲ့ အပြစ်တင်သံတို့ကို မျှော်လင့်ခဲ့တဲ့ အောင်မင်းတစ်ယောက် အံ့သြသွားတဲ့ဟန်ပန်က သူ့ရဲ့မျက်ဝန်းထဲက မျက်ရည်တွေကျလာသည်အထိပင်။ 

အပြစ်များစွာတင်နေတဲ့သားကို ဒေါ်ဖွားမေက နောက်ထပ်အပြစ်တွေမတင်ရက်တော့ပေ။ အားကိုးတကြီးနဲ့ရောက်လာတဲ့သူတစ်ယောက် အတွက် ဒေါ်ဖွားမေက အားဖြစ်စေခဲ့သည်လေ။ အမေ့ကိုရိုကျိုးစွာကန်တော့နေတဲ့ သားဖြစ်သူကိုတစ်လှည့် အဖွားဖြစ်သူကိုတစ်လှည့် ကြည့်နေရှာတဲ့ ဆယ်ကျော်သက်အရွယ် ကောင်မလေးတစ်ယောက်ရဲ့ ဖြူစင်ရိုးသားတဲ့မျက်ဝန်းလေးတွေက အထင်းသားပင်။
အမေ့အိမ်မှာ တစ်ညသာအိပ်ပြီး သူ့ဘ၀သူ့အကြောင်းကို သူသာဖန်တီးမယ်လို့ဆိုပြီး ထွက်ခွါသွားတဲ့ သားဖြစ်သူကို ဒီတစ်ခါလည်း ဒေါ်ဖွားမေ မတားရက်နိုင်၊ မတားနိုင်ခဲ့ပါ။ သားအစား သူ့သမီးလေးဘ၀ခရီး အဆင်ပြေချောမွေ့စေရအောင် အမေ့လက်ထဲ အပ်ခဲ့ပါရစေ…….. အပ်ခဲ့ပါရစေတဲ့…………..။

-----***-----***-----***-----***-----***-----***-----***-----***-----*** 

နံနက်ခင်းအလင်းရောင်လေးနဲ့အတူ အကျွိကျွိ တကွိကွိအော်မြည်နေတဲ့ ကျေးငှက်လေးတွေရဲ့အသံကြောင့် မိခိုင် အိပ်ပျော်နေရာမှ နိုးသွားခဲ့လေသည်။ “အော်….ငှက်ကလေးတွေက ဒီမှာလည်းရှိတာပါပဲလား” ဆိုတဲ့အတွေးနဲ့အတူ 
“အော်…..င့ါနှယ်………… တော်တော် တုံးတာပဲ”လို့ ကိုယ့်ဘာသာတွေးလိုက်ရင်းက မျက်နှာပေါ်မှာ အပြုံးတစ်ပွင့်က ဖြတ်ပြေးသွားလေသည်။ 

 “ခိုင်ခိုင်……………မြေးလေး…………ဘာတွေငေးနေတာလဲ…………ဖွားကြည့်နေတာကြာပြီ”
“ဟင့်အင်း…….ဘာမှမငေးပါဘူးဖွားရဲ့ ငှက်အော်သံလေးတွေကို နားထောင်နေတာ…..အရင်က သမီးတို့တောထဲမှာလည်း အဲ့လိုအသံလေး တွေ မနက်တိုင်းကြားရတယ်လေ……………အဲ့ဒါကြောင့်ပါ”
“ကဲကဲ…ဒါဆိုလည်း……..သွား မျက်နှာသစ်ချေ……….”
“ဟုတ်………..ဖွား”

အိပ်ယာတွေသိမ်းကာ ထသွားလေတဲ့  မြေးဖြစ်သူ ခိုင်ခိုင်ရဲ့မျက်နှာကို ဒေါ်ဖွားမေ တက်သလောက်ဖတ်ကြည့်လိုက်ပါတယ်။ ဆွေးမြေ့မြေ့ လေးဖြစ်သွားတဲ့ သူ့မျက်နှာလေးကို ဒေါ်ဖွားမေ မသိပဲနေပါ့မလား……..မျက်ဝန်းလေးထဲမှာ မျက်ရည်ကြည်လေးတွေတောင် ရှိကောင်းရှိနိုင် ပါလိမ့်မယ်။ 

မျက်နှာသစ်ကာ တစ်နေ့တာဝေယျာဝစ္စတွေကို ခပ်သွက်သွက်လေးလုပ်နေတဲ့ မိခိုင်ကို ဒေါ်ဖွားမေ အိမ်ပေါ်ကနေပဲ ကြည့်နေလိုက်ပါတယ်။ အချိန်ခဏလေးအတွင်းမှာပင် မိခိုင်က ရေမိုးချိုးပြီး ထမင်းချက်ပြီး ဖြစ်လေသည်။ ဒေါ်ဖွားမေအတွက်၊ သူ့အတွက် အကုန်ပြင်ဆင်ပြီးချိန် မှာတော့ မိခိုင်အလုပ်သွားဖို့ မနက် 8 နာရီအတိပင်။

“ဖွား……..ဒီမှာ………သမီး အားလုံး ပြင်ဆင်ပြီးခဲ့ပြီနော်………….. မနက်စာထမင်းကို အများကြီးစားထားနော်ဖွား……ပြီးတော့ ဈေးလည်းသွားမထားနဲ့နော်……..မနက်ဖန်မှ သမီး အစောကြီးသွားပေးမယ်၊ နေ့လည်စာကို သမီးနဲ့တူတူစားနော်……….သွားပြီ……..ဖွား……”

ဒါက သူ့တာဝန်တစ်ခုပင် မနက်တိုင်းမှာနေကျ၊ လုပ်နေကျ သူ့ပုံစံလေးတွေပါ။ ဆံပင်ကုတ်ဝဲလေး ခါသွားသည်ထိ လက်ပြကာ လှမ်းထွက်သွားတဲ့ သူ့ဟန်ပန်က သူ့အမေ အသေးစားလေးတစ်ယောက်လိုပင်။ “အသက်ရှင်သလား၊ သေသလားမသိ၊ ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်းမသိတဲ့ မိခိုင်အမေ တစ်ယောက်တော့ဖြင့် သူ့သမီးလေးကို တစ်နေရာရာမှာမြင်ရင်တောင် မှတ်မိသိနိုင်ပါ့မလား” လို့ ဒေါ်ဖွားမေတစ်ယောက် တစ်ကိုယ်တည်းတွေးတောနေမိပါတော့တယ်။

ကလေးမလေးရဲ့ ဘ၀ဖြစ်စဉ်အချို့ထဲမှ မိမိသိသလောက် တစ်ပိုင်းတစ်စလေးကို ပြန်တွေးကြည့်တဲ့အခါ ….၊  မိခိုင်ရဲ့ဘ၀လေး ဘယ်ကစပါလိမ့်လို့ အစပြန်ပေါ်ကြည့်တဲ့အခါ………………၊ 

အစပြန်ဖော်ကြည့်တဲ့အခါ…………………၊ နောက်ဆုံးမှာတော့ ဒေါ်ဖွားမေက တစ်ခုတည်းသောအကြောင်းတစ်ခုကိုသာ သိလိုက်မိပါတော့သည်။

စိမ့်စမ်းရေ
9.10.2014
http://www.takkathoyahanpyo.blogspot.com/
တက္ကသိုလ်ရဟန်းပျို ဓမ္မစာစောင် အတွဲ(၃)၊ အမှတ် (၁) တွင်လည်း ဖတ်ရှုအားပေးနိုင်ကြပါတယ်ရှင်။

Posted by စိမ့်စမ်းရေ on Wednesday, November 5, 2014

0 comments

Post a Comment