ယုံကြည်မှုရဲ့လမ်းစ….

“သား…အသင့်ပဲနော်… ဒီမှာ.”
“ဟုတ်ကဲ့အမေ”
အလုပ်ကပြန်လာလာချင်း အသင့်တွေ့လိုက်ရတဲ့ အ၀တ်အစားတွေကြောင့် အမေ ညနေကတည်းက ပြင်ဆင်နေတယ်ဆိုတာ သိလောက်ပါတယ်။ ဒီလိုနေ့မျိုးဆို အမေတို့က တာဝန်ကို ကျေသည်ထက်တောင် ပိုနေချင်သေးတယ်။
ဆယ်ကျော်သက်အရွယ်ကတည်းက အထုတ်အပိုးတွေကြားမှာပဲ ကြီးပြင်းခဲ့တော့ တောင့်တင်းနေတဲ့ခန္ဓာကိုယ်နဲ့ မလိုက်ဖက်စွာ အမေ့ကိုတော့ ပိုတယ်ဟုသာ ထင်နေမိတယ်။
“သား…ရေချိုးလေ…ထမင်းစားသွား…မှောင်တောင်နေပြီ.. ကဲ.မြန်မြန်လုပ်…”
အမေ့ရဲ့ တတွတ်တွတ်ပြောဆိုနေသံတွေက ၀မ်းသာနေတဲ့အသံတွေ လှိုင်နေလေရဲ့..
ကိုယ်တစ်ယောက်တည်းသွားရမှာဆိုတဲ့ အသိက ဒီနေရာမှာတော့ အနည်းငယ် တုန်လှုပ်နေ သယောင်ယောင်….။

“အမေ…သားသွားပြီနော်….”
“အေးအေး..ကောင်းကောင်းသွားနော်…. လမ်းလျှောက်မသွားနဲ့နော်…မှောင်နေပြီ.”
“ဟုတ်ကဲ့”
ဒါလဲလေ လိမ်ညာတာတစ်မျိုးပဲလေလား..။ ပြန်မပြော၊နားမထောင်ဆိုတာ ကျွန်တော်ကိုယ်တိုင်ပါပဲ။ ကျွန်တော် အေးအေးဆေးဆေး လမ်းလျှောက်သွားပါမည်။

အိမ်ထဲကနေ လက်ပြနှုတ်ဆက်ရင်းကျန်ခဲ့တဲ့အမေ့ကို ကျွန်တော် စကားအပိုမဆိုဘဲ ထွက်လာခဲ့လိုက်ပါတယ်။ အမေ့ကို ကျွန်တော် တစ်ကယ်ကျေးဇူးတင်ပါတယ်။ သားသမီးတစ်ယောက် ကောင်းတာဆိုးတာမှန်သမျှ မညည်းမညူ၊ တွန့ှ်ဆုတ်တွေဝေခြင်းမရှိဘဲ သားအလိုကိုလိုက်ပေးတဲ့အမေ..။မျက်နှာတစ်ချက်အညှိုးမခံဘဲ ဖြစ်ချင်တာကို ဖြည့်ဆည်းပေးတဲ့အမေ၊

အသင့်ပြင်ပေးထားတဲ့ ဘေးလွယ်အိတ်ထဲမှာ ဘာတွေပါမလဲဆိုတာ မကြည့်ဘဲနဲ့တောင် ကျွန်တော် သိနေပါတယ်။
အ၀တ်အစားက ၂စုံ၊ စားစရာမုန့်၊ မျက်နှာသုတ်ပုဝါ၊ သွားတိုက်ဆေးနဲ့ သွားပွတ်တံ၊ ခေါင်းလိမ်းတဲ့ဂျယ် နဲ့ သနပ်ခါးဗူးလေးတောင် ပါမယ်ထင်ရဲ့..။

တစ်ပတ်မှတစ်ခါသာ ပြင်ပေးရတဲ့ ဒီလိုကိစ္စကို အမေက နေ့တိုင်းတောင်လုပ်ပေးချင်နေတာ…။ ပထမဆုံးနေ့မို့လည်း အကဲပိုတာ ဖြစ်နိုင်ပါတယ်။ တစ်ကြိမ်တစ်ခါမှ စိတ်မရောက်ခဲ့ဖူးတဲ့ နေရာကို သွားရမယ်ဆိုတော့ အမေ့ရဲ့ အပျော်မျက်လုံးတွေကို ကျွန်တော်သိနေခဲ့တယ်။ မြင်နေခဲ့တယ်။
ကိုကျော်နဲ့ ကျွန်တော် သိခဲ့ရတာကိုလည်း နတ်ကောင်းနတ်မြတ်တွေများ ဖန်ဆင်းလေသလားလို့တောင် အမေကတွေးနေလောက်မှာပါ။ အင်းလေ……မိဘဆိုတာကတော့ သားသမီးတိုင်းကို ကောင်းတဲ့အလုပ်လေးတွေပဲ လုပ်စေချင်တာ ဓမ္မတာပါပဲ…………။

*****-----*****-----*****

ဖြောင်းဖြောင်း……………ဖြောင်းဖြောင်း..
လပ်ခုပ်သံကြားရာကြောင့် လှမ်းလက်စ ခြေလှမ်းယိုင်ယိုင်တွေက နောက်ပြန်လှည့်မိလျက်သား………
“ဟေ့ရောင် အတုံး…….. မနက်ဖန် ဟိုကန်ကြီးကိုသွားကြမယ်..”
“အေးအေး”

ပလက်ဖောင်း ဟိုဘက်ဘေးနဲ့  ဒီဘက်ဘေးကို အကျယ်ကြီးလှမ်းအော်ပြောရင်း ချစ်လုံးတစ်ယောက်တော့ ရပ်ကွက်ထဲပြေးဝင်ပျောက်ကွယ်သွားလေပြီ။  မနက်ဖန်ဥပုသ်နေ့ သူတို့အားလုံးအလုပ်ပိတ်တယ်လေ။ အဲဒိတော့ အားလုံးရဲ့ စုရပ်ဆီသို့ ချိန်းဆိုနေကြခြင်းသာ……။


“ ဟဲ့..သား..ဘယ်သွားမလို့လဲ…”
“ချစ်လုံးတို့နဲ့ အမေ ……………….”
“ဥပုသ်နေ့လေးကိုကွယ် တစ်ရက်လေးနားရတာ..နားပါလား ငါ့သားရယ်….ကိုယ်က ပင်ပင်ပန်းပန်းလုပ်ထားရတာ..”
“ဟာ……….အမေကလည်း ဒီနေ့မှ ငါးတွေက ပိုထွက်တာ…….”
“ကျွန်တော်သွားပြီ…….”

တုံးတိတိစကားသံက ကျွန်တော့နောက်ကျောမှာ ခပ်ပြတ်ပြတ်ကျန်ခဲ့ပြီ။ ချစ်လုံးတို့ကို မစောင့်စေချင်တော့လည်း ကိုယ်ကပဲ ဦးအောင်ရောက်ခဲ့ရပြီပေါ့။
တစ်နေကုန်နီးပါး ငါးတွေမျှား၊ အိုင်တွေပက်နဲ့ ပေသလူးနေတဲ့ ကိုယ်လုံးတွေကို ဘာလို့များနှစ်ခြိုက်သဘောကျခဲ့ပါလိမ့်လို့ ကိုယ့်ကိုယ်ကိုတောင် ပြန်မတွေးမိခဲ့ပါဘူး။ ငါးသတ်၊ ဖားသတ် တာလောက် အတုံးတို့ကျွမ်းကျင်တာမရှိ။

တစ်နေ့တာကုန်ဆုံးခဲ့ပြီဆိုရင်တော့ ညနေအိမ်ပြန်ချိန်လေးက ဝေေ၀၀ါးဝါး…။ အပေါင်းအသင်းတစ်သိုက်နဲ့ အပျော်လွန်ပြီး လျောက်သွားပြီးပြီဆိုရင်တော့……အိမ်ဘက်ကို ခြေဦးလှည့်ချိန်က ည 8 နာရီ။

သူအိမ်ပြန်မလာမချင်း ထိုင်စောင့်တတ်တဲ့ အမေ၊ မနိုင်တစ်နိုင် သားကိုယ်လုံးကို တွဲကူရင်းနဲ့ တစ်ဗျစ်တောက်တောက် ပြောတတ်တဲ့အမေ..။ သားလုပ်သမျှ အကောင်းချည်းလို့ ထင်နေတဲ့အမေ…………။ အော်..အမေရယ်…။

ကန်တော်ကြီးတစ်ပတ်လည်ကို ဖြေးဖြေးလေးလေး လျှောက်နေရင်း… သိပ်မကြာခင်က ကိုယ့်ကိုယ့်ကို ကျွန်တော်  ပြန်ကြည့်နေမိတယ်။ ငါမှဟုတ်သေးရဲ့လားလို့။ စီးပွားရှာတာလဲမဟုတ်၊ အပျော်သဘောလဲမဟုတ်ဘဲနဲ့ အလုပ်ပိတ်ရက် ဥပုသ်နေ့တိုင်း ငါးတွေဖမ်းလိုက်၊ သတ်လိုက်နဲ့ တစ်ချိန်ကအလုပ်တွေက ခုတော့လဲ စိတ်ကုန်ချင်စရာ………….……။

တ၀ီဝီမောင်းနေတဲ့ ကားသံတွေကြားမှာ ကျွန်တော့်ခြေလှမ်းတွေက ရွှေတီဂုံဘုရားအရှေ့ဘက်မုခ်ကို နီးလာခဲ့ပြီ။ ကျွန်တော့်ရဲ့ သူငယ်ချင်းအသစ်က အသင့်စောင့်နေမယ်ပြောလို့သာ အားတင်းပြီးလာရပေမယ့် ဒီလိုနေရာတွေက ငါနဲ့မှ အပ်စပ်ရဲ့လားလို့….။ သွားကျင့်လာကျင့်သိပ်မရှိတဲ့ ဒီနေရာက ကျွန်တော့်ကို သိမ်ငယ်စေတာတော့အမှန်ပင်..။ ရပ်ကွက်ထဲကအပေါင်းအသင်းသာ သူငယ်ချင်းလို့ သတ်မှတ်ထားတော့.. ဘယ်သူဘာပြောပြော နားမ၀င်ခဲ့တဲ့ကျွန်တော့်ခြေလှမ်းတွေ....ခုတော့..ပြောင်းပြန်များ လှမ်းမိနေတာလား..။

“ဟော..အတုံး…လာ..လာ”
“ကိုယ်တို့ဒီဘက်မှာ ..မင်းလာမှ လာပါ့မလားလို့..”

ဓမ္မာရုံအပေါက်ဝလေးမှာ ကျွန်တော့်ကို စောင့်နေကြတဲ့ သူငယ်ချင်းတွေ 3 ယောက် ၊ 4 ယောက်။ ထိန်ထိန်ညီးနေတဲ့ မီးရောင်ကြောင့် ကိုကျော်တို့ ဓမ္မာရုံကြီးက သိပ်ကိုလှတာ..။ တာဝန်ကိုယ်စီလုပ်နေကြတဲ့ တခြားအသင်းသားတွေကြားမှာ ကျွန်တော့်မျက်လုံးတွေက အားငယ်နေတာအမှန်ပင်..။ ယောင်္ကျားကြီးတန်မဲ့ အကိုကျော့်လက်ကို တွဲထားတဲ့ကျွန်တော်က ခြေလှမ်းတွေတောင် ဘေးတိုက်လှမ်းမိနေတော့တယ်။ ဂဏန်းသွားဆိုတာ ဒါမျိုးထင်ပါရဲ့။

“မင်္ဂလာပါ….”
“မင်္ဂလာပါ..”
“မင်္ဂလာပါအကို…ဒါ အသစ်လား..”
“အသစ်မောင်လေး.မင်္ဂလာပါ”
တစ်ယောက်တစ်ပေါက် နှုတ်ဆက်သံတွေက ကျွန်တော့်စိတ်ကို စိုးရွံ့စေပြန်ပါပြီ။ အပေါ်ထပ်သို့အတက်မှာပင် မိန်းကလေးတော်တော်များများနဲ့ တွေ့ခဲ့ရပြီ။ ရှက်ရွံနေတဲ့ကျွန်တော်ကတော့ အကို့ကျော့်လက်ကို ခပ်တင်းတင်းသာ ဆွဲကိုင်ထားလေရဲ့။

“လာ.ညီ….အိတ်ကိုဒီမှာထားခဲ့… ကိုယ်တို့ ထမင်းသွားစားကြမယ်”

ခေါင်းသာ ညှိမ့်ပြလိုက်ရင်း ဒီတစ်ခါလည်း ကျွန်တော် ယက်ကန်ယက်ကန်နဲ့ ပါသွားပြန်ပါပြီ။ ထမင်းစားဆောင်က အောက်ထပ်က အနောက်ဘက်ဆောင်။ ယောင်္ကျားလေးသပ်သပ်၊ မိန်းကလေးသပ်သပ် စားနေကြပေမယ့် ကျွန်တော်က အိမ်မှာတောင် နေရာလု စားတာ။ ဒီလိုမျိုးကြီး မစားတတ်ပါဘူး..။ ကျွန်တော့်တွက် ထမင်းတွေ၊ ဟင်းတွေ သွားယူပေးတာကိုစောင့်နေလိုက်ရင်း….။

ကိုကျော်က ကျွန်တော့်ရဲ့ကျေးဇူးတင်စရာပါ..ကျေးဇူးရှင်လို့တော့ကျွန်တော်မသိသေးဘူး။ သူ့ကြောင့် ကျွန်တော် ဒီကိုရောက်လာရတာ။ သူ့ကြောင့် ကျွန်တော် ချစ်လုံးတို့နဲ့ မတွေ့တော့တာ။ သူ့ကြောင့် ………..သူ့ကြောင့်..။

“အတုံး…စားလေကွာ…8နာရီတောင်ထိုးတော့မယ်. ခဏနေရင် ဘုရားရှိခိုးရမယ်”
“ဗျာ………..ဘုရားရှိခိုးရမယ်.”
“အေးလေ…”

ကျွန်တော်ဘာများတက်နိုင်တော့မည်နည်း။ လူပျိုပေါက်အရွယ်ထဲက မလုပ်ခဲ့တဲ့အလုပ်၊

သိပ်မကြာခင်ပဲ ကျွန်တော် အပေါ်ထပ်သို့ထပ်တက်ရပေမည်။ စိုးရွံခြင်းနဲ့ ရှက်ရွံ့ခြင်း တွေ ပေါင်းစပ်ထားတဲ့ ကျွန်တော့် ကိုယ်ခန္ဓာကတော့ ကိုကျော့်နောက်ကို လိုက်ရပေမည်။

“လာ..ညီလေး.သွားရအောင်..”

ဒီတစ်ခါမှာလည်း ကျွန်တော် ကိုကျော့်လက်ကို အတင်းပင်ဖမ်းဆွဲလိုက်ပြီး……….. ယုံကြည်ခြင်း……. အားကိုးခြင်းတွေ ပြည့်နေတဲ့ မျက်ဝန်းများနဲ့သာ အားကိုးတကြီး ကြည့်လိုက်မိပါတော့တယ်……။
ဒီတစ်ခါလည်းပဲ…ကျွန်တော်ရဲ့ခြေလှမ်းတွေက အစောကလိုပဲ.. ယက်ကန်ယက်ကန်နဲ့ ပါသွားလေရဲ့….။

ကြိုးစားပါဦးမည်။
စမ့်စမ်းရေ
27.9.2012


 တက္ကသိုလ်ရဟန်းပျိုဓမ္မစာစောင် အတွဲ-၁၊ အမှတ်-၃၊ စာမျက်နှာ 44 တွင်ဖတ်နိုင်ပါသေးတယ်။

http://www.takkathoyahanpyo.blogspot.com/2012/11/blog-post_1.html

http://www.scribd.com/embeds/111760289/content


Posted by စိမ့်စမ်းရေ on Saturday, November 17, 2012

0 comments

Post a Comment