ဆယ်ကျော်သက်များနဲ့ အင်တာနက်




ခေါင်းစဉ်ကိုမြင်လိုက်တာနဲ့ ဘာပြောမလဲဆိုတာ ကြိုတင်ခန့်မှန်းနိုင်လောက်ကြမှာပါ။ လက်တွေ့အမြင်လေးတွေ၊ ကိုယ်တွေ့ အကြုံလေးတွေကို အမြင်မတော်ရာ၊ တော်ရာလေးတွေကို စုစည်း ရင်ဖွင့်လိုက်ပါပြီ။
ကွန်ပျူတာသင်တန်းတစ်ခုမှာ နည်းပြအဖြစ် အလုပ်လုပ်ရတဲ့ ကျွန်မရဲ့ အမြင်လေးတွေပါ။ နှစ်စဉ်နှစ်တိုင်း နွေရာသီမှာတော့ ကလေးများတွက် ကွန်ပျူတာသင်တန်းက ကျွန်မတို့တွက်တော့ ပျော်စရာပါ။ အရွယ်စုံ၊ အတန်းစုံ၊ အလွှာစုံက ကလေးတွေ လာတတ်ကြတာမို့လည်း တစ်ကယ်ကို ပျော်စရာကောင်းပါတယ်။
နှစ်စဉ်နှစ်တိုင်း အားပေးလာတဲ့ ကျောင်းသားတွေဆို Level အမြင့်တွေကို ရောက်နေကြပြီလေ။ ကိုယ့်မျက်စိအောက်မှာပဲ 5 တန်း ၊ 6တန်း ကနေ 10 တန်းအထိ တက်သွားကြတဲ့ ကျောင်းသားတွေလည်းရှိပါသေးတယ်။
ဒီနှစ်တော့ မနှစ်ကနဲ့မတူ တမူထူးခြားပြီးတော့ အင်တာနက်သင်တန်းလေးလည်း ပါလာတာမို့ ကလေးတွေတွက်တော့ ကျောင်းမပျင်းရတော့ဘူးပေါ့။ တစ်ဖက်က လေ့ကျင့်ခန်းလဲလုပ်၊ ကစားလဲကစားနဲ့ အဆင်ကိုပြေနေတာပေါ့လေ။
အတန်းငယ်တဲ့ကလေးတွေကတော့ ဂိမ်းကစားဖို့လောက်သာ အာရုံရပေမယ့် အတန်းနဲနဲကြီးလာပြီဖြစ်တဲ့  ဆယ်ကျော်သက် မိန်းကလေးအများစုကတော့ ချက်တင် နဲ့ ဖေ့ဘုတ်ဘက်ကို အာရုဏ် ပိုရပါတယ်။
တစ်နေ့စာသတ်မှတ်ထားတဲ့ လေ့ကျင့်ခန်းကိုတောင်  ပြီးအောင်လုပ်ဖို့ စိတ်ကူးမရှိကြတော့ပါဘူး။ ချက်ပြီးရင်ချက်ကြတော့တာပေါ့။ တစ်ခါတလေများဆို မိဘတွေကတောင် လိုက်လာကြပြီး သူတို့ သားသမီးလေးတွေကို အင်တာနက်အကြောင်းလေးတွေကို သင်ပေးဖို့တောင် တကူးတကနဲ့ လာပြောကြသေးတာ။
ရောက်လက်စ သင်ခန်းစာကို ခဏနားပြီး သူတို့တွေ သိချင်၊တတ်ချင်တဲ့ အင်တာနက်အသုံးပြုခြင်း အပိုင်းကို သေချာအောင်သင်ပေးဖို့ တောင်းဆိုတာတွေတောင် ရှိလာပါတယ်။
ဗဟုသုတဖြစ်ဖွယ်၊ လေ့လာဖွယ်အဖြစ်တော့ သင်ယူနိုင်ပေမယ့် ကျောင်းသားများအတွက်တော့ ကျောင်းစာကိုထိခိုက်မိမယ် ဆိုရင်တော့ ဆယ်ကျော်သက်များတွက်တော့ ရင်လေးစရာပါ။ အများစုကို ကြည့်ရတာတော့ မိန်းကလေးတွေက ပိုများပါတယ်။
သားသမီးကိုသိစေချင်၊ တတ်စေချင်တဲ့ မိဘတွေကိုတော့ အပြစ်မဆိုသာပါ။ ဒါပေမယ့် သိဖို့တော့ ကောင်းသည်ဟု ကျွန်မအနေနဲ့ ထင်မိပါတယ်။ အမြင်မတော်တာတွေကိုသာ လိုက်ပြောနေရင်တော့ လူမုန်းများလာဖို့ပဲ ရှိပါတော့တယ်။ သင့်တော်ရာလေးတွေကို ညွှန်ပြပြောဆိုခြင်းလောက်သာ ကျွန်မတို့တွေလည်း တက်နိုင်ပါတော့တယ်။
စာသင်ချိန်လေးအတွင်းမှာပင် စာကိုအာရုဏ်မရတော့ တခြားအချိန်များဆို ပိုများဆိုးမလားဆိုတာတောင် မသိချင်တော့ပါဘူး။ အိမ်မှာသုံးရတဲ့ ကလေးတွေက တခြားကလေးတွေထက် ပိုပါတယ်။ အိမ်မှာလဲ သုံးနေရတာတောင် အပြင်မှာလဲ သုံးရဖို့သာ စိတ်ကူးထဲရောက်နေကြတာမို့ အခြေအနေက ပိုဆိုးပါတယ်။
ကျောင်းစာသင်အရွယ်မှာတောင် ခုလိုပုံစံ ဆိုရင်တော့ နောက်ကို လွယ်ပါ့မလားလို့သာ ကျွန်မစိတ်ထဲ တွေးနေရင်းကပဲ ဒီနှစ်နွေရာသီလည်း မကြာခင် ကုန်တော့မှာပဲဟုသာ အောက်မေ့လိုက်ရတယ်။
အော်…နောင်နှစ်တွေမှာ ဘယ်လိုတွေများ လာကြဦးမှာပါလိမ့်နော်…။

Posted by စိမ့်စမ်းရေ on Monday, May 21, 2012