ပြီးခဲ့တဲ့ နှစ် ဧပြီလတုန်းက တရုတ်ပြည် အဆင်းရဲဆုံးပြည်နယ် အန်းဟွေးက အသက် ၁၇ အရွယ် လူငယ်လေး ၀မ်ဟာ အိုင်ဖုန်းနဲ့ အိုင်ပတ်ကို ၀ယ်ဖို့ သူ့ရဲ့ ကျောက်ကပ် တစ်ခုကို ထုတ်ရောင်းခဲ့တာ မှတ်မိကြမှာပါ။

အဲ့ဒီနောက်ပိုင်းမှာတော့သူဟာ ကျောက်ကပ် ရောဂါကို ခံစားခဲ့ရပါတယ်။

သူ့ ကျောက်ကပ်ကို ရောင်းခဲ့တဲ့အတွက် ယွမ်ငွေ ၂ သောင်း ၂ထောင်သာရရှိခဲ့ပါတယ်။ တစ်ကယ်တော့ ဒီကျောက်ကပ်ကို အရောင်းအ၀ယ်လုပ်တဲ့လူတွေဟာ ယွမ်ငွေ ၂ သိန်း ၂ သောင်း (အမေရိကန်ဒေါ်လာ ၃သောင်းခွဲလောက်) ရရှိခဲ့တယ်လို့ ရှင်ဟွာ သတင်းဋ္ဌာနက ဆိုပါတယ်။

ဝမ်ကို ၂သောင်း ၂ထောင်သာပေးပြီးတော့ ကျန်တဲ့ ငွေတွေကို ခွဲစိတ်ဆရာဝန်၊ ခွဲစိတ်ဖို့ ကူညီပေးတဲ့ ဆေးဝန်ထမ်းတွေနဲ့ ခွဲဝေယူခဲ့ကြပါသတဲ့။

ပြီးခဲတဲ့ သောကြာနေ့ကတော့ ရှင်ဟွာ သတင်းဋ္ဌာနက အဆိုပါ ကျောက်ကပ် အစားထိုးကုသဖို့ အရောင်းအ၀ယ်လုပ်၊ ခွဲစိတ်ကုသပေးခဲ့တဲ့ လူ ၅ ယောက်ကို တရားစွဲတော့မယ်လို့ သတင်းထုတ်ပြန်လိုက်ပါသတဲ့။

လူနာမည်တွေကိုတော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ Apple ရဲ့ အသုံးအဆောင်ပစ္စည်းတွေဟာ တရုတ်နိုင်ငံမှာတော့ အလွန်ကို ခေတ်စားနေတာဖြစ်ပြီး တော်တော်များများကလည်း သူတို့ရဲ့ ၀င်ငွေနဲ့ ဒီလို အသုံးအဆောင်ပစ္စည်းတွေကို မ၀ယ်နိုင်ကြရှာပါဘူး။

iPhone ဆိုရင် ယွမ်ငွေ ၃၉၈၈ လောက် အနည်းဆုံး ပေါက်ဈေးရှိပြီးတော့ iPad ဆိုရင်လဲ ယွမ်ငွေ ၂၉၈၈ လောက်ပေါက်ဈေးရှိနေတာမို့ ၀င်ငွေနဲပါးတဲ့ လူငယ်တွေအတွက်ကတော့ ဒီလို ပစ္စည်းမျိုးကို ရရှိဖို့ အိပ်မက်မက်နေရသလိုပါပဲ။

တရုတ်နိုင်ငံဟာ လူအင်္ဂါအစိတ်အပိုင်းတွေ ကုန်ကူးမှု့ကို ၂၀၀၇ ခုနှစ်ကထဲက တားမြစ်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ ရွှေပြည်ကြီးက ကိုကိုများ၊ မမများလည်း အထူးသတိချပ်ဖို့ လိုပါတယ်။

နောက်ဆုံးပေါ်ပစ္စည်းဆိုတာ အမြင်ဆန်းလို့၊ နည်းပညာ အသစ်တွေပါဝင်ပေမယ့် ဒီလိုပစ္စည်းတွေ သုံးစွဲနိုင်ယုံနဲ့ ဘ၀ တစ်ဆင့်မြင့်သွားတာတော့ မဟုတ်ပါဘူး။

ကိုယ်ရဲ့ ၀င်ငွေနဲ့ ကိုယ်အတိုင်းအတာကို လေ့လာပြီးတော့မှသာ ခေတ်ပေါ်ပစ္စည်းတွေ ၀ယ်ယူကြပါလို့တိုက်တွန်းပါရစေ။ မဟုတ်ရင်တော့ ကိုယ်တိုင် ခေတ်ရဲ့ သားကောင်တွေဖြစ်သွားပြီး ဘ၀ကြွေနွမ်းသွားနိုင်ပါတယ်။

ယောင်္ကျားလေးတွေလဲ ဒီလိုပစ္စည်းတွေရဲ့ သားကောင်ဖြစ်သွားနိုင်သလို၊ မိန်ကလေးတွေရင်လဲ သူတို့ရဲ့ ဘ၀ တစ်ဆစ်ချိုးဖို့ အလွန်လွယ်ကူလှပါတယ်။

စပွန်ဆာ ယဉ်ကျေးမှု့ထွန်းကာလာတာနဲ့အတူ မိန်းကလေးငယ်လေးတွေဟာလဲ နောက်ဆုံးပေါ် ပစ္စည်း အသစ်အဆန်းတွေ သုံးစွဲလိုစိတ်နဲ့ စပွန်ဆာတွေရဲ့ သားကောင် ဖြစ်မှန်းမသိ ဖြစ်ဖြစ်လာနေကြပါတယ်။

အဓိကကတော့ ကိုယ့်ရဲ့ ပညာအရည်အချင်း၊ ကိုယ့်အစွမ်းအစနဲ့ ၀င်ငွေရှာဖွေပြီး ကိုယ့်အကျင့်စာရိတ္တကို စောင့်ထိန်းစေလိုလှပါတယ်။



ဖေ့ဘုတ်ကမောင်လေးကျော်စွာ တင်ထားတာကို ပြန်လည်ဝေမျှခြင်းသာ..

Posted by စိမ့်စမ်းရေ on Wednesday, April 25, 2012

0 comments

Post a Comment