ဦးမောင်ရဲ့ အာလူးကြက်သားဟင်း



ဒီနေ့က အလုပ်သမားတွေအားလုံးရဲ့ ပိတ်ရက် တနင်္ဂနွေနေ့လေ။ ဒါ့ကြောင့် ကျွန်မလည်း ရခဲလှတဲ့ ဒီအခွင့်အရေးကို အပြည့်အ၀ ခံစားနေချိန်ပေါ့….။ မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းတစ်သိုက် အိမ်ကို အစောကြီး ရောက်လာချိန်မှာတော့ ကျွန်မရဲ့ မဟာအခွင့်အရေးကြီး ပျက်စီးသွားရပါတယ်…။

`သူဇာ..ငါတို့ ဦးမောင်ဆီကိုသွားရင်မကောင်းဘူးလား….`
`အေး..သွားကြရအောင်ဟာနော်...နော်..`

အတိုင်အဖောက်ညီစွာ ပြောနေတဲ့ ကျွန်မရဲ့သူငယ်ချင်းတွေက အစကတည်းက စိတ်ကူးလာဟန်တူပါတယ်။
ရန်ကုန်မြို့လယ်မှာနေတဲ့သူတွေက ခြံထဲကို သွားချင်သတဲ့..။ အင်းလေ သူတို့လည်း တစ်ခါလောက်တော့ အသစ်အဆန်းလေးတွေ သွားကြည့်ချင်ကြမပေါ့…။ လေကောင်းလေသန့်ကို ရှူချင်ကြမပေါ့..။ စပ်စုချင်ကြမ ပေါ့။

`ဟာ.နင်တို့ကလည်း..ငါ့မှာ ဒီတစ်ရက်လေးနားရတာကို`
`နင်ကလည်းဟာ.ခြံထဲရောက်ရင် နင်ဘာမှမလုပ်နဲ့….နား..အကြာကြီးနား…`
`အောင်မယ်..သီတာမ…. လူလည်.. `
ဦးမောင်ဆိုတာက အမေ့ရဲ့ အကိုဝမ်းကွဲတော်တယ်လေ။ တောသူတောင်သားဆိုတော့လည်း သူဝါသနာပါရာ ဟင်းသီးဟင်းရွက်ပင်လေးတွေ စိုက်ပျိုးပြီး တစ်ကိုယ်တည်းအေးချမ်းစွာနေနေတဲ့ လူပျိုကြီးဆိုလည်း မမှားဘူးပေါ့..။

အစကတော့ တစ်နိုင်တစ်ပိုင်ဆိုပြီး ၀ါသနာအလျောက်လုပ်ရာကနေ အကျိုးပေးတော့ အကြောင်းက ထင်လာတာ..။ အလုပ်မရှိလို့ အပျင်းထူနေသူတွေလည်း ခုတော့ ဦးမောင်ခြံထဲမှာ အလုပ်ကိုယ်စီ…။
လတ်လတ်ဆတ်ဆတ် အသီးအရွက်လေးတွေဆိုတော့ အရောင်းကလည်းသွက်သား၊ ခုဆို အနီးအနားက လူတွေကတောင် သူတို့ဈေးလေးတွေမှာ ယူရောင်းနေကြပြီလေ..။

ကျွန်မတို့အိမ်ရှိရာနဲ့ အတော်ကလေးဝေးတဲ့ ဦးမောင်ဆီကို ကျွန်မတို့သူငယ်ချင်းတွေ လိုင်းကားစီးပြီး သွားလိုက်ကြပါတယ်။ အသွားတင် 1 နာရီကျော်လောက် စီးရတဲ့ဒီခရီးက သွားချင်နေတော့လည်း အနီးလေးပေါ့..။

*****-----*****-----*****-----
`ဦးမောင်…ဦးမောင်..`
`ဦးမောင်ရေ…´
ခြံရှေ့ကနေ အသံခပ်ကျယ်ကျယ်လေး အော်ခေါ်တာတောင် ဦးမောင်တစ်ယောက် ဘယ်ရောက်နေမှန်းမသိ။ ခြံအနောက်ဘက်တွေများ သွားနေလားမသိ…။

` ဟေ..          သမီးတို့….လာကြ..လာကြ. ဘယ်ကလှည့်လာကြတာလဲ..`

အနောက်ဘက် စိုက်ခင်းထဲကနေ ပြေးထွက်လာတဲ့ ဦးမောင်ကတော့ အားရ၀မ်းသာစွာနဲ့ ပြေးကိုကြိုတော့တာပဲ…။ သစ်ပင်လေးတွေ စိမ်းစိမ်းစိုစိုလေးတွေနဲ့ နေချင်စရာ ဦးမောင်ရဲ့ တဲလေးကတော့ စိုက်ခင်းတွေရဲ့အလည်မှာ.။ သီးပင်တွေကသပ်သပ်. စားပင်တွေကသပ်သပ်နဲ့ တစ်ကယ့်ကို နေချင်စရာ လေးတွေ…။

` ကဲ..သမီးတို့ ခဏနားကြဦး..`
`ဒီရောက်လာမှတော့.. ထမင်းစားပြီးမှပြန်ကြနော်…ဦးမောင် သမီးတို့ကို ဟင်းကောင်းကောင်းလေး ချက်ကျွေးမယ်…`
`ဟေး….အဲ့ဒါမှ သမီးတို့ ဦးမောင်`
ခပ်ငယ်ငယ်ကလေးတွေလို လိုချင်တာရလို့ အားရသွားတဲ့ ပုံစံနဲ့ ကျွန်မတို့တွေ ၀ိုင်းအော်လိုက်တော့ ဦးမောင်မျက်နှာကြီး ပြုံးဖြီးဖြီးနဲ့ပေါ့ ၊ သူ့လက်ရာကောင်းကြောင်းကိုလည်း ကြွားချင်တာနေမှာ ။

သူလဲ တစ်ခါတလေ မိသားစုနဲ့ နေချင်ရှာမှာပေါ့နော်။ တစ်ကိုယ်တည်း လူပျိုကြီးဘ၀ကတော့ ဒီအပင်လေးတွေကိုပဲ အဖော်ပြုနေတယ်ဆိုပဲ..။ ဘာတဲ့… တစ်သက်လုံးပျော်ချင်လို့ အပင်စိုက်နေတယ်ဆိုလား ဘာလားတော့မသိ..ဦးမောင်ပြောဖူးသည်။

`အပူမရှာချင်ပါဘူးသမီးရယ်…` ဆိုပြီး ခပ်လေးလေး ပြောတတ်တဲ့ ဦးမောင်မှာလည်း ဇတ်လမ်းလေးတွေတော့ ရှိနိုင်ပါရဲ့…အင်း…..နောက် ကြုံမှ မေးကြည့်မယ်လို့သာ ကျွန်မ စိတ်ကူးထားလိုက်ရတယ်လေ။

`ဒါနဲ့ဦးမောင်.. ဘာဟင်းချက်ကျွေးမလဲဟင်.`
အတန်ငယ်စဉ်းစားဟန်ပြုပြီးမှ `အာလူးကြက်သားဟင်းရယ်.. အရည်သောက်လေးရယ်.. ငါးပိထောင်းလေး ရယ်… ငါးခြောက်ဖုတ်လေးရယ်..`

` ဟာ..ရပြီ..ရပြီ…ရပါပြီ ဦးမောင်ရဲ့..အဲ့လောက်မလိုပါဘူး.`
ကိုယ့်ဦးလေးပင်ပန်းမှာစိုး၍သာ တားလိုက်ရပေမယ့် ဒီခြံထဲကိုရောက်ရင်တော့ ထမင်းစားလို့မြိန်သား။ အတို့အမြုပ်လိုရင် ဆင်းခူးလိုက်ရုံပဲ။ ဟင်းချို ၊ အရွက်ကြော် တစ်မျိုးမျိုးအတွက်တော့ အထူးပူစရာပင်မလို..။ ဒါပေမယ့် အသားငါးတော့ အနည်းငယ်ရှားတယ်ပြောရမယ်။ ငါးပိ၊ ငါးခြောက် စတဲ့ ကုန်ခြောက်တွေကိုတော့  ဦးမောင်က ကြိုတင်ပြီး ၀ယ်ထားနေကျဆိုတော့.. သိပ်တော့ ပူစရာမလို..။

*****------*****-----
သန့်ရှင်းပြီး လတ်ဆတ်တဲ့လေတွေက ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ကို တိုက်ခတ်သွားချိန်မှာတော့ ကျွန်မတို့တွေ ခဏတာလေး လန်းဆန်းသွားရပါတယ်။ မြို့လယ်ခေါင်နဲ့ အတန်ငယ်ဝေးတဲ့ ဒီနေရာလေးမှာတော့ မြင်မြင်သမျှကတော့ ကျွန်မတို့တွက် အထူးအဆန်းလိုလို..။ အော်.. ဒါက ဒီလိုလေးတွေသီးတာလား.. ဟယ်..ဟိုအပင်က ဘယ်လိုကြီးလဲမသိဘူနော်.။     စသည်စသည်ဖြင့် မထူးဆန်းတာကော ထူးဆန်းတာကော ကို အကုန်လုံးကို လျောက်ပြောနေကြတော့တာ။

ခုလဲ ကျွန်မတို့သူငယ်ချင်းတွေ အရိပ်ကောင်းတဲ့ သစ်ပင်ခြေရင်းမှာ အခင်းလေးတွေခင်းပြီး အိမ်ကယူလာတဲ့ စားစရာတွေစားလိုက်၊ စာအုပ်ဖတ်လိုက်.. ဟိုကြောင်း ဒီကြောင်းပြောလိုက်နဲ့… ရသမျှအချိန်တွေကို အလကားဖြုန်းနေသလိုပါပဲ။

`ဟယ်..ဟင်းနံ့လေးက ဒီထိတောင်ရတယ်တော့..မဆလာနံ့လေး..`
`ဟာ ငါတော့ဗိုက်ဆာနေပြီ.`
`အေး.ငါလဲ ဆာလာပြီ`
`ဆာလဲ တိုးတိုးနေ..ရှိတာစားထား .ရော့.`

သူငယ်ချင်းတွေကို တစ်ချက်လှမ်းဟောက်လိုက်ရင်း ကျွန်မလဲ မဆလာအနံလေးကို မရမက လှမ်းပြီး အနံခံလိုက်ရပါတယ်။ မနက်ကတည်းက ကော်ဖီတစ်ခွက်သောက်ထားတာပဲရှိတယ်မလား..။ ခုတောင် နေ့လည်ကျော်နေပြီလေ။

သစ်ပင်ရိပ်တွေနဲ့မို့သာ အပြင်ဘက်မှာတော့ အတော်ကလေးကို ပူနေလောက်ပြီ။ ဗိုက်လည်း ဆာလာတာမို့ ကျွန်မလဲ ထိုင်မနေနိုင်တော့ဘဲ ဟိုလျှောက်လိုက် ဒီလျှောက်လိုက်ဖြင့်သာ စိတ်ကို အသာလေး ဖျောက်နေလိုက်ရပါတယ်။ ကိုယ်က သူငယ်ချင်းတွေကို ဟောက်ထားတာဆိုတော့ ခုချိန်မှာ ဟန်ဆောင် ကောင်းထားမှသာ တော်ကာကျမှာ။

` သမီးတို့ရေ…ရပြီဟေ့.`
`ငါတူမတို့လည်း ဆာနေရောပေါ့..လာကြ..လာကြ`

ဦးမောင်ရဲ့အသံကတော့ ကြားသမျှတွေထဲမှာ အချိုဆုံးပဲလို့ ကျွန်မမှတ်ချက်ပြုလိုက်ပါတယ်။ ဦးမောင်က အိမ်လေးထဲကနေ လှမ်းခေါ်လိုက်တာမို့ ကျွန်မတို့လည်း အိမ်ဘက်ဆီသို့ မပြေးယုံတမယ်နဲ့ လှမ်းလာကြတာပေါ့။ ဗိုက်ထဲက သံစုံတီးဝိုင်းကတော့ လက်စွမ်းကိုပြလို့..။

အာလူးကြက်သားဟင်း၊  ရုံးပတီသီးကြော် ၊ ဟင်းချိုတစ်ခွက် ၊ ငါးခြောက်ဖုတ် ၊ ငါးပိရည်နဲ့ လတ်လတ် ဆတ်ဆတ် တို့စရာတွေ..

`ဟာ.မိုက်တယ်ကွာ…`
` ဦးမောင် သမီးတို့ အားမနာတော့ဘူးနော်.´

ဗိုက်ကလည်း ဆာနေတာမို့ ကျွန်မတို့လည်း အပီဆွဲမယ့်ပုံစံနဲ့ ထမင်းဝိုင်းနား ထိုင်လိုက်ကြပြီး ကိုယ်စီကိုယ်စီ နှစ်သက်ရာတွေကို စားကြတော့တာပေါ့…။

`ဟယ်..ကြက်သားလဲပါဘူး`
` ဟဲ့သေချာလည်းကြည့်ပါဦး…..`
` ဟ ငါက ညာစရာလား `
တွတ်ထိုးနေတဲ့ သီတာမကို ကျွန်မ လှမ်းပြောလိုက်ရင်း… ဟင်းပန်းကန်ကို အသာလေးကြည့်လိုက်မိပါတယ်။ ကိုယ်ကတော့ အာလူးမကြိုက်လို့လားမသိ တခြားဟင်းတွေကိုသာ အလေးပေးစားနေတာမို့လည်း ကြက်သားပါတာ မပါတာကို သတိမထားမိတာ ပါပါလိမ့်မယ်။ ဟင်းချက်ကောင်းတဲ့ ဦးမောင်လက်ရာ ကတော့ ဘာမှအပြစ်ကိုပြောစရာမရှိ…။

*****-----*****-----

` ကဲ..ဘယ်လိုလဲ..တူမကြီးတို့စားကောင်းကြလား..`
` ဟာ.အရမ်းကောင်းတာပဲ သမီးဆို 3 ပန်းကန်လောက် စားပစ်လိုက်တာ.`

`ဦးမောင်လူကြီးဖြစ်ပြီးညာတယ်.`
ဟေ..

ရုတ်တရက် ထ ပြောလိုက်တဲ့ ကျွန်မစကားကြောင့် ကျွန်မသူငယ်ချင်းတွေက ဦးမောင်ကို အားနာတဲ့ အကြည့်တွေနဲ့ ၀ိုင်းပြီး ကြည့်နေသလိုပါပဲ…

`ဟုတ်တယ်လေ..ပြောတော့ အာလူးကြက်သားဟင်းဆို…ခုတော့…ကောင်းလား..`
`အင်းလေ.. အဲ့ဒါလေ..အဲ့ဒါ အာလူးကြက်သားချက်လေ.။ ဟော.. အာလူးရယ်.. ဆီရယ်.. ပဲငံပြာရည်ရယ်… မဆလာ ရယ်နဲ့လေ..

ကျွန်မလဲ ဦးမောင်ရဲ့ အာလူးကြက်သားဟင်းထဲက ပါတဲ့ပစ္စည်းတွေကို နားစွင့်နေရင်း..တခုခုများထပ် ပါလာမလား လို့ စောင့်နေလိုက်ပါတယ်။ ဦးမောင်ဆက်ပြောတယ်..

` အားလုံးကို ရောပြီးချက်လိုက်တာလေ..`

`ဟာ…ဒါဆို ဘယ်မှာလဲကြက်သား..`

`အော်…ဒါလား… ငါ မဆလာ ၂ထုတ်ထည့်ထားတယ်လေ..`
` ဟား ဟား ဟား.ဦးမောင်ကတော့…`
`ဟား ဟား ဟား မဆလာ ၂ထုတ်….မဆလာ ၂ ထုတ်..`

ကျွန်မလဲ ခုမှ သဘောကိုပေါက်ကော……။
ကဲ..စာဖတ်ပရိသတ်ကြီးကော.ဦးမောင်ရဲ့ အာလူးကြက်သားဟင်းလေးကို မစားချင်ကြဘူးလားနော်..။

ခင်မင်စွာဖြင့်
သူဇာလေး (စိမ့်စမ်းရေ)
1.5.2012

Posted by စိမ့်စမ်းရေ on Tuesday, May 1, 2012