သူ့နေရာနဲ့သူ

၈ ရက်တစ်ခေါက် ၇ ရက်တစ်ခေါက်ကျရောက်တဲ့ ဥပုသ်နေ့တိုင်းမှာတော့ ကျွန်မတို့ ဆွမ်းလောင်း အသင်းဝင်တွေက နံနက်အာရုဏ်ဆွမ်းလောင်းပြီးတာနဲ့ ရာင်တော်ဖွင့်ကြရတယ်လေ။ ဓမ္မာရုံကို ဆွမ်းခံကြွ တဲ့ ဘုန်းကြီးကျောင်းတွေဆီကို အလှည့်ကျသွားရခြင်းပါ။ တစ်ချို့နေရာတွေကျတော့လည်း ဆွမ်းခံကြွတာ မျိုးမဟုတ်ပေမယ့် သွားကြရတာလဲရှိပါတယ်။

ဒီနေ့ကတော့ ကျောက်တန်းမြို့နယ်ထဲက ပါဒကြီးဘုရားကို သွားရမယ့်နေ့ဖြစ်လို့ ကျွန်မတို့အားလုံး ဟိုစုစု ဒီစုစုနဲ့ ပြင်ဆင်နေရပါတယ်။ ခရီးကလည်းဝေးလွန်းပြီး ၆လ လောက်မှတစ်ခေါက် သာရောက်နိုင် တာမို့ ဒီတစ်ပါတ်တော့ လူများများမှ ပါပါ့မလားလို့ ကျွန်မတို့တွေ စိုးရိမ်နေကြပါသေးတယ်။  ရောင်တော် ဖွင့်ရမယ့် ရုပ်ပွားတော်တွေလည်း များတာကြောင့် အသင်းဝင်တွေအပြင် တခြားသူငယ်ချင်း အသိတွေ လည်း လိုက်ချင် လိုက်နိုင်တာမို့ ဘယ်သူတွေများ ပါလေဦးမလဲ၊ အသစ်တွေလား တစ်ခါ၊ နှစ်ခါ လိုက်ဖူးပြီး သားလား စသည်စသည်နဲ့ တောင်ကြည့်လိုက်၊ မြောက်ကြည့်လိုက်နဲ့ပေါ့..။

          “ မခိုင်.. ဟိုမှာကြည့်လိုက်ပါဦး… အမွှာလေး၂ယောက်၊ ”ကျွန်မ ညွှန်ပြရာကို လှမ်းကြည့်လိုက်ရင်း “အေးနော်.. မိန်းကလေးနဲ့ ယောင်္ကျားလေးဟ ဘယ်သူနဲ့သိပြီး ပါလာသလဲမသိ”

          မိန်းကလေးသဘာဝအရ စပ်စပ်စုစုနဲ့ ကျွန်မတို့လည်း သွားပြီး မိတ်ဆက်လိုက်ရင်း ခင်မင် သွားအောင် ကြိုးစားပါတော့တယ်။ ငယ်ရွယ်ပုံပေါက်နေတဲ့သူတို့ဟန်လေးတွေက မသွားဖူးတဲ့ ခရီးတစ်ခုကို သွားရမယ့်ပုံနဲ့ ပျော်နေသလိုပါပဲ။ မသိတာလေးတွေပြောပြပေးရင်းနဲ့ နောက်များမှာလည်း လိုက်ပါနိုင်ကြောင်း၊ ပျော်စရာကောင်းကြောင်း၊ ကုသိုလ်တွေရကြောင်း ကိုယ်တတ်သိ သလောက်တော့ ပြောပြနေလိုက်ပါတယ်။
“ အားလုံး လူစုံရင် သွားကြမယ်”
ခေါင်းဆောင်အကိုကြီးရဲ့ စကားအဆုံးမှာတော့ ကျွန်မတို့အားလုံး ပါဒကြီးဘုရားဆီသို့ ထွက်လာကြပါတော့တယ်။ နေ့တစ်ဝက်ကျော်လောက်နေရမယ့် နေရာမို့ စားသောက်ရေးကိုတော့ အဖွဲ့ထဲက မိန်းကလေးတွေကစီစဉ်ကြရပါတယ်။ ယောင်္ကျားလေးအားလုံးနီးပါးကတော့ ဘုရားတွင်း သန့်ရှင်းရေးနဲ့ ကြေးဆင်းတုတွေကို ရောင်တော်ဖွင့်ခြင်းကိစ္စတွေကို ပျော်ပျော်ပါးပါး၊ မခိုမကပ်ဘဲနဲ့ လုပ်ဆောင်ရပါတယ်။ ကုသိုလ်ရေးဆိုတော့ အထူးတလည်ပြောစရာမလိုဘူးလေ။

“ ကဲ.. ဈေးကို ၅ ယောက်သွား၊ ကျန်တဲ့သူ တစ်ဝက်က ဆေးကြကြောကြမယ်။ တစ်ဝက်က ယောင်္ကျားလေးတွေကို ၀ိုင်းကူနော်”
“ သူဇာ..ရော့ . .. အားလုံး လူ 50 စာ ကြည့်သာဝယ်လာခဲ့။ အရည်သောက်လေးပါထည့်ခဲ့နော်။ ”

 မခိုင်ရဲ့ စကားအဆုံးမှာတော့ ကျွန်မ တို့ အားလုံး ၅ယောက် ဈေးသွားဖို့ပြင်ဆင်ထွက်လာကြပါတယ်။
ပါဒကြီးမှတ်တိုင်ကနေ ကျောက်တန်းဈေးအထိ ကားစီးပြီးသွားရပါတယ်။ မှတ်တိုင်ဆီကို လမ်းလျောက်နေရင်း အမှတ်တမဲ့ကြည့်လိုက်တော့
“ ဟယ်… ငါခေါ်လာတာ သူမဟုတ်ဘူးလေ.. မိန်းကလေးလေ”
“ ဟုတ်ပါတယ်. .. အကျော်က လိုက်ချင်လို့ အမော်နဲ့ လူချင်းလဲလိုက်တာ ”
“အော်.အော်… ရောင်တော်မဖွင့်ချင်ဘူးလား မောင်လေးရဲ့ ဈေးကပြန်လာပြီးမှဆိုရင် သူတို့တစ်ဝက်ကျိုးလောက်ပြီနော်”

ရောင်တော်ဖွင့်ကုသိုလ်ကို ရစေချင်တဲ့စိတ်နဲ့ ကျွန်မပြောလိုက်ပေမယ့် အကျော်ကတော့ ဈေးသွားပြီး ထမင်းချက်တာ လောက်ကိုပဲ ကျေနပ်နေတာလားတော့မသိပေ။
 “ယောက်ျားလေးတွေ ဒီလောက်အလုပ်များတာ  ဈေးကို သူမို့လို့ လိုက်ချင်တယ်၊ ငါတို့နဲ့များ နေရာချင်းသာ လဲလိုက်ချင်တယ် …. ငါတို့က မိန်းကလေးဖြစ်နေလို့”
တိုးတိုး၊ တိုးတိုးနဲ့ ရှေ့ကနေ ရေရွတ်နေတဲ့သီတာ့ကို ကျွန်မ အသာလေးပဲ လက်တို့ပေးလိုက်ရပါတယ်။ ဒီနေ့မှ အသစ် ရောက်လာတော့လည်း တဖြည်းဖြည်းနဲ့ နားလည်အောင်ပြောပြပေးရင် အကျော်တစ်ယောက်တော့ ၀ါသနာပါလာမှာပါ။

ရန်ကုန်နဲ့ အနည်းငယ်သာကွာခြားတဲ့ ကျောက်တန်းဈေးလေးကတော့ ဈေးဝယ်လို့မဆိုးလှပေ။ ထိုက်သင့်တဲ့ ဟင်းလျာလေးတွေ ၀ယ်ကြတော့ နည်းနည်းလေးများ လေးပြီဆိုရင် အကျော်တစ်ယောက် မသယ်နိုင်တော့ပေ။ ခပ်ပေါ့ပေါ့ပစ္စည်းလေးတွေကျတော့ ဟိုဆိုင်ဝင်မေ့ခဲ့၊ ဒီဆိုင်ဝင်မေခဲ့နဲ့။ သူ့ကိုယ်သူပဲ အနိုင်နိုင်ထိန်းရင်းနဲ့ ကျွန်မတို့ရဲ့ ခြေလှမ်းတွေကို အမှီ လိုက်နိုင်အောင် ကြိုးစားနေရပါတယ်။ ခုမှမြင်ဖူးတာလဲ မဟုတ်ဘဲနဲ့ တွေ့သမျှ ပစ္စည်းလေးတွေကို အကုန်လျောက်မေးနေတော့ သူ့ကို ပြန်ဖြေနေရတာနဲ့တင် ကျွန်မအာတွေတောင် ပေါက်တော့မယ်ထင်တယ်။
“တိုးတိုးနဲ့ ငြိမ်ငြိမ်နေစမ်းပါအကျော်ရယ်.. ဒီမှာ ညောင်းရတဲ့အထဲ”
“ မမကလည်း အကျော်က မသိလို့ မေးတဲ့ဟာကို…..”
“အေး.. ဒါဆိုလည်း မေးချင်တဲ့ဟာကိုမှတ်ထား…. ရော့ ဘောပင် ...ပြီးမှပေါင်းပြီးမေး”
စိတ်တိုတဲ့လေသံနဲ့ ပြောလိုက်တော့ သူက စိတ်ကောက်ဟန်နဲ့…။

ဘယ်ဟင်းကဘယ်လောက်နဲ့ ဘယ်ချိန် ကျက်ပါ့မလဲဆိုတာကို အချိန်ကိုက်နေရတာမို့ လူကသာ လမ်းလျောက် နေပေမယ့် ခေါင်းကအလုပ်လုပ်နေတာသေချာပါတယ်။ ထမင်းစားချိန်ကိုလည်း နောက်မကျစေချင်ပေ။ အားလုံးက ညကတည်းကဆွမ်းလောင်းလာကြတာမို့ အိပ်ရေးကလည်း ပျက်ခဲ့ရသေးသည်။ အကျော်တို့လို မနက်ပိုင်းလေးမှ  လိုက်လာသူတွေကတော့ သိပ်တော့ကိစ္စမရှိပေ။
“ အားလုံးစုံပြီနော်…သေချာစစ်ကြဦး တော်ကြာ ဟိုရောက်မှလိုနေရင် ၀ယ်ဖို့ခက်လိမ့်မယ်”
“အေးပါ… အားလုံး အိုကေပါတယ်”
“ ဒါဆိုလည်းပြန်ကျတာပေါ့ မခိုင်တို့ မျှော်ရော့မယ်”

အသင့်ဖြစ်နေအောင်ပြင်ထားတဲ့ မခိုင်တို့အားလုံးလည်း ကျွန်မတို့ရောက်လာတော့မှ ချက်ပြုတ်ချင်းကို စတင်ကြရပါတယ်။ ကုန်ကျစရိတ်တွေကို ပြန်အပ်ပြီးချိန်မှာတော့
“ ကဲ အကျော်ရေ..လာ… ဘုရားထဲသွားရအောင်”
ယောက်ျားလေးတွေ ကိုယ်စီကိုယ်စီနဲ့ ရောင်တော်ဖွင့်နေကြတာ တစ်ကယ့်ကိုပျော်စရာပါ၊ မိန်းကလေးအချို့တော့ ကြေးဘုရားပန်းအိုးတွေကို ပိုပြီးပြောင်လက်အောင် တိုက်နေကြပါတယ်။ ရုပ်ပွားတော် အဆူသေးသေးလေးတွေကို စားပွဲတွေပေါ်မှာတင်ပြီးလည်း ရောင်တော်ဖွင့်နေကြပါတယ်။ ဘုရားပန်းလဲသူကလဲ၊ သန့်ရှင်းရေးလုပ်သူကလုပ်နဲ့ တစ်ယောက်မှကို အားတယ်မရှိဘူးလေ။
“ သူငယ်ချင်းတို့ရေ.. သူ့ညီမကော”
“ ဟိုမှာ ငါတို့ကဒီဘက်ကိုလာပါဆိုတာကို မလာဘူးလေ ”
“ ဟုတ်လား” “အမော်… လာလာ… ဘာလို့အဲ့နေရာမှာသွားနေတာလဲ... အပေါ်ဘက်မှာယောင်္ကျားလေးတွေ အလုပ်လုပ် နေတာမလား”
“အမော်လည်းလုပ်ချင်လို့”
“မရဘူး..အဲ့ဒါမိန်းကလေးမတက်ရဘူး… သွား.အကျော်.. သူ့နေရာကိုသွားနေ လိုတာဝိုင်းကူလိုက်နော်… လာ အမော်က အမနဲ့လိုက်ခဲ့”
“ ဟာ.. အမော်မလိုက်ချင်ပါဘူး.. ဒီမှာပဲနေမယ် ၊ အကျော့်ကိုသာခေါ်သွားနော် မမ .. သူက မီးဖိုချောင် ၀ါသနာပါတယ်”
“ မရဘူး.. လိုက်ခဲ့ဆိုလိုက်ခဲ့နော်.. ”
တောက်ဆတ်ဆတ်နဲ့လိုက်လာရင်း ထမင်းချက်နေတဲ့နေရာ ရောက်တော့ ကျွန်မလည်း မခိုင်တို့နဲ့ထားခဲ့ပြီး ဘုရားပန်းလဲတဲ့နေရာမှာ နေရာခဏလဲယူလိုက်ပါတယ်။ အသီးသီး တာဝန်ကျရာ လုပ်ဆောင်နေတဲ့ ကျွန်မတို့အဖွဲ့အကုန်လုံးကို အပြင်ဘက်ကနေ ကြည့်နေမိရင်းနဲ့ ရင်ထဲတော့ ပီတိမြစ်လေး စီးဆင်းသွားလေရဲ့။

          လေနဲ့အတူပါလာတဲ့ ဟင်းနံ့လေးကြောင့် ဗိုက်ထဲတောင်ဆာသလိုလိုဖြစ်လာပြီမို့ ကျွန်မလည်း မခိုင်တို့ဆီ အသာလေး လာကြည့်လိုက်တော့….
“ ဟဲ့… အကျော်.. ဘာလို့ဒီနေရာကိုပြန်ရောက်နေတာလဲ…နင်ကတော့လေ….”
ယောက်ျားလေးဖြစ်ပေမယ့် သူ့ဟန်ပန်ကိုကြည့်ပြီးတော့ပဲ ကျွန်မတို့အားလုံး သဘောပေါက်လိုက်ရပါတယ်။ မောင်နှမ နှစ်ယောက် ဘ၀များပြောင်းနေကြပြီလားလို့…။

“ အနံ့တွေနဲ့ နှိပ်စက် နေပါတယ်ဗျို့” “ ဟုတ်ပါတယ်ဗျို့”
ဘုရားပေါ်ကနေလှမ်းပြောသံကို ကြားလိုက်ရတာမို့ ကျွန်မတို့အားလုံး သဘောကျသွားမိလေပြီ။ တာဝန်ကိုယ်စီဝိုင်းကူကြလို့ ကုသိုလ်အလှူလေးတစ်ခု ဖြစ်မြောက်သွားရခြင်းပါ။ ဘုရားတစ်ဝန်းလုံးသန့်ရှင်းနေပြီး ဗုဒ္ဓရုပ်ပွားတော် အဆူဆူတိုင်းလည်း ကြည်ညိုစရာအဆင်းလေးတွေနဲ့ မြင်ကွင်းလေးက ကျွန်မတို့ရဲ့ ပီတိလေးတွေပါ။

မကြာခင်ပဲ အားလုံးအလုပ်ပြီးသွားတော့ ထမင်းစားခြင်းကို စတင်ကြရပါတယ်။ ထမင်းစားပွဲဝိုင်းလေးတွေ ပြင်ဆင်ပြီးတော့ ယောင်္ကျားလေးတွေကို အရင်စားစေပါတယ်။ ခေါင်းရင်းဘက်စားပွဲဝိုင်းတွေမှာတော့ အဖွဲ့ခေါင်းဆောင်နဲ့ လက်ထောက်ခေါင်းဆောင်တွေပေါ့၊ မိန်းကလေးတွေကတော့ အားလုံးပြီးမှ စားကြခြင်းပါ။ ဒီတစ်ခါမှာလည်း ပန်းကန်ဆေးကာ ပျာယာခတ်နေသူ အကျော် တစ်ယောက်ကိုလည်း မြင်တွေ့ရပြန်ပါတယ်။ အမော်တစ်ယောက်ကတော့ ဟိုမှသည် လမ်းလျောက်နေရင်း သူလည်းမလုပ်လိုက်ရဘဲ ပြီးသွားတဲ့ အထပ်မြင့်ဆီက ဘုရားတွေကို ကြည့်နေလေရဲ့။
“ အကျော်နဲ့ အမော် မောင်နှမ နှစ်ယောက်ကိုကြည့်ပြီး ကျွန်မတို့အားလုံး တစ်ခုခုတော့ အတွေးတွေ ကိုယ်စီရသွားကြမှာပါ။ တစ်စုံတစ်ခုကို သိသွားခြင်းမျိုးနဲ့ အချင်းချင်း သိလိုက်ကြပေမယ့် ဘာရယ်လို့တော့ သေချာစွာ အမည်မတပ်နိုင်ခဲ့ဘူးလေ။
ကျွန်မတို့လို ဝေယျာဝစ္စကုသိုလ်သမားတွေက မိန်းကလေးဖြစ်လို့ ဘာမှအားငယ်စရာမရှိပါဘူး။ ဘေးနားကထောက်ပံ့ပေးရတဲ့ ပီတိကလည်း အဖိုးတန်ပါတယ်။ လူတိုင်းက သူ့နေရာနဲ့သူ တာဝန်ကျေဖို့သာပဲအရေးကြီးတာပါ။ ယောင်္ကျားလေးနေရာကိုမှ လုပ်ချင်နေတဲ့ အမော်နဲ့ ယောင်္ကျားလေးနေရာကို မနေချင်တဲ့ အကျော်တို့ မောင်နှမကိုတော့ ဘယ်လိုများ နားဝင်အောင် ပြောပြရပါ့မလဲလို့.. ကျွန်မတွေးနေမိပါတော့တယ်။
အော်… နေရာဆိုတာ.. နေတတ်ဖို့ဆိုတာ.  သူတို့လေးတွေ မသိသေးလို့ နေမှာပါ….။

3.2.2013
စိမ့်စမ်းရေ

Posted by စိမ့်စမ်းရေ on Wednesday, February 12, 2014

0 comments

Post a Comment