အိမ်ပြတင်းကို ဖြတ်လို့ 
ဝင်ရောက်လာတဲ့လေပြေတစ်ချက်ကြောင့် အေးသီတာကျောထဲခပ်အေးအေးကလေး ခံစားလိုက်ရလေသည်။ စောင့်မျှော်နေသူတစ်ယောက်ကို စိတ်မချနိုင်သေးတာမို့ အိမ်ပြတင်းကို ပိတ်ရင်ကောင်းမလား၊ ခဏစောင့်ရမလားနဲ့ မိမိဘာသာ တွေဝေ နေရာမှ ပိတ်ထားလိုက်တာကောင်းပါတယ်လေ….ဟု စိတ်ကိုတင်းကာ ပြတင်းပေါက်တံခါးအား ဆွဲကာပိတ်လိုက်လေတော့သည်။

တိတ်ဆိတ်နေတဲ့ညအချိန်မှာ အေးသီတာရဲ့တံခါးပိတ်သံက လိုတာထက်ပိုကျယ်သွားသလိုပင်။ အိမ်အလယ်ခန်းဆီမှာ အိပ်ပျော်နေတဲ့ အမေများ နိုးသွားမလားလို့ စိုးရိမ်စိတ်နဲ့ အမေ့ခြင်ထောင်ထဲ အပြေးကြည့်ရပြန်ပါတယ်။ နှစ်ခြိုက်စွာအိပ်မောကျနေတဲ့ အမေ့မျက်နှာ လေးကို မြင်လိုက်တော့မှ အေးသီတာတစ်ယောက် တော်ပါသေးရဲ့ဟု သက်ပြင်းချကာ အိမ်ရှေ့ဘက်ဆီသို့ အသာလေး ပြန်ထွက်လာ လိုက်ပါတယ်။

ညက တိတ်ဆိတ်နေတာမို့ တရွေ့ရွေ့သွားနေတဲ့ နာရီစက်သံက တစ်အိမ်လုံးမှာ အကျယ်ဆုံးပင်။ တစ်ချောက်ချောက် တချက်ချက်နှင့် သူ့တာဝန် သူထမ်းဆောင်နေသည်မှာ မည်သူမျှပင် ဂရုစိုက်မိပုံမပေါ်ချေ။ သူက ဂရုမစိုက်ပေမယ့် အေးသီတာကတော့ ဂရုစိုက်ရလေ သည်။ ဘယ်အချိန်ရှိနေပြီလဲ၊ ဘယ်လောက်ရောက်နေပြီလဲ စသည်စသည်ဖြင့် အချိန်တွေကိုပဲ တွက်ယူကာ စောင့်မျှော်နေခဲ့ရသည်မှာ ရက်ပေါင်းပင် မရေတွက်နိုင်တော့။

ဟိုဟာလေးလုပ်ရင်ကောင်းမလား၊ ဒီဟာလေးပဲ လုပ်နေရင်ကောင်းမလား၊ စာဖတ်နေရမလား၊ ကုလားထိုင်နဲ့ထိုင်စောင့်နေရမလား အိုး….တစ်ယောက်တည်းကို အမျိုးကိုစုံလို့
“သမီး….မအိပ်သေးဘူးလား၊”
အိပ်ခန်းထဲက အမေ့အသံကြောင့် အေးသီတာ လန့်၍သွားလေသည်။ အမေဘယ်တုန်းထဲကများ နိုးနေပါလိမ့်လို့ စိုးရိမ်စိတ်နဲ့ အမေ့ခြင်ထောင်ထဲ ၀င်ကြည့်ပြီး
“အမေ နိုးနေတာကြာပြီလား၊ ဘာဖြစ်လို့လဲဟင် အိပ်မပျော်တာလား”
“အိပ်ပျော်ပါတယ်သမီးရယ် ခုလေးတင်နိုးလာတာ၊ သမီးမအိပ်သေးဘူးလား”
“ဟုတ်……..အမေ့သားကိုစောင့်နေတာ…..သူ ပြန်လာခါနီးပြီလေ”
“အိပ်ရေးပျက်တာပေါ့သမီးရယ်။ သမီးက မနက်ကျရင်လည်း အစောကြီးထရသေးတာမဟုတ်လား၊ သမီးမောင်လေးက စိတ်ချရပြီးသားပါ။ သူ့ကိုယ်သူ ထိန်းနိုင်ပါတယ်ကွယ်”
“ဟုတ်ကဲ့ပါအမေရယ် ပြန်အိပ်တော့နော် ကိုဇော်ပြန်လာပြီးရင် သမီးလည်းခဏနေရင် အိပ်တော့မှာပါ။”
အမေ့ကို ပြန်သိပ်ပေးခဲ့ပြီး အေးသီတာအိမ်ရှေ့ဆီပြန်ထွက်လာမိတော့ အိမ်အလည်တိုင်ထိပ်က နာရီကို ကြည့်မိလျက်သား ဖြစ်နေလေ သည်။
“အော်……… ၁၂ နာရီတောင်ခွဲတော့မှာပါလား”လို့ တွေးလိုက်မိရင်းက မကြာခင်မှာပဲ မောင်လေးကိုဇော် ပြန်လာချိန်နီးပြီဟု မိမိဘာသာ စိတ်ကိုဖြေလျော့ရင်းက ကုလားထိုင်လေးပေါ်မှာ စာဖတ်နေလိုက်ပါတယ်။
ညပိုင်း တက္ကစီမောင်းနေတဲ့ မောင်လေးက တစ်ခါတစ်လေ ညဥ့်နက်တတ်လေသည်။ သူများတွေလို ဆက်သွယ်စရာအဖြစ် ဘာမှမရှိတော့ ဘယ်ရောက်နေလဲ၊ ဘာဖြစ်နေလဲဆိုတာ မသိရ။ အိမ်ကို ရောက်လာမှသာ “အော် အန္တရာယ်ကင်းစွာနဲ့ ရောက်လာပါ လား” လို့ မှတ်ယူရလေသည်။ တစ်ခါတလေးများ နောက်ကျမိတယ်ဆိုရင်ဖြင့် အိမ်ကမိသားစုတွေက ဆေးရုံပဲပြေးရမလား၊ ရဲစခန်းပဲသွားမေးရ မလားစသည်ဖြင့် တွေးတောပူပန်ရပြန်ပါတယ်။
တစ်နေရာရာမှာ တစ်ခုခုဖြစ်တဲ့အသံလေးကြားလိုက်တာနဲ့ အိမ်မှာနေရစ်ခဲ့ကြတဲ့ မိသားစုဝင်တိုင်း စိတ်ပူတတ်ကြတာက ဓမ္မတာပင်။ အခုလည်း အေးသီတာ မျှော်နေရပြီ၊ ထိုင်နေလျက်က ငိုက်ငိုက်ကျလာတဲ့ ခေါင်းကို အေးသီတာမနိုင်တော့ပြီ။ အမေ့ရဲ့ ဟောက်သံ သဲ့သဲ့တို့ ကြားနေရင်းကပဲ အေးသီတာရဲ့ မျက်တောင်လေးတွေလည်း တဖြည်းဖြည်း ၀ပ်ဆင်းနေခဲ့လို့သာ။
***-------***-------***-------***-------***-------***-------***
အေးသီတာရဲ့မောင်လေး ကိုဇော်က တစ်အိမ်လုံးမှာ အငယ်ဆုံးပေမယ့် အိမ်တာဝန်တွေကို ခေါင်းထဲထည့်ထားရသူ၊ ပခုံးပေါ် တင်ထားရသူ၊ အစစအရာရာအားကိုးရသူပင်။ အခုလည်း အလုပ်တစ်ခုနှင့် မလောက်ဟုဆိုကာ ညဘက်ကို ကားထွက်မောင်းနေလေသည်။
“တစ်ညလုံးမှ မဟုတ်တာ မလတ်ရ၊ ညတစ်ဝက်ပဲဟာ အရင်ကလည်း ငါလက်ဖက်ရည်ဆိုင်ထိုင်နေကျအချိန်တွေပဲလေ” ဟုဆိုတာ ညနေ ၆ နာရီကတည်းက တက္ကစီမောင်းလေတော့သည်။
အရင်ကတော့ အေးသီတာက ရုံးတစ်ခုက ၀န်းထမ်းတစ်ယောက်ပါ။ တဖြည်းဖြည်းဆိုးရွားလာတဲ့ အမေ့ကျန်းမာရေးအရ အေးသီတာအလုပ် ထွက်ခဲ့ရလေသည်။
“ မလတ် နင်အလုပ်မလုပ်နဲ့တော့၊ နင် အမေ့ကိုပဲကြည့်၊ နင့်အစား ငါပိုလုပ်မယ်”လို့ ပြောလာတဲ့ မောင်လေး ကိုဇော်ရဲ့စကားကြားရတော့ အေးသီတာ ရင်ထဲ ၀မ်းနည်းစွာနဲ့ ကြည်နူးမိခဲ့လေသည်။
လုပ်ချင်းလုပ် ကိုယ်ကသာ အကြီးမဟုတ်လား ကိုယ်ပဲ အစစအရာရာ ထလုပ်လိုက် ချင်သည်၊ ဒါပေမယ့် မိန်းကလေးရှာစာနဲ့ ယောက်ျားလေးရှာစာချင်းက မတူ။ ပင်ပန်းပေမယ့် မိသားစုကို လောက်ငှစေသည်။ အဲဒါကြောင့်ပဲ အေးသီတာ အလုပ်ကထွက်ခဲ့ခြင်းဖြစ်လေသည်။
အငယ်ဆုံးမို့ ဖတဆိုးလေးမို့ အဆိုးကြီးဆိုးမယ်လို့ ထင်ထားသမျှ ကိုဇော်က တက်တက်စင်အောင် လွဲခဲ့ပါတယ်။ ရိုးသားတယ်၊ ကြိုးစားတယ်၊ အမေနဲ့မောင်နှမတွေအပေါ် သိတတ်တယ် စသည် စသည်နဲ့ ကိုဇော့်သတင်းတွေကို နားထဲပြန်ကြားရတော့ အမေကော အေးသီတာပါ ကြိတ်၍ကြည်နူးခဲ့ရလေသည်။
“ ကိုယ့်ကျန်းမာရေးလည်း ဂရုစိုက်ပါသားရယ်။ နေ့နေ့ညညတော့ မလုပ်ပါနဲ့” လို့ အမေကမကြာခဏပြောလေတိုင်း
“ သားက လူငယ်ပါအမေရဲ့၊ အမေတောင် သားတို့ကြီးတဲ့အထိ အကြော်ရောင်းပြီးရှာကြွေးခဲ့သေးတာ။ သားကဘာလို့ မလုပ်နိုင်ရမှာလဲ၊ အမေသာ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်နော် နောက်ဆိုရင် သားတို့ ဒီထက်ပိုပြီး အဆင်ပြေလာမှာပါ၊ အဲဒီအခါကျ သားတို့ ခရီးထွက်ကြ မယ်လေ အမေ့မွေးရပ်မြေကို သွားလည်ကြမယ်နော်”

အမေ့ကိုကြည့်ပြီးပြောလာတဲ့ သားဖြစ်သူရဲ့ အားပေးစကားသံတွေကြားရင် အမေက ရှည်လျားစွာ ဆုပေးတတ်ပါတယ်။
“သာဓု၊ သာဓု၊ သာဓု ပါကွယ် အမေ့သားလေး ဘုန်းကြီးပါစေ၊ အသက်ရှည်ပါစေ၊ သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေ၊ သူတော်ကောင်း တွေနဲ့တွေ့ပြီး ကူညီမယ့်သူတွေလည်းပေါ်လာပါစေကွယ်”
“အမေပေးတဲ့ဆုပဲ …. သားကအကုန်ရမှာပါ မဟုတ်ဘူးလား” ဟု သားအမိနှစ်ယောက်ရဲ့အပြန်အလှန်ပြောသံတွေကို အေးသီတာ မကြာခဏမြင်ရ၊ ကြားရပါတယ်..အဲဒီအခါမျိုးကျရင်
“အမေတို့များ သိပ်ပိုတာပဲနော် ဒီမှာလည်း သမီးတစ်ယောက်ရှိပါသေးတယ်”လို့ အေးသီတာက မကျေမနပ်ဟန်နဲ့ ဆိုတော့ အမေ့မျက်နှာ မကောင်းတော့ပေ။ အကြောင်းမှာ အေးသီတာတို့မှာ အကိုကြီးတစ်ယောက်ရှိသေးသည် မဟုတ်ပါလား။
***-------***-------***-------
“မလတ်…….ဒီမှာ ငါ မနေ့ကထားခဲ့တဲ့ပိုက်ဆံ နင်ယူသေးလား”
“ပေါက်ပေါက်ရှာရှာ ယူစရာလား”
“ငါသေသေချာချာထားခဲ့တာပါ……အဲဒါ စာအုပ်ဖိုး ပေးရမယ့်ပိုက်ဆံတွေ…”
တစ်ယောက်တည်း မြည်တွန်တောက်တီးကာ ဟိုရှာဒီရှာလုပ်နေတဲ့ သားငယ်ဖြစ်သူကို လှမ်းကြည့်ရင်း
“မင့်အကိုကြီးများ ယူမိသေးလားကွယ် သူပြန်လာရင် အမေမေးထားကြည့်မယ်နော်…..သားလေး ရော့ရော့ အမေ့ဆီက ယူသွား…”
“ရတယ် အမေ မယူတော့ဘူး မေးလည်း မမေးနဲ့တော့၊ ဘယ်တော့မှလည်း ပြန်ရမှာမဟုတ်ဘူး၊ မေးလည်း အမှန်ပြောမှာ မဟုတ်ဘူး၊ ရတယ် ထားလိုက်တော့”
အဲဒီလိုနဲ့ပဲ အေးသီတာတို့မောင်နှမတွေ တွန်းလိုက် ဆုတ်လိုက်နဲ့ တဖြည်းဖြည်း အရွယ်ရောက်လာကြတာပါ။ စည်းကမ်းမရှိတဲ့ အကိုကြီးကို အငယ်မောင်နှမတွေက ပြန်လို့သွန်သင်နေရတဲ့အဖြစ်တွေကြောင့် မောင်နှမတွေ မကြာခဏစကားများကြတာတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း အကြာကြီးရန်ဖြစ်တာမျိုး၊ စိတ်ဆိုးနေတာမျိုးတော့ မရှိခဲ့ကြပေ။
အရင်ကတော့ အမေ့လုပ်စာ၊ အမေ့ချွေးနဲစာလေးနဲ့ မောင်နှမတွေ ပူပန်စိတ်မရှိကြပဲ နေထိုင်၊ စားလောက်လာခဲ့ရာက ကိုဇော် ၈ တန်းအရွယ်မှာ အမေ နာမကျန်းစဖြစ်လေတော့သည်။ အဲဒီအချိန်မှာ အေးသီတာက အဝေးသင်တက်ကာ လုပ်ငန်းခွင်ဝင်ကာစပင်။
ပညာမတတ်ရင် သူများအောက်ကျမယ်လို့ မကြာခဏ တဖွဖွ ပြောခဲ့တဲ့ အမေ့စကားသံအချို့ကို လျစ်လျူရှုကာ တစ်မိပေါက် တစ်ယောက်ထွန်းလို့ ဆိုးချင်တိုင်းဆိုး မိုက်ချင်တိုင်းမိုက်နေတဲ့ အေးသီတာတို့အကိုကြီးက အချိန်တန်ရင် လက်ဝါးဖြန့်ဖို့ လောက်သာ သိလေသည်၊
အမေ့ရဲ့ရှာစာလေးကို စားရေး၊ နေရေးနဲ့ ၀တ်ရေးတွေကို အချိန်အတော်ကြာ ဖြေရှင်းခဲ့ရသည်ကိုလည်း နားမလည်၊ နိုင်သလောက်လေး ကူညီဖို့လည်း မသိတတ်ခဲ့ပေ။ အပေါင်းအသင်းတွေနဲ့ သောက်စားကာ အလုပ်ဟူ၍လည်း မလုပ်ကိုင်ပဲ ပေတေနေတဲ့ အကိုကြီးကိုတော့ အေးသီတာတို့ စာရင်းထဲက ဖယ်ထားမိလေပြီ။
“သမီးအကိုကြီးက သမီးတို့မောင်နှမကိုချစ်ရှာပါတယ်ကွယ်….. သမီးတို့ငယ်ငယ်ကဆို သူပဲအကုန်လုပ်ပေးခဲ့ရတာမလား။ ခုလည်း အပေါင်းအသင်းမှားလို့သာဆိုးနေတာပါ သမီးတို့က ကိုယ့်အကိုကြီးကို နားလည်ပေးလိုက်ကြပါကွယ်”
“ဟုတ်ကဲ့ပါအမေရယ်… သမီးတို့အကိုကြီးကို ဘယ်တော့မှ မပြစ်မှားပါဘူး”
တနေကုန် တကုတ်ကုတ်နဲ့ ပင်ပန်းလှတဲ့အမေ့ကို အေးသီတာ စကားစကြည့်သည်။ “အမေ့အစား အေးသီတာဈေးရောင်းမယ်” လို့ပြောတော့ အမေက တူးတူးခါးခါး ငြင်းကာ “အမေရှိနေသရွေ့ ငါ့သမီး ဈေးမရောင်းရဘူး” လို့ အမေက ပြတ်သားစွာ ဆိုလေသည်။
“ သမီးကို ပညာသင်ပေးထားတာ ဈေးရောင်းဖို့မှ မဟုတ်တာပဲကွယ်၊ ငါ့သမီးလေး ရုံးတက်ရုံးဆင်းနဲ့ ခုလိုသွားလာနေတာ မြင်ရတာနဲ့တင် အမေက ကျေနပ်နေတာ၊ ပျော်နေတာ၊ ပြီးတော့ စိတ်ချမ်းသာနေတာ၊ အမေ့ကို စိတ်ချမ်းသာအောင် ထားပါကွယ်…နော် အမေ့သမီးလေးက လိမ္မာပါတယ်”
“ဟုတ်ကဲ့ပါအမေ၊ နောက် သမီးမပြောတော့ပါဘူး……..”
အမေစိတ်ချမ်းသာအောင်ပြောလိုက်ရတဲ့ ဒီစကားက အမေ့ကိုပဲပင်ပန်းစေခဲ့တာပါ။ တဖြည်းဖြည်း အသက်အရွယ်ရလာတဲ့ အမေက ကိုဇော် (၉) တန်းအရွယ်မှာ လုံးဝမထူနိုင်အောင် ဖြစ်ခဲ့ရလေသည်။ ကြီးကြီးမားမားဝင်ငွေဖြစ်တဲ့ အမေ့ရဲ့လုပ်စာလေး မရှိတော့တဲ့ နောက်ပိုင်း ကျွန်မတို့မောင်နှမတွေ ခြိုးခြံချွေတာလို့ အမေ့ကိုလည်းဆေးကု၊ မောင်လေးလည်းကျောင်းတက်၊ ကျွန်မလည်း အလုပ်တစ်ဖက်နဲ့ နေလာခဲ့ပေမယ့် အကိုကြီးကတော့ အပေါင်းအသင်းကောင်းမှုနဲ့ အဝေးတစ်နေရာကို ရောက်နှင့်ခဲ့လေပြီ။ စာမလာ၊ သတင်းမကြားနဲ့ အဆက်အသွယ် ပြတ်သွားလိုက်တာ ဘာသတင်းမှကို မရခဲ့ပေ။
အေးသီတာတို့မိသားစုလေး တဖြည်းဖြည်းနဲ့ ငွေကြေးမပြည့်စုံလာတဲ့အခါ မောင်လေးကိုဇော်က ကျောင်းမတက်ချင်တော့ပေ။ အလုပ်လုပ်မယ်၊ ငွေရှာမယ်လို့ ခဏခဏပြောပေမယ့် အမေက လက်မခံခဲ့သလို အေးသီတာကလည်း ခွင့်မပြုခဲ့ပါ။

“ ၁၀ တန်းလေးတော့ ရောက်အောင် တက်လိုက်ပါ ကိုဇော်ရယ်၊ အဲဒါမှ နင်ဘာလုပ်လုပ် အဆင်ပြေမှာ” လို့ ပြောခဲ့ပေမယ့် တစ်ကယ်တန်းကျတော့ ကျွန်မရဲ့ဝင်ငွေလေးတစ်ခုထဲနဲ့ ဒီမိသားစုစားရိတ်၊ အမေ့ဆေးဖိုး၊ ကိုဇော့်ကျောင်းစားရိတ်တွေနဲ့ မလောက်ငှခဲ့ပေ။
“မလတ်…….နင်ဘာတွေတွေးနေတာလဲ”
“အမေ့ဆေးဖိုးငွေတွေ တွက်ကြည့်နေတာ၊ ဟိုဆေးတစ်မျိုးက ကုန်တော့မယ်လေ”
“အင်း......”
အဲ့ဒီနေ့ညနေက မထင်မှတ်ထားတဲ့ ငွေအနည်းငယ်ကို မောင်လေးက အေးသီတာကိုပေးလေသည်။ ကျောင်းသားတစ်ယောက်အနေနဲ့ ဘယ်လိုမှ စုထားနိုင်စရာမရှိတဲ့ ဒီငွေတွေကို အေးသီတာ မယုံခဲ့ပါ။ အကြိမ်ကြိမ် အဖန်ဖန်မေးခဲ့ရသည်။ ကိုဇော် မလိမ်ဘူးဆိုတာတော့ ကျွန်မ ယုံလေသည်။

“ငါ ကျောင်းမတက်တာ ၂ လရှိပြီ၊ ဟိုဘက်လမ်းက ကိုကျော်ကြီးတို့နဲ့ အလုပ်လိုက်လုပ်နေတာ။ နင်မယုံရင် ငါခေါ်သွားမယ် လိုက်မေးကြည့်”
“နင် တစ်ကယ်ပြောနေတာလားကိုဇော် ဟင်..ဘာလို့ ငါ့ကို မပြောတာလဲ မပြောရတာလဲကိုဇော်ရယ် င့ါကိုတော့ နင်ပြောသင့်ပါတယ်…ငါက နင့်အမလေ…ငါက နင့်အမပါ…..”
အေးသီတာ အားရပါးရငိုလေသည်၊ ယူကျုံးမရခြင်းများစွာနဲ့ ရင်ထဲက နင့်ခနဲဖြစ်အောင် ခံစားလိုက်ရတဲ့ ဒီဝေဒနာကို ကျွန်မ ဘယ်လိုမှ မပြောပြတတ်ခဲ့ပါ။ ၀မ်းနည်းခြင်းပေလား၊ ၀မ်းသာခြင်းပေလား ကျွန်မဘာမှမသိတော့။ စိတ်မကောင်းဖြစ်သွားတဲ့ အမေ့ရဲ့ မျက်နှာလေးကိုလည်း အေးသီတာ ဒီတစ်သက် မေ့တော့မယ်မထင်ပါ။
အဲ့ဒိကစလို့ မောင်လေးကိုဇော်က ငယ်ငယ်ရွယ်ရွယ်နဲ့ ရရာ အလုပ်တွေဝင်လုပ်ရင်းက တဖြည်းဖြည်းနဲ့ လူကြီးဖြစ်မှန်းမသိ ဖြစ်လာတော့ တာပါပဲ။ သူ့အရွယ်လေးနဲ့ သူ့အသိက မလိုက်ဖက်ခဲ့ပေ။ အမေ့ဆေးဖိုး၊ အိမ်စားရိတ်နဲ့ အခြားသောအကြောင်းကိစ္စကြီးငယ်တွေကိုလည်း သူ့တာဝန်အဖြစ် အကုန်ယူထားခဲ့လေသည်။
ပထမတော့ အမေ့က မျက်ရည်လေးဝဲတဲဝဲတဲနဲ့ ကိုဇော့်ကို သနားဂရုဏာမျက်ဝန်းတွေနဲ့ကြည့်ခဲ့ပေမယ့် ခုတော့ အားကိုးတဲ့အကြည့်၊ ယုံကြည်တဲ့အကြည့်တွေနဲ့ အမေကြည့်နေခဲ့လေပြီ။ သန်မာပြီး ထွားကျိုင်းလာတဲ့ ကိုဇော့်သွင့်ပြင်ကြောင့် အကြောင်းမသိတဲ့ တချို့တလေက ကိုဇော့်ကို အေးသီတာထက် အကြီးဟုပင် ထင်ကြလေသည်။

“မလတ်ရေ………မလတ်……..”
“ရှူး…..တိုးတိုး……..အမေအိပ်နေတယ်၊ သိပ်နေမကောင်းလို့”
အပြင်ကပြန်လာလာချင်း အိမ်ရှေ့ကနေ လှမ်းအော်ကာခေါ်နေတဲ့ ကိုဇော့်အသံကြောင့် အေးသီတာ ကမန်းကတန်းထွက်လာပြီး မျက်ရိပ် မျက်ခြေပြရပါတယ်။ နေ့ခင်းဘက်မအိပ်တတ်တဲ့အမေက ဒီနေ့မှ သိပ်နေမကောင်းလို့ အိပ်ပျော်နေခြင်းကြောင့်ပါ။

ဆေးဒဏ်ကို အလူးအလဲ ခံစားနေရတဲ့အမေ့အစား အေးသီတာသာ ခံစားပေးလိုက်ချင်သည်။ အမေသောက်ရတဲ့ဆေးတွေ အစား အေးသီတာသာ သောက်လိုက်ချင်သည်။ ဆေးတွေသောက်နေရတဲ့ အမေ့ကို အေးသီတာ သနားလှပြီ။

“အမေကဘာလို့နေမကောင်းရတာလဲ၊ နင် ဆေးမှန်မှန်မတိုက်လို့လား………. ဆေးတွေကုန်ပြီလား”
“မဟုတ်ပါဘူး ကိုဇော်ရယ်…… ”

နောက်ဆက်တွဲ စကားလုံးတို့ကို အေးသီတာမပြောဖြစ်တော့ပေ။ ပင်ပင်ပန်းပန်းရှာထားရတဲ့ ကိုဇော့်လုပ်အားခလေးတွေကို အေးသီတာက ဈေးဖိုး၊ ဆေးဖိုးနဲ့ အိမ်စားရိတ်တွေကို မနည်းလောက်ငှအောင်သုံးရပါတယ်။ တစ်ပါတ်စာအလျင်မှီအောင်၊ အမေ့ဆေးခန်းရက်ချိန်းတိုင်း အလျင်မှီအောင် အမြဲပဲပိုလျှံနေရအောင်ကြိုးစားပေမယ့် လောက်ငှရုံသာရှိခဲ့လေသည်။ ဒါပေမယ့် အေးသီတာက မလောက်ငှဟု တစ်ခါမှ မပြောခဲ့ပေ။

“ငါ အပြင်ခဏသွားဦးမယ်။ ညကျ နောက်ကျရင် င့ါကိုစိတ်မပူနဲ့၊ အမေ့ကိုသေသေချာချာ ပြောထားလိုက်နော်”
“အေးပါ.အေးအေး”
အဲ့ဒီညက အေးသီတာကော အမေပါ စကားတစ်ပြောပြောနဲ့ ထိုင်စောင့်နေရင်းက အမေ့ကို ချော့မော့ပြောဆိုလို့ စောစော အိပ်ယာ ၀င်စေခဲ့သည်။ အေးသီတာကတော့ ကိုဇော် ပြန်မလာမချင်း ထိုင်လိုက် ထလိုက်ဖြင့် ငုတ်တုတ်မိုးလင်းသည် အထိပင်။

မနက်လင်းခါနီးမှ ပြန်ရောက်လာတဲ့ ကိုဇော့်ကိုမြင်တော့ ရင်ထဲကဒေါသတွေအကုန်လုံး ကိုဇော့်အပေါ်ကို ပုံချပစ်လိုက်သည်။
“ကိုဇော်ရယ်……နင် ညဥ့်နက်လှချေလား…ငါတို့စိတ်ပူအောင် နင်သိပ်လုပ်တာပဲ ၊ နင်မပြန်လာလို့ ငါတို့တွေ ဘယ်လောက်တောင် စိတ်ပူနေရလဲဆိုတာ နင်သိဖို့ကောင်းတယ်။ ခုကြည့်စမ်း ဒီအချိန်က လူကောင်းတွေပြန်တဲ့အချိန်လား  ဟင် နာရီကိုကြည့်ဦး…ဘယ်ချိန်ရှိနေပြီလဲဆိုတာ….နောက်တစ်ခါဆို နင့်ကိုငါတို့ ဆေးရုံနဲ့ ရဲစခန်းမှာပဲ လိုက်ရှာမယ်……”

လူကိုမမြင်ခင်ကတော့ စိတ်ပူဇောနဲ့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတဲ့အေးသီတာက ကိုဇော်ကိုလည်းမြင်ရော ဂရုဏာဒေါသောနဲ့ ပြောလည်းပြော လက်မောင်းတွေကိုလည်း ကိုင်ဆောင့်နဲ့ အတော့်ကိုဒေါသထွက်ခဲ့ရပါတယ်။ ကိုဇော်ကတော့ ဘာတစ်ခွန်းမှ ပြန်မပြောခဲ့။ စိတ်တိုစွာနဲ့ ပြောဆိုနေတဲ့ သူ့အမကိုသာ မောပန်းနွမ်းလျစွာနဲ့ ကြည့်နေရင်းက အင်္ကျီအိပ်ထဲက ငွေအချို့ကို ထုတ်ပေးခဲ့ပြန်သည်။

“နင် ဒီငွေတွေ ဘယ်ကရလာပြန်တာလဲ ဟင်…. ပြောစမ်းပါ ငါ့ကို ဒီတစ်ခါတော့ မလိမ်နဲ့နော်”
“ပြောပါ့မယ် မလတ်ရယ် ငါဘယ်တုန်းကလိမ်ဖူးလို့လဲ နင်ကော အမေကော စိတ်ပူအောင်လုပ်မိတာ ငါ့အပြစ်ပါ…… အေး…. ငါပြောပြမယ်”

ရေတစ်ခွက်ခပ်သောက်ကာ အမောအပန်းဖြေပြီး အစအဆုံးပြောလာတဲ့ ကိုဇော့်စကားတွေက အေးသီတာရဲ့ ဒေါသအဟုန်တွေကို မျက်ရည်တွေအဖြစ်ပြောင်းလဲပြစ်ခဲ့ပါတယ်။ အေးသီတာဘာလုပ်ရမလဲ…….. အားရပါးရ မျက်ရည်ကျလို့ ရှိုက်ကာငိုနေရတဲ့ အဲဒီအချိန်က မနက်လင်းဖို့ သိပ်မလိုတော့ပေ။

ဝမ်းနည်းခြင်းပေလား၊ ၀မ်းသာကြည်နူးခြင်းတွေပေလား၊ အားကိုးရခြင်းတွေပေလား……ဘာတစ်ခုမှခေါင်းစဉ်တပ်ဖို့ရာ လမ်းမမြင်ခဲ့ပါ။ သနားခြင်းဂရုဏာတွေနဲ့သာ မောင်လေးကိုဇော်ကို ကြည့်မိလိုက်ရင်းက သူပြောလာတဲ့စကားလုံးအချို့တို့က နားထဲမှာ ကြားတစ်ချက်၊ မကြားတစ်ချက်။

“ငါညနေက သူငယ်ချင်းတစ်ယောက်ဆီသွားခဲ့တာ။ အစကတော့ သက်သက်အလည်ပေါ့။ သူက ညဘက်ကားမောင်းနေတာဟ အတော်အဆင်ပြေတယ်။ အဲဒါနဲ့ ငါလည်း ညဘက်အလုပ်တစ်ခုလောက်လုပ်ချင်တယ်ပြောတော့ သူက ငါ့ကို သူ့အလုပ်ရှင်ဆီမှာ ပြောပေးတာ။ ပထမတော့ သင်မောင်းပေါ့၊ သူ့ဘော်ဒါအနေနဲ့ ဘေးနားက လိုက်ပေးရတာ။ နောက်တော့ တဖြည်းဖြည်းနဲ့ ငါ့ဘာသာ မောင်းတတ်ရင် တစ်ယောက်တစ်စီးစီပေါ့ ငါလည်း တစ်ညရရင်မနည်းဆိုပြီး သူနဲ့တစ်ခါတည်း အတူလိုက်သွားလိုက်တာ။”
“ဒါဆို ဒီပိုက်ဆံတွေကကော….နင်မှမမောင်းတတ်သေးတာ”
“ဘော်ဒါကြေးပေါ့ဟာ…. ”

***-------***-------***-------***-------***-------***-------***
“မလတ် မလတ်… တံခါးဖွင့်ပါဦး… ငါပြန်လာပြီ”
ခပ်အုပ်အုပ်အသံအချို့ အေးသီတာနားထဲ ၀င်ရောက်လာလေသည်။ ကုလားထိုင်ပေါ် ငုတ်တုတ်ငိုက်ရင်းက အိပ်ပျော်သွားတဲ့ အေးသီတာက မကြားတကြားဖြစ်နေတဲ့ အာရုံကို မနည်းပင်စုစည်းလိုက်ရပါတယ်။ ဖတ်လက်စ စာအုပ်ကလေးက ရင်ဘတ်ပေါ်မှာ မှောက်လျက်သား……..
“ဟင်…….ကိုဇော်……ကိုဇော် ပြန်လာပြီလား….. ငါတော်တော်အိပ်ပျော်သွားတာပဲ”
ကိုဇော့်ကိုအိမ်တံခါးဖွင့်ပေးလိုက်ရင်းက အကျင့်ပါနေတဲ့ မျက်လုံးတွေက နာရီကိုကြည့်မိလျုက်သားပေ။
“ဒီနေ့ နောက်ကျလိုက်တာ နင် အဆင်ပြေခဲ့ရဲ့လား။ မနက်ကျ အလုပ်သွားနိုင်ပါ့မလား..တစ်ရက်တော့ နားလိုက်ပါလား”

အေးသီတာက အိပ်ချင်မူးတူးသံနဲ့ စကားတွေတရစပ်ပြောနေပေမယ့် ကိုဇော်ကတော့ ခြေလက်ဆေးကာ သူ့အိပ်ယာပေါ် ရောက်နေလေပြီ။ သူဘယ်လောက်ပင်ပန်းလာမလဲဆိုတာ အေးသီတာ မှန်းဆကြည့်လို့ သိနိုင်ပါတယ်။ ပင်ပန်းဒဏ်ကြောင့် တခဏချင်းပဲ အိပ်ပျော်သွားတဲ့ ကိုဇော့်ကို ခြင်ထောင်ချပေးကာ နေရာပြုပြင်ပေးခဲ့ပြီးတဲ့အချိန်မှာ နာရီသံချောင်းက 4 ချက်ခေါက်ပြီးနေလေသည်။
အမေ့ရဲ့ဟောက်သံ၊ ကိုဇော့်ဟောက်သံ နှစ်ခုကြားမှာ အိပ်မပျော်တဲ့ ကျွန်မရဲ့စိတ်အစဉ်က လွတ်နေတဲ့ အကိုကြီးရဲ့ အိပ်ယာ နေရာဆီသို့သာ….. ။
ခုချိန်ဆို အကိုကြီးတစ်ယောက် ဘာတွေများလုပ်ကိုင်စားသောက်နေရပြီလဲ၊ အဆင်မှ ပြေရဲ့လား၊ နေမှကောင်းရဲ့လား ဘာလို့များမဆက်သွယ်ပါလိမ့်လို့ ရောက်တတ်ရာရာအတွေးတွေက အေးသီတာကို အနိုင်ယူလေတော့သည်။ မောင်နှမတွေအပေါ်ကို တာဝန်မကျေခဲ့ပေမယ့် အေးသီတာတို့က အကိုကြီးအတွက် တာဝန်ကျေပေးရမယ်မဟုတ်ပါလား…။
အေးသီတာရဲ့ သူငယ်ချင်းတွေက အားကိုးရာတစ်ခုအဖြစ် အကိုလိုချင်လိုက်တာဟု မကြာခဏပြောလေတိုင်း
“ ငါ့အကိုလိုမျိုးတော့ မရှိချင်ကြပါနဲ့ဟယ်..”ဟု ပြောဖူးခဲ့ပါတယ်။ အားကိုးမရခဲ့တဲ့ အကိုဖြစ်သူကိုလည်း အားမလိုအားမရ ဖြစ်စွာနဲ့ အပြစ်တင်ခဲ့ဖူးပါတယ်။
အလိုလိုက်ထားရတဲ့ မောင်အငယ်ဆုံးတွေအကြောင်း ပြောဖြစ်တဲ့အခါ…. တစ်ချို့တွေက “ အိမ်က အငယ်ကောင်ပေါ့ သိပ်ဆိုးတာပဲ မနိုင်လို့လွှတ်ထားရတယ်” လို့ ပြောသံကြား ရင်တော့ ကျွန်မက ကျွန်မမောင်လေးကြောင့် ဂုဏ်ယူရပြန်ပါတယ်။
ကျွန်မတို့မိသားစုလေးမှာ ကျွန်မသိတတ်စအရွယ်ကတည်းက အိမ်ထောင်ဦးစီးက မိခင်ဖြစ်ခဲ့လေသည်။ အကိုကြီးပေမယ့် အဖအရာ မရောက်နိုင်ခဲ့တဲ့ အကိုတစ်ယောက်နဲ့၊ အငယ်ဆုံးမောင်လေးရဲ့ အလိုက်သိတတ်မှုတွေနဲ့ ပြောင်းပြန်အားကိုးနေရတဲ့ ဒီမိသားစုလေးမှာ ကျွန်မကကော ဘယ်လိုနေရာရောက်နေလဲဆိုတာတော့ အဖြေထုတ်စဉ်းစားတွေးတောနေရင်းက ကျွန်မရဲ့ တစ်နေ့တာရဲ့အဆုံးဟာ နေ့သစ်တစ်ခုရဲ့ အစဖြစ်နေခဲ့လေပြီ။
အားမာန်အသစ်တွေနဲ့ တစ်နေ့တာရဲ့ခရီးတစ်ခုလုံးကို ကျော်ဖြတ်ဖို့ အတွက် မိသားစုဆိုတဲ့ ဒီခွန်အားလေးအတွက် ကျွန်မ ကျေးဇူးတင်မဆုံးဖြစ်နေရဦးမှာပါ။

စိမ့်စမ်းရေ

Read More
Posted by စိမ့်စမ်းရေ on Monday, July 25, 2016

သူလိုချင်တာ ရတော့မယ်ဆိုတဲ့အတွေးနဲ့ ကလေးရဲ့မျှော်လင့်ချက်မျက်လုံးလေးတွေက ကိုအောင်မောင်းရဲ့တံချုထိပ်က ခြင်းလေးထဲမှာပင်။ မျှော်လင့်ချက်မျက်လုံးလေးတွေက မျက်ရည်စို့နေပေမယ့် အရောင်လေးတွေက တလက်လက်တောက်ပလို့သာ။ စူးစမ်းပြီးရှေ့တိုးလာတဲ့ ကလေးရဲ့လက်သေးသေးလေး ခြင်းထဲအရောက်…..
“အား…မေမေ….မေမေရေ…အီးဟီးဟီး….ပူတယ် ပူတယ်….မေမေ”
ခြင်းထဲကလက်ကို ရုတ်ချည်းထုတ်ပြီး သူ့အမေရှိရာဆီပြေးသွားတဲ့ကလေးနောက်ကို ကိုအောင်မောင်းက တံချုကိုင်ပြီး ပြေးလိုက်လာတဲ့အခါ ကလေးက မိတင်အုန်းရဲ့ ရင်ခွင်ထဲက မထွက်တော့ပေ။
“လူလေး..ဒီမှာ နေမင်းကြီးလေ..ရော့ရော့ ကိုင်ပါဦးကွ”
မိတင်အုန်းရဲ့ရင်ခွင်ထဲ မျက်နှာအပ်ရာကနေ ကိုအောင်မောင်းဘက်ကို လှည့်၍မလာတော့ပေ။
“ကိုအောင်မောင်း ရှင် ဘာကြီးထည့်လာတာလဲ ကျွန်မကို ပြစမ်းပါဦး”
“ဟဲဟဲ ငါ့အကြံမပိုင်လား…ဒီမှာကြည့်” ဟုဆိုကာ ပြလာတဲ့ ခြင်းတောင်းထဲ ကြည့်လိုက်မိတဲ့အခါ ပြာဖုံးနေတဲ့ မီးခဲလေးတွေ။
“နောက်ဆို နင့်သား သိပ်ပူဆာရဲမှာမဟုတ်တော့ဘူး နင်လဲ သိပ်မလိုမလိုက်နဲ့ဟ၊ အလိုလိုက်တော့ ကိုယ်ပဲပင်ပန်းတာပေါ့၊ တစ်ခါတစ်လေ လည်း နဲနဲပါးပါးကြောက်အောင်လုပ်ထားဦးမှပေါ့။ နင်က လူခွဲရှိတာမဟုတ်ဘူး.. ငါက စေတနာနဲ့ပြောတာနော်”
“အင်းပါ ကိုအောင်မောင်းရယ်…. ကျွန်မ နားလည်ပါတယ်။ ပြန်လိုက်ဦးမယ်”
မိညှက်ကိုတောင် နှုတ်မဆက်ဘဲ ထွက်လာခဲ့တဲ့ မိတင်အုန်းတစ်ယောက် ရင်ထဲတော့မကောင်းလှပေ။ မီးခဲကိုသွားကိုင်မိတဲ့သားလေးရဲ့ လက်ကလေးကို ပါးစပ်နဲ့ ငုံပေးလာရင်းက သက်ပြင်းအရှည်ကြီးသာ ချလိုက်မိပါတော့တယ်
“ဟင်း…………………”
“အမလေး မိတင်အုန်းရယ်…ဒီလောက်ရှည်တဲ့ သက်ပြင်းချသံများ ငါဖြင့် တစ်ခါမှကို မကြားဖူးပါဘူးအေ ”
ချက်ချင်းဆိုသလို စိတ်ထဲအရှိအတိုင်းပြောချတတ်တဲ့ဖွားညှက်က ဖွားအုန်းဘာတွေတွေးနေပြန်ပြီဆိုတာ အတတ်သိလိုက်လေသည်။
“ရှေးဟောင်းနှောင်းဖြစ်တွေပေါ့ အညှက်ရယ်….”
ဒီလောက်ဆို ဖွားညှက် သဘောပေါက်လေသည်။ ဒီစကား ဒီမှာတင်ရပ်ကာမှ တော်ပေလိမ့်မည်။ အကြောင်းတစ်ခုခုတိုက်ဆိုင်တိုင်း သားနှစ်ယောက်ကို သတိရကာ မျက်ရည်ကျတတ်တဲ့ ဖွားအုန်းအကြာင်းကို ဖွားညှက်မသိဘဲနေပါ့မလား….။
“ကဲကဲ ငါ ပြန်ဦးမယ် မျက်ရည်လည်ရွဲလုပ်မနေနဲ့ဦး”
“အေးပါ အညှက်ရယ်… ဟောပြောရင်းဆိုရင်း မျက်ရည်တွေက သူ့အလိုလိုကျလာပြန်ပါပြီ…..”
တသွင်သွင်စီးကျလာတဲ့မျက်ရည်တွေကြားမှာ ဖွားအုန်းရဲ့အပြုံးလေးက အားအင်ချိနဲ့စွာ။ သားသမီးတွေဆီစိတ်ရောက်လိုက်တာနဲ့ ထိန်းမရတဲ့ မျက်ရည်တွေက သူ့အလိုလိုစီးကျလို့သာ။ ဘ၀တစ်ခုအဆင်ပြေဖို့ အခြားဘ၀တစ်ခုရင်းနှီးကြရတာ သဘာဝပေလား၊ နိယာမပေလား ဖွားအုန်းမသိ၊ သားသမီးတို့ရဲ့ ဘ၀အဆင့်ဆင့်မြင့်မားစေဖို့ ဖွားအုန်းရင်ကွဲခံလာတာ နှစ်ပေါင်းကမှ မနည်းတော့တာ။
ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ တစ်ယောက်တည်းရင်ကွဲခံကာ ကြိတ်မှိတ်ခံစားခဲ့ရခြင်းက အရာထင်တယ်လို့ဆိုရပေမည်။ ဆုံးပါးသွားတဲ့ ခင်ပွန်းဖြစ်သူရဲ့ဆွေမျိုးတွေမှတစ်ဆင့်အဆက်အသွယ်ဖြတ်ခဲ့တဲ့ဖွားအုန်းရဲ့သားနှစ်ယောက်လုံးက ရန်ကုန်မြို့မှာ အချေကျခဲ့လေသည်။ တစ်နှစ်တစ်ခေါက်အလှည့်ကျရောက်လာကြပေမယ့် အိမ်ထောင်ကျပြီးကတည်းက အဆက်အသွယ်တွေကျဲခဲ့လေတော့သည်။ ကိုယ်စခဲ့တဲ့ “ဇာတ်လမ်းပဲလေ…ကိုယ်ပဲခံရမှာပေါ့၊ အိုး မြို့မှာက မပင်မပန်းဘဲ လုပ်ရတာ၊ တော်မှာလိုမဆင်းရဲဘူး…” အဲဒီလိုအမျိုးမျိုးအဖုံဖုံ အလုံးစုံနဲ့ အားတင်းရင်းကပဲ ဖွားအုန်းဘ၀  အထီးကျန်ဖြစ်နေရခြင်းသာ။ “ငယ်ငယ်က ဒုက္ခပေးတဲ့ကလေးတွေ ကြီးလာတော့လည်း မသိတတ်ကြဘူး” လို့ အများကပြောကြပေမယ့် ဖွားအုန်းကတော့ အဲ့လိုမခံယူမိပေ။ မိသားစုရယ်လို့ဖြစ်သွားကြရင်တော့ ကိုယ့်မိသားစုအရေးက အရေးကြီးဆုံးပဲ မဟုတ်လား..။ မမြင်နိုင်တဲ့လုပ်ဆောင်မှုတွေကြားမှာ သားအကြီးကော အငယ်ပါ နစ်မြုတ်နေမှာတော့ အသေအချာပင်။
အိမ်စုတ်လေးနဲ့ဒီခြံလေးကိုတောင် သံယောဇဉ်မဖြတ်နိုင်တဲ့ဖွားအုန်းက ရင်ကမွေးဖွားထားရတဲ့ သားနှစ်ယောက်ကို ဘယ်မှာသတိမရနေ မည်နည်း။ အများပြောနေကြတဲ့ သားနှစ်ယောက်ရဲ့သတင်းနဲ့အပြိုင်ဆန့်ကျင်ဘက်ဖြစ်စွာခံယူထားတဲ့ ဖွားအုန်းရဲ့အခြေအနေက ပတ်ဝန်းကျင်ကလူတွေအတွက်တော့ အတင်းပြောစရာဖြစ်နေခဲ့လေသည်။
အများပြောနေကြတဲ့ အိုဇာတာကောင်းဖို့ဆိုသည် အဘယ်နည်း။ သားသမီးတွေနဲ့အတူနေရဖို့လား။ အလုပ်မလုပ်ဘဲထိုင်စားရဖို့လား။ ကျန်းမာရေးကောင်းတာလား။ အဘယ်ကိုဆိုလိုသနည်း။ အတူနေသားသမီးတွေရဲ့ဒုက္ခတွေကို ဝေမျှခံစားရဖို့လား….။ အမျိုးမျိုးသော ထင်မြင်ယူဆချက်တွေကြားမှာအပြုံးမပျက်တဲ့ဖွားအုန်းရဲ့ခံယူချက်ကို ဘယ်သူမှ လက်မခံနိုင်ပါချေ။
“ငါက အိုဇာတာ ကောင်းပါတယ်မိညှက်ရယ်….. ငါ့ကို ဒုက္ခပေးမယ့် ဘယ်သားသမီးမှ ငါးအနားမှာမရှိဘူးလေ။ ထမင်းတစ်လုပ်ကိုလည်း မျိုကျအောင် ကြည့်နေရမယ့် မျက်နှာတွေလည်းမရှိဘူးလေ။ အမြင်မတော်လို့ လိုက်ပြောနေရမယ့် ကလေးသူငယ်လည်းမရှိဘူးလေ၊ ကြည်ကြည်ဖြူဖြူနဲ့ပေးလာတဲ့ သားသမီးတွေရဲ့ ငွေလေးက ငါ့အတွက်လုံလောက်ပါတယ်။ သူတို့ဘ၀လေးတွေ အေးချမ်းပျော်ရွှင်နေတယ် ဆိုရင်ပဲ ငါ့ဘ၀ရဲ့အိုဇာတာလေးက ဘယ်လောက်များကြည်နူးစရာကောင်းလိုက်သလဲ နင် မြင်ကြည့်စမ်းပါ မိညှက်ရယ်”လို့ တစ်ခါတုန်းက ပြောခဲ့ဖူးတဲ့ဒီစကားလေးတွေကို မဟာသူရဲကောင်းမကြီး ဖွားအုန်းက မျက်ရည်အ၀ိုင်းသားနဲ့ပြောခဲ့တယ်ဆိုတာ ဖွားညှက်တစ်ယောက်က လွဲလို့ တခြားဘယ်သူမှ သိနိုင်တော့မည်မဟုတ်ချေ။
စိမ့်စမ်းရေ

2015၊ မတ်လ၊ တက္ကသိုလ်ရဟန်းပျိုစာစောင်တွင်ပါပြီး။

Read More
Posted by စိမ့်စမ်းရေ on Wednesday, July 6, 2016

“မိညက် မိညက် ထထ ထတော့ ဟိုမှာ မိတင်အုန်းတောင် သားနှစ်ယောက်နဲ့ ရွာထဲ အုန်းမောင်းလျှောက်တီးပြီးပြီ”
မနှစ်ခြိုက်တဲ့လေသံနဲ့ပြောလာတဲ့ ကိုအောင်မောင်းကို အိပ်ယာထဲကနေ မိညှက် လှမ်းကြည့်လိုက်ပါတယ်။ အမြဲလိုလိုစကားထဲထည့်ထည့် ပြောလာတဲ့ မိတင်အုန်းတို့သားအမိအကြောင်းကို မိညှက် လုံးဝမကြိုက်ပေ။
“ ရှင် ပြောပြန်ပြီလား ကိုအောင်မောင်း စကားပြောရင် ဘာဖြစ်လို့ ကျုပ်သူငယ်ချင်းကို ထည့်ထည့်ပြောနေရတာလဲ၊ ကျုပ်ကို နှိုးစရာရှိ ရိုးရိုးတန်းတန်းနှိုးပေါ့”
စောစောစီးစီးပေမယ့် သတိလွတ်စွာ မိညှက်အော်ပြောလိုက်တော့
“ဟ မပြောလို့ရမလား မနက်လေးနာရီမတီးခင်ကတည်းက တစ်ရွာလုံးကို ဆူညံနေတာပဲ။ ရွာနောက်ပိုင်းမှာလဲနေလဲ အရှေ့ပိုင်းက အိပ်မရ၊ တောင်းပိုင်းက အိပ်မရနဲ့ ဒီလောက်ဒုက္ခပေးတဲ့ကလေးတွေ၊ ငါ တစ်ခါမှ မမြင်ဖူးဘူး၊ ကိုယ့်မှာလည်း သားတွေသမီးတွေနဲ့ပါကွာ…သူ့ လောက်…. ”
“တော့ ကိုအောင်မောင်း… ရှင် တော်မလား၊ မတော်ဘူးလား စောစောစီးစီး ကျုပ် ရန်မဖြစ်ချင်ဘူးနော်”
“အေးပါကွာ အေးပါ မပြောဆို မပြောတော့ပါဘူး၊ မင်းအသံကို ကြောက်လွန်းလို့ပါကွာ”
မကြာခဏဖြစ်တတ်တဲ့ ကိုအောင်မောင်းတို့ရဲ့ရန်ပွဲကိစ္စတိုင်း မိတင်အုန်းရဲ့သားနှစ်ယောက်ကြောင့်ပင်။ လူမမည်သားနှစ်ယောက်ရဲ့ဒဏ်ကို အလူးအလဲိခံနေရတဲ့မိတင်အုန်းကို စာနာသနားကြပေမယ့် မနက်လေးနာရီထိုးတိုင်း နေ့စဉ်ရက်ဆက် ထထသောင်းကျန်းတတ်တဲ့ဒဏ်ကို တော့ တစ်ရွာလုံးက ငြိုငြင်လာကြသည်။
ညဉ်ဆိုးတယ်ပဲပြောရမလား၊ ဂြိုလ်ကောင်လေးလို့ပဲပြောရမလားမသိပေမယ့် မိတင်အုန်းရဲ့ သားနှစ်ယောက်စလုံးက စရိုက်အတူတူပင်။ လိုချင်တာရရင်ရ။ မရလို့ကတော့ ချော့ဖို့ပင်မလွယ်၊ ဟိုဟာနဲ့ချော့မရ၊ ဒီဟာနဲ့ခြောက် မရ၊ နောက်ဆုံးမှ ချီပိုးပြီး ရွာထဲပတ်ပေးလိုက်မှ အငို ရပ်လေတော့သည်။ နေ့ဘက်တွေသိပ်မသိသာလှပေမယ့် ထူးဆန်းစွာ အချိန်မှန် ငိုတတ်တာကတော့ မနက် လေးနာရီပင်။ စားကောင်းခြင်း မစားရ၊ အိပ်ကောင်းခြင်းမအိပ်ရပေမယ့် မိတင်အုန်းကတော့ သားနှစ်ယောက်အတွက် ဘယ်တော့မှ မငြိုငြင်ခဲ့ပေ။
            “နင့်သားတွေဟယ် ကြီးလာရင် လွယ်ပါ့မလား” လို့ ပတ်ဝန်းကျင်က မေးငေါ့လာသမျှကိုလည်း
            “ ဒါကတော့ ကံတရားပေါ့ အမရယ် ” လို့ မိတင်အုန်းက တုန့်ပြန်တတ်လေသည်။ မမြင်နိုင်တဲ့ ကုသိုလ်ကံထက် မြင်နေရတဲ့သားနှစ် ယောက်အရေးက မိတင်အုန်းအတွက် အရေးကြီးဆုံးမဟုတ်ပါလား။
***-----***-----***-----“”
“အမယ် မတင်အုန်း ဒီလိုကြတော့လည်း နင့်သားတွေက ချစ်စရာလေးတွေပါလား ဟ”
သနပ်ခါးအဖွေားသားနဲ့ချစ်စရာလေးဖြစ်နေတဲ့ သားနှစ်ယောက်ကို ကိုအောင်မောင်းက ချီးကျုးလိုက်ခြင်းပင်။ ပြုံးရယ်နေတော့လည်း ချစ်စရာ တော့ အကောင်းသားလို့ ထင်မိခြင်းဖြစ်ပေလိမ့်မည်။
“ထုံးစံအတိုင်းပေါ့ ကိုအောင်မောင်းရယ် သောင်းကျန်းပြီးလို့ စားသောက်ပြီး လမ်းလျှောက်ထွက်လာတာ”
“နင်တို့အပိုင်း ငါ ခဏသွားမလို့။ အေးပါ အေးအေး အိမ်မှာ မိညှက်ရှိတယ်၊ အိမ်ကို ၀င်သွားလိုက်ဦးလေ ”
ကိုအောင်မောင်းနဲ့ မိတင်အုန်းတို့စကားပြောနေချိန်မှာပင် ကလေးတွေကို နှုတ်ဆက်သံတွေက ဆူညံနေလေသည်။
မြင်မြင်သမျှ အထူးအဆန်းသဖွယ် ဖြစ်နေတာမို့ အကြီးကောင်လေးက သူသိလိုသမျှတွေကို မပီကလာ ပီကလာနဲ့ မေးနေသံကိုလည်း ကြားရ လေသည်။
“ မေမေ ဒါကြီးက ဘာလဲ၊ ဟိုးမှာ ဟိုးက ဟာရော”
“ဒါက ထန်းပင်သားရဲ့၊ ဟိုက ကျောင်း၊ စာသင်ကျောင်းလေ သားသားလေးကြီးလာရင် အဲဒီကျောင်းမှာ စာသင်ရမှာပေါ့”
သိသွားသလို နားလည်သွားသလို အမူအရာလေးတွေနဲ့ ခေါင်းလေးတညိတ်ညိတ်လုပ်နေဟန်လေးတွေက ကလေးသဘာဝမို့ အတော်ပင်ချစ်စရာကောင်းလှသည်။ ကလေးတွေကချစ်စရာကောင်းသလို ညနေ မစောင်းတစောင်းလေးရဲ့ နေ၀င်ချိန်လေးကလည်း အတော်ပင်လှနေလေသည်။ တောင်တွေကာရံထားတဲ့ ရွာလေးမို့ နေထွက်ချိန်နဲ့ နေ၀င်ချိန်က ဒီရွာလေးရဲ့ အလှဆုံးပင်။ နေလုံးကြီးဝင်သွားရာ အနောက်ဘက်ဆီသို့ မျက်နှာမူရင်းလမ်းလျှောက်သွားနေတဲ့ မိတင်အုန်းက မြင်မြင်သမျှ ပူဆာတတ်တဲ့ သားတွေရဲ့ မေးသမျှကိုလည်း မညီးမညူပြန်ဖြေပေးနေရသေးသည်။ စိတ်ကျေနပ်လောက်မယ့် အဖြေမျိုးမဟုတ်ပြန်ရင်လည်း မဖြစ်သေးပေ။
“မေမေ သားသားတို့ ခု ဘယ်ကိုသွားနေတာလဲ ဟင်”
“ဟိုးမှ တွေ့လားသား…အဲဒီနေမင်းကြီးဆီ သွားကြည့်မလို့ပေါ့”
အနောက်ဘက်တောင်တန်းတွေကြား မေးတင်စပြုနေတဲ့ နေမင်းကြီးက မိတင်အုန်းတို့ရွာရဲ့ အနောက်ဘက်ခြမ်းက အလှတစ်ပါးပင်။ လယ်ကွင်းအစပ်တွေကနေကြည့်ရင် သိပ်ကိုကြည့်ကောင်းတဲ့ ပန်းချီကားတစ်ခုဆိုလည်း မမှားနိုင်ပေ။ အနုပညာခံစားရေးဖွဲ့တတ်ကြတဲ့သူ တွေဆိုရင်တော့ ဒီသဘာဝအလှကို စာဖွဲ့ကုန်နိုင်မည်မဟုတ်ဟု မိတင်အုန်းထင်မိသည်။
“ညီလေး လာလာ ဒီကိုလာ”
အမေကိုလက်တွဲထားရာမှ ရှေ့ကိုပြေးထွက်သွားတဲ့အကြီးကောင်က သူ့ညီလေးကို လှမ်းခေါ်လိုက်လေသည်။ တိတ်ဆိတ်ပြီးအေးချမ်းတဲ့ နေရာလေးမို့ သူတို့တွေအတွက်ပြေးလွှားကစားဖို့နေရာလို့ ထင်လိုက်သည်မသိ ရုတ်တရက်
“မေမေ သားသားကို အဲဒီ နေကြီး ယူပေးပါလား သားသားဆော့ချင်လို့”
ဒုက္ခ၊ အဲဒါမှ ဒုက္ခလှလှပင် မဟုတ်တာကိုပူဆာနေပြန်ပြီ
“အဲဒါက ယူလို့မရဘူး သားလေးရဲ့ ဟိုးအဝေးကြီးမှာ၊ လာလာ မေမေတို့ အိမ်ပြန်ကြမယ်”
လိုချင်တာကိုမရသော ကလေးငယ်တို့ရဲ့ထုံးစံအတိုင်း မျက်နှာအမူအရာချက်ချင်းပြောင်းလဲသွားတဲ့ သားဖြစ်သူရဲ့အခြေအနေကို ရိပ်စားမိ လိုက်တဲ့မိတင်အုန်းက ချက်ချင်းပဲ အငယ်ကောင်လေးကိုကောက်ချီကာ အကြီးကောင်ကိုလက်ကဆွဲလို့ ခပ်မြန်မြန်ပင် ရွာထဲသို့ ၀င်လိုက်ရ လေသည်။
“အဟင့် ဟင့် ယူပေး ယူပေး အဲဒီနေကြီးကိုယူပေး….”
တအင့်အင့်နဲ့ငိုနေရာမှ မိညှက်တို့အိမ်ရှေ့အရောက် ဆတ်ခနဲ တွဲလာတဲ့လက်ကိုဖြုတ်ပြီး ပေကပ်ကပ်နဲ့ရပ်နေပါတော့တယ်။ လမ်းလျှောက်နေ ရာမှရပ်၊ ရပ်နေရာမှ ထိုင်ကာ ခြေနှစ်ချောင်းပွတ်ပြီး အော် အော်ငိုနေတဲ့သားဖြစ်သူကို မိတင်အုန်း စိတ်မရှည်စွာနဲ့ကြည့်လိုက်မိလေသည်။ ဒီလိုသာဆိုရင်တော့ တော်ရုံနဲ့တိတ်ဖို့မလွယ်လှ။ အကြောတင်းလှတဲ့ သားဖြစ်သူရဲ့အကြောင်းကို သူသာအသိဆုံးမဟုတ်လား…..။
“ လာလာ သားလေး မေမေနောက်တော့ယူပေးမယ်နော် လာပါသားလေးရဲ့လာလာ တော်ကြာမှောင်တော့မယ် ” တက်နိုင်သလောက် ချော့မော့ပြောဆိုနေတဲ့ မိတင်အုန်းကို ခပ်ဝေးဝေးအသာလေးအကဲခတ်နေတဲ့ ကိုအောင်မောင်းက
“မိတင်အုန်း နေဦး၊ ဒီကောင့်ကို ငါပညာပေးပြမယ်၊ နင် အသာလေးဖယ်နေ” ဟုဆိုကာ အိမ်ထဲကနေပြေးထွက်လာတဲ့ ကိုအောင်မောင်းက လက်ထဲမှာလဲ တံချုတစ်ခုနဲ့။
“အော်….နေပါစေ ကိုအောင်မောင်းရယ် ကျွန်မ ချော့မော့ပြောလိုက်ပါ့မယ်”
ကိုယ့်အတွက်အလုပ်ရှုပ်စေမည့်အလား သို့တည်းမဟုတ် သားကို နာကျင်အောင် တစ်ခုခုများလုပ်လေမလားဆိုတဲ့အတွေးနနဲ့ သားအတွက်စိုး ရိမ်စိတ်ဖြစ်သွားတဲ့ မိတင်အုန်းရဲ့လေသံက အထင်းသားကိုပေါ်လွင်သွားလေသည်။
“အမလေးဟယ် နင့်သားကို ငါရိုက်လည်းမရိုက်၊ ခြောက်လည်းမခြောက်ပါဘူး…၊ သူလိုချင်တာ ယူပေးလိုက်ယုံပဲ၊ နင်သာ အိမ်ပေါ်ခဏသွားနေ”
ပြောပြောဆိုဆိုနဲ့ ကိုအောင်မောင်းက
“လာလာ လူလေး ဘဘယူပေးမယ်၊ ဟော ဟိုက နေမင်းကြီးကို ယူချင်တာမဟုတ်လား..လာလာ တိတ် တိတ်”
မယုံတစ်ဝက်၊ ယုံတစ်ဝက်နဲ့ ကိုအောင်မောင်းရဲ့လက်ပေါ်ပါသွားတဲ့ အကြီးကောင်က အငိုလည်းတိတ်သွားပါတော့တယ်။ ခပ်လှမ်းလှမ်းနား ရောက်တဲ့အခါ နေကိုတံချုနဲ့ခူးသလိုမျိုးခူးပြနေလေသည်။ နေမင်းကြီးက တံချုထိပ်ကခြင်းထဲပါလာသလိုမျိုး နှစ်ခါသုံးခါလောက် လုပ်ပြပြီးတဲ့အခါ

“ဟေး…ပါလာပြီကွ…ပါလာပြီ လာလာ ဒီနားလာ ကိုင်ကြည့်ရအောင်….”

ဆက်ရန်.....
စိမ့်စမ်းရေ

Read More
Posted by စိမ့်စမ်းရေ on Tuesday, July 5, 2016

အိုဇာတာ 
“ဖွားအုန်းရေ ဖွားအုန်း…. ကျွန်တော်တို့ အိမ်ထဲဝင်လာပြီနော်”
“ဟဲ့ ဘယ်သူတွေများတုန်း . . .လာလာ ၀င်လာကြကွဲ့ ”
မနက်စောစောပင်ရှိသေးသည်။ မိုးလင်းလို့ အလင်းရောင်ရခါစလေးမှာပင်။ မီးဖိုချောင်ထဲဝင်ကာ ရေနွေးအိုးတည်နေတဲ့ ဖွားအုန်းက ခြံရှေ့ဘက်ကခေါ်သံကြားရာဆီသို့ ပြန်လည်အဖြေပေးလိုက်ရင်း အိမ်ရှေ့ဘက်သို့ ထွက်လာလိုက်ပါတယ်။ အဖွားကြီးတစ်ယောက်ရဲ့ အသွင်အပြင်ကို အပြည့်အ၀ပိုင်ဆိုင်ထားပြီဖြစ်တဲ့ အဖွားအုန်းရဲ့လက်ထဲမှာ အသင့်ပါလာတဲ့ ထမင်းကြမ်းပန်းကန်ထဲမှာတော့ ငါးခြောက်ဖုတ်လေးက တစ်ကောင်နှစ်ကောင်။
“မှန်းစမ်း…. ဒါက ဘယ်သူတွေတုန်းကွဲ့”
“ကျွန်တော်ပါ မောင်ပုလေ မောင်ပု… ဦးကျော်ထွေးသားလေ အဖွား”
“အော်”
မှတ်မိသလိုဖြစ်သွားတဲ့အဖွားရဲ့ဟန်ပန်က နောက်ဘက်နားဆီက မမြင်ဖူးတဲ့လူတစ်ယောက်ဆီသို့ အကြည့်ရောက်သွား လေသည်။
“ဒါနဲ့ ဟောဟိုကလေးက ဘယ်သူ့သားလေးလဲ၊ ဖွားကလေ မျက်စိတွေလည်းမကောင်းတော့ဘူး၊ မှတ်ဥာဏ်တွေလည်း အကုန်မေ့ပြီဆိုတော့ မမှတ်မိတော့ရင်ဖွားကို တစ်မျိုးမမြင်ကြနဲ့နော် ကလေးတို့”
“မမြင်ပါဘူးဖွားရဲ့ ခုလာရင်းကိစ္စလေးကို ပြောပြပြီးရင် ဖွားကို ကျွန်တော်တို့ကန်တော့မလို့၊ ဒီလိုဖွားရဲ့ ဟောဒီညီလေးရဲ့အဖေ ဦးလေးစိုးက ငယ်ငယ်ကတော့ ကျွန်တော်တို့ရွာကပေါ့၊ ခု မြို့သူနဲ့အိမ်ထောင်ကျပြီး အလုပ်အ ကိုင်လေးတွေအဆင်ပြေလာတော့ အဲဒါ ရွာပြန်ပြီး ကုသိုလ်ယူတယ်ပေါ့အဖွားရယ်၊ ရွာထဲက သက်ကြီးအဖိုးအဖွားတွေကို အိမ်တိုင်ရောက်အောင်လိုက်ပြီး ကိုယ်တိုင်ကိုယ်ကျ ကန်တော့တာပါ။ အဲဒါ  ကျွန်တော်တို့ ကာလသားတွေက ၀ိုင်းပြီး ပါရမီဖြည့်ပေးတာပေါ့၊ ဟော ဒါက အဖွားအတွက် ဥပုသ်စောင့်ရင်ဝတ်ဖို့၊ ဒါက အဖွားကြိုက်တာသုံး၊ ဒါလေးကတော့ ခု စားဖို့နော်၊ ဟော ဒါကတော့ အအေးဗူးနဲ့မုန့်ထုတ်လေးတွေ၊ ဖွား အကုန်စားရမယ်နော် ”
“အေးပါကွယ် အေးပါ၊ ဒီလောက်တောင် အများကြီးကွယ်….”
တစ်ခန်းတည်းသာရှိတဲ့ အိမ်ခန်းလေးမှာ ခေါင်းရ်းဘက်ဘုရားကျောင်းလေးရှေ့မှာ ကျုံ့ကျုံ့လေးထိုင်နေတဲ့ ဖွားအုန်းက သူ့ရှေ့ကပစ္စည်းတွေကော၊ မောင်ပုခေါင်းဆောင်ပြီးခေါ်လာတဲ့ လူငယ်လေးတွေကော အားလုံးကို မယုံကြည်ခြင်း၊ အံ့သြ ခြင်း၊ ၀မ်းနည်းဝမ်းသာခြင်းတွေခံစားနေရတဲ့ မျက်ဝန်းလေးနဲ့ စိုက်ကြည့်နေလေသည်။ ခဏတာမျှ တိတ်ဆိတ်သွားတဲ့ ဒီစကားဝိုင်းလေးကို မောင်ပုကပဲ
“ဒါဆို ကျွန်တော်တို့အားလုံး အဖွားကို ကန်တော့မယ်နော်”
ရိုသေစွာနဲ့ဦးသုံးကြိမ်ချကန်တော့နေတဲ့ သူ့ရှေ့က လူငယ်လေးတွေကို ပီတိတွေအပြည့်နဲ့ ဖွားအုန်းတစ်ယောက် မျက်တောင်မခတ် ငြိမ်ပြီး ကြည့်နေမိလေသည်။
“ဖွား..သားတို့ကို ဆုပေးဦးလေ”
ဘယ်လောက်ကြာတွေဝေနေမှန်းမသိတဲ့ဖွားအုန်းက မြို့ကလူငယ်လေးရဲ့အသံကြားတော့မှ သတိပြန်ဝင်လာပါတော့တယ်
“အော် …အေး..ဟုတ်သားပဲ၊ ဖွား က ဆုတော့ သိပ်မပေးတတ်ဘူးနော် ဖြစ်ရဲ့လား”
“ရပါတယ် ဖွားရဲ့၊ ဖွား စိတ်ထဲရှိတဲ့အတိုင်းသာပြော ရတယ်”
“မြေးလေးတို့အားလုံး ဘုန်းကြီးပါစေ၊ အသက်ရှည်ပါစေကွယ်၊ အနာရောဂါကင်းပြီး…. သွားလမ်းသာလို့ လာလမ်းတွေလည်း ဖြောင့်ဖြူးကြပါစေကွယ်….နော်”
တစ်ယောက်ချင်းစီရဲ့မျက်နှာတွေကိုကြည့်ပြီး ဖြေးညင်းစွာပြောလာတဲ့ဖွားအုန်းရဲ့ဆုပေးသံလေးက ၀မ်းသာကြည်နူးမှုတွေနဲ့အတူ တုန်ရီနေ တယ်ဆိုတာ မောင်ပုတို့အားလုံး ခံစားလိုက်ရလေသည်။
“ဖွား ပေးတဲ့ဆုတွေ သားတို့အကုန်လုံးပြည့်ရပါလို၏ နော် အဖွား”
“အေးပါကွယ် အေးပါ၊ လူလေးတို့ လက်ဖက်ရည်လေးသောက်သွားကြပါဦးလားကွယ် ဖွား တည်ထားတာ ဆူလောက်ပါပြီ၊ ”
စကားပြောနေရာမှ ရုတ်တရက်သတိရသွားဟန်နဲ့ အိမ်နောက်ဘက်ကို ခြေလှမ်းပြင်နေတဲ့အဖွားကို မောင်ပုတို့အားလုံး ကမန်းကတန်းတား လိုက်ရပါတယ်။
“ဟာ နေပါစေ နေပါစေအဖွားရဲ့ ကျွန်တော်တို့ ဖွားညှက်အိမ်မှာလည်း သောက်ခဲ့ရသေးတယ် ခု ပြီးတာနဲ့ ရွာနောက်ပိုင်းကို တစ်ခါတည်း သွားကြမလို့ပါအဖွား အဲဒါကြောင့်ပါနော် မသောက်ချင်လို့မဟုတ်ဘူးနော် ဖွား၊ မုန့်တွေစားရမယ်နော်၊ လုံချည်လေးလည်း ၀တ်ရမယ်နော် ဒါမှ ကျွန်တော်တို့ ကုသိုလ်ရမှာ”
“၀တ်မှာပေါ့ မြေးရဲ့ ဖွား ၀တ်မှာပေါ့ကွယ် မုန့်လည်း စားပါ့မယ်နော်”
ခြံရှေ့အထိလိုက်ပို့ပေးရှာတဲ့ဖွားအုန်းကို နှုတ်ဆက်အပြုံးလေးတွေနဲ့အတူ ထားခဲ့ကြလို့ မောင်ပုတို့အားလုံး ရွာနောက်ပိုင်းကို ထွက်လာခဲ့ကြပါ တယ်။ လူငယ်လေးတွေဖြစ်ကြပေမယ့် ဖွားအုန်းရဲ့မျက်ရည်စို့နေတဲ့မျက်ဝန်းအစုံကတော့ မသိမမြင်ချင်ယောင်မဆောင်နိုင်ခဲ့ကြပေ။
ရင်းနှီးအားကိုးစွာ ဆုပ်ကိုင်ထားတဲ့ဖွားအုန်းရဲ့ သန်မာတဲ့လက်အစုံက ခဏတာလေးနဲ့တင် သနားစဖွယ်ဖြစ်ခဲ့ရလေသည်။ ခြံဝနားလေးမှာ မတ်တပ်ရပပြီးကြည့်နေရှာတဲ့ ဖွားအုန်းရဲ့မျက်နှာလေးက မောင်ပုတို့အားလုံးရဲ့ရင်ထဲအထိ စွဲထင်ကာ ပါလာခဲ့လေတော့သည်။
********
“အတင်ရေ  အတင်…. ဘယ်နားသွားနေပါလိမ့်..၊ မိတင်အုန်း…ဝေ….မိတင်အုန်း… တကတည်းမှပဲ င့ါနှယ်.. စောစောစီးစီးဘယ်များ သွားနေပါလိမ့်”
ခြံရှေ့ကတည်းက တစာစာအော်ခေါ်လာတဲ့ ဖွားညှက်ရဲ့လေသံက စိတ်မရှည်ရာမှ စိတ်ပူလာဟန်ဖြစ်လို့လာပါတယ်။ မိတင်အုန်းနဲ့ မိညှက်ဆိုတာ လည်ပင်းဖက်ပေါင်းသင်းလာကြတဲ့ သူငယ်ချင်းအရင်းအချာဆိုပေမယ့် အမွှာပူးလို့ဆိုရလောက်အောင် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ တစ်ယောက်ရဲ့အရိပ်အကဲကိုကျန်တစ်ယောက်က သိနေကြတဲ့ သူတွေပင်။
တစ်ယောက်တည်းလည်းနေသေး၊ ခဏခဏလည်းဖျားတတ်သေး၊ စိတ်ကလည်းပျော့၊ လူကလည်းမမာတဲ့ သူငယ်ချင်းဆီကို မကြာခဏ လာတတ်တာကိုကြည့်က သိနိုင်လေသည်။ လာတိုင်းလည်း နေမကောင်းဖြစ်တယ်ဆိုတဲ့အသံ ကြားရတတ်တာမို့ ခုလည်း နေမကောင်းပြန် ဘူးလားလို့ ဖွားညှက်တွေးလိုက်မိခြင်းဖြစ်လေသည်။
ခြံဘေးနားက ကွပ်ပျစ်လေးပေါ်မှာထိုင်ပြီး တောင်ရောက်၊ မြောက်ရောက်စဉ်းစားနေတဲ့ ဖွားညှက်တစ်ယောက် အတွေးနယ်လွန်နေခိုက်
“၀ှီး……………ဘုတ်”
“အမလေး သောက်ပလုတ်တုတ်”
ခြေထောက်နားသို့ ရုတ်တရက်ကျလာတဲ့သစ်ကိုင်းခြောက်လေးကြောင့် ဖွားညှက်လန့်သွားလေသည်။ သစ်ကိုင်းခြောက်လေး လာရာဘက်ကို ကြည့်လိုက်မိတဲ့အခါ
“ကြည့်စမ်း ကြည့်စမ်း မိတင်အုန်း၊ ဒါက ဘယ်လိုဖြစ်လာရပြန်တာတုန်း၊ မကြီးမငယ်နဲ့ လူကို စ တာပေါ့လေ”
ဖွားညှက်ထိုင်နေရာ ကွပ်ပျစ်လေးဆီသို့ တရွေ့ရွေ့လမ်းလျှောက်လာရင်း ဖွားအုန်းရဲ့ ရယ်ကျဲကျဲပုံစံလေးက ဟိုတစ်ချိန်နုပျိုတုန်းကလို လွတ်လပ်ပေါ့ပါးစွာနဲ့သာ။
“မစရပါဘူး မိညှက်ရယ်…. မီးမွှေးဖို့ထင်းစလေးတွေ တွေ့တာနဲ့ ခြံထဲပစ်လိုက်မိတာပါ အေ”
ဖွားအုန်းနဲ့ဖွားညှက်တို့ရဲ့ အချင်းချင်း အပြန်အလှန်ပြောနေသံက တောသဘာဝမို့ ပုံမှန်ထက် ပိုကျယ်နေမှာတော့ အမှန်ပင်။ အချင်းချင်း အာလုပ်စကားအဖြစ် ကြုံသလိုခေါ်ဝေါ်ကြပေမယ့် ဖြူစင်ရိုးသားလှတဲ့ အတွင်းစိတ်ရင်းတွေကတော့ မြင်ရုံနဲ့ သိသာနိုင်လေသည်။
“အကောင် နင့်ဆီ မောင်ပုတို့ လာသွားပလား”
“အေးလေဟယ် စောစောစီးစီးကို ရောက်လာကြတာ၊ ငါဖြင့် လန့်ဖြတ်သွားတာပဲ၊ ပြီးတော့ ဟိုသူငယ်လေးက ရန်ကုန်ကတဲ့.. ငါဖြင့်လေ ရန်ကုန်ဆိုတဲ့အသံကြားလိုက်တာနဲ့တင် ရင်ထဲကို ဘယ်လိုဖြစ်သွားမှန်း မသိပါဘူး မိညှက်ရယ်”
စကားပြောနေရင်းကနေ ၀မ်းနည်းသံပါလာတဲ့ ဖွားအုန်းကို ဖွားညှက်ရဲ့အားပေးအပြုံးလေးက သိပ်တော့အရာမ၀င်ခဲ့ပေ။ ခံစားချက်တို့ ပြည့်နေတဲ့ ဖွားအုန်းရဲ့ မျက်ဝန်းမှတစ်ဆင့် ရင်ထဲမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို ဖွားညှက် မြင်လိုက်ရလေသည်။
သက်ရှိထင်ရှားရှိဆဲဖြစ်တဲ့ ဖွားအုန်းရဲ့ချစ်လှစွာသော သားနှစ်ယောက်က ရွှေမြို့တော်လို့ခေါ်တဲ့ ရန်ကုန်မြို့ကြီးမှာပင်။ ဇနီးတွေ၊ သားတွေနဲ့ ဘ၀အခြေခိုင်နေကြပေမယ့် ဖွားအုန်းနဲ့တော့ အဆက်အသွယ်ပြတ်နေခဲ့လေသည်။ အသက် ခုနစ်နှစ်လောက်အရွယ်ကသာ မြင်ဖူးလိုက်တဲ့ မြေးလေးတွေက ခုဆို အသက် နှစ်ဆယ်ကျော်လောက်ရှိနေလောက်ပြီ။
အမြဲပဲ စုန်ရေသာရှိတတ်တဲ့ မိဘတို့ရဲ့ မေတ္တာတရားတွေထဲမှာတော့ ဖွားအုန်းက မဟာစံပြတစ်ယောက်ပင်။ မမြင်ဖူး မရောက်ဖူးပေမယ့် သားသမီးတွေရှိနိုင်မယ့်အရပ်ကို မှန်းဆရင်းက မေတ္တာပို့ပေးနေတတ်တဲ့ ဖွားအုန်းကို ဖွားညှက်တစ်ယောက် အမြဲပဲ ကရုဏာသက်မိလေ သည်။ တစ်ရွာလုံးသိထားကြတဲ့ ဖွားအုန်းရဲ့ ဘ၀အကြောင်းတွေထဲမှာ ဖွားညှက်တစ်ယောက်လည်း အပါအ၀င်ဖြစ်ခဲ့ရသောကြောင့်ပင်။
စိမ့်စမ်းရေ
ဆက်ရန်....

Read More
Posted by စိမ့်စမ်းရေ on

(နောက်ဆုံးပိုင်း)
“တို့ရွာရဲ့ ရွာဦးကျောင်းလေးက ဘယ်ချိန်ကြည့်ကြည့် ဘယ်နေရာကကြည့်ကြည့် အေးချမ်းလိုက်တာနော်၊ ငါဖြင့် ရင်ထဲကို အေးသွားတာပဲ……”
 “ဒီမှာ….ဒေါ်ဒေါ်မေဦး…..အေးရင်လည်းအပေါ်ရောက်မှအေး….ခုတက်နေတာ လှေကားနော်…..သတိလည်းထားပါဦး…….”
ခန္ဓာကိုယ်၀၀ကြီးကို မနိုင်တနိုင်သယ်ရင်းက လှေကားလက်ရမ်းကိုအားပြုနေရတာမို့ မပုတိုမျက်နှာက ချွေးပြန်နေလေသည်။ အလုပ်ကြမ်းတွေကိုဆက်တိုက်လုပ်နိုင်ပေမယ့် လှေကားအတက်အဆင်းကိုတော့ မပုတိုမခံနိုင်ပေ။ ပုပုတိုတို ၀၀လေးမို့ ပုတိုမလို့ ချစ်စနိုးခေါ်ကြရင်းက မပုတိုရဲ့နာမည်အရင်းကို ဘယ်သူမှမသိကြတော့ပေ။
“အင်းပါ မပုတိုရယ်…မေဦးက ဒီနေရာ ဒီပတ်ဝန်းကျင်ကို သတိရနေလို့ပါ….”
“ညည်းကတော့ ရမှာပေါ့အေ……….ဟွန်း….မေဦးနော်…...မပြောလိုက်ချင်ဘူး”
ပကာသနမရှိပေမယ့် သစ်ရိပ်ဝါးရိပ်လေးကြောင့် အမြဲပဲအေးချမ်းနေတဲ့ မေဦးတို့ရဲ့ရွာဦးဘုန်းကြီးကျောင်းကို မြို့ပေါ်ကကျောင်းတွေက ဘယ်ယှဉ်နိုင်ပါ့မလဲ။ လေတစ်ချက်လောက်ဝေ့တိုက်လိုက်ယုံနဲ့တင် အေးမြပြီးလတ်ဆတ်တဲ့လေကောင်းလေသန့်ကို တ၀ကြီးရနိုင်တာမို့ ဒီတစ်ခုကတော့ဖြင့် မေဦးတို့တောသဘာဝရဲ့ ဂုဏ်ယူစရာတစ်ခုပေ။
လူ ငါးရာ၊ တစ်ထောင်စာလောက် ချက်ပြုတ်ကျွေးမွေးနိုင်တာမို့ ကျယ်ဝန်းလှတဲ့ ဘုန်းကြီးကျောင်းဝင်းကို တစ်ရွာလုံးက သဘောကျလေ သည်။ ရာသီအလိုက်ပွဲတော်ပဲဖြစ်ဖြစ်၊ ရှင်ပြုပဲဖြစ်ဖြစ်၊ တခြားအလှူတွေပဲဖြစ်ဖြစ် ဒီ ဘုန်းကြီးကျောင်းဝင်းထဲမှာ အားလုံးကုသိုလ် ပြုနိုင်လေသည်။
ရွာဦးကျောင်းရဲ့ပင်တိုင်အလှူရှင်မိသားစုဖြစ်တဲ့ မေမေကြီးတို့အလှူတုန်းလည်း ဒီနေရာလေးမှာပဲ အားလုံးလုပ်ခဲ့ကြရင်းက မေဦးတို့ ဖူးစာဆုံခဲ့ရခြင်းပင်။ အခြေအနေမတူပေမယ့် မေဦးကိုတစ်ကယ်ချစ်ခဲ့တဲ့ ကိုအောင်ရယ်၊ ရွာဦးကျောင်းဆရာတော်ရဲ့ ဒကာမကြီး မေမေကြီးရယ်ကြောင့် မေဦးတို့သားအမိ အချိန်အတော်ကြာစဉ်းစားပြီး ခက်ခက်ခဲခဲနဲ့ဆုံးဖြတ်ပြီးမှ ကိုအောင်ရဲ့အချစ်ကို လက်ခံခဲ့ခြင်းသာ။
“ အမယ် အမယ်…မေဦးတို့ အလွမ်းသယ်နေပြီထင်တယ်ဟေ့………”
“ဟာ…..မဟုတ်ပါဘူး …မအေးစိန်ကလည်း…မေဦးဖြင့် မေ့တောင်နေတာ….”
“ယုံလိုက်ပါမယ် အားကြီးကြီး…………”
“မေဦး…....... တို့တွေ ဆရာတော့်ကို ကန်တော့ပြီးမှ ပြန်ကြမယ်မလား….”
“အင်းပေါ့…မပုတိုရဲ့ ရောက်လို့မှ မကန်တော့ဘူးဆိုရင်……ဘယ်သူ့အလွန်ဖြစ်မလဲ…….ဟုတ်ဘူးလား….”
“ဟုတ်ပါ့အေ………..ဟုတ်ပါ့…..”
သုံးယောက်သားဆုံးဖြတ်ချက် ချအပြီးမှာ သစ္စာအရှိဆုံးခြေထောက်တွေကဖြင့် ဦးတည်ရာဘက်သို့ ပို့လို့တည့်မတ်စွာဖြင့်သာ……………..။
***-----***-----***-----***----- “”
“ဟာ……မေမေ….ဘာလို့ အင်္ကျီတွေလျှော်ထားတာလည်း သမီးလျှော်မှာပေါ့မေမေရဲ့….ပြီးတော့ … ရောက်တုန်းလေးမှာ မေမေ့ကိုလည်း သမီးကကူချင်သေးတဲ့ဟာကို….”
“ဒီအပြောလေးနဲ့တင်…မေမေ ကျေနပ်ပါပြီသမီးရယ်…. သွား..ထမင်းစားဖို့ပြင်ပေတော့….မေမေတော့ ရုံးပတီသီးကြော်ချက်လေး ချက်ထားတယ်…”
“ဟင်.………ရုံးပတီသီးကြီး………”
“……..ဒီကောင်မလေးနှယ်…ရုံးပတီသီးများ မစားကောင်းတဲ့အသီးများမှတ်နေလား၊ ဒါတောင် ဟိုဘက်ပိုင်းက လာရောင်းလို့ စားရတာ…. ရန်ကုန်မှာလို သွားဝယ်လို့ရနိုင်တာမျိုးမဟုတ်ဘူး…ဒီက ဘာဆေး ဘာဝါးမှ ပါတာမဟုတ်ဘူး”
“အင်းပါ မေမေရာ…..”
ဆူးပုတ်ရွက် ခပ်စိမ်းစိမ်းလေးနဲ့ရောချက်ထားတဲ့ အမေ့လက်ရာဟင်းလေးက စားချင်စဖွယ်ပါ။ စားပွဲပေါ်ခူးခပ်ပြင်ဆင်ပြီး မေမေ့ကိုစောင့်နေရင်းက ဒီအကြောင်းကိုပြောပြရကောင်းမလား၊ မကောင်းလား မေဦး မဝေခွဲတတ်တော့ပေ။
ခုဆို ရုံးပတီသီးလို့ အသံကြားတာနဲ့တင် မေဦး ရင်တွေတုန်ခဲ့သလို ခန္ဓာကိုယ်ကလည်း ဆတ်ခနဲ တွန့်သွားတတ်ပါတယ်။ မေ့ပျောက်မရနိုင်ခဲ့တဲ့ နေ့ရက်တွေထဲမှာ အဲဒီနေ့ကလည်း တစ်နေ့ပါခဲ့တာမို့ မေမေမသိတဲ့အကြောင်းတွေထဲမှာတော့ အဲဒီနေ့က အဆိုးဝါဆုံးနေ့တစ်နေ့ဖြစ်ခဲ့လေသည်။
အဲဒီနေ့က မီးဖိုချောင်ထဲမှာ ထမင်းဟင်းတွေချက်တွေနဲ့မေဦးကို မိပုလေးက ၀ိုင်းကူနေခဲ့လေသည်။ မေမေကြီးက ကျန်းမာရေးမကောင်းတာမို့ ဓါတ်စာလေးတွေလည်း ချက်ရသလို၊ မမချိုအကြိုက်လေးတစ်ခုလောက်ပါအောင်လည်း ထည့်ပေးရလေသည်။ တစ်ခါတလေကျတော့လည်း မေဦးတို့က တောစာလေးတွေလည်း ချက်စားတတ်ကြလေသည်။ အကြိုက်ချင်းမတူပေမယ့် စားချင်တာစားနိုင်တာကလည်း အခွင့်အရေး တစ်မျိုးပဲမဟုတ်လား……
“ဖြန်း…………..”
 “မိပု မိပု……ဒါ…..ဒါ မေမေကြီးအခန်းထဲက အသံမဟုတ်လားဟင် ”
“ဟုတ်တယ်…မမလေး…..မိစုတော့ ဘာလုပ်မိပြန်ပြီလားမသိပါဘူး စိတ်ညစ်လိုက်တာ…….”
“ လာလာ သွားရအောင်….မိစုလေး အားငယ်နေလိမ့်မယ်….”
မိစုလေးတစ်ယောက်တော့ မေမေကြီးရိုက်တာ ခံနေရပြီဆိုတဲ့ အသိနဲ့ ကျွန်မတို့နှစ်ယောက်သား မေမေကြီးအခန်းဆီ အပြေးထွက်ကြည့်မိ လေသည်။ မေမေကြီးကအိပ်ယာပေါ်မှာ လှဲနေရပေမယ့် စိတ်မထင်ရင်မထင်သလို အနားခေါ်ပြီးခေါင်းခေါက်တာမျိုး၊ ပါးရိုက်တာမျိုးတွေ လုပ်တတ်လေသည်။ ကျန်းမာရေးမကောင်းပေမယ့် ခက်ထန်နေတဲ့စိတ်က မေမေကြီးကိုပိုလို့ပင် ကြမ်းတမ်းစေလေသည်။
“ဟင်…..မမနီလာ……”
မေမေကြီးရဲ့ ကုတင်ဘေးနားမှာ ခပ်ယို့ယို့လေးရပ်နေတဲ့ မမနီလာကို အဝေးကမြင်လိုက်တဲ့ ကျွန်မနဲ့မိပုတို့ ကိုယ်ရှိန်သတ်လို့ အသာလေးစောင့်ကြည့်နေမိလေသည်။ စိတ်ဆိုးဟန်ဖြစ်နေတဲ့ မေမေကြီးရဲ့မျက်နှာက နိဂိုကတည်းကညိုတဲ့အသားမို့ မဲမဲရောင်သာ ကျွန်မတို့လှမ်းမြင်လိုက်ရလေသည်။
“…တော်တော်အသုံးမကျတဲ့နီလာမ…..ဒါလေးတောင် ဖြစ်ဖြစ်မြောက်မြောက်မလုပ်တတ်ဘူး…မနေ့ကတည်းကချက်ထားလို့ ဒီဟင်းက သိုးနေရတာလား…ဟင်….မိနီလာ....”
“…ကျွန်မ….ကျွန်မ..တောင်းပန်ပါတယ် ချက်ပြီးပြီးချင်း အုပ်ထားမိလိုက်လို့ပါ၊…. နောက်မဖြစ်စေရပါဘူး မေမေကြီး…...”
“ပြောလိုက်ရင် မျက်နှာသေလေးနဲ့…. လူကဖြင့် ဘာအသုံးမှမကျဘူး…သွား….ခုချက်ချင်း ငါ့နားကထွက်သွား…….”
“ဟုတ်…ဟုတ်……”
မျက်နှာကိုလက်နဲ့အုပ်ကာ မေမေကြီးအခန်းထဲကနေ ပြေးထွက်သွားတဲ့ မမနီလာကိုမြင်လိုက်တာကြောင့် မေဦးနဲ့မိပုတို့ တစ်ယောက် မျက်နှာတစ်ယောက်ကြည့်လိုက်မိပါတယ်။ မီးဖိုချောင်ထဲပြန်ဝင်လာရပေမယ့် ၀မ်းနည်းပြီးငိုသွားရတဲ့ မမနီလာကိုတော့ မေဦးမျက်လုံးထဲက မထွက်ခဲ့ပေ။
“ မမနီလာ ဘာများဖြစ်လို့လဲမသိနော်….သူရောက်နေတာတောင် ငါတို့ မသိလိုက်ဘူး…..”
“ဘယ်သိရမလဲ မမလေးရဲ့ အဲ့ဒါဆို အဆူခံဖို့ရောက်လာတယ်လို့မှတ်….”
“အော်…….….. မေမေကြီးက ချွေးမတွေလည်းအဲ့လိုလုပ်တာပဲလားဟင် မိပု”
“သူ့သားတွေကို ထိလို့မရဘူး မမလေးရဲ့၊ အကိုလေးကမှတော်သေးတယ် သူ့အကိုတွေအားလုံးက တစ်ခုခုဆို သူ့အမေကိုပြန်တိုင်ကြတာ၊ ခုလည်း ဘာကိစ္စလှမ်းတိုင်ပြန်လည်းမသိဘူး……..”
“အော်…….”
မတ်တပ်ရပ်နေရာကနေ ထိုင်ချလိုက်ပြီး သက်ပြင်းမောတစ်ခုကို စိတ်ပျက်လက်ပျက်နဲ့ ချလိုက်မိတာမို့ လူကချက်ချင်းပင် အိုစာသွားသလိုပင်။ မြို့မျက်နှာဖုံးတစ်ယောက်အနေနဲ့ ဒီလိုစရိုက်လက္ခဏာတွေရှိလိမ့်မယ်လို့ မေဦးတို့တစ်ရွာလုံးက ဘယ်လိုလုပ် သိနိုင်၊ မြင်နိုင်၊ ကြားနိုင်ပါ့မလဲ…၊ မြင်လိုက်ရင် အမြဲပဲပြုံးရွှင်နေတတ်ပြီး အလှူအတန်းရက်ရောလှတဲ့ မေမေကြီးတို့မိသားစုတွေကို မေဦးတို့တစ်ရွာလုံးက အားကျနေကြရတာမဟုတ်လား…………..။
အဲဒီနေ့က ပြသနာက ရုံးပတီသီးကြော်ချက်ဟင်းလေး သိုးသွားရတဲ့ အဓိကတရားခံဆိုရင် ဘယ်တရားပါ့မလဲလို့ မေဦးဘာသာ မှတ်ချက် ပေးမိလေသည်။ ပါးတစ်ချက်နဲ့ရုံးပတီသီးဟင်းကိုလဲလိုက်ရတာမို့ ရုံးပတီသီးလို့ ဆိုလိုက်တာနဲ့ မေဦးလက်က ပါးပြင်ဆီသို့သာ အပြေးရောက်မိလေတော့သည်။
“သမီး….မေဦး..”
“ရှင်…မေမေ…”
“ ဒီကလေးမနှယ်….လူကလည်းငေးလို့……….လက်ကလည်းဇွန်းကြီးကိုကိုင်လို့ ဘာတွေများ ဒီလောက်တောင်စဉ်းစားနေရတာလဲ ဟင်…. သမီး..”
“ဘာမှမဟုတ်ပါဘူးမေမေရဲ့……. ကိုအောင်ကလည်း ရုံးပတီသီးဟင်းဆို သိပ်ကြိုက်တာလေ…..”
“အော်…..”
မုသားသုံးလိုက်ရပေမယ့် ဒီစကားလေးကြောင့်ပဲ စိတ်ချလက်ချဖြစ်သွားတဲ့မေမေ့ဟန်ကြောင့် မေဦးနေရထိုင်ရသက်သာသွားရပြန်ပါပြီ။ မေမေ့အလိုက် ထမင်းကိုအားရပါးရစားနေရပေမယ့် ရန်ကုန်အိမ်တစ်လှည့်၊ မေမေ့အိမ်တစ်လှည့် မြင်ကွင်းတွေက တစ်လှည့်စီ ။
***-----***-----***-----***----- “”
“သမီးလေး……မေဦး….”
“ရှင်…မေမေ…..….”
“ သမီးလေးရွာကိုရောက်တာ အတော်ကြာနေပြီနော်…..”
လေးလေးနက်နက် စဉ်းစားဟန်နဲ့ ပြောလာတဲ့မေမေ့စကားကို မေဦးစိုးရိမ်မိလေသည်။ မေမေမေးလို့သာ မေဦးပြောပြခဲ့ရပေမယ့် နေရာသစ်ရဲ့ မပြေလည်မှုတွေကို မေမေ့ကိုမသိစေချင်တာတော့အမှန်ပင်။ ပြဿနာအသေးအဖွဲ့ကစလို့ အကြီးကြီးတွေတိုင်အောင် မေဦး အတက်နိုင်ဆုံး နေခဲ့ရခြင်းသာ။ ခု….မေမေ ဘာများ ပြောဦးမလို့ပါလိမ့်……။
“မေမေ ဘာပြောချင်တယ်ဆိုတာ ငါ့သမီးလေး မှန်းဆတတ်ပါ့မလားဟင်……..”
“ အတိအကျတော့မသိဘူးမေမေ…..ဒါပေမယ့် မေဦးကို ပြန်သင့်ပြီလို့ မေမေပြောမလို့ဆိုတာတော့ မေဦးထင်တယ်မေမေ”
“အင်း……..”
သက်ပြင်းအရှည်ကြီးကို လေးတွဲစွာချလိုက်တဲ့ မေမေ့ဟန်က မေဦးကိုပြောစရာတွေအများကြီးရှိနေတယ်ဆိုတာ မေဦးသိလိုက်လေသည်။ ရွာကိုရောက်တာ ဆယ်ရက်ကျော်ပြီမို့  မေဦးအတွက်က ခဏလေးပါမေမေရယ်လို့ စိတ်ထဲကပဲ တောင်းဆိုမိလေသည်။ ပြောပြချင်တဲ့စကား တွေကို စဉ်းစားနေတဲ့ မေမေ့ဟန်က စကားလုံးတိုင်းကို နားလည်သဘောပေါက်စေချင်တယ်ဆိုတာလည်း မေဦးသိပါတယ်။
 “ပြောလေ မေမေ…သမီး နားထောင်နေပါတယ်….”
“……………..”
“……….”
ဖြစ်ပျက်သမျှအဆိုးအကောင်းတွေကို ဝေဖန်ပိုင်းခြားတတ်စေဖို့နဲ့ လိမ္မာရေးခြားရှိအောင် သတိထားနေထိုင်ဖို့တွေကို ပြောပြပေးနေတဲ့ မေမေ့စကားသံတွေက ဟိုးအဝေးကြီးကလာနေသလို မေဦးဆီကို တစ်လုံးချင်း တဖြည်းဖြည်းချင်းဆီ အလုအယက်ပြေးဝင်လာကြလေသည်။ မေမေရဲ့နှုတ်ခမ်းအလှုပ်လေးမှာတင် ထွက်ကျလာတဲ့ စကားစုတိုင်းက မေဦးရဲ့ နှလုံးသားထဲတိုင်အောင် စိမ့်ဝင်သွားကြလေသည်။
ရုပ်သေတစ်ခုလို ငုတ်တုတ်ထိုင်လျက် ငြိမ်သက်နေတဲ့မေဦးက မေမေရဲ့အကြင်နာမျက်ဝန်းတွေကို မျက်ရည်တွေကြားကနေ ၀ိုးတ၀ါး အကြည့်နဲ့ ကြည့်လိုက်မိလေသည်။ လိုချက်တက်မက်မှုတွေပြည့်နေတဲ့ မမချိုတို့မောင်နှမတွေရဲ့ ရောင်စုံမျက်ဝန်းတွေနဲ့ လားလားမှမဆိုင်။
မေမေကြီး၊ မမချို၊ မမနီလာနဲ့ ခဲအိုတွေရဲ့ တစ်ယောက်တစ်မျိုး ပြောဆိုနေကြတဲ့ စိတ်ရှုပ်စရာကိစ္စရပ်တွေက နေ့စဉ်နဲ့အမျှပင်၊ ကိုအောင့်ကို နိုင်ငံခြားသင်္ဘောလိုက်ခိုင်းတာလည်း မမနီလာတို့စနစ်ဖြစ်သလို မေဦးရောက်လာမှ မေမေကြီးကိုကြည့်ဖို့ခေါ်ထားတဲ့ ဆရာမကို အလုပ်ထုတ်ပစ်တာလည်း မမချိုရဲ့သဘောထားတွေပင်။ အငယ်ဆုံးသားမို့ လုပ်ငန်းတစ်ခု မခွဲဝေပေးတာကလည်း ခဲအိုတို့သဘော ဖြစ်ခဲ့လေသည်။ ကိုယ့်သဘောမပါတဲ့ နေ့စဉ်ဆုံးဖြတ်ချက်တွေကြားမှာ မေဦးရဲ့အဖော်က မိပုနဲ့မိစုမျှသာ။
 “သမီးလေး…မေဦး…ဘာတွေတွေးနေပြန်ပြီလဲဟင်..……မေမေပြောတာကို နားလည်အောင်ကြိုးစားရမယ်နော်……”
“……..သမီးကြိုးစားပြီး နေထိုင်သွားမှာပါ…..”
 “ကဲ..ဒါဆိုလည်း အိပ်ဖို့ပြင်တော့……..……”
“ဟုတ်မေမေ….”
မေမေ့ကိုရိုသေစွာကန်တော့ပြီး အိပ်ရာဝင်ခဲ့ပေမယ့် မေဦးခဏလေးနဲ့ အိပ်မပျော်ခဲ့ပေ။ ရင်လေးစရာ ရှေ့ရေးတွေကို ကြိုတင်ပြီး မစဉ်းစားချင်ပေမယ့် သေချာတာတစ်ခုကတော့ အဆိုးဆုံးဆိုတာတွေကို ကြိုတင်လို့ပြင်ဆင်ထားရပေတော့မည်။ နေရာသစ်၊ အတွေ့အကြုံသစ်မှာ ခြောက်လသာ ရင်ဆိုင်ရသေးတာမို့ နောင်နှစ်ပေါင်း ခြောက်ဆယ်အထိ တွေ့ကြုံရမယ့် အခက်အခဲပေါင်းများစွာအတွက် မေဦးသတ္တိတွေ မွေးရဦးမှာပါ။
မပြည့်မစုံကြားထဲကနေ မေဦးကိုမွေးထုတ်ပေးခဲ့တဲ့ မေမေ့ရဲ့သတ္တိသွေးတွေအပြည့်ပါနေတဲ့မေဦးက ပြည့်စုံသူတို့ရဲ့ အသိုင်းအ၀ိုင်းကြားမှာ ခေါင်းမော့ရင်ကော့နိုင်အောင် ဘာလို့များ မနေနိုင်ရမှာလဲ။
စိတ်ရင်းစေတနာတွေအပြည့်ပါနေတဲ့ မေဦးရဲ့အကြင်နာလက်တစ်စုံက ဂုဏ်ပကာသနတွေထုတ်ပိုးထားတဲ့ မေမေကြီးတို့မိသားစုကို ဘာလို့များ မနွေးထွေးနိုင်ရမှာလည်း။
မိဘနဲ့ညီကိုမောင်နှမတွေရဲ့စကားကိုမလွန်ဆန်နိုင်တာကတစ်ဖက်  မေဦးကတစ်ဖက်နဲ့ သင့်တင့်အောင်ကြိုးစားနေပေးရှာတဲ့ မေဦးချစ်တဲ့ ကိုအောင်အတွက် မေဦးက စံပြဇနီးတစ်ယောက်အဖြစ် ဘာလို့များ မနေနိုင်ရမှာလည်း။
တစ်ယောက်တည်းချမိတဲ့ ဒီဆုံးဖြတ်ချက်တွေအကောင်အထည်ဖော်ဖို့ အားအင်သစ်တွေနဲ့ ရန်ကုန်ရွှေမြို့တော်ကြီးဆီသို့ မေဦးမကြာခင် ပြန်ရပေဦးမည်။ ရောင်စုံကာလာတွေကြားထဲက အဖြူရောင်လေးတစ်ခုကိုဖြင့် အများမြင်အောင်ပြသနိုင်လိမ့်မယ်လို့ မေဦးအဆုံးတိုင် ယုံကြည်မိလေတော့သည်။
စိမ့်စမ်းရေ

12.11.2015

Read More
Posted by စိမ့်စမ်းရေ on Friday, June 10, 2016


ဟိုင်းဝေးကားကြီးမို့ထင်သည် မှတ်တိုင်တစ်ခုရောက်တိုင်း ဆင်းကြတဲ့ခရီးသည်တွေကမနည်းပင်၊ ခုလည်း ကျွန်မဆင်းတဲ့ မှတ်တိုင်မှာ အတော့်ကိုအများသားပင်။ ကိုယ့်ရှေ့ကနေ တဖြည်းဖြည်းချင်း ဆင်းနေတဲ့ တခြားခရီးသည်တွေကို ကျွန်မ စိတ်ရှည် လက်ရှည် စောင့်နေလိုက်ပြီး နောက်ဆုံးမှဆင်းခဲ့လေသည်။ အပိုတန်ဆာပလာတွေမပါတဲ့ကျွန်မအတွက်တော့ ခရီးဆောင်အိတ်ငယ်လေး တစ်လုံးတည်းပင်။
“ဟူး………ရင်ထဲကိုအေးသွားတာပဲ”
ကားပေါ်ကဆင်းဆင်းချင်း အေးမြပြီးသန့်ရှင်းတဲ့လေနုအေးက ကျွန်မကိုဆီးကြိုပွေ့ဖက်လေတော့သည်။ ဘေးဘီဝဲယာမှာ ကိုယ့်အသိတွေများ တွေ့လေမလားလို့ ဟိုဟိုဒီဒီရှာကြည့်ပေမယ့် တစ်ယောက်တစ်လေမှ မမြင်မိပေ။ ကြိုတင်အကြောင်းကြားထားရင်တော့ လာကြိုပေးမယ့်သူတွေရှိနိုင်ပေမယ့် အမေ့ကိုလည်းအံ့သြစေချင်တာကြောင့် ဘယ်သူမှအသိမပေးဘဲ တစ်ယောက်တည်းပြန်လာခဲ့ခြင်းပင်။
“အမ…ကယ်ရီ ခေါ်ဦးမလား….”
ဆိုင်ကယ်ကို ကျွမ်းကျင်စွာမောင်းနှင်လာတဲ့ ကောင်လေးက ကျွန်မဆီသို့ ၀ူး…..ဆို ရုတ်တရက်လာရပ်လေသည်။ အပြုံးတစ်ပွင့်နှင့်အတူ ကျွန်မ ခေါင်းကိုညင်သာစွာရမ်းပြလိုက်တော့ စိတ်ပျက်သွားတဲ့ သူ့ဟန်လေးက အားနာဖို့တောင် ကောင်းလေသည်။  မတွေ့ထိတာ ကြာသွားပြီဖြစ်တဲ့ တောသဘာဝအလှအပတွေကို ကျွန်မခြေဆန့်လို့ကြည့်ချင်သေးသည်လေ။
ကားပေါ်မှာ ၅ နာရီနီးပါး အညောင်းမိလာသမျှ ခုမှ ပြေစမို့ထင်သည် လမ်းလျှောက်ရတာ ဒီတစ်ခါ အရသာအရှိဆုံးလို့ ကျွန်မ ပြောလိုက်ချင်သေးသည်။ တောလမ်းခရီးမဟုတ်ပေမယ့် သွားသူလာသူ ရှိမနေပါ။ ဘေးဘီဝဲယာမှာတော့ လယ်ကွင်းတွေက စိမ်းစိမ်းစိုစို၊ လယ်တစ်ချို့ ကောက်စိုက်ပြီးပေမယ့် တစ်ချို့အကွက်တွေ ကျန်နေသေးသည်။ လူသွားလမ်းမထက်မှာတော့ ကျွန်မတစ်ယောက်တည်းသာ။
“…နေရောင်ခြည်လည်း နွေးပါစေ၊ လေပြည်အေးပါစေ……ချစ်မိတ်ဆွေပေါင်းဖော်များ…ကျန်းမာကြစေသား………”

တစ်ရွာနဲ့တစ်ရွာကြား ရောက်နေတာမို့ ကြားလိုက်ရတဲ့ ကလေးငယ်တစ်ယောက်ရဲ့ ကဗျာရွတ်ဆိုသံကြောင့် ကျွန်မ ဘေးဘီဝဲယာကို အသာငဲ့စောင်းကြည့်မိလိုက်ပါတယ်၊ အရင်က ကွင်းပြင်တွေချည်းသာရှိခဲ့ရာမှ ခုတော့ ကြိုကြားကြိုကြား အိမ်ငယ်ကလေးတွေ တိုးပွားနေသည်မို့ ဒီအစုထဲကသာဖြစ်ရမယ်လို့ ကျွန်မတွေးထင်လိုက်လေသည်။
အားမာန်အပြည့်နဲ့အဆုံးသတ်သွားတဲ့ ကဗျာနောက်ဆုံးပိုဒ်လေးကို ကျွန်မ သံယောင်လိုက်ပြုရင်းက အသံထွက်၍ပါ ဆိုမိချေပြီ။ မကြာခင်ရောက်ရှိမြင်ရတော့မယ့် ကျွန်မရဲ့ချစ်သောမေမေအပါအ၀င် မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းတွေအားလုံး ကျန်းမာလို့ချမ်းသာစွာ ရှိကြပါစေလို့ ကျွန်မ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲကို ဆုတောင်းမိလေတော့သည်………….။
***-----***-----***-----***-----
“ ဟဲ့ ဟဲ့…………ဟဲ့…ညည်း မေဦး မဟုတ်လား……………”
“ဟင်…….ဒေါ်လေးရွှေ….”
“ညည်းအေ….အကြောင်းမကြားဘာမကြားနဲ့.ဒါ ကားဂိတ်ကနေ တစ်ယောက်တည်းလမ်းလျှောက်လာတာပေါ့လေ.. ဟုတ်လား… ကြည့်စမ်းကြည့်စမ်း…ကားဂိတ်နဲ့ရွာကို အနီးလေးများထင်နေသလား မေဦးရယ်… လူကြီးတွေကို ၀မ်းသာရအောင် ကြိုတော့ ပြောသင့်တာပေါ့….. ညည်းလာလည်တာ ဘယ်သူက ၀မ်းမသာပဲ ရှိမလဲ….တကတည်း မပြောလိုက်ချင်ဘူး…… ပေးပေး….ညည်းလက်ထဲက အထုပ် ….”
“ရပါတယ် ဒေါ်လေးရွှေရဲ့ ပေါ့ပေါ့လေးပါ.. မေဦး ကိုယ့်ဘာသာ သယ်ခဲ့ပါ့မယ်..”
“ပေါ့ပေါ့လေးလေးအေ………ပေးဆိုပေးလိုက်ပေါ့……….”
ပြောပြောဆိုဆိုနဲ့ ကျွန်မလက်ထဲကအထုပ်ကို ဒေါ်လေးရွှေက ခေါင်းပေါ်ပင့်တင်လိုက်ပြီး ရှေ့ကနေဦးဆောင်လို့ သွားချေပြီ။ ရွာနောက်ပိုင်းလောက်ကျတဲ့ ကျွန်မတို့အိမ်က ကျွန်မခြေလှမ်းနဲ့ဆို အနည်းဆုံးတော့ မိနစ် 20 လောက် လျှောက်ရပေဦးမည်။ မြန်လည်းမြန် သွက်လည်းသွက်လှတဲ့ ဒေါ်လေးရွှေရဲ့ ခြေလှမ်းတွေကို ကျွန်မလိုက်မမှီတာမို့ အနောက်ကနေ ခပ်အေးအေးနဲ့သာ လျောက်နေလိုက်ပါတယ်။
“ဟိတ်……….…”
“အမလေး…..လန့်လိုက်တာ မပုတိုရယ်………ဖြေးဖြေးသာသာလုပ်ပါ…..”
“ကြည့်စမ်း…ငါကဘယ်သူများလဲလို့ နောက်ကနေလိုက်ကြည့်နေတာ၊ မှတ်တောင်မမှတ်မိပါလား မေဦးရ… တစ်သွေးတစ်မွေးကြီးကိုဖြစ်လို့ တို့ရွာက သူစိမ်းလက်မခံဘူးဆိုတာ မသိဘူးလား…..…”
“ဟယ်……….မပုတို……ကြည့်စမ်း လူမရောက်သေးဘူး လေသံနဲ့တင် ခြိမ်းခြောက်နေတာများ….ကြောက်လှချေရဲ့နော်….”
ပခုံးတွန့်ကာ ကြောက်ဟန်ဆောင်ပြလိုက်တော့ မပုတိုက တ၀ါးဝါးနဲ့အော်ရယ်လေတော့သည်။ သူရယ်တော့ကျွန်မလည်းလိုက်ရယ်မိလေသည်။ ဒါဟာ ကိုယ့်ဇာတိမွေးရပ်မြေရဲ့ ချစ်ခင်ဖွယ်ရာ နှုတ်ဆက်ဟန်ဆိုရင်လည်း မမှားနိုင်ဘူးပေါ့။ နှစ်ယောက်သား လက်ချင်းချိတ်၊ ပခုံးဖက်လို့ တက်ကြွတဲ့ခြေလှမ်းတွေနဲ့ အမေ့အိမ်ဆီသို့သာ အမြန်လှမ်းလိုက်ကြပါတယ်။
***-----***-----***-----***-----
ဖော်ရွေကာခင်မင်ရင်းနှီးကြတဲ့ တောဓလေ့သဘာဝကို ကျွန်မ စာမဖွဲ့တတ်ပါ။ မြို့ရောက်သွားတာ 6 လလောက်သာရှိသေးတဲ့ကျွန်မကို ၀ိုင်းအုံကြည့်လိုကကြည့်၊ မေးတဲ့သူကမေးနဲ့ ကျွန်မမေမေဧည့်ခံတဲ့ ရေနွေးကြမ်းအိုးတောင် တည်လို့ပင် မနိုင်ချေ။ မျက်နှာပေါ်က အပြုံးပန်းကို အလှဆုံးပန်ဆင်ထားတဲ့ ကျွန်မရဲ့မေမေကတော့ မြို့ပေါ်မှာနေရတဲ့ သမီးအလိမ္မာလေးအတွက် ဂုဏ်ယူမဆုံးနိုင်ကြောင်း လာသမျှလူတွေကို ပြောမကုန်နိုင်ရှိနေခဲ့လေသည်။
ဧည့်သည်တွေကိုဧည့်ခံလိုက်၊  ညနေစာအတွက် ပြင်ဆင်လုပ်နေတဲ့ ကျွန်မရဲ့မေမေက ဒီနေ့မှပိုလို့ ရွှင်လန်းနေသယောင်ပင်။ မေမေ့ရဲ့ပီတိအပြုံးတွေကြားမှာ ကျွန်မလည်းပဲ အပြုံးလေးတွေ ကူးစက်နေလို့သာပေါ့။ အမေ့အတွက်ရယ်လို့ ဘာတစ်ခုမှ ပြန်မထောက်ပံ့ပေးနိုင်သေးတဲ့ကျွန်မက ခု မေမေ့ဆီက အားပေးစကားတွေနဲ့ အသုံးစားရိတ်ကို လာပြန်ယူတာလို့ဆိုရင် မေမေစိတ်ချမ်းသာပါဦးမလား…………..။
“သမီး…………မေဦး………”
“ရှင်..မေမေ….လာပြီလာပြီ”
 “င့ါသမီးနှယ်……ဒီမှာ မေမေခေါ်နေတာဖြင့်ကြာလှရှိနေပြီ။ လာ……ညနေစာစားရအောင် တော်ကြာ သမီးသူငယ်ချင်းတွေ လာချင်လာနေကြဦးမှာ ”
စားပွဲပေါ်ပြင်ဆင်ပေးထားတဲ့ ဟင်းတွေကအမျိုးစုံလှလေသည်။ တောထမင်း တောဟင်းမို့ အရသာတော့ ဘာနဲ့မှမလဲနိုင်ချေ။ ချက်ချင်းခူးလို့ ချက်ချင်းစားကြလေ့ရှိတဲ့ သဘာဝမို့ ဟင်းသီးဟင်းရွက်အားလုံးက လတ်ဆတ်လှသည်။ ငါးငါးပိချက်၊ တို့စရာအစုံ၊ အာလူးဟင်း၊ ဆူးပုတ်ရွက်ဟင်းချို အကုန်လုံးက ကျွန်မအကြိုက်တွေပါပဲလား မေမေရယ်………….။
“မေမေ………….ဟင်းတွေကလည်း များလိုက်တာ……….သမီးအတွက် အဲ့လောက်မလိုပါဘူးမေမေရယ်……..နော်”
“အရင်တုန်းကတော့ မလိုပေမယ့် ခုလိုတယ်သမီးရဲ့၊ နောက်ဆို ငါ့သမီးက မေမေ့အိမ်မှာတောင် ထမင်းစားနိုင်ပါဦးမလားကွယ်….မြို့မှာက အစားအသောက်တွေကော တခြားပစ္စည်းတွေကော စုံလို့ပဲမဟုတ်လား…...”
“ဟာ……မဟုတ်တာပဲမေမေကလည်း…သမီးက ဘာမို့လို့ မေမေ့ဆီမှာ ထမင်းမစားနိုင်ရမှာလဲ…မေမေနော်……အဲ့လိုမျိုးတွေပြောတာ သမီးမကြိုက်ပါဘူး…...”
“ကဲပါ ဟုတ်ပါပြီ၊ မေမေက ကိုယ့်သမီးလေးကို ချစ်လို့ စတာပါ…..ကဲကဲ စားစား ပူတုန်းလေး……”
ကျွန်မရဲ့ထမင်းပန်းကန်ထဲကို ဟင်းတွေခပ်ထည့်ပေးနေတဲ့ အမေ့ရဲ့လှုပ်ရှားဟန်တွေတိုင်းမှာ ကျွန်မအပေါ် စေတနာတွေ၊ မေတ္တာတွေ အပြည့်နဲ့ သက်ဝင်လှုပ်ရှားနေတယ်ဆိုတာ ကျွန်မအသိဆုံးပါ။ မစားရတာကြာပြီဖြစ်တဲ့ အမေ့လက်ရာလေးတွေကို ခံတွင်းမြိန်စွာနဲ့ အားရပါးရစားမိတဲ့အခါ ကျေနပ်ပီတိဖြစ်နေရှာတဲ့ မေမေ့ကို မျက်ရည်တွေကြားက ၀ိုးတ၀ါးနဲ့ မြင်လိုက်ရလေသည်။
“မေဦးရေ………………ဒေါ်လေးရေ………..၀င်လာပြီနော်……..”“ဟော……မေမေမပြောလား……..ပုတိုမတို့ ချီတက်လာကြပြီ……..ကဲကဲ…စားစားမြန်မြန်….”
***-----***-----***-----***-----
“မေဦးရေ..မေဦး……. မြန်မြန်လာစမ်းပါဦး…..”

ဘုရားပန်းအိုးထိုးနေရာမှ မမချိုရဲ့ခေါ်သံကြောင့် မေဦးကော မိပုပါ ခေါင်းတွေအလိုလိုတည့်မတ်သွားလေသည်။ ပုံမှန်ထက် ပိုမို ကျယ်လောင်နေတဲ့အသံကြောင့် ဘာများဖြစ်လို့ပါလိမ့်လို့ စိုးရိမ်စိတ်က မေဦးရင်ကို ဒိုင်းခနဲ ၀င်ရောက်လေတော့သည်။
“ရှင်………..မမချို.....ဘာ….ဘာဖြစ်လို့လဲဟင်”
“ လာစမ်းပါမြန်မြန် …ဒီမှာ မေမေဗိုက်ဆာနေလို့တဲ့ အဲဒါ လာလုပ်ပေးဦး”
“ဟုတ်….လာပြီ လာပြီ မမချို……”
အိမ်အောက်ထပ်ဆီသို့ ကြားအောင်လှမ်းအော်ပြောလိုက်ရင်း လုပ်လက်စလေးတွေကို မိပုလက်သို့အပ်လိုက်ရလေသည်။
“မိပု…….ဘုရားပန်းတွေကို သေချာလှလှလေးထိုးနော်။ ရေလည်းသေချာဆေးသိလား………. မမ မကြာဘူး ခဏနေရင်ပြန်လာခဲ့မယ်”
“ဟုတ်ကဲ့ပါ မမလေးရဲ့……….ဖြေးဖြေးလည်းဆင်းသွားဦး….”
“အေးပါ ………”
“ဟွန်း…… ကိုယ့်အမေစားဖို့တောင် မလုပ်ချင်ဘူး ၊ ဒါလေး လုပ်ပေးလိုက်ရတာများ ဘယ်လောက်ကြာတာမှတ်လို့ မမလေးကိုပဲ အကုန်လုံး လိုက်ခိုင်းနေတယ်”
ဘုရားပန်းအိုးတွေကို ဆေးနေရင်းမှ ပွစိပွစိအသံထွက်နေတဲ့ မိပုခေါင်းလေးကိုအသာပုတ်လို့ မေဦး အောက်ထပ်သို့ အပြေးကလေးဆင်းလာလိုက်ပါတယ်။ ၀ရန်တာလက်ရမ်းမပါတာမို့ သွားနေလာနေကျမဟုတ်တဲ့ကျွန်မ အနည်းငယ်တော့ အချိန်ယူရလေသည်။

 “မေဦး….နင်ကလည်း ကြာလိုက်တာ……..ဒီမှာ ကိုင်ထားရတာတောင် ညောင်းနေပြီ…”
ဆီပေမှာစိုးလို့ လက်မနဲ့လက်ညှိုးသာ အားပြုကိုင်ထားရတဲ့ မုန့်ဟင်းခါးအထုတ်လေးက မမချိုအတွက်တော့ အတော်လေးတဲ့ ပစ္စည်းတစ်ခုလိုပင်။
“အော်…မမချိုကလည်း ပန်းကန်ထဲထည့်ထားတော့ ဘာဖြစ်လို့လဲ။ ဒါလေးများ မေဦးကို လှမ်းခေါ်နေရသေးတယ်.. ပေးပေး…”
ပါးစပ်ကလည်းပြော၊ လက်ကလည်းလှမ်းယူပြီး မေဦး မီးဖိုချောင်ထဲ ၀င်သွားလိုက်ပါတယ်။ သင့်တော်မယ့် ပန်းကန်ထဲထည့်လိုက်ပြီး မေမေကြီးအတွက် အခြားပြင်ဆင်စရာရှိတာလေးတွေကိုပါ တစ်ခါတည်း ပြင်ဆင်လာလိုက်လေသည်။

မုန့်ဟင်းခါးပန်းကန်၊ ကော်ဖီပူပူနဲ့ ပေါင်မုန့်မီးကင်တစ်ချပ်၊ နံနက်ဆေးတစ်ဖုံ ထည့်ထားတဲ့ စတီးဗန်းလေးကိုင်ပြီး မီးဖိုခန်းထဲကအထွက်

“သမီး…………မေဦး…….သမီး….သမီး….”
“ဟင်…..မေမေ…….သမီး…သမီး.. ရန်ကုန်အိမ်ကို စိတ်စွဲပြီး အိမ်မက် မက်နေတာထင်တယ်..………”
“ဟုတ်မှပေါ့..ပါးစပ်ကလည်း ဘာတွေပြောနေမှန်းမသိဘူး………မိပုတွေကော မိစုတွေကော စုံနေတာပဲ……….”

ဟင် ဆိုပြီး ရုတ်တရက် ထထိုင်မိလိုက်တဲ့ ကျွန်မ ရုတ်တရက်မို့ အာရုံတွေကို မနည်းစုစည်းလိုက်ရလေသည်။ ကျွန်မစိတ်တွေ မိပုတို့ဆီ ရောက်သွားတာပဲဖြစ်ရမည်။ ခုချိန်ဆို သူတို့လေးတွေ မေမေကြီးကိစ္စတွေနဲ့ အလုပ်ရှုပ်နေကြရောပေါ့……..ပြီးတော့…ဒီနေ့က အင်္ဂါနေ့… ဆရာဝန်အိမ်ကိုလာကြည့်မယ့်နေ့……….ပြီးတော့………ပြီးတော့…….ဟာ……….။

“သမီး…….ဘာဖြစ်နေတာလဲ…..ဘာလဲ အိပ်ရေးမ၀သေးဘူးလား…ညက အိပ်မပျော်ဘူးလား..…ပြန်အိပ်ချင်သေးလို့လား……..ဟုတ်လား….”
“ဟာ……မဟုတ်ပါဘူးမေမေကလည်း……….”
“ဒါဆိုလည်း ထ…ထမင်းကြမ်းစားရအောင်၊.. ပုတိုမတို့ လာခေါ်ကြမှာဆို……..သမီးပဲ သူတို့နဲ့လယ်ထဲခဏလိုက်မယ်ဆို၊ ”
“အယ်……..ဟုတ်သား………”

***-----***-----***-----***-----
ကန်သင်းရိုးတစ်လျှောက် စီတန်းပြီးသွားနေကြတဲ့ မပုတိုတို့အသိုက်ကိုမှီဖို့ မေဦး မနည်းကိုပြေးလိုက်ရလေသည်။ သနပ်ခါးကို ခြစ်ချရလောက် အောင်ဖြီးလိမ်းထားပြီး အပေါ်ထပ်လက်ရှည်အင်္ကျီဝတ်၊ လုံချည်တိုတိုနဲ့၊ ခမောက်ဆောင်းထားတဲ့ မေဦးသူငယ်ချင်းတွေရဲ့အလှက တစ်ကယ့်ကိုတောသဘာဝအလှတွေပင်။ ပျိုးပင်လေးတွေ အစုလိုက် အစုလိုက်ချထားဟန်၊ ကောက်စိုက်သူလေးတွေရဲ့ လှုပ်ရှားဟန်တွေက မေဦးတို့လို တောသူတောင်သားတွေသာ မြင်ရတဲ့ သဘာဝရဲ့အလှတစ်ခုပင်။

ကျောင်းသူဘ၀မှသည် တက္ကသိုလ်တက်၊ နောက် အိမ်ထောင်ကျသည်အထိ မေဦး ကောက်မစိုက်ဖူးခဲ့ပါ။ လယ်ပိုင်မရှိတာလည်းတစ်ကြောင်း၊ မေမေ့ဈေးဆိုင်လေးကြောင့်တစ်ဖုံနဲ့ မေဦးက တောသူဆိုပေမယ့် တောအလုပ်တွေကို မလုပ်ကိုင်ဖူးခဲ့ပေ။ တစ်ခါတစ်လေ အနည်းငယ် ၀ိုင်းကူတာကလွဲလို့ မေဦးက နေ့စားအဖြစ် ကောက်မစိုက်ခဲ့ရပေ။ မေဦးဘ၀ကို အားကြကြောင်း မပုတိုက ခဏခဏပြောခဲ့ပေမယ့် မိစုံဖစုံမရှိတဲ့ဘ၀က ဘာများပိုကောင်းလို့လည်း မပုတိုရယ်လို့ မေဦးက ပြန်ပြောခဲ့ခြင်းသာ။

“မေဦးရေ…နေပူတယ်ဟ မြန်မြန်လာ..……….ဟိုဘက်က ပတ်လာခဲ့”
“ဟုတ် ဟုတ် မပုတိုရေ………..”
လယ်ကွက်ထဲကနေလှမ်းအော်ပြောနေတဲ့ မပုတိုကို မေဦး လက်လှမ်းပြလိုက်ပါတယ်။ လျှောက်နေမကျတဲ့လမ်းတွေမို့ မေဦးအတွက်တော့ ယိုင်နဲ့နဲ့ခြေလှမ်းတွေဖြစ်နေခဲ့လေသည်။
“ဟူး……….မောလိုက်တာ…..နေကလည်းမထွက်သေးဘူး ပူလိုက်တာလွန်ပါရော….”
“မယ်မင်းကြီးမ….အဖြစ်သည်းပြမနေနဲ့၊ သူများတွေကြားရင် ညည်းကို အတင်းပြောကြလိမ့်မယ်……ဘ၀မေ့တယ်ဘာဖြစ်တယ်နဲ့…”
“အဲ့လိုသဘောမဟုတ်ပါဘူး မပုတိုရယ် မေဦးက …….”
“အေးပါအေးပါ…..သွား ဟိုနားသွားထိုင်နေ၊ ငါတို့အလုပ်စလိုက်ဦးမယ်…..ဒီအကွက်က ထောင့်ကွက်မို့ ငါ သက်သက်ချန်ထားခဲ့တာ။ အမှန်ဆို တနေ့ကတည်းက ပြီးရမှာ….”
“အော်…”
လေကကြမ်းတယ်ဆိုပေမယ့် ခပ်သုန်သုန်လေးတိုက်ခတ်နေတော့ နေလို့ပင်အကောင်းသား။ ဟိုဟိုဒီဒီကြည့်စရာလည်း သိပ်မရှိတာမို့ ကောက်စိုက်နေသူတွေထံသို့သာ အာရုံစိုက်ထားလိုက်လေသည်။ တက်ညီလက်ညီနဲ့ ကောက်စိုက်နေကြတဲ့ မပုတိုတို့က နေ့စားမဟုတ်ပဲ အကွက်လိုက်၊ ဧကလိုက်  ယူစိုက်ကြသူတွေပင်။ ကိုယ်မြန်မြန်စိုက်ရင်လည်းရသလို၊ တစ်ရက်နှစ်ရက်နားပြီးမှ စိုက်ရင်လည်းရသည်။ တစ်ချို့က နှစ်ယောက်တွဲ၊ သုံးယောက်တွဲ စသည်ဖြင့် အများဆုံးကတော့ ငါးယောက်တစ်ဖွဲ့ပင်။
တစ်နေကုန် ကုန်းထားရတဲ့ခါးတွေ မညောင်းဘူးလားလို့ ကျွန်မ မေမေ့ကိုမေးကြည့်ဖူးသည်၊ ရွှံ့ဗွက်တွေက ခြေမျက်စိမြုပ်သည်အထိ တစ်ခါတစ်လေ ခြေသလုံးတစ်ဝက်ကျော်သည်အထိ ရုန်းရသည်။ မိုးရွာရင်ပိုပြီးအလုပ်မတွင်ကျယ်ဘူးလို့ မေမေပြောပြသမျှတွေက မေဦးအတွက်တော့ ဘယ်တော့မှ လက်တွေ့ဖြစ်မလာခဲ့ပေ။
မေဦးတို့ရွာမှာက မိုးတွင်းဘက် ကောက်မစိုက်ရင် တခြားဘာအလုပ်မှမရှိပေ။ ၀င်ငွေတစ်ခုရဖို့ ကောက်စိုက်အလုပ်ကိုသာ အလုအယက် လုပ်ရလေသည်။ ကိုယ့်လယ်ပြီးသူများလယ်၊ တစ်ချို့များဆို တခြားရွာတွေအထိ သွားရောက်စိုက်ကြရသည်။ တစ်ခုခု ပင်ပန်းတာမြင်ရတိုင်း မေမေ့ကျေးဇူးတွေကိုသာ အထပ်ထပ်အောက်မေ့မိလေတော့သည်။
“ဟေး……..ပြီးပြီဟ………..ပြီးပြီ…….….”
လယ်ကွက်ထဲကနေ အားရပါးရ အော်လိုက်သံကြောင့် ကျွန်မ မပုတိုတို့ဆီ လှမ်းကြည့်လိုက်ပါတယ်။ သူငယ်ချင်း သုံးယောက်သား ကျွန်မဆီ လာနေဟန်မို့ ဘာများပါလိမ့်လို့သိချင်နေပေမယ့် ခဏတော့ စောင့်နေလိုက်ပါတယ်။
“ဟူး……မောလိုက်တာမေဦးရာ…တော်ပါသေးရဲ့ နေ့တ၀က်နဲ့တင် ပြီးသွားလို့…..”
“အဲ့ဒါကြောင့်ပြောတာ…..ဘာတဲ့…လယ်ကြီးထောင့်လည်းမစိုက်နဲ့………….အိမ်ကြီးရှင်လည်း မလုပ်နဲ့ဆိုတာ..”
“အမယ် အေးစိန်မ….ဒါကို ဘယ်ကကြားလာရပြန်တာတုန်း၊ အဲ့လိုသာဆို လယ်ကွက်တိုင်းမှာ ထောင့်ကွက်တွေချည်း ကျန်နေတော့မပေါ့… ကဲကဲ ရှင်းစမ်းပါဦး…...”
“အဲ့လိုမဟုတ်ဘူး မပုတိုရဲ့…လယ်ကြီးထောင့်ကနေ စစိုက်မိရင် တော်တော်နဲ့မပြီးနိုင်တော့ဘူးတဲ့၊ ခု မပုတိုက ယူထားတဲ့လယ်ကွက်က အကြီးကြီး၊ ပြီးတော့ တစ်ယောက်တည်း၊ စ စိုက်တော့လည်း ထောက်ဖြတ် အဲ့လိုအဲ့လို……အိမ်ကြီးရှင်လုပ်မိရင်လည်း လုပ်ပါလေဦး အိမ်အလုပ်တွေ၊ မနက်နဲ့ည နားရတယ်ကို မရှိဘူးတဲ့…..မယုံရင် မေဦးမေကြည့်ပါလား….”
“ဟာ…. မအေးစိန်ကလည်း မေဦးမှ ကောက်မစိုက်ဘူးတာ…..”
“အေးစိန်မရေ……တော်ပြီ…..ထမင်းစားမယ်….ခု ပြီးပြီမဟုတ်လား၊ ဘာမှအပိုတွေပြောမနေနဲ့တော့.. တို့တွေစားသောက်ပြီး ခဏနားမယ်၊ ပြီးရင် ဘုန်းကြီးကျောင်းဘက်ကနေ လှည့်ပြန်ကြမယ်…ဒေါ်လေးရွှေတို့ အ သုံးလုံး သင်နေတဲ့ဆီ သွားကြမယ်လေ…မကောင်းဘူးလား..”
“ဒေါ်လေးရွှေက အရမ်းရီရတာ မေဦးရဲ့…….ဟိုရက်က ဘာတဲ့ (ရကောက်)ကို မရေးချင်လို့ ပတ်ပြေးနေတာဆိုလားပဲ။ ဒါတောင်သူကပြောသေးတယ်….စပါး တစ်တင်းသာ ပြေးထောင်းလိုက်ချင်တယ်…..အဲ့ဒါ ရှည်ရှည်ကောက်ကောက်ကို မရေးချင်ဘူးတဲ့……”
“ ဟားဟားဟား… ဒေါ်လေးရွှေကတော့ လုပ်ပြီ…….”
***-----***-----***-----***-----
ဆက်ရန်
စိမ့်စမ်းရေ

21.9.2015

Read More
Posted by စိမ့်စမ်းရေ on