*** အဒိန္နာဒါန သိက္ခာပုဒ် ***
~~~~~~~~~~~~~~~~~~~

အဒိန္န၊ မပေးသောဥစ္စာကို။ အာဒါန၊ ယူခြင်း။ အပြည့်အစုံ အဓိပ္ပာယ်ပြန်လိုက်သောအခါ ပိုင်ရှင်သည် ကိုယ်နှုတ်နှစ်ပါး တစ်ပါးပါးဖြင့် မပေးသောဥစ္စာကို ယူခြင်းဟုဖြစ်သည်။ အိမ်ရှင်များ အိပ်မောကျနေချိန်တက်ခိုးမှ ခိုးခြင်းမြောက်သည်မဟုတ်။

"ခိုးခြင်းမျိုးစုံ အဖုံဖုံ"
•••••••••••••••••••••
အဲယားကွန်းတပ်ဆင်ထားသော အခန်းထဲတွင် စတိုင်နှင့်ထိုင်၍ အလုပ်သမား လေးရာရှိသည်ကို ငါးရာရှိသည်။ တစ်လလျှင် စက်မောင်းဆီ ပီပါရှစ်ဆယ်ကုန်သည်ကို ပီပါတစ်ရာကုန်သည်ဟု စာရင်းပိုပြပြီး ငွေယူသောနည်းသည်လည်း ခိုးခြင်းတစ်မျိုးပင်ဖြစ်၏။

အရာရှိမှန်သမျှ လက်ဆေင်ဖြစ်စေ၊ ငွေဖြစ်စေ၊ တစ်မျိုးမျိုးပေးမှ လက်မှတ်ထိုးပေးခြင်းသည်လည်း ခိုးခြင်းပင်ဖြစ်၏။ ဆေးရုံဝန်ထမ်းများသည် လူနာရှင်များထံမှ မသမာသောနည်းဖြင့် ရယူသော ငွေကြေး၊ ပစ္စည်းမှန်သမျှသည်လည်း ခိုးယူခြင်းဖြစ်၏။

ပြည်သူများသည် မီတာမတက်ရန် မီတာပေါက်ကို ပြုပြင်ထားခြင်း၊ ပေးသင့်သော အခွန်ကိုမပေးဘဲ ရှောင်လွဲခြင်းများသည်လည်း ခိုးခြင်းပင်ဖြစ်၏။ နိုင်ငံဝန်ထမ်းများသည် လခရိက္ခာ အပြည့်ယူထားပါလျက် ရုံးတက်နောက်ကျလွန်းခြင်း၊ ရုံးဆင်းစောလွန်းခြင်းများသည်လည်း ခိုးခြင်းတစ်မျိုးဖြစ်၏။

အချိန်ခိုးရုံနှင့် အဘယ့်ကြောင့် အဒိန္နာဒါနကံထိုက်သနည်းဆိုငြားအံ့။ ထိုသို့ဝန်ထမ်းများ အချိန်ခိုးလိုက်သည့်အတွက် တစ်လအတွင်း ပြီးရမည့်အလုပ်များ မပြီးတော့ဘဲ နှစ်လလုပ်ရသည်။ ထို့ကြောင့် တစ်လစာသာ ကုန်ရမည့်ငွေသည် ဝန်ထမ်းများ အချိန်ခိုးမှုကြောင့် နှစ်လစာကုန်သွားသည်။ ထို့ကြောင့် ခိုးမှုမြောက်ခြင်းဖြစ်၏။

ကျောင်းဆရာ၊ ဆရာမများသည် ကျောင်းဝင်ကြေး တရားဝင်ငွေအပြင် အပိုပေးမှ ကျောင်းသားလက်ခံခြင်း၊ စားပွဲအတွက်၊ ကုလားထိုင်အတွက်ဟုဆိုကာ ကျောင်းသားများထံကငွေတောင်းပြီး ကိုယ်ရေးကိုယ်တာ သုံးပစ်ခြင်းတို့သည် ခိုးခြင်းပင်ဖြစ်၏။

နိုင်ငံပိုင်ပစ္စည်းတစ်ခုခုကိုဖြစ်စေ၊ ပုဂ္ဂလိကပိုင်ပစ္စည်းတစ်ခုခုကိုဖြစ်စေ ဖျက်ဆီးခြင်းသည် ခိုးခြင်တစ်မျိုးပင်ဖြစ်၏။ ထိုခိုးခြင်းမျိုးကို ကင်္ခါအဋ္ဌကထာ၌ ‘ပသယှာဟာရ’ ဟု အမည်တပ်ထား၏။

မီးရထားဝန်ထမ်းများသည် အပင်ပန်းခံပြီး စီတန်းဝယ်ယူသူများကို မရောင်းဘူးဟု အပြောလွတ်ရုံ ဆယ်ပုံပုံ တစ်ပုံလောက်သာ ရောင်းပြီး ကျန်ကိုးပုံကို သုံးဆခန့်ဈေးတင်၍ မှောင်ခိုရောင်းခြင်းသည် ခိုးခြင်းပင်ဖြစ်၏။

စပါး၊ ပဲကုန်သည်များသည် မိမိကဝယ်သောအခါ တစ်တင်းကျော်ဆန့်သော တင်းတောင်းဖြင့်ချိန်ယူပြီး မိမိကပြန်ရောင်းသောအခါ တစ်တင်းမပြည့်သောတောင်းဖြင့် ချိန်ရောင်းခြင်းသည် ခိုးယူခြင်းပင်ဖြစ်၏။

တရားသူကြီးများ၊ ဥပဒေအရာရှိများသည် လာဘ်စားပြီး ငွေများမှ တရားနိုင်ပေးခြင်းသည် ခိုးယူခြင်းပင်ဖြစ်၏။ ပေတဝတ္တု ပါဠိတော်တွင် တရားသူကြီးပြိတ္တာဟူ၍ ထူးထူးခြားခြားပါရှိသည်။ ထိုပြိတ္တာသည် အိုးပမာဏလောက် ကြီးမားသော မိမိ၏ဝှေးစေ့ကြီးကို ထမ်းနေရသည်။

ဠင်းတများ၊ ကျီးငှက်များက သူ၏ဝှေးစေ့ကြီးကို လိုက်လံကိုက်ဖောက် စားသောက်နေကြသောကြောင့် သက်သက်သာသာနေရသည်မရှိဘဲ ပြေးလွှားအော်ဟစ်၍သာနေရသည်။ သူသည် အတိတ်ဘဝ တရားသူကြီးဖြစ်စဉ် အခါက အမှုသည်များထံမှ မတရားလာဘ်စားခဲ့ဖူးသော အကုသိုလ်ကြောင့် ယခုလိုဒုက္ခကို ခံစားနေရခြင်း ဖြစ်သည်။

ဈေးသည်များသည် ငါးပိညံ့ကို ငါးပိကောင်းနှင့်ရောပြီး ဈေးတင်ရောင်းခြင်း၊ ဆန်အညံ့ကို ဆန်ကောင်းနှင့်ရောပြီး ဈေးတင်ရောင်းခြင်း၊ ကြံသကာကို ကြိုချက်ကာ ငါးပိနံ့ထည့်၍ ငံပြာရည်အတု လုပ်ရောင်းခြင်းတို့သည် ခိုးခြင်းပင်ဖြစ်၏။

ခိုးနည်းများကိုကား တင်ပြ၍၊ ရေး၍ကုန်နိုင်ဘွယ်မရှိ။ အချုပ်အားဖြင့် မသမာမှုမျိုးစုံကြောင့် ရသောဥစ္စာကြေးငွေမှန်သမျှကို ခိုးယူခြင်းဟုမှတ်ရမည်။

"ခိုးမှုမြောက်မည့်အင်္ဂါ"
••••••••••••••••••••••••
ခိုးမှုတည်းဟူသော အဒိန္နာဒါနကံမြောက်ဖို့အတွက် အင်္ဂါ (၅) ချက်ရှိ၏။ ခိုးမှုကံမြောက်၊ မမြောက် သိနိုင်ရန် ဤအင်္ဂါ (၅) ချက်ဖြင့် စိစစ်ရမည်။ ယင်းကား -

(၁) သူတစ်ပါးဥစ္စာဖြစ်ခြင်း
(၂) သူတစ်ပါးဥစ္စာဟုသိခြင်း
(၃) ခိုးယူလိုသောစိတ်ရှိခြင်း
(၄) ခိုးယူမှုဖြစ်သော ကိုယ်မှု၊ နှုတ်မှု၊ လုံ့လတစ်ခုခုကိုပြုခြင်း
(၅) ခိုးယူမှုအောင်မြင်ခြင်း (ခုဒ္ဒက၊ အဋ္ဌသာလီနိ၊ ဋ္ဌ၊ ၁၄၁)
တို့ ဖြစ်ပေသည်။ ခိုးမှုကျူးလွန်သောသူများ ခံစားရမည့် ဆိုးကျိုးများကား -

အဒိန္နာဒါ၊ ခိုးမိပါမူ၊
ဥစ္စာနည်းမွဲ၊ ဆင်းရဲငတ်ဘိ၊
လိုရှိမရ၊ ဘောဂပျက်စီး၊
ရေမီးသူခိုး၊ မွေခံဆိုးနှင့်၊
မင်းဆိုးအပြား၊ ရန်မျိုးငါးကြောင့်၊
ပျက်ပြားဥစ္စာ၊ ပြစ်များစွာသည်၊
ရှောင်ခါအပြန် အကျိုးတည်း။

ဟူသော လင်္ကာအတိုင်း ဖြစ်ပေသည်။ သူ့ဥစ္စာ ခိုးသူများသည် ဘဝအဆက်ဆက် လူဖြစ်လျှင် ဥစ္စာနည်းပါးပြီး မွဲတတ်သည်။ ဆင်းရဲပြီး ငတ်နေရတတ်သည်။ မိမိအလိုရှိသောအရာကို ဘယ်သောအခါမှ မရတတ်ပေ။ ဥစ္စာစည်းစိမ်များ ကြံဖန်၍ ပျက်စီးတတ်သည်။

ရှာထားသမျှ ဥစ္စာပစ္စည်းများကို မီး၊ မင်း၊ ရေ၊ ခိုးသူ၊ မချစ်မနှစ်သက်သော အမွေခံဆိုးဟူသော ရန်သူမျိုးငါးပါးက ဖျက်ဆီးသည်။ သူ့ဥစ္စာကို ခိုးခြင်းမှ ရှောင်ကြဉ်လိုက်လျှင် ဖြစ်ရာဘဝတွင် -

- ဥစ္စာစည်းစိမ်ပေါများခြင်း
- ငွေကြေးချမ်းသာခြင်း
- အလိုရှိတာ အကုန်ရခြင်း
- စည်းစိမ်ဥစ္စာ ခိုင်မြဲခြင်း
- ရန်သူမျိုးငါးပါး မဖျက်ဆီးနိုင်ခြင်းဟူသော ကောင်းကျိုးတွေကို ပြန်ရပေသည်။ လူ့သိက္ခာဟူသည် ငါးပါးသီလကို ဆိုခြင်းဖြစ်သည်။ မည်မျှပင် ပစ္စည်းဥစ္စာချမ်းသာစေ၊ မည်မျှပင် ရာထူးအာဏာကြီးစေ၊ ကိုယ်ကျင့်သီလမရှိလျှင် သိက္ခာမရှိဟုပင် ဆိုရ၏။

ငရဲကျသူ တစ်ရာတွင် ၉၉ ယောက်မှာ ဝမ်းရေးကြောင့် ကျရသူများဖြစ်ကြောင်း ဘုရားဟောရှိသည်။ ငါးပါးသီလတွင်လည်း ဝမ်းရေးနှင့် ပတ်သက်လာလျှင် အဒိန္နာဒါန သိက္ခာပုဒ်ကို အများဆုံး ကျူးလွန်မိတတ်ကြသည်။ လောဘ၏အဟုန်ကို တန့်နိုင်သူဆိုသည်မှာလည်း ရှားမှရှား၏။

ထို့ကြောင့် သားအတွက်၊ သမီးအတွက်၊ မယားအတွက်၊ ဆွေအတွက်၊ မျိုးအတွက် ပင်စင်နားချိန်အတွက် စသည်ဖြင့် မရပ်မနား ခိုးနေမိကြရာ အလုပ်ကထွက်မှပင် အခိုးရပ်တော့၏။ မိသားစုအားလုံးအတွက် ရှာဖွေနေရသော အိမ်ထောင်ဦးစီးများကို အထူးသတိပေးချင်ပါ၏။

မိမိနည်းမျိုးစုံဖြင့် ခိုးဖွက်ရလာသမျှသော ဥစ္စာများကို သုံးဆောင်ခံစားကြလျှင်တော့ ဆွေမျိုးသားချင်း မိသားစုအားလုံး ပါကြမည်ပင်။ သို့သော် ထိုအဒိန္နာဒါနကံ၏ဆိုးကျိုးကို ငရဲ၌ခံစားရမည်ဆိုလျှင် ဘယ်သားမယားမှမပါတော့ဘဲ မိမိတစ်ယောက်တည်းသာ ဖြစ်ကြောင်း သတိထားရမည်။

တရားသဘော ဘယ်လိုပြောလည်း၊
လိပ်ကျောကြောင်ကော်၊ ပြောင်ချော်ချော်နှင့် -
ဟူသော မဃဒေဝလင်္ကာအတိုင်း စေတနာဖြင့် ဘယ်လိုပင်သတိပေးပေး အရေမလုပ်သူများလည်း ရှိမည်သာဖြစ်၏။ ဟီရိ၊ သြတ္တပ္ပ ဟူသော အရှက် အကြောက်ရှိသူများအတွက်ကား ဤစာသည် တန်ဘိုးရှိပေလိမ့်မည်။

မေတ္တာရှင်(ရွှေပြည်သာ)၏
‘သီလအစွမ်း အံ့မခန်း’ မှမျှဝေပါတယ်။

စာဖတ်သူအားလုံး ဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။ ။

Posted by စိမ့်စမ်းရေ on Saturday, May 10, 2014

0 comments

Post a Comment