*** အုံ့မှိုင်းငယ်ရီ ***
ပုံမှန်သွားနေကျနေရာ၊ လျှောက်နေကျလမ်းလေးပေါ်မှာ အချိန်မှန်မှန်လမ်းလျှောက်ရတာကိုက သူ့အတွက်တော့ နှစ်ခြိုက်မှုတစ်ခုပင်။ တနေကုန်ပူထားတဲ့အပူချိန်လေး လျော့ကျချိန်၊ လေနုအေးလေး သွေးချိန်မို့ အတော်ပင်နေလို့ကောင်းနေလေသည်။ နှာခေါင်းဝကို တိုးဝင်လာတဲ့ လေနုအေးကို ခပ်ပြင်းပြင်းလေး ရှုသွင်းလိုက်တဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံး  ပေါ့ပါးလန်းဆန်း သွားတာတော့ အမှန်ပင်။
“ အော်…….ဆရာမလေးတောင် ရောက်လာပြီ…….ဒီချိန်ပုံမှန်ပဲနော်………..”
“ဟုတ်ကဲ့ အဘကြိုင်”
ယာထဲကပြန်လာတဲ့ အဘကြိုင်ကို အပြုံးလေးနဲု့တုန့်ပြန်လိုက်ရင်းက လေနုလေးရဲ့ခေါ်ဆောင်ရာကို သူ လိုက်ပါသွားခဲ့လေပြီ။ နေ၀င်ခါနီးချိန် အလုပ်သိမ်းချိန်မို့ တစ်ယောက်စ၊ နှစ်ယောက်စ ပြန်လာတတ်တဲ့ဒီလမ်းလေးပေါ်မှာတော့ ခုအချိန် သူတစ်ယောက်တည်းပင်။
မြင်ကွင်းတစ်ဆုံး လယ်ကွင်းတွေရယ်…ဟိုး……နောက်ဘက်ဆီက စိမ်းညို့ညို့တောင်တန်းတွေရယ်ကို သူ ဒီရွာကလေးကို ရောက်မှ မြင်ဖူးခဲ့ လေသည်။ သဘာဝရဲ့အလှတရားဆိုတာ ဒါတွေပါလားဆိုတာ သူသိလိုက်ရတဲ့အချိန်မှာ အတုအယောင် အလှပတွေက သူ့ရဲ့နောက် မှာ ကျန်ခဲ့လေပြီ။ အို……..သူ့နောက်မှာတင် ဘယ်ကပါ့မလဲ……..သူ့မိသားစုရဲ့နောက်၊ အားလုံးရဲ့ နောက်မှာကျန်ခဲ့မှာတော့ အသေအချာပင်။
တိတ်ဆိတ်ခြင်း၊ အေးချမ်းခြင်းရဲ့အရသာကို ခဏတာမျှ ခံစားပြီးရင်တော့ သူ့ကို အေးသီလာခေါ်ပေလိမ့်မည်။ ဒါက တစ်ရက်မဟုတ် သူ့ရဲ့ နေ့စဉ်အလုပ်တစ်ခုလိုပင်။ ရောက်တာသိပ်မကြာသေးပေမယ့် ရိုးသားပြီးပွင့်လင်းလှတဲ့ အေးသီကို သူ အတန်ပင်ခင်မိလေပြီ။ ပြီးတော့ နာမည်ချင်းကလည်း ထူးဆန်းစွာတူညီလို့နေသည်။
ခြေသံကြားလို့နောက်ကိုလှမ်းကြည့်လိုက်တော့……..ဟော……..အေးသီ
“ဟာ…ဆရာမလေး……ငိုနေတာလားဟင်…..ဘာ…ဘာဖြစ်လို့လဲဟင်…..”
“မငိုပါဘူးအေးသီရယ် လေတိုက်လို့မျက်စိနဲနဲ စပ်သွားလို့ပါ”
“အော်..အဲ့လိုလား……..ဒါဆိုလည်းပြန်ကြရအောင်နော်……ဆရာမလေး…….တော်ကြာ မှောင်လာတော့မယ်”
“အေးပါ……ဒါဆိုလည်း.သွားကြမယ်လေ”
***-----***-----***-----***-----***-----***-----***-----***-----***-----
အေးသီတာဒီရွာကလေးကိုရောက်လာတာ ခုဆို (၆)လကျော်ခဲ့လေပြီ။ သူငယ်ချင်းတစ်ယောက်ရဲ့ အဆက်အသွယ်နဲ့ ရောက်လာခဲ့တဲ့ ဒီနေရာလေးက အေးသီတာအတွက်တော့ အိုအေစစ်လေးတစ်ခုပင်။ ကိုယ်တက်ကျွမ်းတဲ့ပညာကို အသုံးချလို့ ရွာသူရွာသားတွေအတွက် နိုင်ရာတာဝန်လေးဖြည့်စွမ်းပေးရင်းက ခုဆို အေးသီတာက ရွာရဲ့ အားထားရတဲ့ ကျောင်းဆရာမလေးပင်ဖြစ်လို့နေလေသည်။
ရွာခံတစ်ယောက်ရဲ့ သူငယ်ချင်းဖြစ်ရုံနဲ့တင် အစစအရာရာလိုလေးသေးမရှိ ဂရုစိုက်ပေးတတ်တာကိုက အေးသီတာ အတွက်တော့ မမြင်ဖူးတဲ့ အသွင်ထူးတစ်ခုပင်။ သူငယ်ချင်းက ကြိုတင်အကြောင်းကြားထားသည့်အတွက်လည်း တစ်ရွာလုံးက ၀မ်းပမ်းတသာကြိုဆိုနေခဲ့သလို “ဆရာမလေး၊ ဆရာမလေး….” ဆိုပြီး ပါးစပ်ဖျားကမချပေ၊ လေးလေးစားစားဆက်ဆံတာ မြင်ရပြန်တော့ မျက်ရည်တွေဝိုင်းသည့်တိုင်အောင် အေးသီတာ ကြည်နူးခဲ့ရလေသည်။
မဖော်ပြနိုင်တဲ့ ကြည်နူးမှုက အေးသီတာရဲ့မျက်ဝန်းထဲကမျက်ရည်တွေက သက်သေတွေပင်။ ထွက်ပေါက်တစ်ခုအဖြစ် ကြိုးစားပြီး ရုန်းထွက် လာခဲ့တဲ့ အေးသီတာရဲ့ အခြေအနေကို သူငယ်ချင်းဇင်ဝေသာအသိဆုံးပင်။ အောက်ဆုံးထိရောက်နေတဲ့ စိတ်ဓါတ်တွေကို ပြန်လည်အားဖြည့် တင်းရင်းက အေးသီတာ မိသားစုထဲက ရုန်းထွက်ခဲ့တာပါ၊ ရုန်းထွက်လာခဲ့ရတာပါ။
***-----***-----***-----***-----***-----***-----***-----***-----***-----
“ဟာ…….ဆရာမလေး……..ထမင်းလည်းသိပ်မစားဘူး………ဘာလဲ အေးသီဟင်းချက်တာ မကောင်းလို့လားဟင်……”
“ဟာ…မဟုတ်ပါဘူးအေးသီရဲ့ စားကောင်းပါတယ်၊ အစ်မက ညနေဘက်တွေ နဲနဲလျော့စားလို့ပါ…..တော်ကြာ ၀ လာမှာပေါ့ ၀ လာရင် ခုလို ဘယ်လှတော့မလဲ…မဟုတ်ဘူးလား……”
“အဟိ………ဆရာမလေးကလည်း နောက်တတ်သားပဲ၊ ဒါနဲ့လေ.ဆရာမလေး……… ခဏနေရင် အေးသီရွာထဲခဏသွားရမယ်၊ မအိပ်နဲ့ဦးနော်…..စောင့်နေနော်…မကြာဘူးနော် ခဏလေးပဲနော်”
“ဟုတ်ကဲ့ပါနော်၊ စောင့်နေပါ့မယ်နော်”
“ဟားဟားဟား…….ဆရာမလေးလည်း တော်တော်နောက်တတ်တာပဲ…..ဟားဟားဟား”
အသံထွက်ကာ ရယ်နေတဲ့ အေးသီကို ကျွန်မ အားကျစွာကြည့်နေမိပါတယ်။ သူရယ်တော့ ကိုယ်လည်းလိုက်ရယ်မိလေသည်။ ဒါပေမယ့် သူလိုတော့ လွတ်လွတ်လပ်လပ်မဟုတ်ပါလားလို့ မိမိဘာသာ သိနှင့်နေသည်။ ဘာမှန်းမသိတဲ့ စိုးရိမ်မှုတစ်ခုက လူကိုတုတ်နှောင်ထားသလို တင်းတင်းကြပ်ကြပ်ကြီးပါလားလို့ ခံစားလိုက်ရလေသည်။
“အားကျလိုက်တာအေးသီရယ်….အားကျလိုက်တာ….. အစ်မလည်းလေ တစ်ချိန်တုန်းက အေးသီလိုမျိုး အပူအပင်ဆိုတာ ဘာမှန်းမသိတဲ့ ဘ၀မှာ အကြာကြီးနေခဲ့ရတာပါ အေးသီရယ်……….”
မိမိဘာသာ တစ်ကိုယ်တည်းပြောမိတဲ့ ဒီစကားလုံးတွေက နှုတ်ဖျားဝသို့ရောက်မလာခဲ့ပေ။ အပေါ်ထပ်အင်္ကျီလေးဝတ်လို့ ရွာထဲထွက်သွားတဲ့ အေးသီနည်းတူ ကျွန်မရဲ့ ထိန်းချုပ်ထားတဲ့ စိတ်တွေကို ခဏတာမျှ လွှတ်ပေးမိခဲ့လေပြီ။ မပီပြင်ပေမယ့် တိကျလွန်းတဲ့ ဖြစ်စဉ်တွေက အေးသီတာရဲ့ ဘ၀အမှန်တွေပါ။
***-----***-----***-----***-----***-----***-----***-----***-----***-----
“ဘဘကြီးတို့ထွက်လာတော့မှာကွ”
“ဟာ…….မင်းကလည်း……….အစောကြီးရှိသေးတာကို”
ဒီနေ့လို တနင်္ဂနွေနေ့မျိုးဆိုရင် အိမ်ရှေ့မှာ ကလေးတွေ ရစ်သီရစ်သီနဲ့ ရှိနေတတ်ပါတယ်။ အေးသီတာတို့ဖေဖေက ငှက်ပျောသီး တွေနဲ့ အခြားသော မုန့်ပဲသရေစာတွေကို လမ်းမပေါ်မှာ ဆော့ကစားနေကြတဲ့ ကလေးတွေကို ဝေငှပေးတတ်လေသည်။
“အေးသီတာ….သမီး၊ မြန်မြန်လုပ်၊ ကလေးတွေ စောင့်နေကြပြီ”
“ပြီးပါပြီ ဖေဖေရဲ့…လာပြီလာပြီ”
အိမ်အောက်ထပ်ဆီမှ ဖေ့ဖေ့ရဲ့စိတ်မရှည်သံကြောင့် အေးသီတာ ငှက်ပျောသီးတွေကို ကမန်းကတန်းခြွေမိလေပြီ။ လက်ထဲက ငှက်ပျောသီး ဗန်းကို မနိုင်တနိုင်သယ်လာရင်းက အိမ်ပေါ်ထပ်ဆီမှ မေမေနဲ့အေးသီတာတို့ ဆင်းလာခဲ့ကြပါတယ်။ ခြံတံခါးဖွင့်ကာ အိမ်ရှေ့ကို ထွက်လိုက်တာနဲ့ ကစားနေကြတဲ့ကလေးတွေက အဆင်သင့်ပင်။
“ဘဘကြီး ကျေးဇူးတင်ပါတယ်။ ကြီးကြီး ကျေးဇူးတင်ပါတယ်”
“အေးအေး..ဟုတ်ပါပြီ။ ဟုတ်ပါပြီ…ဆက်ကစားကြတော့နော် ကလေးတို့…….”
ဒါက အေးသီတာတို့လုပ်နေကျ တစ်ပါတ်တစ်ခါပုံမှန်ပင်။ ကြာလာတော့လည်း တာဝန်တစ်ခုလိုဖြစ်နေခဲ့လေပြီ။ ထူးထူးခြားခြားဖြစ်ပေါ်လာတဲ့ ဖေဖေရဲ့ဆန္ဒကို မေမေက မကန့်ကွက်သလို အပါတ်စဉ်တိုင်း ပါရမီဖြည့်ပေးခဲ့လေသည်။ မိသားစု ၅ ယောက်ရဲ့ တာဝန်တွေကို ပခုံးပေါ် တင်ထားရပေမယ့် အပြုံးမပျက်ခဲ့တဲ့ဖေဖေရယ် သားသမီးတွေရဲ့ လိုအပ်ချက်တွေကို အကုန်ဖြည့်ဆည်းပေးတဲ့ မေမေရယ်၊ ကိုကြီးနဲ့ ကိုလေးရယ် ပြီးတော့….အေးသီတာရယ်……..အိုး……တကယ့်ကို ပျော်စရာ မိသားစုလေးတစ်ခုပင်။
***-----***-----***-----***-----***-----***-----***-----***-----***-----
“ဆရာမလေး………….ဆရာမလေး………..အေးသီ ပြန်ရောက်နေပြီလေ……”
“အော်……အေးသီ”
“အေးသီ ကြည့်နေတာကြာပြီ…………….ဘာတွေများတွေးနေရတာလဲ ဆရာမလေးရဲ့၊ ဘာလဲ ရန်ကုန်ကို သတိရနေတာမလား...... မမဇင်ဝေပြောတော့ ဆရာမလေးက နောက်နှစ်ကျောင်းပိတ်မှပြန်မှာဆို ”
စကားတွေတရစပ်မေးလာ၊ ပြောလာတဲ့အေးသီကို ကျွန်မပြုံးရုံပဲပြုံးပြနိုင်ခဲ့ပါတယ်။ သူငယ်ချင်းဇင်ဝေရဲ့ စေတနာ၊ စီစဉ်ပေးမှုတွေ ကြားမှာ အေးသီတာက နေရင်းထိုင်ရင်းဆရာမဘ၀ရောက်ခဲ့ရသူပါ။ စာသင်တာဝါသနာပါပေမယ့် တစ်ကယ့် ကျောင်းဆရာမတော့ မဟုတ်ခဲ့ပေ။
“မေးခွန်းတွေလည်းများလိုက်တာ အေးသီရယ်……. မမတွေးနေတာက အေးသီကို ဒီည ဘာပုံပြင်ပြောပြရမလဲလို့ပါ အိမ်မပြန်ပါဘူး အေးသီရယ်”
“အော်………………သိပါဘူး…အေးသီဖြင့် စိုးရိမ်သွားတာပဲ”
နှစ်ယောက်စာနေသာရုံဒီအိမ်ကလေးက သူငယ်ချင်းဇင်ဝေရဲ့ကျေးဇူးကြောင့် ရွာလူကြီးက စီစဉ်ပေးထားခြင်းပင်။ အိမ်ရှေ့ခန်း တစ်ခန်း၊ အိပ်ခန်းနဲ့မီးဖိုချောင်၊ ခြံကလေးထဲမှာ သပ်သပ်ရပ်ရပ်ဆောက်လုပ်ပေးထားတဲ့ ဒီအိမ်ကလေးက တောသဘာဝအရမို့ အတော်အသင့်ပြည့်စုံ လေသည်။
အေးသီရဲ့မေးမြန်းမှုတွေကို စိတ်ရှည်လက်ရှည်ပြောပြပေးရတဲ့တာဝန်က ညစဉ်ညတိုင်းပင်။ မမြင်ဖူးတဲ့အရာတွေကို တွေးဆ မှန်းကြည့်ရင်းက သူတို့လေးတွေရဲ့ ဘ၀အိမ်မက်လေးတွေကို အေးသီတာဖြည့်ဆည်းပေးချင်လိုက်တာ။ မြို့ပေါ်ကရောက်လာသူတိုင်းကို သူတို့လေးတွေ အားကျတတ်တာက သဘာဝပင်။
“ဆရာမလေး……….ကတိတည်နော်”
“ဘာတုန်း အေးသီရဲ့……..အစမရှိ၊ အဆုံးမရှိ”
“ဟယ်…..ကြည့်…….ခုတော့မေ့ပြီမလား………ဆရာမလေးပြန်ရင် အေးသီကို အလည်ခေါ်မယ်ဆို၊ ရွှေတိဂုံဘုရားလိုက်ပို့ ပေးမယ်ဆို……”
“အော်….အဲဒါလား………..ပို့ပေးမှာပေါ့အေးသီရဲ့ အစ်မကမမေ့ပါဘူး….တခြားဘာများလဲလို့”
စိတ်ကျေနပ်သွားတဲ့အမူအယာကို အေးသီရဲ့မျက်နှာလေးပေါ်မှာ ကျွန်မရှာတွေ့လိုက်ပါတယ်။ ဆယ်ကျော်သက်အရွယ်လေးပေမယ့် တွေးတွေး ဆဆနေတတ် ပြောတတ်တဲ့ အေးသီလေးက တစ်ကယ်တန်းကျတော့ ကျွန်မထက်ပင် ပိုလို့ရင့်ကျက်နေပါသေးတယ်။ လိုချင်မက်မောမှုဆိုတာ သူနဲ့တော့ အတန်ပင် ဝေးနေပါလိမ့်ဦးမည်။
“ဒါနဲ့လေ……….ဆရာမလေး”
ဟိုဘက်လှည့်အိပ်နေရာမှ ရုတ်တရက် စကားစလာတဲ့ အေးသီကို ကျွန်မက ဘာလဲဆိုတဲ့ ဟန်နဲ့ကြည့်လိုက်မိတဲ့အခါ
“ဟိုလေ……….ဆရာမလေးမှာ မောင်နှမတွေမရှိဘူးလား”
“မောင်နှမတွေလား…….အင်း……ခုတော့မရှိတော့ဘူး….”
ကျွန်မပြောစကားတွေကို နားလည်သလား မလည်သလား မသိတော့ပေ။ သူ သိလိုရာကိုမေးကာ အေးသီက တစ်ဖက်လှည့်သွားပေမယ့် ကျွန်မကတော့ မမေ့နိုင်တဲ့ ဇာတ်ကြောင်းတွေထဲက လှည့်မထွက်နိုင်ခဲ့ပေ။
***-----***-----***-----***-----***-----***-----***-----***-----***-----“”
“၀ုန်း……………..”
“ဟင်………ဘာ ဘာသံလဲဟင်…….မိစိုး….အောက်ကိုခဏသွားကြည့်ဦး….”
အိမ်ပေါ်ထပ်မှာစာကြည့်နေတဲ့ ကျွန်မ အောက်ထပ်ကကြားလိုက်ရတဲ့အသံကြောင့်လန့်သွားခဲ့ပါတယ်။ ကြမ်းတိုက်နေတဲ့ မိစိုးက အောက်ထပ်ကို ပြေးဆင်းသွားခဲ့ပါတယ်။ ဖေဖေနဲ့မေမေ ကိစ္စတစ်ခုနဲ့ အပြင်သွားနေချိန်မို့ အိမ်မှာ မိစိုးနဲ့ကျွန်မ နှစ်ယောက်တည်းသာ၊ မထင်သလို တဖြည်းဖြည်းနဲ့ သောင်းကျန်းတတ်လာတဲ့ ကိုကြီးနဲ့ ကိုလေးကြားမှာ ကြာလာတော့ အေးသီတာ စိတ်ညစ်တတ်လာခဲ့ပြီ။
“မမ……မမ…….အကိုလေး..အကိုလေး….”
မိစိုးစကားပင် မဆုံးလိုက်….ကြားလိုက်ရတဲ့အသံက-
“အေး…..သီ…….တာ…………..နင် အောက်ကို ခဏဆင်းလာခဲ့ဦး…..ငါ ခေါ်နေတာ ချက်ချင်းလာနော်…… လာဆိုလာနော်….နင်မလာရင် ငါအပေါ်ကိုတက်လာမှာနော်”
အောက်ထပ်ကအကိုလေးရဲ့အော်ခေါ်သံအဆုံးမှာတော့ မိစိုးကောကျွန်မပါ ပျာယာခပ်ကုန်လေပြီ။ အကိုလေး အိမ်ပေါ်ကို တက်လာလို့ မဖြစ်ပါ၊ လုံးဝကိုမဖြစ်ပါ။ တစ်ခါကလည်း အေးသီတာစာအုပ်တွေနဲ့ တခြားပစ္စည်းတွေကို အကုန်ရိုက်ခွဲ၊ လွှင့်ပစ်လို့ ပျက်ဆီးပေါင်းများခဲ့ပြီ။ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်နေချိန်မှာ လှေကားလက်ရမ်းက အရမ်းကို တုန်ခါသွားတာကြောင့် အကိုလေးအိမ်ပေါ်ကိုတက်လာပြီ ဆိုတဲ့အသိက အေးသီတာရင်ကို ပူသွားစေခဲ့ပါတယ်။
“မလာနဲ့ကိုလေး မလာနဲ့….အေးသီတာ…….လာခဲ့မယ်”
အကိုလေးကိုအော်ပြောပြီးတာနဲ့ အေးသီတာနဲ့မိစိုးတို့နှစ်ယောက်သား ကမန်းကတန်း ပြေးဆင်းလာခဲ့ရချေပြီ။ အိမ်မှာအငယ်ဆုံးပေမယ့် မိသားစုကိုသိတတ်တဲ့ အေးသီတာက ခုဆို ကိုကြီးနဲ့ကိုလေးတို့ရဲ့ ငြိုငြင်မှုကို အမြဲခံနေရသူပါ။ နည်းမမှန်၊ လမ်းမကျတာကို ပြန်ခံပြောတတ်တဲ့ အေးသီတာက ခုတော့ အိမ်ကျယ်မလေးတစ်ယောက်ပင် ဖြစ်လို့နေလေသည်။
“ကိုလေး…………ဟင်…ကြည့်စမ်း နေ့ခင်းကြောင်တောင် အရက်တွေသောက်လာပြန်ပြီလား……….ပြော…. ဘာတွေတောင်းဦး၊ ဖြုန်းဦးမလို့လဲ”
“င့ါဘာသာ..ဘယ်ချိန်သောက်သောက် နင့်အပူပါလား……အငယ်က အငယ်လိုနေ”
“ဒါဆို အကြီးကလည်း အကြီးလိုနေပါလား”
ကျွန်မ ဒေါသဖြစ်စွာနဲ့ ကိုလေးကို အော်ပြောမိတဲ့အခါ စိမ်းကားစွာကြည့်လာတဲ့ ကိုလေးရဲ့မျက်ဝန်းတွေကို ရင်မဆိုင်ရဲခဲ့ပေ၊ ဘာမှန်းမသိတဲ့ ၀မ်းနည်းမှုတွေက ကျွန်မရင်ကို အတင်းပင် တိုးဝှေ့တဲ့အခါ မျက်ရည်တွေက တားမရနိုင်စွာ စီးလို့ကျခဲ့ရပြီ။
“ဟဲ့…ဟဲ့……အမလေး…အမလေး....ဒါက..ဘာတွေဖြစ်နေကြတာလဲ ပြောစမ်းပါဦး”
“မေမေ…..”
အပြင်ကပြန်လာတဲ့ မေမေတို့ရဲ့အသံကြားတော့မှ ကျွန်မ ၀မ်းနည်းစွာနဲ့ မေမေ့ရင်ခွင်ထဲသို့ ပြေးဝင်ရောက်ခဲ့ရပြီ လေ……………….။ လုံခြုံပြီးအေးချမ်းသွားတဲ့ အသိက ဘာနဲ့မှမစားထိုးမရခဲ့ပေ။
“ဟင်း………..”
သက်ပြင်းရှည်တို့ အဆုံးသတ်သွားချိန်မှာ အေးသီကတော့ အိပ်မောကျနေလေသည်။ ဟိုလူးဒီလှိမ့်နဲ့ ကုန်ဆုံးသွားမယ့် တစ်ညတာကို အေးသီတာ စောင့်နေမိလျက်ပါ။
***-----***-----***-----***-----***-----***-----***-----***-----***-----
“ဆရာမလေး…………..ဆရာမလေး……………အေးသီရေ…….ဆရာမလေးရှိလား…….”
မနက်စောစောစီစီး အိမ်ရှေ့ဆီမှ ကြားလိုက်ရတဲ့အသံကြောင့် ကျွန်မကော အေးသီပါ အိမ်ရှေ့သို့အပြေးအလွှား ထွက်ကြည့်မိပါ တယ်။ ရှိုက်ကြီးတငင်ငိုနေတဲ့ ကလေးနဲ့အတူ ဒေါသဖြစ်နေတဲ့မိခင်ပုံစံကြောင့် ကျွန်မအိမ်အောက်ကို အမြန်ပင် ပြေးဆင်းမိလေသည်။
“ဘာတွေဖြစ်လာရတာလဲ အစ်မရယ်။ ကလေးကိုဒီလောက်တောင် ရိုက်ထားရတယ်လို့”
“ရိုက်ရတယ် ဆရာမလေးရဲ့၊ တော်ကြာ သူ့အဖေလိုအချိုးမျိုးဖြစ်လာမှာ..ဒီအရွယ်လေးနဲ့တောင် ပညာကိုမလေးစားချင်ဘူး….။ ခုကတည်းကလုပ်ထားမှ နို့မို့မလွယ်ဘူး”
“ဆုံးမတာလည်းဆုံးမရမှာပေါ့အစ်မရယ်….ဒါနဲ့ ခုက စောစောစီးစီး ဘယ်လိုဖြစ်လို့ရောက်လာကြတာလဲ…..လာလာ……..သား ဆရာမဆီ ခဏလာဦး”
နှာရည်တွဲလဲ၊ မျက်ရည်အရွှဲသားနဲ့ကလေးကို ကျွန်မရင်ခွင်ထဲ ပွေ့ဖက်ထားမိလေသည်။ သူတို့လေးတွေငိုရင် ကျွန်မရင်ထဲလဲ မကောင်းပေ၊ အပြစ်ရှိလို့ဆုံးမရပေမယ့် ငိုလောက်အောင်တော့ ကျွန်မမရိုက်တတ်တာအမှန်ပင်။
“ဟင်း…………မပြောချင်လည်းပြောရဦးမယ် ဆရာမလေးရေ………ဒီကောင်ပေါ့….ကျောင်းကစာအုပ်တွေကို ဖြဲပြီး ငပိဖုတ်တယ်တဲ့လေ။ ကျွန်မကမသိဘူး၊ သတိလည်းဘယ်ထားမိပါ့မလဲ……..အဲဒါနဲ့ ထမင်းစားပြီးတော့မှ- အိမ်စာမပါဘူးလား ဘာလား မေးတော့မှ…… စာအုပ်တွေကိုကြည့်မိတော့တာပဲ…….အဲဒါနဲ့ကျွန်မလည်း ကောင်းကောင်းရိုက်ပေးလိုက်တယ်”
“အော်………..ဖြစ်မှဖြစ်ရလေ၊ အဲ့ဒါကြောင့် ဒီထိကိုရောက်လာရတာပေါ့ အဲ့လိုလား……..ကဲပါ…..ကလေးကိုလည်း ထပ်မရိုက်နဲ့တော့ နောက်တစ်ခါမလုပ်တော့ရင် ပြီးပြီမလား၊ သေချာနားလည်အောင် ဖြေးဖြေးပြောလည်း ရပါတယ်အစ်မရယ်”
“ကျေးဇူးပါဆရာမလေးရယ်……….ကျွန်မလည်း ရှက်တာနဲ့တင် ဒေါသတွေသူ့အပေါ်အကုန်ပုံချလိုက်မိတာပါ၊ ဒါဆို  ကျွန်မတို့….. ပြန်လိုက်ဦးမယ်နော် ဆရာမလေး….။”
“ဟုတ်ဟုတ်အစ်မ…”
ဒါကလည်း အတွေ့အကြုံတစ်မျိုးပင်၊ နေထိုင်ကြီးပြင်းခဲ့ရာပုံစံချင်းမတူညီမှုကြောင့် တွေးခေါ်မျှော်မြင်မှုတွေလည်း ကွဲပြားခဲ့လေ သည်။ မြို့ပေါ်ကဆိုးသွမ်းမှုကတစ်မျိုး၊ တောဘက်ကမလေးစားမှုကတစ်ဖုံနဲ့ ခုတော့ဖြင့် ဘယ်အရာကိုမှ ကျွန်မစိတ်ထဲ တစ်ထစ်ချမခံယူ တတ်တော့ချေ။ မိဘတွေရဲ့ သားသမီးအပေါ် ကောင်းစေချင်တဲ့စိတ်လေးတစ်ခုတည်းနဲ့ မလုံလောက်တော့ဘူးဆိုတာ ကျွန်မ တဖြည်းဖြည်း သဘောပေါက်လာသလို လက်ခံတတ်လာခဲ့လေပြီ။
မိဘတွေရဲ့ ချစ်ခြင်းမေတ္တာကို တဖြည်းဖြည်းသဘောပေါက် သိနားလည်လာခဲ့တဲ့အခါ အဝေးက ဖေဖေရယ် မရှိတော့တဲ့မေမေတို့ရဲ့ မျက်နှာက အေးသီတာရှေ့မှောက်ကို ချက်ချင်းဆိုသလို ရောက်လာခဲ့ပြန်တာပေါ့။
***-----***-----***-----***-----***-----***-----***-----***-----***-----“”
“ကျွီ…….”
“မိစိုးရေ……..အိမ်ရှေ့ထွက်လိုက်ပါဦး….ဖေဖေဈေးကပြန်လာပြီ”
အိမ်ရှေ့မှာထိုးရပ်လာတဲ့ ဆိုက်ကားကို မြင်လိုက်တာကြောင့် ကျွန်မ မိစိုးကိုလှမ်းအော်ပြောလိုက်ပါတယ်။ တစ်ပါတ်စာ ဟင်းလျာကအစ တစ်အိမ်လုံး လိုအပ်သမျှတွေကို ကိုယ်တိုင်ဝယ်တတ်တဲ့ဖေဖေက အေးသီတာတို့အိမ်ရဲ့ အိမ်ရှင်မတစ်ခြမ်းပင်။ မေမေနဲ့ အေးသီတာတို့ကို အရမ်းချစ်တဲ့ ဖေဖေက ဖြစ်နိုင်ရင်ထမင်းဟင်းတွေကိုတောင် ကိုယ်တိုင်ချက်ပြုတ်ကျွေးချင်သေးသည်လေ။ အဲ့ဒါကြောင့်လည်း အေးသီတာက ဖေ့ဖေ့ကို အချစ်ဆုံးလို့ပြောတာပေါ့…….။
ဈေးကိုဆိုက်ကားနဲ့အသွားအပြန်၊ ၀ယ်လာပြန်တော့လည်း လက်နှစ်ဖက်ပင်မအားဆိုတော့ ဒီရပ်ကွက်၊ ဒီလမ်းထဲမှာတော့ အေးသီတာကို့ကို မသိသူပင် မရှိသလောက်ဖြစ်ခဲ့လေသည်။ ရပ်ကွက် သာရေးနာရေးနဲ့ အခြားသော လုပ်ခင်းဆောင်တာတွေကြားမှာ ဖေဖေက တစ်ချို့နေရာ တွေကိုပင် ၀င်ယူနိုင်ခဲ့လေသည်။
လမ်းမှားဘက်ကိုရောက်နေတဲ့ ကိုကြီးကိုလေးတို့ သတင်းထက် ဖေဖေ့ရဲ့ဂုဏ်သတင်းက ပိုလို့ပျံ့နှံ့ခဲ့လေသည်။ ပိုက်ဆံရှိတဲ့လူငယ်တွေ ပျက်စီးကြတာကိုက ဂုဏ်တစ်ခုလိုများဖြစ်နေသလား အေးသီတာမတွေးတတ်ခဲ့ပေ။ ပုံမှန်မဟုတ်တဲ့ စီးပွါးရေးအခြေအနေကြားမှာ ဖေဖေက ဘယ်တော့မှ အပြုံးမပျက်ခဲ့ပါ။
အေးသီတာကျောင်းပြီးသွားချိန်မှာတော့ မမျှော်လင့်တဲ့ အခြေအနေတွေက အေးသီတာတို့ဆီကို ရောက်ရှိခဲ့လေသည်။ အကိုလေးက အိမ် ထောင်ကျခဲ့သလို အရောင်းအ၀ယ်လုပ်မယ်ဆိုပြီး ထွက်သွားခဲ့တဲ့ကိုကြီးက သတင်းလေးတောင်မပို့ခဲ့ပါ။ မြန်ဆန်စွာပြောင်းလဲလာခဲ့တဲ့ အခြေအနေတွေကြားမှာ အေးသီတာလည်း လူးလာခတ်လို့သာ။
“မေမေ….ဖေဖေ့မျက်နှာလည်းမကောင်းပါလား…….ဘာဖြစ်လို့လဲဟင်”
“မေမေလည်း သေချာမသိပါဘူးသမီးလေးရယ်…မေးတော့လည်း ဘာမှကိုမပြောပြဘူး”
“သိသားပဲ သမီးက…..အကိုလေးတို့လင်မယားကိစ္စပဲဆိုတာ…သူတို့ကိစ္စမဟုတ်လို့ ဘယ်သူ့ကိစ္စရှိဦးမလဲ.…. မိဘလုပ်စာထိုင်စားနေကြပြီး ကောင်းကောင်းမနေကြဘူး…စိတ်ကိုညစ်ပါတယ်”
ခြေကိုဆောင့်ပြီး ထွက်လာမိတဲ့အခါ စိတ်မကောင်းဖြစ်စွာနဲ့ကျန်ခဲ့တာက မေမေတစ်ယောက်တည်းပါ။ အရောင်ဖျော့သွားတဲ့ အ၀တ်တစ်ခုလို ကျွန်မတို့မိသားစုတွေလည်း တဖြည်းဖြည်းနဲ့ အိမ်တွင်းပုန်းဘ၀ကို ရောက်မှန်းမသိ ရောက်ခဲ့ရလေတော့သည်။
***-----***-----***-----***-----***-----***-----***-----***-----***-----“”
အာရုဏ်ဦးတို့ ပီပြင်လာချိန်မှာ ကြားနေကျ ဖေဖေ့ကြေးစည်သံကို ဒီနေ့မကြားမိချေ။ ကိုယ်ပဲ အိပ်ယာနိုးတာနောက်ကျ၍ပဲလား၊ ဖေဖေပဲ စောသွား၍လားဆိုတဲ့အတွေး မဆုံးလိုက်သေးမှာပဲ အေးသီတာ ပြန်လို့အိပ်ပျော်သွားခဲ့လေသည်။ မနက်မလင်းတစ်လင်းမှာ အိမ်မက်တစ်ခုကို အေးသီတာမက်ခဲ့လေသည်။ ဖေဖေရဲ့ညှိုးနွမ်းနေတဲ့ အသံ၊ မေမေရဲ့ အသံတိတ်ကြေကွဲနေပုံကို အေးသီတာ မကြားတစ်ချက် ကြားတစ်ချက် …. ရုတ်တရက် လန့်အနိုးမှာတော့ ဒါဟာ တစ်ကယ့်အဖြစ်ပျက်ဆိုတာ အေးသီတာ သိခဲ့ရလေတော့သည်။
“ဒါ……ဒါတွေဟာ အမှန်တွေပဲလားဟင်………..ကိုကျော်ဦး..ပြောပါ ပြောပါ ကျွန်မကိုသေချာပြောပြပါ….ရှင် ဘယ်အချိန်ထဲက ဒီအဖြစ်မှန် တွေကို ဖုံးကွယ်ထားခဲ့တာလဲ…..”
ရှိုက်ကာရှိုက်ကာ ငိုနေတဲ့ မေမေရဲ့ တုန်ရီနေတဲ့အသံတွေကြားမှာ ဖေဖေ့ စကားသံတို့တိတ်ဆိတ်နေလေသည်။ အောက်ထပ် မီးဖိုချောင်မှာ ပြောနေတဲ့စကားသံအချို့က အိမ်ပေါ်ထပ်ဆီက အေးသီတာ အတိုင်းသားကြားလို့သာပေါ့။ ဘာအခြေအနေမှန်းမသိသေးပေမယ့် မေမေငိုတော့ အေးသီတာလည်းလိုက်ငိုမိလေသည်။
“ရှင် အလုပ်မရှိတော့တာ ဘယ်ချိန်ကတည်းကလည်း ဟင်… အဲ့ဒါဘာလို့ အေးကို မပြောရတာလဲ၊ မပြောရတာလဲ…”
“ဟုတ်တယ်….အေး၊  ကိုယ်မပြောဖြစ်ဘူး……ပြောလည်းမပြောချင်ဘူး… ပြောလဲမထွက်ခဲ့ဘူး…. မလုပ်သင့်မှန်း သိပေမယ့် ကိုယ်လုပ်ခဲ့မိတဲ့ လုပ်ရပ်တွေက ကိုယ့်ကို အလုပ်လဲပြုတ်စေခဲ့တယ်၊ အရှက်လဲရစေခဲ့တယ်…….ဒါပေမယ့် ကိုယ်ပျော်တယ်… အေးနဲ့ကိုယ့်မိသားစု ပျော်ပျော်နေခဲ့၊ စားခဲ့ ၀တ်ခဲ့ရတာပဲ၊ အေးတို့မသိအောင် ကိုယ်ကြိုးစားကြည့်တယ် တခြားအလုပ်တစ်ခုကို အဆက်အသွယ်ရအောင် လိုက်မေးကြည့်တယ်……ဒါပေမယ့် အဆင်မပြေဘူး၊ ကိုယ်…အေးနဲ့သမီးလေးကိုလည်း စိတ်မဆင်းရဲစေချင်ဘူး…………”
“ကိုကျော်ဦးရယ်…… ရှင်ရဲ့ မိသားစုပေါ်ထားတဲ့ စေတနာတွေက………..ခုတော့ကြည့်စမ်း… ရှင့်ကိုဒုက္ခပေးပြီမလား… မသုံးရတော့ ဘာဖြစ်လဲ၊ မစားရတော့ကော ဘာဖြစ်သလဲ ကိုကျော်ဦးရယ်…..ခုတော့..ခုတော့……အားလုံး အလကားပဲ၊ ဘာမှမရှိတော့ဘူး………ဘာဆို ဘာမှမရှိတော့ဘူး………..ကျွန်မတော့ သေချင်တော့တာပဲ………သေလိုက်ချင်တော့တာပဲကိုကျော်ဦးရယ်…”
ဟား……..ကမ္ဘာကြီးကဘာတွေဖြစ်ကုန်ပြီလဲ၊ ခု ကြားလိုက်ရတဲ့စကားတွေက အမှန်ပဲလား…. ဒါဆို…ဒါဆို.အေးသီတာတို့ဖေဖေက ဘယ်ချိန်ထဲက ဒီလိုအလုပ်တွေလုပ်နေခဲ့တာလဲ၊ ငွေအလွဲသုံးစားမှုတဲ့………….၊ထူးဆန်းလိုက်တာ…… အားကိုးမှု၊ ယုံကြည်မှုနဲ့ ချစ်ခင်လေးစားမှုတွေက ဖေဖေ့အတွက် အတုအယောင်တွေလား၊ …ဟာ…မသိဘူး….မသိဘူး………အေးသီတာဘာမှမသိတော့ဘူး…..။
***-----***-----***-----***-----***-----***-----***-----***-----***-----“”
ရက်အတန်ကြာသည်အထိ အခြေအနေဘာမှမထူးခြားသလို ဖေဖေလည်း အိမ်ထဲကအိမ်ပြင်မထွက်တော့ပေ။ ရှိတာလေးတွေ သုံးစွဲစားသောက်လာရင်းက သားနှစ်ယောက်ရဲ့နှိပ်စက်မှုဒဏ်တွေကိုလည်း ခါးစည်းခံရုံသာ…………
“မေမေ………အားငယ်နေလားဟင်…….သမီး အလုပ်ရတော့မှာပါ ဘာမှစိတ်မပူနဲ့တော့နော်…..”
“အင်းပါ.သမီးလေးရယ်……… ”

စိတ်ထောင်းလို့ ကိုယ်ကြေ ဖြစ်နေတဲ့မေမေ့ကို အေးသီတာသနားလှပါပြီ။ အလုပ်ကလည်း လိုချင်ပြီဆိုရင် ချက်ချင်းမရနိုင်ဘူးဆိုတာ အေးသီတာသဘောပေါက်ခဲ့ရပြီ။ ကိုယ်နဲ့သင့်တော်မယ့်အလုပ်တစ်ခုခုကို စောင့်မျှော်နေရင်းက အေးသီတာတို့မိသားစုတွေ တိတ်ဆိတ်နေခဲ့ လေတော့သည်။
တစ်နေ့…………အဲ့ဒီနေ့ကပေါ့…………….တိကျစွာရောက်ရှိလာတဲ့ အချိန်အခါတစ်ခုကို အေးသီတာတို့ မလွန်ဆန်နိုင်ခဲ့ကြပါ။
“အိမ်ရှင်တို့…………ဗျို့အိမ်ရှင်တို့…………”
အိမ်ရှေ့ဆီကကြားလိုက်ရတဲ့အသံကြောင့် ကျွန်မ အိမ်အပေါ်ထပ်ဆီမှကြည့်လိုက်မိပါတယ်။ ရပ်ကွက်လူကြီးအချို့နဲ့ မမြင်ဖူးတဲ့လူအချို့တို့ ကြောင့် ကျွန်မ…ရင်တွေဗြောင်းဆန်ကုန်ပါပြီ။ အောက်ထပ်ကိုအပြေးဆင်းလို့ မေမေ့ကို အပြေးကလေး ပြောမိရင်းက
“မေမေ……မေမေ…..အိမ်ရှေ့မှာ…….အိမ်ရှေ့မှာ…….ဖေ့ဖေ့ကို လာခေါ်တာလား……..လာခေါ်ကြတာလား..ဟင်”
“အိမ်ရှင်တို့…………ဗျို့အိမ်ရှင်တို့…………”
“လာပြီ……..လာပြီ……………..အော်…..ဘယ်သူတွေလည်းလို့………….ဟုတ်ကဲ့ ဘာကိစ္စများပါလဲရှင့်”
“ကိစ္စကတော့…………..ပြောရမှာအားနာပါရဲ့ဗျာ……..ဒီကအမကြီးတို့ သားအကြီး ရဲစခန်းကိုရောက်နေလို့ပါ.အဲဒါ ခဏလောက် လိုက်ခဲ့ဖို့  လာခေါ်တာပါခင်ဗျာ”
“ရှင်………သားကြီး……….ရဲစခန်း.…..”
“မေမေ……….မေမေ………လုပ်ကြပါဦး………..မေမေ ..မေမေ..သမီးခေါ်နေတာကြားလား…….ကြားလားလို့…….အီးဟီးဟီး…….. မေမေ့ကိုခေါ်ပေးကြပါဦး…..”
***-----***-----***-----***-----***-----***-----***-----***-----***-----“”
စိတ်ပင်ပန်းမှုဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကို မခံနိုင်တော့တဲ့ မေမေက အေးသီတာတို့နဲ့ ဝေးရာကို အပြီးတိုင်ထွက်သွားခဲ့လေသည်။ လူတွေရဲ့ စာနာသနားမှုထက် ၀မ်းသာအားရမျက်နှာတွေကို အေးသီတာ ဘယ်လိုအင်အားတွေနဲ့ ရင်ဆိုင်နိုင်ပါ့မလဲ…….။ ဗူးတစ်ရာအပေါက်သာ ပိတ်လို့ရပေမယ့် လူတစ်ယောက်ရဲ့ ပါးစပ်ပေါက်ကိုတော့ ပိတ်လို့မရခဲ့ပေ။ ရက်ကွက်အတွင်း ပျံ့နှံ့ခဲ့တဲ့ သတင်းဆိုးကြီးကြားမှာ အေးသီတာလည်း ခေါင်းငုံ့လို့သာ……. ကိုကြီးနဲ့ကိုလေးဒဏ်ကို နောက်ဆုံးခံရပြီးချိန်မှာတော့ အေးသီတို့မှာ နေစရာအိမ်ပင် မရှိတော့ပေ။
ဘိုးတော်လိမ်…………..တဲ့……အကိုကြီးက ဘိုးတော်လိမ်တဲ့………………….. လုပ်ရက်လိုက်တာကိုကြီးရာ…………….
ဘယ်လိုမှကို တွေးမထားမိတဲ့ ရှက်ခြင်းတရားတွေက အေးသီတာကို ကြောက်ရွံ့စေခဲ့လေသည်။ လူတွေကို မျက်နှာမပြရဲသလို ရင်ဆိုင်ရမှာလည်း ကြောက်လာခဲ့လေသည်။ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေနဲ့……အိုး………အားလုံး….အားလုံးပါပဲ… အေးသီတာ ရင်မဆိုင်ချင်တော့တာ အမှန်ပါ။ ဖြစ်နိုင်ရင် လူတွေအားလုံးနဲ့ ဝေးရာကို အေးသီတာထွက်သွားချင်ခဲ့လေသည်၊ ဟိုး………….အဝေးဆုံး…တစ်နေရာရာကိုပေါ့………..။
***-----***-----***-----***-----***-----***-----***-----***-----***-----“”
“ဟင်……ဆရာမလေး….ဘာဖြစ်လို့လဲ..ခေါင်းမူးသွားလို့လား…..မျက်စိလေးဘာလေးဖွင့်ပါဦး…...”
“ဘာမှမဖြစ်ပါဘူးအေးသီရယ်………….. စိုးရိမ်တတ်လိုက်တာ……လွန်ပါရော…..”
အတွေးတွေကြားထဲ နစ်မြောနေရာမှ အေးသီရဲ့အသံစူးစူးက လက်ရှိအခြေအနေကို ပြန်လည်သတိရစေခဲ့ပါတယ်။ ကျောင်းမသွားရသေးခင် ရတဲ့အချိန်လေးခဏတာမှာ တွေးမိတဲ့အတွေးတွေက အေးသီတာရဲ့တစ်ဘ၀လုံးစာပင်။ လိုအပ်တာတွေ ပြင်ဆင်ပေးနေတဲ့ အေးသီက အလုပ်ရှုပ်နေပေမယ့် ကျွန်မကတော့ ခြံဝန်းလေးထဲကနေ သိပ်မဝေးလှတဲ့ ကျောင်းတော်ကြီးဆီသို့ ငေးကြည့်နေမိလျက်ပါ။
ဟာတာတာဖြစ်သွားရင် ရင်အစုံကိုတော့ ကိုယ့်ဘာသာပဲ သတိပြုလေသည်။ ပုံမှန်အခြေအနေကို ထိန်းယူလိုက်ရင်းက တစ်နေ့တာအတွက် လုပ်ဆောင်ရမည့်တာဝန်တွေက အေးသီတာရဲ့ခေါင်းထဲသို့ အတင်းတိုးဝှေ့နေရာယူလေတော့သည်။
 “ဆရာမလေး………….အဆင်သင့်ပဲ…………ညနေကျ အေးသီလာကြိုမယ်နော်”
“ကျေးဇူးတင်ပါတယ် အေးသီရယ်…….အဲ့ဒါကြောင့် အစ်မက အေးသီကို ချစ်ရတာ”
လက်ထဲအရာက်ထည့်ပေးလာတဲ့ ဆွဲခြင်းတောင်းလေးက အေးသီတာရဲ့ ဘ၀အသစ်ပင်။ လူဆိုတာ အမှားမရှိအောင် ကြိုးစားနေထိုင်ပြီး ကိုယ့်တာဝန်ကိုယ်ကျေရမယ်လို့ အေးသီတာခံယူထားမိလေသည်။ အတိတ်ရဲ့အဟောင်းတွေက အသစ်တွေကို အားဖြည့်တင်းပေးနိုင်တယ် မဟုတ်ပါလား……………….။
***-----***-----***-----***-----***-----***-----***-----***-----***-----“”
“အမလေး မောလိုက်တာ ဆရာမလေးရာ…………..”
ညနေကျောင်းဆင်းချိန်မှာ အပြေးအလွှားရောက်လာတဲ့ အေးသီက ရောက်ရောက်ချင်းပဲ မောပန်းစွာနဲ့ ပြောလာလေသည်။ သူ မပြောခင်ကတည်းက မောပန်းနေတဲ့ သူ့ဟန်ပန်က သက်သေပင်။
“ဘယ်လိုဖြစ်လို့ ပြေးလာရတာလဲ အေးသီရယ်……ဖြေးဖြေးလာလည်းရသားနဲ့ကို”
“အေးသီက ပြေးမလာချင်ပါဘူး………….အဲဒါ…..မမဇင်ဝေကြောင့်ပေါ့………”
“ဟင်…ဇင်ဝေ………..သူ…သူရောက်နေတာလား”
“ဟုတ်ပါတယ်ရှင်……..ကျွန်မရောက်နေပါပြီ ဆရာမရှင့်”
“ဟယ်…………….ဇင်ဝေ………သူငယ်ချင်း”
ကျွန်မ ဘာမှမမြင်တော့…..ကလေးငယ်တစ်ယောက်လို ဇင်ဝေ့ကို အတင်းပင်ပြေးဖက်မိလေသည်။ ၀မ်းနည်းမှုဒဏ်ကို ရုတ်တရက်ခံစားလိုက်ရတာကြောင့် ဒရဟောထွက်ကျလာတဲ့ မျက်ရည်တို့ကို ကျွန်မ မတားဆီးနိုင်သလို တားလည်းမတားချင်တော့…………
“အေးအေး…သူငယ်ချင်း.မငိုနဲ့ မငိုနဲ့နော်……..သုတ်သုတ်..မျက်ရည်တွေသုတ်ပစ်လိုက်”
တိုးညှင်းစွာသတိပေးပြောလာတဲ့ ဇင်ဝေကို ကျွန်မ ပြန်လည်အသိအမှတ်ပြုလိုက်ချိန်မှာ ကျောင်းဝင်းထဲမှာ ဘယ်ကလေးမှ မရှိတော့ပေ။ ခပ်လှမ်းလှမ်းမှာ မတ်တပ်ရပ်နေတဲ့ အေးသီက ကျွန်မရဲ့ဆွဲခြင်းတောင်းလေးကို ဆွဲလို့သာ…..။
***-----***-----***-----***-----***-----***-----***-----***-----***-----“”
“ဟုတ်တယ် သူငယ်ချင်း………. နင်ဘာမှစိတ်ထဲမထားနဲ့တော့……..ခုဆို ဦးကလည်း တရားစခန်းမှာပျော်နေပြီ၊ ဒီ ရက် 100 ပြီးရင်လည်း ခဏပဲနားမှာတဲ့၊ ပြီးရင် နောက်တစ်ခု ဆက်ဝင်မယ်တဲ့ နင်သာ အဆင်ပြေအောင်နေဖို့၊ ကျန်းမာရေးဂရုစိုက်ဖို့ ငါ့ကိုသေချာမှာလိုက်တယ်…. သူ့တွက် မပူနဲ့တဲ့”
“……….ဟို…..ဒါနဲ့လေ….တော်ပြီဟာ……ဘာမှမဟုတ်တော့ဘူး”
“ဟင်…..ဘာလဲ…….မေးလေ…နင့်အကိုတွေအကြောင်း သိချင်နေတာမလား……..မသိချင်ပါနဲ့တော့ သူငယ်ချင်းရယ်…..နင့်ဘ၀ကို နင်ပဲကြိုးစားရမှာ……….သူတို့တွေက နင့်ကို စဉ်းစားပေးကြမှာမဟုတ်ဘူး……………..င့ါကိုစိတ်မဆိုးနဲ့နော်”
ဇင်ဝေ စကားအဆုံးမှာ ကျွန်မပြုံးမိလိုက်လား၊ ရယ်မိလိုက်လား…….. သေချာမသိတော့…….. မျက်နှာကိုကျီစယ်တိုက်ခတ်လာတဲ့ လေအေးအေးကိုတော့ သတိထားမိလိုက်လေသည်…အေးမြမြ အရသာလေးရယ်.... ဟိုး….အဝေးကြီးက စိမ်းညို့ညို့တောင်တန်းကြီး ရှိနေသရွေ့….. ကျွန်မအတွက်တော့ မကုန်ဆုံးနိုင်တဲ့ အင်အားတွေက ရှိနေဦးမှာပါ………
မတ်တပ်ရပ်ကာ အသက်ကို ခပ်ပြင်းပြင်းရှူသွင်းလိုက်တဲ့အခါ….............. အေးသီတာတစ်ကိုယ်လုံး……ပေါ့ပါးလန်းဆန်းသွာတာတော့ အမှန်ပင်။

စိမ့်စမ်းရေ
11.11.2014




Posted by စိမ့်စမ်းရေ on Saturday, December 13, 2014

0 comments

Post a Comment