ကိုယ်ပိုင်ပိုစ့်တွေကို မရေးဖြစ်တာကြာပြီမို့ စာရေးဖို့လဲ တော်တော်လေးကို အရှိန်ယူရပါတယ်။
ရေးနေမကျတဲ့ လက်တွေက ခပ်ပျင်းပျင်းရယ်............။

ဒီတစ်ခါတော့ အကြားအမြင်လေးကနေပဲ ဗဟုသုတလေးဖြစ်ဖွယ်လေးကို ရေးမယ်လို့ စဉ်းစားမိတာနဲ့ ဒီ ပိုစ့်လေးကို ရေးသားလိုက်ရပါတယ်။

ကိုယ်ပိုင်အနားယူချိန်နည်းတဲ့ ကျွန်မအတွက်တော့ ဒီနှစ်မှာ တနင်္လာနဲ့၊ အင်္ဂါနေ့ညပိုင်းတွေက အားလပ်ရက် ဖြစ်ရပြန်ပါတယ်။  စိတ်ကြိုက် အားလပ်ရက်လေးမရတော့လည်း ရတာလေးပဲ ယူရတော့တာပေါ့။

ကလေးတွေရဲ့ စာသင်ရက် အားရက်ကလေးသာ ကျွန်မရဲ့ အားလပ်ရက်လေးမို့ ရတဲ့အချိန်လေးမှာတော့ လုပြီး စိတ်ကို အပန်းဖြေရပါတယ်။  မိသားစုတွေ စကားဝိုင်ထိုင်ပြောခြင်း၊ အလုပ်ထဲက အကြောင်းလေးတွေ ပြောပြခြင်း၊ ဒါမှမဟုတ် ဟာသ ရုပ်ရှင်လေးတွေ ငှားကြည့်ခြင်းဖြင့် အမောပန်းဖြေရပါတယ်။

ဒီတစ်ခါတော့ ကလေးတွေသရုပ်ဆောင်ထားတဲ့ တရုတ်  ဟာသကားလေးကိုကြည့်ပြီး သတိထားစရာလေးတွေ၊ ဗဟုသုတလေးတွေ၊  တွေ့ရတာမို့ စာလေးတစ်ပုဒ် ရေးလိုက်ပြန်ပါပြီ။

အဲ့ဒိ ရုပ်ရှင်ကားလေးထဲမှာ.... ဆရာက တပည့်ကို ဥပမာလေးနဲ့ ဆုံးမတာပါ။

1. လူတစ်ယောက်က နောက်တစ်ယောက်ပေါ် အပြစ်လုပ်မိတယ်ဆိုရင် ချက်ချင်းတောင်းပန် ပြောဆိုရတယ်တဲ့။

2. အကယ်လို့များ မပြောမိရင်တော့ သေတဲ့အခါ ကျောက်တုံးပိပြီး သေလိမ့်မယ်လို့ သူတို့အယူအဆ အရ  ဆရာကြီးက ကလေးတွေကို ရှင်းပြပြောဆိုတာပါ။

3. ကျောက်တုံးဆိုတာက တစ်ကယ့်ကျောက်တုံးကိုပြောတာ မဟုတ်ပါဘူးတဲ့။

4. ကိုယ်လုပ်ခဲ့တဲ့ အပြစ်တွေက များလာတော့ ကြာတဲ့အခါ ကိုယ့် ကိုယ်ပေါ်ကို ပိလာတော့တာပေါ့။

5. အဲ့လို ပိလာတဲ့ အပြစ်တွေကို ကျောက်တုံးနဲ့ ဥပမာပေးပြီး ဆုံးမတဲ့ စကားလေးပါ။

အဲ့ဒိ အဆုံးအမလေးကို ကျွန်မ သဘောကျတယ်။ သဘာဝလည်းကျတယ်လေ။ ပြီးတော့ ဖြစ်လည်း ဖြစ်သင့်တယ်လို့ ယူဆမိတယ်။

ကျွန်မတို့ လူကြီးတွေအနေနဲ့  အဲ့လိုမျိုးများ စိတ်ထဲ ရှိကြပါသလားနော်။  ရှိကြမယ်ဆိုရင်တော့ အပြစ်တောင် လုပ်မိကြမယ် မထင်ဘူး။

အချင်းချင်း တောင်းပန်ဖို့ဆိုတာ ခက်မှာပါ။ ရွယ်တူချင်းဆို ပိုဆိုးမယ်လို့ ထင်မိပါတယ်။  သူတင်ကိုယ်တင် မခံနိုင်စိတ်ကို ဖျောက်ပြစ်ပြီး တောင်းပန်ဖို့ဆိုတာ တွန်းအားတစ်ခုတော့ လိုပါလိမ့်မယ်။

တဖက်သားကို အပြစ်လုပ်မိရက်သားနဲ့ သေသေချာချာ သွားတောင်းပန်ဖို့ဆိုတာ တစ်ကယ်တော့ သတ္တိရှိဖို့ လိုပါတယ်။ ၀န်ခံရဲတဲ့သတ္တိ၊နောက်ပြီး နောက်ထပ်မလုပ်ရဲတော့တဲ့ အသိ။

ထားလိုက်ပါတော့၊ ဒီလိုပဲ ပြီးသွားမှာပါ၊ ကြာရင်မေ့သွားမှာပါဆိုပြီး လစ်လျူရှု ထားခဲ့တာတွေ ဘယ်လောက်များ များနေပါလိမ့်။
( ကျွန်မအပါအ၀င် ကျွန်မရဲ့ မောင်နှမ ဆွေမျိုးသားချင်းများပါ မကျန်ပါ။ )

ငယ်ရွယ်တဲ့ ကလေးဘ၀ထဲက ဦးနှောက်ထဲ ရိုက်သွင်းထားမှသာ ဒီလို စိတ်ဓါတ်မျိုးက အသက်ကြီးသည်ထိ ထိန်းသိမ်းနိုင်မယ်လို့ ကျွန်မတော့ ထင်မိပါတယ်။

မိဘ၊ ဆရာသမားတွေနဲ့ ကိုယ်ကျင်လည် နေထိုင်ခဲ့တဲ့ ပတ်ဝန်းကျင်က လူတစ်ယောက်ရဲ့ဘ၀တစ်ခုလုံး ဒါမှမဟုတ် တစ်ဝက်ကျိုးသည်ထိတော့ နေရာယူလေ့ရှိပါတယ်။

လူကြီးများက အတုယူစရာလေးတွေကို ရှင်းပြပြောဆိုပေးမှသာ ကလေးငယ်မှ လူငယ်၊ လူငယ်မှ လူကြီး စသည်ဖြင့် လက်ဆင့်ကမ်း နိုင်မှာပါ။

ခဏတာကြည့်လိုက်ရတဲ့ ရုပ်ရှင်ကလေးကနေ ကျွန်မတော့ အသိတစ်ခုကို ရလိုက်ပေမယ့် တူတူကြည့်တဲ့ ကျန်တဲ့ မိသားစုဝင်တော့ ရသည်မရသည် ကျွန်မ မသိပါ။

ဒါပေမယ့် ကျွန်မအနေနဲ့  အခွင့်သင့်တဲ့အခါမှာတော့ ကိုယ်သိသလောက်၊ တက်အားသလောက်ကို   ပြန်လည်ပြောပြ၊ ရှင်းပြ မှာတော့ သေချာပါတယ်။


ကဲ ဒါဆို စာဖတ်ပရိသတ်ကြီးကော....

အကြံဉာဏ်လေးတွေရေးပေးရင်းနဲ့  အားလုံးကျန်းမာပါစေလို့ ဆန္ဒပြုလျက်....

သူဇာလေး (စိမ့်စမ်းရေ)
120612










Posted by စိမ့်စမ်းရေ on Tuesday, June 12, 2012