အော်.... သူများတွေလည်း သင်္ကြန်အကြောင်းရေးတော့ သူဇာလေးလည်း တစ်ထောင့် တစ်နေရာကနေ ရေးလိုက်ပါပြီ....။
အင်တာနက်စာမျက်နှာတွေပေါ်မှာမြင်နေရတဲ့ ဆိုးရွားတဲ့ပုံတွေရဲ့တခြားတစ်ဖက်ကို တင်ပြသွားမှာပါ။
သင်္ကြန်တွင်း ဘာလုပ်သလဲလို့ ခဏခဏလာမေးကြတဲ့ သူဇာလေးရဲ့ မောင်နှမအားလုံးကို ကျေးဇူးတင်လျက်ပါ။ ရေမကစားဘူးဆိုတာကို သိနေကြတာမို့လည်း တရားစခန်း သို့မဟုတ် တခြားဘာတစ်ခုများ လုပ်သလဲလို့ မေးကြတာမို့ ကြည်နူးပီတိလည်း ဖြစ်ရပါတယ်။
53 ကြိမ်မြောက်ရှိနေပြီဖြစ်တဲ့ သူဇာလေးတို့ရပ်ကွက်ရဲ့ နှစ်ကျိပ်ရှစ်ဆူ ပူဇော်ပွဲက အရမ်းကို စည်ကားလှပါတယ်။ နှစ်ဆန်းတစ်ရက်နေ့ရဲ့ ထူးမြတ်တဲ့နေ့မှာ ရပ်ကွက် 6 ခုကို လှည့်လည်ပြီး အပူဇော် ခံတာမို့လည်း ပျော်စရာလည်းကောင်းလှပါတယ်။ လမ်းများကြုံရင်တော့ တစ်ခါတစ်ခေါက် အရောက်လှမ်းခဲ့ဖို့ ဒီနေရာကနေ ဖိတ်ခေါ်လိုက်ရပါတယ်နော်..။
လမ်းတစ်လမ်းမှာ ဘုရားမဏ္ဍပ်တစ်ခုစီရှိပါတယ်။ ဗဟိုမဏ္ဍပ်ကနေ မဲနှိုက်ပြီး ပူဇော်ခွင့်ရတဲ့ ဘုရားနံပါတ်အတိုင်း ပူဇော်ရတာပါ။ နှစ်ဆန်းတစ်ရက်နေ့လှည့်တော့လည်း အဲ့ဒိနံပါတ် အတိုင်းပေါ့။
ဥပုသ်သည်တွေကို သီလပေးတာလည်း အဲ့ဒိနေရာပဲလေ။ ကိုယ့်လမ်းက သီလယူမယ့်သူတွေက ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ စတာတွေကို မသွားရအောင် စီစဉ်ထားခြင်းပါ။ သီလပေးမယ့် ဆရာတော်ကိုလည်း စီစဉ်ထားရပါတယ်။
အကြိုနေ့မရောက်ခင်ညနေကတည်းက ဆန်ရွေး၊ ကြက်သွန်နွှာ စသည်ဖြင့် လုပ်ထားရပါတယ်။
အကြိုနေ့ မနက် 6 နာရီကတည်းက လုပ်အားပေး စ ရပါပြီ။ ကြက်၊ ၀က်၊ အရည်ဟင်း၊ အသုပ်တစ်မျိုးမျိုး စသည်ဖြင့် ချက်ပြုတ်ရပါတယ်။ နေ့စဉ် ဆန် 5 ပြည်၊ 6 ပြည် ချက်တဲ့အပြင် တစ်အိမ်စီရဲ့ ပို့လာတဲ့ ဘုံဆွမ်းတွေလဲ ပါပါသေးတယ်။
သီလပေးပြီးတော့ ဆရာတော်ကိုလည်း ဆွမ်းကပ်၊ ဥပုသ်သည်တွေကိုလည်း ကျွေးပြီး လုပ်သူကိုင်သားအားလုံးလဲစားပြီးပြီဆိုရင်တော့ နေ့လည် ၂ နာရီပါ။ တစ်ခါတစ်လေများဆို လမ်းထဲက သာကူတိုက်ချင်တာတို့၊ မုန့်လက်ဆောင်းတိုက်ချင်တာတို့ဆို မဏ္ဍပ်ကို စစ်ကူလာတောင်းတော့တာ...... အဲ့လိုအခါမျိုးကျတော့... ညနေကိုဆက်ရောပေါ့..။
နှစ်စဉ်နှစ်တိုင်း ပြုလုပ်လာတဲ့ ဒီကုသိုလ်ကတော့ ဒီရပ်ကွက်လေးမှာ နေထိုင်လို့ဆိုတာ သေချာပါတယ်။ လူချမ်းသာတွေများသာ စုနေတဲ့ တစ်ချို့နေရာတွေမှာတော့ ဒီလိုမျိုးတွေ မြင်ဖူးကြမယ်မထင်..။
ခု ရပ်ကွက် 6 ခုတိုင်းရဲ့ လမ်းတိုင်းမှာ ဒီလို ဘုရားမဏ္ဍပ်တွေမှာ ဒီလို ကုသိုလ်တွေ က လူငယ်များသာ လုပ်ကြရတာလေ။ စီစဉ်ညွှန်ကြားတဲ့ လူကြီးတွေကောင်းမှုကြောင့်သာ ဒီလောက် နှစ်တွေများနေတာပေါ့နော်...။
အင်း... ဒီလောက်ဆိုရင်တော့ သူဇာလေးအပါအ၀င် သူဇာလေးတို့ရဲ့ သာကေတမြို့နယ်လေးမှာ ဒီလို ကုသိုလ်အလုပ်လေးတွေ ရှိနေပါတယ်ဆိုတာ စာဖတ်သူ အားလုံးလဲ သိကြရောပေါ့နော်..။
စာဖတ်သူများအား အစဉ်လေးစားသောအားဖြင့်
သူဇာလေး ( စိမ့်စမ်းရေ )
Posted by
စိမ့်စမ်းရေ
on
Monday, April 23, 2012
0 comments