ဆေးရုံ၏ သန့်ရှင်းမှု၊ တည်ဆောက် ထားသည့် ပုံစံ၊ လေ၀င်လေထွက် စနစ် များ စသည့် အားနည်းချက်တို့က ဆေးရုံသို့ ရောက်ရှိလာသော လူနာ များ အား ဆေးရုံ မှ တစ်ဆင့် ရောဂါပိုးများ ပြန်လည်ကူးစက်နိုင်သည့် အခွင့်အလမ်းကို ဖြစ်ပေါ်စေကြောင်း ကျန်းမာရေးအသိုင်းအ၀ိုင်းက သုံးသပ်ပြောကြားသည်။

 ဖွံ့ဖြိုးပြီးနိုင်ငံကြီး များရှိ ခေတ်မီဆေးရုံများတွင်ပင် ဆေးရုံများမှ ရောဂါပိုးများ လူနာများသို့ အနည်းနှင့်အများ ပြန်လည်ကူးစက်မှုရှိကြောင်း သိရပြီး ရောဂါထိန်းချုပ်နိုင်မှုစနစ် အားနည်း သည့် ဆေးရုံများတွင်မူ ရောဂါပိုးကူးစက်နိုင်မှု ရာခိုင်နှုန်းမှာ ပိုမိုမြင့်တက်သွားနိုင်သည်။

“မြန်မာပြည်မှာ တိကျတဲ့ လေ့လာမှု စုံစမ်းမှု မရှိတဲ့အတွက် ဘယ်လောက်ထိ ကူးစက်မှုဖြစ်ပေါ်နေတယ် ဆိုတာကို ဘယ်သူမှ မသိကြတာရယ်။ ဆေးရုံတွေကနေ ရောဂါပြန်ကူးနိုင်ကြတာရယ်ကို မသိကြတာဘဲရှိတယ်။ အခြေအနေတွေ အားလုံးက ကူးစက်ဖို့ အလွန်အားပေးနေတဲ့ အခြေအနေမှာ
ရှိနေတယ်”ဟု အသည်းရောဂါ အထူးကုဆရာဝန် ပါမောက္ခခင်မောင်ဝင်းကပြောသည်။

 ဆေးရုံများရှိ ဆရာဝန် ဆရာမများမှတစ်ဆင့်လည်းကောင်း၊ မသန့်ရှင်းသည့် ပစ္စည်းကိရိယာများ၊ လေ၀င်လေထွက်စနစ်များ အားနည်းခြင်းကြောင့် လေထဲမှတစ်ဆင့် ကူးစက်ခြင်းကြောင့်လည်းကောင်း၊ သွေးနှင့် သွေးပစ္စည်းများမှတစ်ဆင့်လည်းကောင်း Nosocomial infection ဟုခေါ်သည့် ပြင်းထန်လွန်းပြီး ဆေးမတိုးသည့် ဗိုင်းရပ်စ်များက ဆေးရုံတက်လူနာသို့ ကူးစက်ပျံ့နှံ့လေ့ရှိကြောင်း သိရသည်။


ဆေးရုံမှ ကူးစက်ပျံ့နှံ့သည့် ဗိုင်းရပ်စ်သည် ဆေးရုံအတွင်းရှိ ပိုးမွှားမျိုးစုံနှင့် ထိတွေ့နေသည့်အတွက် အရပ်ထဲတွင် ကူးစက်လေ့ရှိသည့် ဗိုင်းရပ်စ်ထက် ပြင်းထန်နိုင်ပြီး နောက်ဆုံးပေါ် ပိုးသတ်ဆေးများဖြင့် ကုသ၍လည်းမရသော ဆေးမတိုးသည့် ပြင်းထန်သော ဗိုင်းရပ်စ်ဖြစ်သည့်အတွက် အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

 နိုင်ငံအချို့တွင် ဆေးရုံများမှ လူနာများသို့ ရောဂါပြန်လည် ကူးစက်မှုနှုန်း၊ ဆေးကုသမှုဆိုင်ရာ အမှားများ စသည်တို့ကို အမြဲမပြတ် စောင့်ကြည့်လေ့လာပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများကလည်း အရည် အသွေးပြည့်မီသည့် ဆေးရုံများအား ပြည်သူများ ရွေးချယ်နိုင်ရန် သတင်းအချက်အလက်များအား သက်ဆိုင်ရာ ၀က်ဘ်ဆိုက် များတွင် ဖော်ပြထားသည်များလည်းရှိကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စုတွင် ဆေးရုံများမှ လူနာသို့ ရောဂါပိုးများ ကူးစက်မှုကြောင့် သေဆုံးနှုန်းသည် တစ်နှစ်လျှင် ခန့်မှန်းခြေ လူတစ်သိန်းခန့်အထိ ရှိနေပြီး ထိုသေဆုံးမှုသည် ယာဉ်မတော်တဆဖြစ်မှုများ၊ ရင်သားကင်ဆာရောဂါ၊ အေအိုင်ဒီအက်စ် ရောဂါများကြောင့် သေဆုံးမှုများထက် များပြားကြောင်း Katz Media Group ၏ အင်တာနက် စာမျက်နှာများတွင် ဖော်ပြထားသည်။

ဖွံ့ဖြိုးသည့်နိုင်ငံများတွင်မူ ရောဂါပိုးစစ်ဆေးကြည့်ခြင်းဖြင့် အခြေအနေ အမျိုးမျိုးကြောင့် ဖြစ်ပွား လာသည့် ရောဂါပိုး၊ ဆေးရုံမှ ကူးစက်လာသည့် ရောဂါပိုးဟူ၍ ရှာဖွေသိရှိနိုင်သော်လည်း ပြည်တွင်းတွင် အကြောင်းအမျိုးမျိုးကြောင့် လူနာအသက်သေဆုံးသွားသော်လည်း မည်သည့်အကြောင်းကြောင့် သေဆုံးသည်ကို သိရှိနိုင်မှု အားနည်းချက်များ ရှိနေကြောင်း ဒေါက်တာခင်မောင်ဝင်းက ဆက်လက်ပြောသည်။

ထိုကူးစက်မှု၏ အကြောင်းများထဲတွင် တက်ရောက်ကုသနိုင်သည့် ဆေးရုံအခြေအနေနှင့် လူနာ မမျှတခြင်း၊ အများနေထိုင် စုပေါင်းဆေးကုသရခြင်းတို့ကြောင့် လုံလောက်သည့် သန့်ရှင်းမှုများလည်း အားနည်းခြင်းများ ပါဝင်သည်။

 ရောဂါကူးစက်မှုအား ထိန်းချုပ်နိုင်ရန်အတွက် ဆေးရုံများကို သီးသန့်ဒီဇိုင်းများဖြင့် မဟုတ်ဘဲ ပုံမှန်ဆောက်လုပ်ရေးများမှ ဒီဇိုင်းများဖြင့် ဆေးရုံများ တည်ဆောက်နေခြင်းများကြောင့် ရောဂါပိုးများ ခိုအောင်းနေခြင်းများမှတစ်ဆင့် ကူးစက်ပျံ့နှံ့နိုင်ခြင်းများမှာလည်း အဓိက ပြဿနာများဖြစ်ကြောင်း ပညာရှင်များက ထောက်ပြပြောဆိုကြသည်။ “ဆေးရုံတက်တာ တစ်ပတ်လောက် ကြာခဲ့တယ်။ ဆေးရုံမှာ အိမ်သာတို့ ဘာတို့ကတော့ လူအများသုံးတယ်ဆိုပေမယ့် အဆင်ပြေတယ်။

ဒါပေမဲ့ ဆေးရုံတွေက လူများတဲ့အခါ ခန်းမထဲမှာ အားလုံးစုနေရတော့ လူနာတွေရဲ့ ဆီးပိုက်တွေ၊ နှာခေါင်းပိုက်တွေက ရုန်းရင်းကန်ရင်းနဲ့ တချို့ ဖိတ်ကျတာတွေလည်း ရှိတယ်။ သန့်ရှင်းရေးကလည်း မနက်တိုင်း ဆရာဝန်တွေ round မလှည့်ခင် ပုံမှန်လာလုပ်လေ့ရှိပေမယ့် တခြားအချိန် အဲဒီလို လူနာတွေက ဖိတ်ကျတဲ့ အညစ်အကြေးကိုတော့ လာမရှင်းကြတာတွေလည်း ရှိတယ်။ လူနာရှင်တွေ ဘေးနားက လူနာစောင့်တွေက ရှင်းရင်ရှင်း၊ မရှင်းရင်တော့ နောက်နေ့မှ သန့်ရှင်းရေးတွေက ပြန်ရှင်းကြတယ်။ အဲဒါတွေကနေ ထွက်လာတဲ့ အနံ့တွေက တော်တော်ဆိုးတယ်”ဟု ဒေါ်ညိုညိုက သူကြုံတွေ့ခဲ့ပုံကို ပြောသည်။

ဆေးရုံအတွင်း ၀င်ရောက်လိုက်သည်နှင့် အချို့ဆေးရုံများတွင် ဆေးရုံနံ့ကို သိသိသာသာ ခံစားရပြီး ပိုးသတ်ဆေးများ အသုံးပြု၍ ပိုးသတ်ရာတွင် ကျွမ်းကျင်မှုမရှိသည့် သန့်ရှင်းရေးဝန်ထမ်းများ၏ အချိန်အဆ မမှန်ကန်မှုများကြောင့် ပြင်းပြင်းထန်ထန် အနံ့ထွက်ခြင်းများလည်း ရှိသည်။

ထိုအနံ့က ရင်ကျပ်ဝေဒနာ ခံစားနေရသူများအတွက် ရောဂါပိုမိုဆိုးရွားနိုင်ပြီး အဆုတ်နှင့်ဆိုင်သော ရောဂါများအထိ ဖြစ်ပွားလာစေနိုင်ကြောင်း အငြိမ်းစား အထူးကုဆရာဝန် ဒေါက်တာဒေါ်ခင်ဝင်းဝင်းမြင့်က ပြောသည်။

အချို့ဆေးရုံများတွင် ရောဂါပိုးများ မကူးစက်စေရန် ရောဂါပိုးမွှားဆိုင်ရာ ထိန်းချုပ်ပျံ့နှံ့မှုများအား စိစစ်သည့် ပညာရှင်များနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားသော ပိုးသတ်သည့် စံနှုန်းများ သတ်မှတ်ထားသော်လည်း ထိုစံနှုန်းများအား တိကျစွာလိုက်နာရန် ငွေကြေးကုန်ကျမှု များပြားပြီး ထိုကဲ့သို့ လိုက်နာမှုမရှိပါကလည်း ရောဂါပိုးများ ကူးစက်ပျံ့နှံ့မည်ဖြစ်ကြောင်း ဒေါက်တာခင်မောင်ဝင်းကပြောသည်။

၂၀၀၈ ခုနှစ် စာရင်းများအရ မြန်မာနိုင်ငံတွင် ပြည်သူ့ဆေးရုံ ၈၄၆ ရုံရှိသည်ဟု ကျန်းမာရေးဆိုင်ရာ စာတမ်းအချို့၌ ဖော်ပြထားသည်။ စနစ်တကျ ပိုးသတ်ထားခြင်းမရှိသည့် ခုတင်များ၊ အိပ်ရာခင်းများ၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများ လူအများနှင့် ဆက်စပ်အသုံးပြုသည့် မိုက်ခရိုစကုပ်များ၊ ပြဒါးတိုင်များ စသည်တို့မှ ရောဂါပိုးများ ကူးစက်နိုင်သကဲ့သို့ ဆရာဝန် ဆရာမများ ပုံမှန်အသုံးပြုသည့် ဂျူတီကုတ်များ၊ ခေါင်းစွပ်များအား ရက်ကြာသည်အထိ မလျှော်သည့် အခြေအနေများမှတစ်ဆင့် ရောဂါပိုးများ လူနာများထံသို့ ကူးစက်ခြင်း၊ အချို့ဆေးရုံများတွင်လည်း ကွန်ဒိုတိုက်ခန်းများအား ဆေးရုံအဖြစ် ပြောင်းလဲဖွင့်လှစ်ခြင်း၊ အချို့ဆေးရုံများတွင် တည်ဆောက်ထားမှုအရ လေ၀င်လေထွက် ရရှိမှု ခက်ခဲခြင်းများလည်း ကြုံတွေ့ရကြောင်း သိရသည်။


“ဆေးရုံတွေကနေ ရောဂါပိုးတွေ မကူးစက်နိုင်အောင် အမြဲစစ်ဆေးနေတဲ့ ပညာရှင်တွေလည်း ဆေးရုံတွေမှာရှိပါတယ်။ သူတို့က ခွဲစိတ်ခန်းဆိုရင်လည်း ခွဲစိတ်မှုတစ်ခုပြီးတာနဲ့ လုပ်ရမယ့် ပိုးသတ်မှုစံနှုန်းတွေနဲ့ နောက်ခွဲစိတ်တဲ့ လူနာကို ပိုးကူးမှုမရှိအောင် ပိုးသတ်တာမျိုးတွေနဲ့ ဆေးရုံတက်တဲ့ လူနာကို ဆေးရုံကနေ ရောဂါပိုးတွေ ပြန်မကူးအောင် လိုအပ်တဲ့ ပိုးသတ်မှုတွေကို လုပ်ပါတယ်”ဟု အဏုဇီဝဗေဒဌာန ပါမောက္ခတစ်ဦးကပြောသည်။

စနစ်နှင့်ငွေကြေး ချို့တဲ့ခြင်းများကြောင့် လက်ရှိ ဆေးရုံများ၏ သန့်ရှင်းရေးမှအစ အရာရာသည် ယခင်ဆေးရုံများ၏ အခြေအနေနှင့် ကွာခြားသွားပြီဟု ထင်မြင်မိကြောင်း အငြိမ်းစားယူထားသည်မှာ ၁၃ နှစ်ကြာပြီဖြစ်သည့် ဓာတ်ခွဲခန်းမှူးတစ်ဦးက မှတ်ချက်ပြုပြောကြားသည်။

“အရင်က ဆေးရုံက သန့်ရှင်းရေးဆိုရင် မနက်ငါးနာရီကတည်းက သန့်ရှင်းရေးက အားလုံးပြီးပြီ။ ကြမ်းတိုက်တာကအစ ရေမခြောက်ခင် ဆရာဝန်တွေတောင် ဖြတ်လျှောက်လို့မရဘူး။ ရေမခြောက်ခင် ဖြတ်လျှောက်သွားရင် ရေစွတ်စွတ်ကနေ ပိုးတွေ ထပ်ကူးနိုင်လို့။ ဆေးရုံဆိုတာကလည်း ပိုးသတ်ဆေးအနံ့တွေပဲရှိတာ။

 အခုတော့ ဆေးရုံမှာ မကောင်းတဲ့ အနံ့တွေပါ ပါနေပြီ”ဟု ဒေါက်တာခင်မောင်ဝင်းကပြောသည်။
“တချို့ဌာနတွေမှာလည်း စိတ်ဝင်စားတဲ့ ပါမောက္ခဌာနမှူးက ရှိတာလေးနဲ့ ကြံဖန်အလှူခံပြီး သူ့ဝပ်ဒ်သန့်ရှင်းအောင် ဆေးကုသမှုတွေ အဆင်ပြေအောင် ကူညီဆောင်ရွက်တာတွေလည်း ရှိပါတယ်”ဟု ဒေါက်တာဒေါ်ခင်ဝင်းဝင်းမြင့်ကပြောသည်။

အနယ်နယ်အရပ်ရပ်တွင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လိုအပ်ချက် အများအပြား ကြုံတွေ့နေရပြီး တိကျသည့် လေ့လာမှုနှင့် စစ်ဆေးမှုများ မရှိခြင်းအတွက်ကြောင့်သာ ရောဂါကူးစက်မှုများ၊ လိုအပ်ချက်များကို မသိရှိကြသော်လည်း ပြုပြင်ပြောင်းလဲရန်မူ လိုအပ်လာပြီဖြစ်ကြောင်း ပညာရှင်များက ထောက်ပြကြသည်။

 ဆေးရုံများမှ လူနာများသို့ ရောဂါပြန်လည် မကူးစက်နိုင်စေရန် ရောဂါပိုးများ ခိုအောင်းမှုအတွက်ပါ ထည့်သွင်းစဉ်းစား ဆောက်လုပ်သည့် အခြေခံအဆောက်အအုံ၊ ပစ္စည်းကိရိယာများ၏ သန့်ရှင်းမှု၊ ကူးစက်နိုင်သည့် ရောဂါပိုးရှိသည့် လူနာများအတွက် လေ၀င်လေထွက် ကောင်းမွန်ပြီး အလင်းရောင်ပါ ရနိုင်သည့်နေရာများ စသည့် လိုအပ်ချက် များကိုပါ ပြုပြင်ပြောင်းလဲရန် လိုအပ်ပြီး ထိုပြဿနာအတွက် သီးသန့်လေ့လာ သင်ကြားပေးသည့် ဘာသာရပ်များ၊ ပညာရှင်များပါ လိုအပ်နေပြီဖြစ်ကြောင်း ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများက အကြုံပြုကြသည်။

ref: ( http://www.uzawyankin.blogspot.com/2012/09/blog-post_612.html )

Posted by စိမ့်စမ်းရေ on Tuesday, October 2, 2012