မကြီးမေကြည်
ညနေ 6 နာရီထိုးလို့
မှောင်ရီပျိုးစအချိန်ဆိုရင်တော့ ရပ်ကွက်တစ်ခုရဲ့ဒေါင့်ချိုးလေးတစ်ခုမှ စာကျက်သံ၊ စာဖတ်သံတို့ဆူညံနေတဲ့
စာသင်ဝိုင်းလေးကို ခပ်ဝေးဝေးကပင် လှမ်းမြင်ရမှာဖြစ်ပါတယ်။
အလင်းရောင်သိပ်မထွန်းလင်းပေမယ့်
အားရပါးရစာကျက် နေကြ၊ စာဖတ်နေကြတဲ့ ကလေးငယ်များရဲ့ အသံများကတော့ အားရှိစရာထွက်ပေါ်နေမှာပါ။
တလှုပ်လှုပ်တရွေ့ရွေ့နဲ့
ရွေ့လျားနေတဲ့ အရိပ်နှစ်ခုက ပူးသွားလိုက်၊ ခွာသွားလိုက်နဲ့ အဝေးကလှမ်းမြင်နေရတာမို့
စာကျက်နေကြတဲ့ ကလေးငယ်တွေရဲ့ မျက်လုံးတွေက လမ်းမဘက်က အကြည့်မခွာကြပေ။
တဖြည်းဖြည်း
နီးကပ်လာတဲ့ ထိုပုံရိပ်တို့ သဲကွဲလာတဲ့အခါမှာတော့
“ဆရာမ..ဆရာမ..
ဧည့်သည်ရောက်နေလို့”
အိမ်အတွင်းပိုင်းလေးမှာ
စာပြနေတဲ့ကျွန်မ ၄ တန်းတပည့်လေးရဲ့အသံကြောင့်
အိမ်ရှေ့ဘက်ဆီသို့ လှမ်းကြည့်လိုက်ပါတယ်။ ဧည့်သည်လာရင် ဧည့်ခံစကားပြောနေကျ လူနှစ်ယောက်စာနေရာလေးမှာ
အကျအနဧည့်ခံပေးထားတဲ့ ဧည့်သည် ၂ယောက်က ၅ နှစ်အရွယ်ကလေးမလေးတစ်ယောက်နဲ့ အိုမင်းစပြုနေတဲ့
အန်တီတစ်ယောက်ကို မြင်လိုက်ရပါတယ်။ ကျောင်းလာအပ်တယ်ဆိုတာ မမေးပဲသိနိုင်ပေမယ့်
“ဟို….အန်တီ”
“ဆရာမလား
မသိဘူးနော်..၊ ဒီ မြေးမလေးကို ကျူရှင်လေးထားချင်လို့ပါသမီးရယ် အဲဒါလေး……..”
ပါးစပ်ကလည်းပြော
လက်ကလည်းလှမ်းကိုင်လာတဲ့ သန်မာတဲ့လက်တွေက ကျွန်မရဲ့ညာလက်ဆီသို့သာ။ အားကိုးတကြီး ဆုပ်ကိုင်လိုက်တဲ့
ဒီလက်တွေက အကြောပြိုင်းပြိုင်းထနေပေမယ့် အားမာန်တွေအပြည့် ကျန်နေပါသေးတယ်။
“အော်…ရတာပေါ့
အန်တီ..ထိုင်ပါ။ ထိုင်ပါ၊ လာ လာ သမီးလေး ဆရာမဆီကိုလာ”
မူလထိုင်နေရာမှ
မတ်တပ်အနေအထားဖြစ်သွားကြတဲ့ မြေးအဖွားနှစ်ယောက်ကို ကျွန်မကပဲဦးဆောင်ပြီးတော့ စကားလမ်းကြောင်း
စ ပေးလိုက်ရပါတယ်။ အဖွားဖြစ်သူရဲ့ မေတ္တာကိုလည်း လှစ်ခနဲ မြင်လိုက်ရသလို စာသင်ခွင့်ရသွားတဲ့
ကလေးငယ်ရဲ့မျက်လုံးဝိုင်းဝိုင်းလေး၊ ကျေနပ်ပီတိဖြစ်သွားတဲ့ အဖွားဖြစ်သူရဲ့ အားရကျေနပ်မှုတွေရောနေတဲ့
မျက်ဝန်းညိုညိုတို့က ကျွန်မတွက်တော့ နောက်ထပ်အားဆေးတစ်ခုပေါ့။
စကားအတန်ကြာပြောပြီးချိန်မှာတော့
တီတီ လို့ခေါ်တဲ့ ဒီသမီးငယ်လေးက ကျူရှင်တက်ချင်ကြောင်း၊
တခြားရပ်ကွက်ကလာခဲ့ ရကြောင်း စသည်စသည်ဖြင့်သာ။ ဖခင်မရှိတော့တဲ့ ဒီသမီးငယ်လေးရဲ့အမေကလည်း အဝေးတစ်နေရာမှာ။
အဖွားဖြစ်သူရဲ့ လက်ပေါ်ကြီးလို့ အဖွားကိုအမေလို့သတ်မှတ်ထားတဲ့ နုနယ်တဲ့ ဒီကလေးငယ်ရဲ့မျက်ဝန်းတို့
ဘာလို့များ အရောင်မတောက်ပါလိမ့်ဆိုတာ အကြောင်းတော့ပေါ်လာခဲ့လေပြီ။ အသက် 5 နှစ်ကျော်ကျော်
ကလေးငယ်ရဲ့စိတ်ထဲမှာ ဘာတွေများတွေးနေသည်မသိ။ အဖွားရဲ့လက်ကိုဆွဲလို့ ပြန်ထွက်သွားချိန်ထိ
စာကျက်နေကြတဲ့ ကလေးငယ်များဆီသို့ မျက်လုံးက မခွာခဲ့ပေ။
အော်…. မနက်ဖန်ဆိုရင်
နောက်ထပ် ကျောင်းသူအသစ်လေးတစ်ယောက် ကျွန်မရဲ့ဘ၀ထဲ ရောက်လာပေဦးမည်။ တစ်နည်းပြောရရင်တော့
ဘ၀တစ်ခုအကြောင်း ထပ်သိရပေတော့မည်။ ဘ၀တစ်ခုရဲ့ဖြစ်ပျက်နေပုံအကြောင်းထဲ ကျွန်မ ၀င်ရောက်လည်ပတ်
ရပေတော့မည်။
***----------***-----***-----***----------***-----***-----***----------***-----***-----
“ဟော သမီးလေး
ရောက်နေပြီလား။ ဘယ်သူလိုက်ပို့လဲသမီး”
“ဖွားဖွား”
တစ်ခွန်းထဲသာဖြေလို့
ဟိုဘက်ပြန်လှည့်သွားတဲ့သမီးငယ်လေးကသနပ်ခါး အဖွေးသားလိမ်းလို့ ကြက်တောင်စည်းကလေးနဲ့၊
လှပတဲ့ ခေတ်ဆန်ဆန်အ၀တ်အစားတွေက တခြားကလေးတွေ အားကျစရာပင်။
အလုပ်ကကျွန်မ
ပြန်ရောက်ချိန်မှာတော့ အိမ်မှာ ကလေးများက စုံနေပေပြီ။
အတန်းကြီးကလေးများက နေရာချပေးလို့
ကိုယ့်နေရာမှာကိုယ် ထိုင်နေကြတဲ့ကလေးငယ်တွေကြားထဲ မနေ့ကသမီးလေး တီတီကို တွေ့လိုက်ရပါတယ်။
အတန်းတူတွေနဲ့ အတူထိုင်နေတဲ့သမီးငယ်ကို ခဏထားခဲ့ပြီး အ၀တ်အစားလဲဖို့ ကျွန်မ အိမ်ထဲသို့
ဝင်သွားလိုက်တယ်ဆိုရင်ဖြင့် အိမ်ရှေ့ဘက်ဆီ မှာတော့ စကားပြောသံတို့ ကျန်ရစ်ခဲ့လေရဲ့။
ကျွန်မက ကျောင်းမှာတစ်နေကုန်သင်ခဲ့ရသမျှကျောင်းစာတွေကို
ရှင်းပြပေးခြင်းသာ၊ အတန်းကြီးကလေးများက စာကျက်၊ သင်္ချာတွက်၊ မသိတာ၊ နားမလည်တာတွေကို
လာမေးကြ၊ တစ်နေ့စာတစ်နေ့အပြီးလုပ်ကြရတာဆိုတော့ ကျူရှင်ပြီးချိန် ဆိုတာကလည်း ပုံသေတော့မရှိချေ။
အတန်းငယ်တဲ့
တီတီတို့လိုကလေးငယ်တွေကျတော့ ကျွန်မအနားမှာ ၀ိုင်းကြီးပတ်ပတ်ဒူဝေေ၀ပေါ့။ ကျောင်းမတက်ရသေးတဲ့
ကလေးငယ်တွေကြားထဲမှာ တီတီက အသက်အကြီးဆုံးဖြစ်နေပြီ။ ကျောင်းထားရမယ့်အချိန်ကိုကျော်လွန်ပြီးမှ
ကျောင်းတက်ရတဲ့ ကလေးငယ်တစ်ယောက်ရဲ့မသိစိတ်ထဲမှာ ဘယ်လောက်များအားငယ်နေသည်မသိပါ၊ မျက်နှာငယ်လေးနဲ့
ဟိုကြည့်ဒီကြည့်ဖြစ်နေတဲ့ သမီးလေးတီတီကို ကျွန်မ ရင်ခွင်ထဲခဏတာ ဆွဲသွင်းလိုက်မိပါတယ်။
ထူးထူးခြားခြား
အပြုအမူများဖြစ်သွားလားမသိ၊ ကျွန်မကို မော့ကြည့်လာတဲ့ ကလေးငယ်ရဲ့မျက်ဝန်းလေးတွေကို
ကျွန်မ ပြန်ပြုံးပြ ပေးလိုက်ပါတယ်။ ပုံမှန်ကလေးငယ်များထက် မြင်မြင်ချင်းသံယောဇဉ်ကြောင့်
သူလေးကိုတော့ ကျွန်မအချစ်တွေ ပိုမိပြန်ပါပြီ။
ဝ လုံးလေးတွေ
တန်းစီနေအောင် ကြိုးစားရေးနေတဲ့ သမီးလေးတီတီကို အားလုံးနဲ့မိတ်ဆက်ပေးပြီးတော့ တစ်ဦးကိုတစ်ဦး
ကူညီရိုင်းပင်းကြစေဖို့လည်း ထပ်မံပြီးသတိပေးလိုက်ပါတယ်။ မိဘနဲ့သားသမီးဆိုတာ အနီးဆုံးပေမယ့်
အတူနေရချိန်နည်းရင် တစိမ်းဖြစ်တတ်တာပဲလေ။ ကျွန်မဆီရောက်လာကြတော့လည်း ကျွန်မရဲ့သားသမီးလေးတွေပေါ့။
ကျူရှင်ဆင်းချိန်ရယ်လို့
သတ်သတ်မှတ်မှတ်မရှိပေမယ့် 9 နာရီက နောက်ဆုံးပါ။ ပထမဦးဆုံးနေ့မို့လားမသိဘူး သမီးလေးတီတီက
ပျော်နေပုံရပါတယ်။ ကလေးများအားလုံးနှုတ်ဆက်ကာပြန်သွားသည့်တိုင် တီတီတို့အိမ်က မည်သူမှ
လာမကြိုပါ။
“ တီတီ….သမီလေး….
ဖွားဖွားက လာကြိုမယ်လို့ပြောလား”
“ မီးမီး
မသိဘူး”
လွယ်အိတ်လေးကို
လွယ်လို့ အဖွားဖြစ်သူလာကြိုမယ့်လမ်းလေးကို ငေးနေတဲ့ သမီးလေးတီတီကို ကျွန်မ လိုက်ပို့ဖို့
ဆုံးဖြတ်လိုက်ပါတယ်။ မိဘလာမကြိုတဲ့ အားငယ်မှုကို ကျွန်မငယ်ငယ်က ခံစားဖူးခဲ့ရတယ်လေ။ ဘယ်လိုပြောရမှန်းမသိတဲ့
အားငယ်တဲ့ဝေဒနာကို ဒီသမီးလေးကို ကျွန်မ မခံစားစေချင်ဘူး။
“ ကဲ..လာ၊
သမီး ဆရာမတို့ လမ်းလျှောက်သွားကြမယ်။ လမ်းမှာ အဖွားနဲ့လဲ တွေ့ချင်တွေ့မှာပေါ့”
သမီးလေးတီတီကို
လက်ဆွဲလို့ ကျွန်မတို့နှစ်ယောက်သားထွက်လာလိုက်ပါတယ်။ လမ်းမကြီး ၂ ခုလောက်ကျော်ပြီးမှ
ရောက်ခဲ့တဲ့ တီတီတို့အိမ်က လမ်းအဆုံးမှာပင်။
“ ဖွားဖွား…ဖွားဖွား……….မီးမီး
ပြန်လာပြီ”
“ ဟော…မြေးလေးပြန်လာပြီ။
ဆရာမရေ ကျွန်မလည်း မြေးလေးကိုလာကြိုမလို့ အဲဒါ ဟိုဘက်အိမ်ကို နာရီမေးနေတာ ခုလေးတင်ထွက်လာတော့မလို့”
တီတီ့အဖွားက
အိမ်ထဲကနေထွက်လာပြီး လမ်းမပေါ်မှာရပ်နေတဲ့ကျွန်မကို ကမန်းကတန်းပြောရှာပါတယ်။
“ဟုတ်၊ ရပါတယ်၊
နောက်ရက်တွေတော့ လာကြိုပေးနော်၊ သွားလိုက်ပါဦးမယ် အန်တီ”
“ ကျေးဇူးတင်ပါတယ်ဆရာမရယ်”
ကျွန်မပြန်လာတဲ့
လမ်းတလျှောက်လုံးကို စိတ်မချဟန်နဲ့ အိမ်ထဲမ၀င်သေးဘဲ ရပ်ကြည့်နေတဲ့ တီတီ့အဖွားကို ခပ်ဝေးဝေး
ရောက်တဲ့ထိ ကျွန်မလှမ်းမြင်နေရပါတယ်။ မြေးအဖွားနှစ်ယောက်တော့ ဘယ်လိုတွေကျန်ခဲ့တယ်မသိ၊
ကျွန်မတော့ အမြင့်ဆုံးခြေလှမ်းတို့နဲ့ အိမ်အရောက်သို့သာ။
***----------***-----***-----***----------***-----***-----***----------***-----***-----
တီတီနဲ့ကျွန်မတို့တွေ
တဖြည်းဖြည်းကျော်ဖြတ်လာတဲ့ ပျော်စရာရက်လေးများထဲမှ တစ်ရက်မှာတော့……………..
“ ရော့..
ကိုကိုတစ်ခု၊ မမတစ်ခု၊”
“အမယ်။ တီတီက
မုန့်တွေဝေပေးနေလို့ပါလား။ ဘာလို့ မုန့်တွေ ဝေနေတာလဲသမီးရဲ့”
“မီးရဲ့ မကြီးမေကြည်လေ အဲဒါ ဟိုးအဝေးကြိးက ပြန်ရောက်လာတာ
မီးတွက် မုန့်တွေများကြီးဝယ်လာတယ်၊ အင်္ကျီတွေကော၊ စကတ်တွေကော ၀ယ်လာတာ၊ မကြီးမေကြည်ကလေ
ဒီတစ်ခါ မီးမီးနဲ့ အကြာကြီးနေမှာတဲ့။ ဒီအင်္ကျီလေးက ဒီနေ့မှ ၀ယ်လာတာ”
“ ဟုတ်လား။
ဒါဆို တီတီက ပျော်နေတာပေါ့၊ ဒါ့ကြောင့် ဒီနေ့ တီတီ အရမ်းလှနေတာ”
ကလေးငယ်တွေလက်ထဲမှာ
မုန့်ထုပ်လေးတွေကိုယ်စီနဲ့ ပြုံးပျော်နေကြတဲ့ မြင်ကွင်းလေးက တစ်ကယ့်သဘာဝ အလှတရားပါ။
သနပ်ခါးအဖွေးသားနဲ့ ပြုံးလို့ပျော်နေတဲ့ သမီးလေးတီတီက ကျောင်းသားအားလုံးထဲမှာ အသံအကျယ်ဆုံးဖြစ်လို့နေလေသည်။
မောင်နှမသားချင်းမရှိဘူးလို့ ပြောသွားတဲ့ တီတီ့အဖွားမှာ ဘယ်က သမီးအကြီးမတစ်ယောက် ရှိနေပါလိမ့်လို့
ဘာမဆိုင် ညာမဆိုင်တွေးလိုက်မိပါတယ်။
လင်းလက်ပြီးတောက်ပလာတဲ့
ကလေးရဲ့မျက်ဝန်းလေးတွေကို သူ့ရဲ့မကြီးမေကြည်က တော်တော်လွှမ်းမိုးထားပုံရပါတယ်။ ပုံမှန်ထက်
ပိုပြီး သွက်လက်ချက်ချာနေတဲ့ သမီးလေးတီတီ့အကြောင်းက ကျွန်မအတွေးများစွာကို နေရာယူလိုက်ပါတော့တယ်။
ဒီနေ့ကော တီတီ့အဖွားလာမကြိုရင် ခက်ရချေရဲ့လို့ စိတ်ထဲက တွေးလိုက်မိစဉ်မှာပဲ
“ ဆရာမ”
“ အင်း သမီး……
ပြော၊”
“ မီးမီးကို
ဒီနေ့ မကြီးမေကြည် လာကြိုမှာ”
“ ဟုတ်လား”
စာအုပ်လေးကို
လက်ကကိုင်လို့ ခန္ဓာကိုယ်က ဟိုဘက်ယိမ်းလိုက်၊ ဒီဘက်ယိမ်းလိုက်လုပ်နေရင်းက ပြောလာတဲ့
တီတီ့ရဲ့ စကားသံကို ကျွန်မသေချာကြည့်လိုက်ပါတယ်။ အရင်ရက်တွေကနဲ့ဘာမှမဆိုင်ပဲ စိတ်ထဲပျော်နေတာတွေက
မျက်လုံးမှတစ်ဆင့် ခန္ဓာကိုယ်သို့တိုင်အောင် ဖွင့်လှစ်ပြနေတဲ့ သမီးလေးရဲ့ အမူအယာအားလုံးက
အထူးအဆန်းတွေပင်။
ပြန်ချင်စောနဲ့
စာတွေကိုအမြန်ပြီးအောင်ရေးထားတဲ့ သမီးလေးလက်ရေးတွေတောင် မလှပချင်တော့။ ဘေးနားက ကျောင်းသူကျောင်းသားလေးတွေက
စလိုက်၊ နောက်လိုက် လုပ်နေတာကိုတောင် ပြုံးပြ၊ ရယ်ပြ လုပ်နေတဲ့ တီတီလေးက သူ့မကြီးမေကြည်အကြောင်းပဲ
ထပ်ကာထပ်ကာ ပြောလို့နေလေသည်။
“ အော်…မကြီးမေကြည်၊
မကြီးမေကြည်”
မမြင်ရာကိုမှန်းဆလို့
တီတီရဲ့ မကြီးမေကြည်ကို ကျွန်လည်းမြင်ဖူးချင်လှပါပြီ။ အမေကိုများ မကြီးမေကြည်ဟု ခေါ်သလား၊
တခြားအဒေါ်ဝမ်းကွဲတွေလား၊ အမ၀မ်းကွဲတွေလား ကျွန်မ မတွေးတတ်တော့။
သားသမီးတိုင်းရဲ့
မသိစိတ်တောင့်တမှုက မိခင်တွေပဲမဟုတ်ပါလား။ ခွဲခြားနေကြရတဲ့ သားသမီးနဲ့မိဘကြားက မသိမသာ
ဝေးကွာမှု၊ တွယ်တာမှုတွေက မမြင်ရတဲ့အရာတွေပင်။ ကျွန်မရဲ့ကျောင်းသူကျောင်းသားတွေရဲ့ မပြည့်စုံကြတဲ့
အရာတွေများလှ ပေမယ့် အားလုံးက မိစုံဖစုံ၊ မောင်နှမတွေနဲ့ပင်။
ပုံစံမတူ
တစ်မူကွဲနေတဲ့ အသိုင်းအ၀ိုင်းတစ်ခုက သမီးလေးတီတီကို စိတ်ဝင်စားမိတဲ့ကျွန်မ လွန်တယ်ဟုမထင်မိပါ။
“ဟော..လာပြီ။
မကြီးမေကြည်…မီးမီးဒီမှာ”
လှမ်းခေါ်လိုက်သံကြောင့်
ကျွန်မလည်း တခြားနေရာမျက်စိရောက်နေရာကနေ လှမ်းကြည့်လိုက်ပါတယ်။ အိမ်ထဲကို လှမ်းဝင်လာတဲ့
ခေတ်ဆန်ဆန်လှပနေတဲ့ ညီမငယ်လေးတစ်ယောက်က တီတီ့ရဲ့ မကြီးမေကြည် ဆိုပါလား။
“အော်..လာလာ
ညီမ၊ ဒီမှာလာထိုင်ပါ။ တီတီရဲ့ မကြီးမေကြည် ထင်ပါတယ်။”
“အော်. ဟုတ်ပါတယ်။
သမီးလေးက မေကြည့်သမီးပါ။ ငယ်ငယ်ထဲကသင်ပေးထားလို့ နှုတ်ကျိုးနေတာ”
“ တီတီက မေကြည့်အကြောင်းပဲ
ဒီနေ့ ပြောနေတာ။ သူတော်တော်ပျော်နေပုံရတယ်၊ အော်….ဒါနဲ့ညီမ အချိန်ရတယ်မလား၊ တခြားကလေးတွေကို
ပြန်လွှတ်လိုက်မလို့၊”
“ အော်…ဟုတ်
ဟုတ်”
တခြားကျောင်းသားကလေးတွေပြန်သွားကြတော့
မေကြည်နဲ့ကျွန်မ အချိန်တော်တော်ကြာ စကားပြောဖြစ်ခဲ့ကြပါတယ်။ သူ့ဘ၀အကြောင်းလေးကို ရင်ဖွင့်သွားရှာတဲ့
မေကြည်က အလွန်ဆုံးရှိမှ 25 နှစ်လောက်ပါ။ ကျွန်မညီမအရွယ်လောက်လေး မို့လည်း မြင်မြင်ချင်း
ကရုဏာ သက်မိခဲ့ပါတယ်။
“ သမီးလေးပိုးတီ
အသက် 1 နှစ်အရွယ်လောက်ကတည်းက ညီမတို့လမ်းခွဲခဲ့ရပါတယ်။
ဘ၀ကိုရင်ဆိုင်ရင်းက ရွေးချယ်မိခဲ့တဲ့
မေကြည်ရဲ့လမ်းကြောင်းက အရက်ကုမ္မဏီတစ်ခုရဲ့ ၀န်ထမ်းပါ၊ နယ်တွေကိုခရီးထွက်ရ၊ ညနေပိုင်းတွေမှာသာလုပ်ရတဲ့
အလုပ်တွေရဲ့အကျိုးကတော့ သမီးလေးနဲ့မေကြည့်ကို ဝေးသွားစေတာပါပဲ။”
“မေကြည်လည်းလေ
တစ်ခါတလေ သမီးလေးရဲ့ အမေလို့ခေါ်သံကို နားထောင်ချင်မိတယ်။ ဒါပေမယ့်လည်း အလုပ်ကို ပြန်လှည့်ကြည့်လိုက်တော့
ဒါတွေက နဲနဲအဆင်မပြေဘူးလေ။ ဒီနေ့တော့ ကျွန်မဆုံးဖြတ်လိုက်ပါပြီ။ သမီးလေးအနားမှာပဲနေပြီး
သမီးလေးကိုပြုစုတော့မယ်လို့လေ။”
“သမီးလေးက
ညီမကို ဒီနေ့ ဘာပြောလဲသိလား………။ “မကြီးမေကြည်…မီးမီးလေ..မကြီးမေကြည်မရှိရင် အရမ်းပျင်းတာပဲ”
တဲ့ ၊ ညီမဖြင့် မျက်ရည်တောင်ဝဲမိတယ်အမရယ်။”
“ အမေကပြောပြတယ်လေ
ဒီကဆရာမတို့မိသားစုအကြောင်းနဲ့ သမီးလေးအရင်လိုမဟုတ်ပဲ ပျော်နေတဲ့အကြောင်းတွေပေါ့၊ ကျွန်မဖြင့်လေ
ကျေးဇူးတွေတင်လိုက်ရတာဆရာမရယ်။ အဲဒါကြောင့်လည်း ခုလိုလာပြီး အေးအေးဆေးဆေး စကားလာပြောတာပါ။”
“ အော်..ညီမရယ်..
အဲ့လောက်လည်းမဟုတ်ပါဘူး။ တီတီလေးကို သူ့အဖွားကျောင်းလာအပ်တဲ့နေ့ကတည်းက သတိထားမိ ပါတယ်။
ကလေးက တစ်ခုခုများလိုနေသလားလို့ပေါ့။ သူတဖြည်းဖြည်းနဲ့ စာသင်ရတာပျော်လာတယ်လေ။ ဒီက အကိုတွေ၊
အမတွေနဲ့ဆိုတော့ သူလည်းအဖော်ရတာပေါ့။ ကဲပါ ခုတော့အားလုံးလည်း အဆင်ပြေနေတာဆိုတော့ ညီမလည်း
စိတ်ပူစရာ မလိုတော့ဘူးပေါ့။”
“ ကျေးဇူးပါ
ဆရာမရယ်။ ညီမကိုပြန်ခွင့်ပြုပါဦးနော်။”
တီတီ့ကိုလက်ဆွဲလို့
ပြန်သွားကြတဲ့ မေကြည်တို့သားအမိနှစ်ယောက်ကို ကျွန်မအတန်ကြာငေးနေမိပါတယ်။ ကလေးအမေဆိုပေမယ့်
ပုံမှန်ထက် လှပကျော့ရှင်းနေတဲ့ မေကြည့်ကို ကျွန်မဘယ်လိုများ သတ်မှတ်ပေးရပါ့မလဲ။ မိဘကလည်း
မထောက်ပံ့ပေးနိုင်၊ တခြားညီကိုမောင်နှမတွေလည်းမရှိနဲ့ ကလေးလေး ၁ နှစ်အရွယ်ကတည်းက ဆုံးဖြတ်ချက်ချလို့
လျှောက်လှမ်းခဲ့တဲ့ သူ့လမ်းကြောင်းလေး နာမည်ပျက်စာရင်းနဲ့ မတိမ်းစောင်းတာကိုပဲ မေကြည့်ကိုလေးစားမိပါတယ်။
တာဝန်တွေကြားမှာ
ပျော်မွေ့နေရတဲ့မေကြည့်နေရာ၊ အမေကိုအမခေါ်လို့ အသံတိတ်နေရှာတဲ့ သမီးလေးတီတီ့နေရာနဲ့၊
သမီးနဲ့မြေးဖြစ်သူကို ထိန်းနေရရှာတဲ့ အဖွားဖြစ်သူတို့ရဲ့ နေရာတွေကို ကျွန်မတစ်ဦးချင်းစီ
ခဏလောက်တော့ ၀င်ကြည့်မိလိုက်ပါတယ်။
တစ်ကယ်တော့
ကျွန်မတို့ဆရာမတွေဆိုတာ့ ကျောင်းသားတွေကိုစာသင်ရင်းက သူတို့လေးတွေနဲ့ဘ၀တွေကို ၀င်ရောက်လည်
ပတ်နေကြရတာမဟုတ်ပါလားနော်။ လည်ရင်းပတ်ရင်းက တစ်ဦးကိုတစ်ဦး ဖေးမလို့ ကူညီကြရင်းက အားလုံးရဲ့ဘ၀တွေ
ရှင်သန်နေကြရတာလည်း မဟုတ်ပါလားနော်။
စိမ့်စမ်းရေ
23.2.2014
0 comments