“သူဇာ နင့်ဟာက သေချာလို့လားဟယ်”
ညည်းသံခပ်ပါပါနဲ့ပြောလာတဲ့ သီတာ့စကားကို ကျွန်မ ချက်ချင်းပြန်မဖြေမိပေ။ ဟိုးအဝေးကနေ ရောက်လာမယ့် ကားတစ်စီး ကိုသာ မျှော်လင့်တကြီးနဲ့ လမ်းမျှော်လို့ကြည့်နေမိပါတယ်။
ခါတိုင်းရက်တွေတော့ တခြားလိုင်းကားနဲ့ပြန်နေကျဖြစ်ပေမယ့် ဒီနေ့(ကြာသပတေးနေ့)တိုင်း ဒီလမ်းက ပြန်လာတတ်တဲ့ ဦးမောင်ရဲ့ကားကိုကျွန်မတို့ မျှော်နေကြခြင်းသာ။
“လာတော့မှာပါဟယ်၊ သူက ကြာသပတေးနေ့တိုင်းပြန်လာနေကျပဲဟာ”
လက်ကနာရီကိုကြည့်လိုက်၊ ကားလမ်းမပေါ်ကိုကြည့်လိုက်ဖြစ်နေတဲ့ သီတာ့နည်းတူ ကျွန်မလည်း လည်ပင်းတဆန့်ဆန့်ဖြစ်နေပေသည်။ ခါတိုင်းပြန်နေကျလမ်းကမပြန်ပဲ ဦးမောင်လာမည့်လမ်းက ကြိုတင်စောင့်နေကြတာမို့ သေချာပါ့မလားဆိုတဲ့အတွေးတွေက စိတ်ကိုပူပန်စေသည်။
“ဟယ်….လာပြီ လာပြီ……….ဟိုးမှာ”
ခပ်လှမ်းလှမ်းအဝေးကတည်းက မြင်နိုင်တဲ့ ဦးမောင်ရဲ့ကားကိုမြင်တော့မှ ကျွန်မတို့ သက်ပြင်းချနိုင်ခဲ့လေသည်။ ကျွန်မတို့ကိုမြင်သာအောင် လမ်းမပေါ်ထွက်ရပ်နေကြရင်းက ဦးမောင်ရဲ့ကားပေါ် ကျွန်မတို့ရောက်ခဲ့ကြလေသည်။
အရပ်ပုပု ဗိုက်ရွှဲရွှဲနဲ့ ဦးမောင်က ချွေးတွေလည်းရွှဲနေလေသည်။ ဦးမောင်ဗိုက်ပူသလို ဦးမောင်ရဲ့ကားကလည်း ကျွန်မတို့ငယ်ငယ်ကခေါ်သလို ကားဗိုက်ပူအမျိုးအစားပင်။ သစ်သားနံရံ၊ သစ်သားခုံ၊ သစ်သားအမိုးပုံစံတွေကြောင့် ကလေးတွေအကြိုက် ခုန်ပေါက်ဆော့ကစားနိုင်တဲ့ ကားမျိုးပင်။
 “စိတ်ပူလိုက်ရတာ ဦးမောင်ရယ်၊ သမီးတို့က ဒီနေ့များမလာဖြစ်ဘူးလားလို့”
“ညည်းကိုပြောထားသားပဲ ငါဒီချိန်ပြန်နေကျပါဆို”
“အင်းပါ အင်းပါ…. သမီးတို့ကလည်းကြုံလို့ပါ။ ကိုယ့်အချင်းချင်းဆိုတော့……ဟော ခုလို စကားလေးဘာလေးပြောပြီး ပြန်ရတော့ မကောင်းဘူးလားဦးမောင်ရယ်” “ဟုတ်ပါတယ်ခင်ဗျာ…ဟုတ်ပါတယ်”
ခပ်ပျော်ပျော်နေတတ်တဲ့ ဦးမောင်ကို ကျွန်မတို့တစ်လမ်းလုံးသိကြ၊ ခင်ကြပါတယ်။ နေတာကြာလာတော့လည်း အားလုံးက မိသားစုတွေလိုပင်၊ တစ်ယောက်အကြောင်းတစ်ယောက်သလို့ ဖေးမကူညီကြရင်းကပဲ အားလုံးက အသက်ရှင် နေကြရတာ မဟုတ်ပါလား။
စကားတပြောပြောနဲ့ စီးလာကြရင်းက ကျွန်မတို့လမ်းထိပ်နားသို့ပင်ရောက်လာချေပြီ။ လမ်းထဲသို့ ချိုးကွေ့ဝင်ပြီး သိပ်မကြာခင်မှာပဲ…..“ညည်းတို့ခဏနေကြနော်……..ငါ ဆီဖြည့်လိုက်ဦးမယ်” “ဟုတ်ကဲ့ ဦးမောင်”
“ဟာ……….ဦးမောင်…….ဦးမောင်………….ခဏ….ခဏနေဦး……….. စက်ပိတ်သွားဦးလေ………”
“ရတယ်……….ရတယ်……..မကြာဘူး……ခဏလေး……….ခဏလေး…..”
“ဟာ…ဒုက္ခပါပဲ…ဦးမောင်ကတော့ လုပ်ချလိုက်ပြန်ပြီ”
စိုးရိမ်စိတ်နဲ့အတူ အသံတွေပါတုန်လာတဲ့ကျွန်မတို့နှစ်ယောက် ကားပေါ်မှာပဲဆက်နေရမလား၊ အောက်ပဲဆင်းပေးရမလား ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတာနဲ့ ကျွန်မတို့နှစ်ယောက် ဦးမောင်ပြန်အလာကိုသာ ရင်တထိတ်ထိတ်နဲ့ စောင့်နေမိပါတယ်။ ဆိုင်ထဲကဘယ်သူမှမထွက်လာသလို၊ မည်သူမှလည်းဆီလာမဖြည့်သေးပေ။ စက်သံတွေဆူညံနေတဲ့ ကားခေါင်းခန်းထဲမှာတော့ ကျွန်မတို့နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လို့ပေါ့။
“ဟဲ့ဟဲ့ သူဇာ ကြည့်ပါဦး”
“ဘာလဲဟ”
“ဟိုမှာကြည့်…….ဦးမောင်ဝင်သွားတာ ဆီဆိုင်မှမဟုတ်ဘဲ……….ဟားဟားဟား…..ဟားဟားဟား……”
နှစ်ယောက်သား အားရပါးရ ရယ်မိတဲ့ရယ်သံအဆုံးမှာတော့ ဦးမောင်တစ်ယောက်လည်း ပြုံးချိုတဲ့မျက်နှာဘေးနဲ့ ဆိုင်ထဲက ထွက်လာပါတော့တယ်။
“ညည်းတို့တွေတော်တော်တုံးတာပဲ၊ ငါက ကားကိုဆီဖြည့်မယ်လို့ပြောလို့လား….ဟားဟားဟား”
ကိုယ့်ဘာသာနားလည်သွားတဲ့ ဆီဖြည့်တဲ့ကိစ္စကိုတော့ အိမ်ရောက်ရင် ဒီအကြောင်းကို ပြောမိပေဦးမည်။ အော်…ဦးမောင်ရယ် မှားတဲ့အခါလည်း မှားပေမပေါ့………..နော်။
5.11.2014
စိမ့်စမ်းရေ

Posted by စိမ့်စမ်းရေ on Wednesday, November 5, 2014

0 comments

Post a Comment