မနက်မိုးလင်းထဲက ပျာယာခတ်နေတဲ့ကျွန်မကို အမေတော့ အမြင်ကပ်နေလောက်ပါပြီ။ မကြီးမငယ်နဲ့ ဒီလောက်ပျော်နေပုံထောက်ရင်တော့ ဆိုပြီး စသည် စသည်ဖြင့် ဘာတွေများ တွေးတောနေမည်တော့ မသိပေ။ ကျွန်မကတော့ စားစရာတွေထည့်ထားတဲ့ ခြင်းတောင်းထဲကို ဘာတွေရယ်လို့ ပြောပြလို့မရအောင် တစ်ခုပြီးတစ်ခု ထည့်နေတော့တာ။ ရေဗူး၊ မုန့်၊ ဖတ်စရာစာအုပ်သေးသေး၊ လက်သုပ်ပုဝါ၊ စသည့်ဖြင့် လိုတာမရှိရအောင် ဟိုပြေးဒီလွှားနဲ့ကို ပြင်ဆင်နေတော့တာပဲ။
“ဟဲ့.. သမီး.. ညည်းဟာက မနည်းပါလားအေ… သူငယ်ချင်းတွေနဲ့ချိန်းတာများ အဲ့လောက်လိုသလား….. ကလေးတွေလည်း ပါတာလဲမဟုတ်ပဲနဲ့”
ပြောစရာရှိတာပြောပြီး လှည့်ထွက်သွားတဲ့အမေ့ကိုတော့ ကျွန်မ ခပ်ပြုံးပြုံးနဲ့ပဲ တုန့်ပြန်လိုက်ပါတယ်။
“ အမေ….သမီးသွားပြီနော်…”
အမေ့ကိုနှုတ်ဆက်ပြီး ထွက်လာတော့ ကျွန်မတစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းပြီး သွက်လက်နေသလို ခံစားနေရတယ်။ မေဂျာတူ သူငယ်ချင်း တွေ ကွဲကွာသွားတာ ခုဆို 10 နှစ်ကျော်လောက်ပေါ့။ 30 နားနီးနေတဲ့ အသက်တွေက တစ်ကယ်တော့ မငယ်တော့ပေ။ ဘယ်သူတွေက ဘယ်လိုပုံစံတွေများ ပြောင်းနေကြပြီလဲ၊ ဘာတွေများလုပ်နေကြပြီလဲ။ စသည် စသည်ဖြင့် မှန်းဆပြီးသာ တွေးရင်းနဲ့ ချိန်းထားတဲ့ နေရာဆီကိုသာ ထွက်လာခဲ့ပါတော့တယ်။
“ ဟယ်..ဟိုမှာ သူဇာ.သူဇာ….” 
ဝမ်းသာအားရဖြစ်သွားကြတဲ့ ကျွန်မ သူငယ်ချင်းတွေက ကျွန်မကို ၀ိုင်းဝန်းပြေးဖတ်လို့ပေါ့။
“ သူဇာ..နင်က မျန်မှန်တွေဘာတွေနဲ့… ရုပ်တော့မပြောင်းဘူး..အရင်လိုပဲ..”
“ အေးလေဟယ်…အသက်တွေက ဒီတိုင်းမနေဘူးဟ နင်လဲ ပိုဝလာတယ်”
“ အမယ်အမယ် ဆရာကြီးလေသံက လာပြီဟေ့.... အကျင့်ကိုမပျောက်ဘူး….”
သူငယ်ချင်းတွေတွေ့ဆုံပွဲလေးက ပျော်စရာအတိပါ။ အချင်းချင်း ပျော်နေကြတဲ့ မျက်နှာတွေက ကိုယ်စီပိုင်ဆိုင်လို့ပေါ့။
 “ ကဲကဲ..နောက်မှမေးကြပြောကြ..ခုတော့ ထိုင်ဖို့နေရာအရင်ရှာကြ”
ယောင်္ကျားလေး သူငယ်ချင်းတစ်ယောက်က ပြောတော့မှဘဲ ကျွန်မတို့လည်း စကားစတွေခဏရပ်လို့ ပါလာတဲ့ ပစ္စည်းလေးတွေကိုင်ပြီး သင့်တော်မယ့် နေရာ၊ အရိပ်ရမယ့်နေရာကောင်းကောင်းလေးကိုရွေးချယ်ကြပြီး နေရာထိုင်ခင်းတွေပြင်ဆင်ရပါတော့တယ်။

အော်…. သူငယ်ချင်းတွေက အရင်လိုပါပဲ ဘယ်လိုပုံစံနဲ့တွေ့ကြတွေ့ကြ..ပျော်ရတာချည်းပဲလေ။ ပြောင်းလဲလာတဲ့ သွင်ပြင်တွေနဲ့ အသက်တွေပဲဘယ်လိုပဲကြီးလာပါစေ ငယ်သူငယ်ချင်းအသိလေးက အားလုံးကို အရင်လိုပဲ နွေးထွေးစေလျက်ပါ။

ကိုယ်စီကိုယ်စီ လုပ်ငန်းခွင်အကြောင်းပြောကြတော့ အားငယ်ရသူက ကျွန်မပဲလေ။ ရာထူးနဲ့ပညာက သူတို့တွေအားလုံးနဲ့စာရင် ကျွန်မက အောက်ဆုံးအဆင့်။ မအားမလပ်တဲ့ကြားထဲက သင်တန်းတွေတက် ရာထူးတိုးဖို့၊ လစာတိုးဖို့ ကြိုးစားနေကြသူတွေချည်းပဲ….။ မသိစိတ်က အားကျလျက်သား။
“ကဲ..ဒေါ်သူဇာ…ပြောစမ်းပါဦး…မျက်မှန်က ဘယ်တုန်းကတည်းကတပ်နေရတာလဲ ငါတို့တောင် ဘာမှမဖြစ်ဘူး”
“ ဟဲ့..ဘာမှမဖြစ်ဘူးမပြောနဲ့….မဖြစ်သေးတာ…တစ်နေ့ဖြစ်လာမှာ..”
“ နီလာရေ..ငါတို့သူဇာ့ကိုအဖော်စပ်ရအောင်…” “အေး…ပြောလိုက်လေ…”
“ ဘာလဲဟ..ပြောလေ..”
“ ငါတို့ သင်တန်းတစ်ခုတက်မလားလို့… ညနေပိုင်းလေးပဲ.. ”
ဖိုးအောင်က ကြိုသိထားတဲ့မျက်နှာပေးနဲ့ အပိုအလုပ်တွေဆိုတဲ့ပုံစံနဲ့ ကျွန်မကို ရှုံ့မဲ့ပြနေပါတယ်။ “ နင်တို့ သူ့ကို အဖော်မစပ်နဲ့ သူမတက်ဘူး ငါသိတယ်။ ”
“ ဘာလဲဟ…အရင်ပြောကြည့်ပေါ့ စိတ်ဝင်စားတော့လည်း တက်ရတာပေါ့”
“အေးဟ… ငါပြောမယ်…။ ငါတို့တွေ အသက်က တဖြည်းဖြည်းကြီးလာပြီလေဟာ… အဲ့ဒိတော့… ကျန်းမာဖို့လိုလာပြီလေ.. ကျန်းမာရေးနဲ့ ညီညွှတ်အောင် ကိုယ်ကာယသင်တန်းလေး တက်မလာလို့ အဲ့ဒါနင့်ကို အဖော်စပ်ကြည့်တာ..”

စကားကိုလိုရင်းမပြောပဲ ဒီလောက်ကွေ့နေရင်တော့ ကျွန်မသဘောမကျတဲ့သင်တန်း၊ သူတို့ကိုလည်း သဘောမတူမယ့်သင်တန်းဆိုတာ ကျွန်မ ရိပ်မိနေပါပြီ။ နဂိုကတည်းက စိတ်မ၀င်စားတဲ့ ကျွန်မကို အဖော်စပ်ချင်တော့ ကျန်းမာရေးတို့ အသက်ကြီးတာတို့နဲ့ ရှည်ရှည်ဝေးဝေး ပြောပြနေတော့တာပေါ့။

“ ဟယ်..နင်တို့ကလည်း ဒါက သင်တန်းတက်စရာလားဟ.. မကြီးမငယ်နဲ့.. ရှက်စရာကြီး”
“ ဟယ်..ဘာရှက်စရာရှိလဲ.. ပြီးတော့ ဒါက ကျန်းမာရေးတွက်ပဲဟာကို..”

အတိုင်အဖောက်မညီကြတော့ စကားစက ပြောနေရင်းနဲ့ ပြတ်ပြီ။ ကျွန်မသူငယ်ချင်းတွေ အပျော်အပါးမက်တာ ကျွန်မသိတာပေါ့   အဲ့ဒိတော့ကျွန်မလည်း….
“ ဒါဆို…ငါနဲ့အတူတူ နင်တို့လည်းသင်တန်းတစ်ခု လိုက်တက်ရမယ် ဘယ်လိုလဲ… အဲ့ဒါဆို ငါလည်း လိုက်တက်မယ်”
“ ဟဲ့..တစ်ကယ်နော်… ပြော.. နင့်သင်တန်းကဘာလဲ..”
“အဘိဓမ္မာသင်တန်း”
“ဘာ…. အဘိဓမ္မာသင်တန်းဟုတ်လား”
“ ဟဲ့.. တိုးတိုးပြောပါ.. နင်ကလည်း. ဒါကလန့်စရာကျနေတာပဲ”

ကျွန်မသူငယ်ချင်းတို့ ပြိုင်တူအော်လိုက်သံကြောင့်  ရုတ်တရက် ကျွန်မ လန့်တောင်သွားသလိုပဲ… မကြားဖူးတဲ့ ကြောက်စရာအသံတစ်ခုကို ကြားလိုက်ရသလိုပုံစံနဲ့ ဖြစ်ပျက်သွားတဲ့ မျက်နှာပြင်တွေကိုတော့ အရင်းနှီးဆုံးသူငယ်ချင်း ကျွန်မတောင် အံ့သြယူလိုက်ရပါတယ်။

“ အမလေးလေး… သူဇာ.. နင့်ဘာသာ ငါတို့နဲ့တက်ချင်တက် မတက်ချင်နေ… ငါတော့ မတက်နိုင်ဘူး နင့်သင်တန်းကို…”
“ အေး…ငါလဲမတက်ချင်ဘူး… အဲဒါကတွေက အသက်ကြီးလာမှတက်ရမှာမဟုတ်လား..”
“အောင်မာ… ခုနကပြောတော့ အသက်ကြီးလာပြီဆို….. ငါက သိထားသင့်တာတွေကို တိုက်တွန်းတာနော်”
“အေးပါ နင်ပဲသိပါ၊ နင်ပဲတက်ပါ။”
“ကဲကဲ… စကားလည်းပြောကြ..စားလည်းစားကြ…”
သူငယ်ချင်းတစ်ယောက်က အစားဘက်သို့ အာရုဏ်ပြောင်းပေးလို့သာ စကားစပြတ်သွားပေမယ့် အားလုံးရဲ့စိတ်ထဲတော့ တစ်ခုခု ဖြစ်သွားမှာ အမှန်ပင်။ အသက်ရွယ်တူပေမယ့် အတွေးမတူတဲ့ ကျွန်မသူငယ်ချင်းတွေကတော့ အရင်လိုပဲ အရင်အတိုင်းပါပဲ။

ဘာသာရေးအကြောင်းတွေကို အရင်ကတည်းက အားနည်းတဲ့ ကျွန်မရဲ့ သူငယ်ချင်းတွေက အသက်ကြီးလာလို့များ ပြောင်းလဲလာကြ မလားလို့ ကျွန်မ စကား စ လိုက်ခြင်းပါ။ ကိုယ်လည်း လူတက်ကြီးမဟုတ်ပေမယ့် ဒီအရွယ်မှာတော့ အရင်ဆုံးလေ့လာသင့်တယ်လို့ ကျွန်မ ခံယူထားမိလို့ပါ။

စကားဝိုင်းပြီးတော့ အစားဝိုင်းပေါ့ ။ ကိုယ်စီကိုယ်စီ ယူလာတဲ့ စားစရာတွေနဲ့ စားလိုက် ပြောလိုက်နဲ့ ကျွန်မတို့သူငယ်ချင်းတွေရဲ့ တွေ့ဆုံခြင်း တစ်နေ့တာကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ရည်ရွယ်ချက်ကိုယ်စီနဲ့ လျောက်လှမ်းနေတဲ့ လမ်းကြောင်းတွေက မတူကြပေမယ့် တစ်နေ့တော့ အားလုံးအရွယ်တူစွာနဲ့ အသက်တွေ ကြီးလာကြမှာပါ။ ကုန်လွန်သွားမယ့်အချိန်တိုင်းမှာ ကိုယ့်တွက်တော့ အသိပညာကိုယ်စီရကြမှာတော့ အမှန်ပင်။

ဆင်ခြင်စရာတရားသဘောတွေက လက်တွေ့နဲ့သိပ်မကွာတော့ပေ။ တဖြည်းဖြည်းပြောင်းလဲလာတဲ့ ခန္ဓာကိုယ်ကြီးကြောင့် ခုဆို ကျွန်မက မျက်မှန်နဲ့လေ။ နဂိုထက် ပိုဝလာတဲ့ သူငယ်ချင်းတစ်ယောက်က အထိုင်အထသိပ်မကောင်းတော့။ ဒီလိုဒီလို သဘောလေးတွေကို စကားအနေနဲ့တောင် ပြောဖို့သတိမရတဲ့ ကျွန်မသူငယ်ချင်းတွေကို ကျွန်မကပဲ နားလည်တဲ့ အကြည့်လေးတွေနဲ့ နားလည်ပေးလိုက်ရပါတယ်။

နောက်တစ်ချိန် ထပ်တွေ့ကြမယ့် တွေ့ဆုံပွဲလေးမှာ ဘယ်သူတွေက ဘယ်လိုပြောင်းလဲလာမယ်ဆိုတာ ကြိုတင်ခန့်မှန်းလို့ ရနိုင်တာမှ မဟုတ်တာနော်။ တစ်ရက်ထက်တစ်ရက် တာဝန်တွေပိုလာတဲ့ ကျွန်မမှာတော့ ……..မသိမသာ ကုန်လွန်လာတဲ့ အချိန်တွေက သိသာလာတာ အမှန်ပင်။
စိမ့်စမ်းရေ
13.1.2013
တက္ကသိုလ်ရဟန်းပျို ဓမ္မစာစောင်၊ အတွဲ ၁၊ အမှတ် ၆၊ စာမျက်နှာ 40 တွင်လည်း ဖတ်ရှု့နိုင်ပါသည်။ 


Posted by စိမ့်စမ်းရေ on Saturday, March 16, 2013

0 comments

Post a Comment