မေး။ ။ အရှင်ဘုရား ကျန်းမာပါစဘုရား။ တပည့်တော် မိဘကျေးဇူးအကြောင်းကို နည်းနည်းလောက် ထပ်မေးပါရစေ။ အားရင်ဖြေပေးစေချင်ပါတယ်ဘုရား။ တပည့်တော်သိချင်တာက ဒီနေ့လောကမှာ ဆန်းကျယ်တဲ့ ကံကြမ္မာတွေအများကြီး တွေ့နေရပါတယ်ဘုရား။ အဲဒါကို တပည့်တော်က ဓမ္မအမြင်နဲ့ ကြည့်ချင်တာပါဘုရား။ လွန်ခဲ့တဲ့ (၂)နှစ်လောက်ပါ။ ဆောင်းဦးဆိုတဲ့ မိန်းကလေးတယောက်ဟာ ချစ်သူနဲ့အတူနေထိုင်ခဲ့ရာမှ ကိုယ်ဝန်ရခဲ့
ပါတယ်။ အသိုင်းအဝိုင်းချင်း ကွာခြားတော့ ငွေအရော်ယူပြီးတော့ပဲ ကလေးကိုမွေးခဲ့ရပါတယ်။ ဒါပေမဲ့ ချစ်သူကိုစိတ်နာတာနဲ့ ကလေးကိုပါ မတွယ်တာဘဲ စားသောက်ဆိုင်အဆိုတော်ဘဝထဲကနေ နောက်အိမ်ထောင်ပြုသွားပါတယ်။ ကလေးကိုတော့ ကောင်းမလေးအမေဖြစ်သူက နှို့မှုန့်တိုက်ပြီး မွေးမြုးထားပါတယ်။

ဒီအဖြစ်အပျက်ကလေးနဲ့ယှဉ်ပြီး တပည့်တော်သိချင်တာက မိဘကျေးဇူးကို ကိုယ်သားသ္မီးတယောက်လူဖြစ်ဖို့ မိသွေးဖသွေးပေါင်းစပ်တာကိုတပိုင်း၊ ကိုးလလွယ်ဆယ်လမွေးပေးတာကိုတပိုင်း၊ ကျွေးမွေးစောင့်ရှောက် ပြုစုပေးတာကိုတပိုင်းထားပြီး သုံးပိုင်းခွဲကြည့်ပြီး ဘယ်ကျေးဇူက ပိုများသလဲဆိုတာကို သိချင်ပါတယ်။ အဲဒီသုံးပိုင်းကို ရာခိုင်နှုန်းခွဲပြီး ဖြေစေချင်ပါတယ်။ အရှင်ဘုရား ကျန်းမာပါစေ။


ဖြေ။ ။ သေချာစဉ်းစားကြည့်မယ်ဆိုရင်တော့ ကျေးဇူးအများဆုံးအပိုင်းဟာ သန္ဓေသားရှိစဉ်ကနေ မွေးဖွားတဲ့အထိ ပြုလုပ်ပေးရခြင်းက ကျေးဇူးပိုများပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်ဟာ လူသားတစ်ယောက် လူ့ဘ၀ကိုရဖို့ရန် အဓိကကျတဲ့အချက်မို့ ဖြစ်ပါတယ်။ မွေးဖွားလာပြီး ကျွေးမွေးပြုစုတာက မိမိတို့ကျွေးမွေးပြုစုတဲ့အပေါ်မှာမူတည်ပြီး သတ်မှတ်ရပါမယ်။

ဥပမာ-ကလေးကို စိတ်တိုင်းကျဖြစ်အောင် လုပ်ပေးတယ်။ လိမ်မာယဉ်ကျေးပြီး လူတော်လူကောင်းတစ်ယောက်ဖြစ်အောင်၊ အဆင့်အတန်းမြင့်အောင်၊ ဂုဏ်မငယ်ရအောင်၊ ကလေးစိတ်ချမ်းသာရအောင်စတဲ့ အချက်အလက်တွေပြည့်စုံရင် ပြည့်စုံသလောက် ကျေးဇူးများပါတယ်။

အဲဒီတော့ နံပါတ်(၁)ကျေးဇူးအများဆုံးဟာ သန္ဓေသားတည်နေစဉ်ကနေ လူသားတစ်ယောက်အဖြစ် မွေးဖွားလာအောင် စောင့်ရှောက်ပေးတဲ့ မိခင်ဖြစ်သူနဲ့ မိခင်ဖြစ်သူ အစစအရာရာ ပြည့်စုံအောင် လုပ်ကိုင်ကျွေးမွေးသူ ဖခင်တို့ဟာ ကျေးဇူးအများဆုံးလို့ သတ်မှတ်ရပါမယ်။

မိဘရယ်လို့သတ်မှတ်နိုင်တာကလည်း အဲဒီကိုယ်ဝန်ဆောင်စဉ်ကနေ မွေးဖွားတဲ့အထိ ကျေးဇူးတွေကြောင့်ပါ။ ကျန်တဲ့ သွေးသားပေါင်းစပ်မှုတို့ဆိုတာ သားသမီးလိုချင်လို့ ပေါင်းစပ်တာမျိုးရှိကြသလို ကာမအာသာပြေအဖြစ် ပေါင်းစပ်ကြတာမျိုးလည်း ရှိကြပါတယ်။ ဒါကြောင့် အဲဒါတွေဟာ ကျေးဇူးအများဆုံးလို့ မပြောနိုင်သေးပါဘူး။

လူတစ်ယောက်ဖြစ်ဖို့ရာမှာလည်း သွေးသားပေါင်းစပ်ရုံနဲ့ လူတစ်ယောက်ဆိုတာ ဖြစ်လာတာမဟုတ်ဘဲ အောက်မှာဖော်ပြမဲ့ အချက်(၃)ပါးလည်း ညီညွတ်မှ ဖြစ်တာပါ။ အဲဒီလိုညီညွတ်လို့ သက်ရှိသန္ဓေသားဖြစ်ရင်တောင်မှ ကိုယ်ဝန်ဖျက်ချသူတွေ ရှိကြသေးတာမို့ သွေးသားပေါင်းစပ်မှုဟာ ကျေးဇူးအများဆုံးလို့ မပြောနိုင်တာပါ။ ဒါပြင် မွေးဖွားလာပြီးမှ ပြုစုစောင့်ရှောက်ပေးခြင်းတို့ဟာလည်း မိဘအရင်းမဟုတ်တဲ့ တခြားလူတွေလည်း ပြုလုပ်ပေးနိုင်တာမို့ မိဘများသာ ပြုလုပ်ပေးနိုင်တဲ့ ကိုယ်ဝန်ဆောင်ခြင်းကနေ မွေးဖွားခြင်းတို့သာ ကျေးဇူးအများဆုံးလို့ သတ်မှတ်ရပါမယ်။

မိဘကျေးဇူးများတယ်ဆိုတာကလည်း အဲဒီလို ကိုးလလွယ်ဆယ်လဖွားတိုင်အောင် ပြုစုပေးတဲ့ ကျေးဇူးတရားတွေနဲ့ လူတော်လူကောင်းတစ်ယောက်ဖြစ်အောင် စောင့်ရှောက်ပေးမှုတို့ကြောင့် ဖြစ်ပါတယ်။


မိဘကမွေးပြီး ပစ်ထားခဲ့တဲ့ ကလေးဆိုရင်တော့ ကလေးရဲ့ဘ၀ပေး ၀ဋ်ကြွေးအတိတ်ကံနဲ့လည်း ဆိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ဘ၀ကိုက ဒီလိုဖြစ်ရမဲ့ ကံကြမ္မာဆိုး ရှိခဲ့လို့ပါ။ သူကလည်း အရင်အရင်ဘ၀တွေက ဒီလိုမျိုး ပြုလုပ်ခဲ့တာ ဖြစ်နိုင်ပါတယ်။ ခုပစ်သွားခဲ့တဲ့ မိဘကလည်း နောက်နောင်ဘ၀တွေမှာ ၀ဋ်ကြွေးအနေနဲ့ အဲဒီလိုကံမျိုး ပြန်ခံစားရပါလိမ့်မယ်။

တချို့က သန္ဓေသားဖြတ်ချရင် ပါဏာတိပါတံထိုက်ပါသလားလို့ မေးကြတာကို ဒီနေရာမှာ ဆက်စပ်တာနဲ့ ရေးပေးလိုက်ပါဦးမယ်။ သန္ဓေသားတစ်ခု ဖြစ်ဖို့ရာအတွက် (၁)မိဘနှစ်ဦးတို့သွေးသား ပေါင်းဆုံခြင်း၊ (၂) သန္ဓေသားဖြစ်မဲ့သတ္တ၀ါ အတိတ်ဘ၀တွင် အသက်ကုန်ဆုံးနေခြင်း၊ (၃) မိခင်ဖြစ်သူရဲ့ သွေးသားစင်ကြယ်နေခြင်းဆိုတဲ့ အကြောင်းသုံးပါးတိုက်ဆိုင်ပါက သန္ဓေသား ဖြစ်လာပါတယ်။ (ပါရာဇိကဏ်အဋ္ဌကထာ၊ ပထမအုပ်၊ ၁၈၀)

မြတ်ဗုဒ္ဓတရားဟောကြားတဲ့ပါဠိတော်မှာ မြတ်ဗုဒ္ဓက လူတစ်ယောက်ပဋိသန္ဓေနေခြင်းကို "ပဌမံ ကလလံ ဟောတိ-ပထမဦးဆုံး ကလလရေကြည်ဖြစ်တယ်''လို့ မိန့်တော်မူခဲ့တာကို အဋ္ဌကထာဆရာတော်က "ပဌမန္တိ ပဌမေန ပဋိသန္ဓိဝိဉာဏေန သဒ္ဓိံ-ရှေးဦးစွာ ပဋိသန္ဓေစိတ်နဲ့အတူတကွဖြစ်တယ်''လို့ ဖွင့်ပြထားပါတယ်။ ဒါကြောင့် သွေးသားနှစ်ခုပေါင်းစပ်ခြင်းစတဲ့ အထက်ပါကိုယ်ဝန်တည်ခြင်းအကြောင်းတရားများ တိုက်ဆိုင်ပါက မိဘနှစ်ဦးသွေးသားပေါင်းဆုံသည်နဲ့တပြိုင်နက် သက်ရှိသန္ဓေသား ဖြစ်နေပါပြီ။ (ဣန္ဒကသုတ်၊ သံယုတ္တနိကာယ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်၊ ၂၀၈။ အဋ္ဌကထာ၊ ၂၇၄)

အဲဒီတော့ ကိုယ်ဝန်ဖြတ်ချသူများ၊ အကြံပေးသူများ၊ တိုက်တွန်းသူများ၊ ဆေးပေးသူများဟာ သန္ဓေသားဖြစ်ဖို့ရန် အကြောင်းတိုက်ဆိုင်နေပါက မိန်းမယောက်ျားနှစ်ဦး သွေးသားပေါင်းစပ်မိတာနဲ့ ကလလရေကြည်ဖြစ်နေရင်ပဲ သက်ရှိသတ္တ၀ါဆိုတာ ဖြစ်နေပြီမို့ ပါဏာတိပါတကံ ထိုက်နေပါပြီ။ ရဟန်းသံဃာများအတွက် ပညတ်ထားတဲ့ တတိယပါရာဇိကသိက္ခာပုဒ်မှာလည်း ကလလရေကြည်ဖြစ်နေချိန်ကိုပင် သန္ဓေတားဆေးပေးခြင်း၊ သန္ဓေဖြတ်ချအောင် တိုက်တွန်းခြင်းစတဲ့ ပယောဂတစ်ခုခုကြောင့် သန္ဓေသားပျက်စီးရင် ပါရာဇိကအာပတ်သင့်ပါတယ်။ (တတိယပါရာဇိကသိက္ခာပုဒ်၊ ၀ိ၊ ဋ္ဌ၊ ၂၊ ၃၇)

မိန်းမယောက်ျားနှစ်ဦးသွေးသားပေါင်းစပ်မိပြီဆိုတာနဲ့ သက်ရှိသန္ဓေသားဖြစ်တယ်ဆိုတာကို ထပ်မံရှင်းလင်းအောင် စဉ်းစားကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ကိုယ်ဝန်တည်ခြင်း အကြောင်း(၃)ပါးမှာ အတိတ်ဘ၀က သန္ဓေသားဖြစ်မဲ့သူဟာ စုတိစိတ်ကျခြင်းဆိုတာပါနေတဲ့အတွက် သန္ဓေသားဖြစ်မယ်ဆိုရင် မိဘများသွေးသားပေါင်းစပ်လိုက်တာနဲ့ အတိတ်ဘ၀က သတ္တ၀ါဟာ ကြားထဲမှာ ဘယ်မှမနေဘဲ သန္ဓေသားမှာ သက်ရှိအဖြစ် ရောက်နေပါပြီ။ ထေရ၀ါဒဗုဒ္ဓဘာသာမှာ တစ်ဘ၀ကနေတစ်ဘ၀ ကူးပြောင်းတဲ့အခါ ကြားကာလရပ်တန့်နေတယ်ဆိုတာမရှိဘဲနဲ့ စက္ကန့်မလပ် ဘ၀ကူးပြောင်းသွားပါတယ်။

ဒါကြောင့် သန္ဓေသား၊ ကိုယ်ဝန်ဖြတ်ချသူများ၊ ပယောဂတစ်ခုခုနဲ့ပြုလုပ်သူများဟာ သန္ဓေသားဖြစ်ဖို့ရန် အကြောင်းတိုက်ဆိုင်နေတဲ့ မိခင်ဖြစ်သူရဲ့ကိုယ်ဝန်ကို ဖျက်ချခြင်းများ ပြုလုပ်မယ်ဆိုရင် မိဘများသွေးသားပေါင်းစပ်ပြီးတာနဲ့ ကိုယ်ဝန်တည်ပြီး သက်ရှိဖြစ်နေတယ်ဆိုတာကို မမေ့ပါနဲ့။ တကယ်လို့ သွေးသားပေါင်းစပ်သော်လည်း သန္ဓေသားဖြစ်ဖို့ရန် အကြောင်းမတိုက်ဆိုင်ရင်တော့ ကိုယ်ဝန်ဖြတ်ချခြင်းများပြုလုပ်သူဟာ ပါဏာတိပါတကံ မထိုက်ဘူးလို့ သတ်မှတ်နိုင်ပါတယ်။ သို့သော်လည်း မိမိတို့က မှန်ပြောင်းနဲ့ပင် တစ်ပါတ်အတွင်းဖြစ်နေတဲ့ ကလလရေကြည်ကို မမြင်နိုင်တာကြောင့် သေချာတော့ မသိနိုင်ပါပေ။

မိမိတို့က သန္ဓေသားမဖြစ်အောင် သွေးသားမပေါင်းစပ်ခင်ကတည်းက တားမြစ်ထားမယ်ဆိုရင်တော့ သက်ရှိသန္ဓေသားဖြစ်လာရန် အကြောင်းမရှိတဲ့အတွက် ပါဏာတိပါတကံ မထိုက်ဘူးလို့ ယူဆနိုင်ပါတယ်။ သန္ဓေသားဖြစ်နေတာကို ဖျက်ဆီးသူ၊ အကြံပေးသူ၊ တိုက်တွန်းသူ၊ ဆေးပေးသူများဟာ မိမိတို့လည်း တစ်ချိန်ချိန်မှာ ၀ဋ်ကြွေးခံရမယ်ဆိုတာတော့ မမေ့ပါနဲ့။

စာဖတ်ပရိသတ်အားလုံး ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး လိုရာဆန္ဒပြည့်ဝကြပါစေလို့ ဆန္ဒပြုလျက်......။

အရှင်ကောမလ ဆန်နီနေမင်း
sanninaymin@gmail.com
www.sanninaymin.com
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။

Posted by စိမ့်စမ်းရေ on Saturday, October 20, 2012

0 comments

Post a Comment