“မိုးရေ…မိုးမိုး…”
“ အမရေ..အမ… ဒါ မိုးမိုးတို့အိမ်လားဟင်…”

“ဟဲ့..သမီး..အိမ်ရှေ့မှာ ဧည့်သည်လားမသိဘူး…ထွက်ကြည့်လိုက်ဦး…”

ညနေပိုင်း အလုပ်ပြန်လာချိန်မို့ မိသားစုတွေ ထမင်းစားနေခြင်းကြောင့်  အိမ်ရှေ့ကခေါ်သံကို ရုတ်တရက် မကြားမိလိုက်ပါ။  ကျွန်မနာမည်ကို မေးလာတာမို့ ဘယ်သူများလည်းလို့ စူးစမ်းစိတ်နဲ့ အိမ်အပြင်သို့ ကျွန်မ ထွက်လာလိုက်ပါတယ်။

“ဟယ်….မမနီ… အိမ်လာလည်တယ်ဟုတ်လား……လာ…လာ…”

ဝမ်းသာအားရအမူအရာဖြစ်သွားတဲ့ကျွန်မကို မမနီကတော့ “ ပိုရန်ကော..” လို့ဆိုတဲ့ ပုံစံမျိုးနဲ့ ထူးဆန်းစွာပင် ကြည့်နေခဲ့ပါတယ်။ အလုပ်ပြောင်းပြီးကတည်းက မတွေ့ရတော့တဲ့ မမနီကို ကျွန်မလည်း မေ့ပျောက်ထားတာ ကြာရောပေါ့။  ချောင်ကျတဲ့ ကျွန်မတို့လို အိမ်မျိုးကို ရောက်လာခဲ့လိမ့်မယ်လို့လည်း မထင်ထားမိဘူးလေ။

“ အမေ..ဒါ…သမီးပြောပြောနေတဲ့ မမနီ ဆိုတာပေါ့… အရင်ကအလုပ်နဲ့ ဘေးချင်းကပ်လေ…”
“ အော်……အေးအေး…သိပီ..သိပီ…”

အလုပ်ကအကြောင်းတွေပါ ပြောပြတတ်တဲ့ ကျွန်မအကျင့်ကြောင့် အမေကတော့ လူမသိတောင် နာမည်တွေတော့ ရင်းနှီးပြီးသားလေ။ ကဲကဲ..စကားပြောကြဆိုတဲ့ အမူအရာနဲ့ အမေ ကျွန်မကို လှမ်းကြည့်လိုက်ပါတယ်။

“ မမနီ..ကဲ..ပြော.. သက်သက်လာလည်တာကော ဟုတ်ရဲ့လား…”

မမနီက အတူပါလာတဲ့ သူ့မောင်လေးဘက် မျက်နှာမူလိုက်ပြီး မောင်လေး..ပြောပြလိုက်ပါ..ဆိုတဲ့ဟန်…
မမနီမောင်လေးကလည်း.. အမပဲ ပြောပြလိုက်တာဆိုတဲ့ပုံ………..နဲ့ဆိုတော့.. ကျွန်မ တစ်ခုခုကို သဘောပေါက်လိုက်ပါတယ်။

“ အင်း…ဟုတ်တယ်…မိုးရေ… မမနီတို့ဆိုင်မှာ မိုးကိုခေါ်ထားချင်လို့…အလုပ်သမားလိုမဟုတ်ဘူးနော်. တစ်ဆိုင်လုံးကို မိုးတစ်ယောက်တည်း ဦးစီးရမှာ…။”
“ရှင်………”
“ဖြစ်ပါ့မလား..မမနီရယ်……အရင်ဆိုင်နဲ့…”
“ ဟုတ်တယ်…မမနီစဉ်းစားပြီးသားပါ  ဒီ့အတွက်တော့ မိုး.ဘာမှ မပူနဲ့…”

 ခု မိုးက အလုပ်အဆင်ပြေ နေတယ်ဆိုတာလည်းသိတယ်.. လစာကောင်းတာလဲသိတယ်.. ခုရတာထက်လည်း မိုးကို ပိုပေးချင်လို့။ တခြားအခွင့်အရေးတွေလည်း မမနီတို့ပေးမှာပါ။  မမနီတို့က ခု လူလိုနေတော့ တခြားသူကိုလည်း မခေါ်ချင်ဘူးလေ… ဒါ့ကြောင့်  ဒီထိရောက်လာတာပေါ့… ဖြစ်နိုင်မယ်ဆိုရင်  မိုးကိုပဲ မမနီတို့က ခေါ်ချင်တာလေ။ ”

“ မိုးဘက်ကသာ အဆင်ပြေခဲ့ရင်  မမနီက တခြားဆိုင်သစ် ဖွင့်မလို့…အဲဒါကြောင့်ပါ။

တစ်နာရီလောက် စကားပြောပြီးသွားတော့ မမနီတို့ပြန်သွားပါတယ်။ ကျန်ခဲ့တဲ့မိုးတို့မိသားစုကတော့ ဆက်ပြီးခေါင်းချင်းဆိုင်ပေါ့။
မိဘတွေဆီကိုလည်း တစ်ခါတည်းအသိပေး အကြောင်းကြားလာတော့  မိုး.ဘယ်လိုတွေ အဖြေပေးရပါ့မလဲ။ အဖြေအတိအကျကို နောက်တစ်ပါတ်ကြာရင် ပေးပါတဲ့လေ။

လိုချင်တဲ့သူက ပြောချင်တဲ့စကားတွေကို ဆက်တိုက်ပြောသွားပေမယ့် ကျွန်မတွက်တော့  မနည်းကြီး စဉ်းစားရမှာပါ။ ကိုယ်ကျွမ်းကျင်တဲ့အလုပ်လဲဖြစ်ပြန် လစာကလည်းကောင်းဦးမယ်၊ အိမ်နဲ့ကလည်းနီးတယ်၊ မမနီကလည်း ကိုယ့်ကိုလိုချင်လို့တောင် အိမ်ထိရောက်လာတာ……………..။

တစ်ကယ့်တစ်ကယ် ရွေးချယ်ရပြီဆိုတော့ အရင်ကိစ္စတွေက ခေါင်းထဲ တဖြည်းဖြည်းနဲ့ တရိပ်ရိပ်ပေါ့။ ကာလတစ်ခုကြာခဲ့ပေမယ့်လည်း မေ့တော့ဘယ်မေ့ပါ့မလဲ..။  အလုပ်သစ်မှာ ပျော်မွေ့နေပေမယ့် 5 နှစ်လောက်လုပ်ခဲ့တဲ့ နေရာကိုတော့ အပတ်စဉ် သတိရမြဲ ရလျှက်ပါ။

*****-----*****------*****

တစ်ချိန်က မေးထူးခေါ်ပြောသာ ရှိခဲ့တဲ့ မမနီတို့က လုပ်ငန်းကြီးတွေလုပ်တဲ့ လုပ်ငန်းရှင်ပါ။ မိုးတို့က ဘေးဆိုင်သေးသေးလေးက အလုပ်သမားတွေ၊ မိုးတို့ဆိုင်ရှင်က မမနီတို့ဆိုင်ကနေမှ တစ်ဆင့်ပြန်လည်ရောင်းနေရသူ။

အလုပ်သမားလေး ၂ယောက်နဲ့ လည်ပတ်နေပေမယ့် အရမ်းကိုမောက်မာလွန်းတာကြောင့် အမြဲပဲနာမည်ဆိုးရှိခဲ့တဲ့ဆိုင်မှာ မိုးက 5 နှစ်နီးပါးပါ။ ခွင့်လွတ်သည်းခံပြီးနေလာခဲ့တာ နှစ်ကြာဆိုလို့ မိုးတစ်ယောက်တည်းရယ်။

အပြောအဆိုကအစ ကြမ်းတမ်းတာမို့ အပြစ်မရှိအောင်နေနိုင်သူမို့လည်း အနီးပတ်ဝန်းကျင်က မိုးကို ချီးကျူးကြပါတယ်။ မမနီက အဲ့ဒိကတည်းက ခေါ်ချင်ကြောင်းပြောပေမယ့် မိုးက ကျေးဇူးတရားတွေကြောင့် ဘယ်တော့မှ မိုးဘက်က စပြီး အလုပ်မထွက်ချင်ကြောင်း ပြောခဲ့တာ။

10တန်း မအောင်ခင်ကတည်းက အလုပ်လုပ်ခဲ့တဲ့မိုးက  ဘွဲ့ရ ဖြစ်လာတော့ အမြင်မကြည်တဲ့ဆိုင်ရှင်က တခုခုဆိုတိုင်း ဒါကိုပဲခဏခဏ ထည့်ပြောတတ်လာတယ်။ ငွေကြေးမရှိဘဲနဲ့ ဘွဲ့ရအောင် ပညာသင်ကြားတာဟာ သူ့အတွက်တော့ မိုးကို အပြစ်ပြောစရာတစ်ခုလို မြင်တတ်လာတော့တယ်။  စကားလုံးသုံနှုန်းမှုကြမ်းလာတော့ မိုးလည်း သည်းမခံနိုင် တော့တာနဲ့ပဲ ကောင်းကောင်းမွန်မွန်ပြောပြီး အလုပ်ပြောင်းလာခဲ့တာ။ “ကျောပူသာခံနိုင်မယ် နားပူတော့ မခံနိုင်ဘူး ” ဆိုတာ အသေအချာပါပဲ။

မမနီတို့က ချက်ချင်းခေါ်ပေမယ့် မိုးမလုပ်ခဲ့ပါဘူး။ အရင်ဆိုင်ရှင်ကို ကိုယ်ကဆိုင်ရှင်သဘောလုပ်ဆောင်ရမည့် အလုပ်တွေကို တစ်ကယ်ပင်အားနာမိပါတယ်။ လုပ်နည်းလုပ်ဟန်တွေက သူကကိုယ့်ကိုအောက်ကျို့ရမယ့် အနေအထားမို့လည်း မိုးက ဖြစ်ပါ့မလားလို့ စဉ်းစားနေမိတာပါ။
လူတစ်ယောက်တစ်နေ့မှာ ဘယ်နေရာကိုရောက်မယ်ဆိုတာကို ဘယ်သူမှမသိနိုင်ကြဘူးမလား။ ခုတော့ မိုးက အရင်ဆိုင်ရှင်ကို ဈေးဝယ်သူတစ်ယောက်ကို ပြောဆိုရတော့မယ်လေ။
“ဟင်း………..မလွယ်ပါဘူး..”

“သမီး…မိုး….အိပ်တော့လေ….”
“ဟုတ်..အမေ”

အိပ်ယာထဲ ဟိုလှိမ့်ဒီလှိမ့်ရင်းနဲ့ စဉ်းစားနေမိသမျှ ခေါင်းတွေတောင် ထူပူလာသလိုပါပဲ..။ 
သေချာတွေးကြည့်ရင်တော့ လူတစ်ယောက်ရဲ့ဘ၀အခြေအနေနဲ့ အလုပ်အကိုင်ပြောင်းလဲခြင်းဟာ ပုံသေမဟုတ်ဘူးဆိုတာကို ကျွန်မလက်တွေ့ သိလိုက်ရပါတယ်။ ရောက်နေတဲ့နေရာ အခိုက်အတန့်လေးက တစ်သက်လုံးတည်မြဲနေလိမ့်မယ်လို့ ဘယ်သူမှ တစ်ထစ်ချ ယုံကြည်ထားလို့မရပါဘူး။ ငါ့အောက်ကလူ ငါ့အောက်ပဲ ဆိုတဲ့အတွေးက ရိုးရှင်းလွန်းပါတယ်။

ကိုယ်တိုင်ကြုံထားဖူးသူတွေသာ ဒီသဘောတရားတွေကို နားလည်နိုင်ပေမယ့် အတွေ့အကြုံနဲ့ အသိတရား ပေါင်းစပ်ထားခြင်း မရှိသူတွေကတော့ ပြောပြလို့တောင် နားဝင်နိုင်ကြမှာမဟုတ်ဘူးလို့ ကျွန်မ သဘောပေါက်လိုက်ရပါပြီ။

လူတိုင်းကကိုယ့်ကံကြမ္မာကို ကိုယ်တိုင်မလှည့်ရင်တော့ တခြားသူကြောင့် လည်ပတ်နိုင်တယ်ဆိုတာ… ကျွန်မ ယုံလိုက်ပါပြီ။

စိမ့်စမ်းရေ
16.12.2012
တက္ကသိုလ်ရဟန်းပျို ဓမ္မစာစောင်၊ အတွဲ ၁၊ အမှတ် 5၊ စာမျက်နှာ 32 တွင်လည်း ဖတ်ရှု့နိုင်ပါသည်။ 







Posted by စိမ့်စမ်းရေ on Friday, March 15, 2013

0 comments

Post a Comment