တဖြည်းဖြည်းနဲ့တိုးတက်လာတဲ့
ဒီဘက်ခေတ်ထဲမှာတော့ မောင်ပုတို့တွေ မနည်းကို အမှီလိုက်နေရပါတယ်။ ဖွံ့ဖြိုးမှုအားနည်းသေးတဲ့နေရာဆိုပေမယ့်
လိုက်ရင်တော့ ရတာချည်းပဲမလား……….။
အရင်ကဆို
လျှပ်စစ်မီးကို ဗီဒီယို ရုံတွေမှာလောက်သာ မြင်ဖူးရတဲ့ဘ၀က ဟော…..ခုဆို ဆိုလာပြားတွေကျေးဇူးကြောင့်
အိမ်တိုင်းစေ့မဟုတ်ရင်တောင် ရွာတိုင်းတော့ စေ့နေပေပြီ။
မြို့ပေါ်ကိုဖုန်းခေါ်ရဖို့
မိုင် 20 လောက်သွားရတဲ့ဒုက္ခကလည်း လွတ်မြောက်လာပြီလေ။ တစ်ရွာမှာ အနည်းဆုံးတော့ လေး၊
ငါး၊ ဆယ်လုံးထက် မနည်းကို ရှိနေပေသည်။ တဖြည်းဖြည်းနဲ့ အသုံးများလာတဲ့ ဒီဖုန်းကို မောင်ပုလိုချင်နေတာ
အတော့်ကိုကြာခဲ့ပါပြီ။ သူများတွေကြည့်ကြည့်နေတဲ့ အင်တာနက်ဆိုတာကြီးကိုလည်း သူကြည့်ချင်နေမိသည်။
“ဟ မောင်ပု
မင့်မလဲ မြင်လိုက်တာနဲ့ကို စဉ်းစားနေရတာနဲ့ တွေးနေရတာနဲ့ချည်းပဲ”
ကောက်ရိုးပုံပေါ်
ထိုင်နေတဲ့ မောင်ပု ဒီတစ်ခါလည်း ဖိုးထောင်ရဲ့အမေးကို ခံရပြန်ပါပြီ။
“အေးကွ………………ငါဒီတစ်ခါတော့
ငါ တစ်ကယ်ကို တွေးနေတာ”
“ဘာများတုန်းဟ၊
င့ါလဲပြောစမ်းပါဦး”
“နွေရောက်ရင်
ဖုန်းလေးဝယ်မလားလို့၊ ပြီးတော့ ကိုကျော်လှသုံးတဲ့ဟာမျိုးလေးလေ….သိလား… အဲ့ဒါ ငါလိုချင်နေတာကြာပြီကွ”
“မင်းအိမ်က
ပြေလည်တာပဲကွာ………၀ယ်ပေါ့..ဒါမှ ငါတို့လည်း သိရမှာ” “အေးနော်…….ငါ ၀ယ်မယ်ကွာ”
*****-----******-----*****-----******-----*****-----******-----
“မောင်ပုရေ…..မောင်ပု……”
“ငါ ဒီဘက်မှာဟေ့……..
နွားစာစဉ်းနေတာ………”
“နွားစာစဉ်းတာ
အသာထားခဲ့ ကိုသာလှကြီးက မင်းကိုခေါ်ခိုင်းလိုက်လို့…………”
“ဟုတ်လား…အေးအေး..သွားကြမယ်”
မောင်ပုနဲ့
ဖိုးထောင်တို့ရောက်သွားကြတော့ အတော်လေးပင် လူစုံနေလေပြီ။ အ၀တ်နဲ့သေချာပတ်ထုပ်ထားတဲ့
ဟန်းဖုန်းများကို ကိုယ်စီကိုင်ထားလျက် သင်တန်းပို့ချမယ့် ကိုသာလှရဲ့ ပါးစပ်အလှုပ်လေးကိုပင်
အားလုံးက မျက်တောင်မခတ်ပဲ စိုက်ကြည့်နေကြလေသည်။
“ဟာ………..မင်းတို့ကလည်း
ကြာလိုက်တာကွာ ဒီမှာ ငါတို့ရောက်နေတာ ထမင်းအိုးတစ်လုံးတောင် ကျက်ပြီ”
တစ်ဖက်ရွာမှ
ကျော်စိုးက မကျေမချမ်းနဲ့ စကားစသည်။
“ဟ မင်းတို့က
မိုးလင်းကတည်းက ဖုတ်ဖတ်ခါထလာလို့ရတယ်ကွ ငါ့မှာ သားနဲ့မယားနဲ့၊ နွားနဲ့ ”
“ဟေ့ကောင်တွေတော်ပြီ
တော်ပြီ စမယ်…”
ကိုသာလှစကားက
အားလုံးကို အနိုင်ယူသွားလေသည်။ မသုံးဖူး မမြင်ဖူးတဲ့အရာဆိုတော့လည်း အားလုံးစိတ်ဝင်စားရှိလှသည်မှာ
အပြစ်တော့မဟုတ်ပေ။
ရွာနောက်ဘက် လယ်ကွင်းအစပ်သို့ သူတို့ရောက်နေကြတာမို့ လေကလေးကတည်းတဖြူးဖြူးနဲ့ပင်။
ကိုသာလှရဲ့ ပြောပြချက်တွေကို အပြန်အလှန် ကြိုးစားနေကြတာမို့ ဘေးဘီဝဲယာကို သတိပင်မထားနိုင်ခဲ့ပါ။
အရှေ့ကိုအာရုံစိုက်နေရာမှ
ညောင်းလို့ဆိုပြီး လက်ကိုနောက်ပစ်ကာ အညောင်းဆန့်လိုက်တဲ့မောင်ပုတစ်ယောက်
“အား….အမလေး…..ပူလိုက်တာ….ဘာကြီးလဲ”
မောင်ပုရဲ့အော်သံကြောင့်
အားလုံးစိတ်ဝင်တစားနဲ့ ကြည့်မိတဲ့အခါမှာတော့
“ဟင်…….ဖွားညှက်….ဘာလာလုပ်တာလဲ”
“မင်းတို့သောက်ဖို့
ရေနွေးကြမ်းလာပို့တာ။ ဟောဟိုမှာ မြေပဲကြော်တောင်ပါသေး”
ပြောပြောဆိုဆိုနဲ့
ရေနွေးတွေထည့်၊ မြေပဲကြော်တွေအတင်းကျွေးနေတဲ့ ဖွားညှက်ကို မောင်ပုတို့အားလုံး အံ့သြဟန်
မျက်နှာပေးတွေနဲ့ နားမလည်နိုင်စွာ ကြည့်နေကြပါတယ်။
“ဟဲ့ သာလှ
မင်းလည်းလာစားဦး၊ သူတို့ကို ပြောပြရတာ ညောင်းရောပေါ့၊ လာလာ၊
ဟိုဘက်ရွာက
ကလေးတွေ ရော့ရော့ ပူပူလေးသောက်လိုက်ကြဦး…………”
ဖွားညှက်ရဲ့စေတနာတွေကို
အသိအမှတ်ပြုလို့ အားရပါးရ အားပေးနေကြတဲ့ မောင်ပုတို့အားလုံးကို ဖွားညှက်က
“အေး..မင်းတို့သောက်ပြီးစားပြီးကြရင်
ဖွားကိုတစ်ခုလောက် ပြောပြကြပါဦး”
“ ဘာမျာတုန်းဖွားညှက်ရဲ့၊
ဒီလောက် စကားပလ္လင်ခံစရာ မလိုပါဘူးဗျာ……”
“ဟိုလေ….မင်းတို့
ကြည့်ကြည့်နေကြတဲ့ ဂေါ်ဇီလာဆိုတာကြီးကို ဖွားကိုလည်း ခဏလောက်ပြပါလား ဖွားမမြင်ဖူးလို့”
“ဗျာ…………………….ဂေါ်ဇီလာ”
“ဟား ဟား
ဟား ဖွားညှက်ကတော့ လုပ်ချလိုက်ပြန်ပြီကွာ………………….
ဂေါ်ဇီလာမဟုတ်ဘူးဖွားရဲ့
မော်ဇီလာ…………မော်ဇီလာ…………………ဟားဟားဟား”
“ဟဲ့ မောင်ပု
မင်းအသံတိုးတိုးပြောစမ်းပါ……ငါ နားမလေးပါဘူး…………..” ဟုဆိုတာ…..ရေနွေးဗန်းကိုကိုင်ကာ
ထွက်သွားတဲ့ ဖွားညှက်ကိုတော့ ဒီတစ်ခါလည်းပဲ မောင်ပုတို့အားလုံး ရယ်မောမိကြရင်းက……အော်…..ဂေါ်ဇီလာ..ဂေါ်ဇီလာ…..
29.6.2014
စိမ့်စမ်းရေ
0 comments