နံနက်ခင်း လေနုလေးက အေးစိမ့်လို့နေသည်။ ပြတင်းပေါက်မှ တိုးဝင်လာတဲ့ အေးစက်စက်အရသာကို တ၀ကြီးခံစားလိုက်ရတော့၊ ဒီနှစ်ကျမှ ဆောင်တွင်းက ပိုပြီး ပီပြင်နေသလားလို့ မိမိဘာသာ တွေးလိုက်မိသည်။  အညောင်း တစ်ချက် ဆန့်လိုက်ချိန်မှာ ဖြိုးဖြိုးဖျောက်ဖျောက် အသံတွေထွက်ပေါ်လာတဲ့ ကိုယ်ခန္ဓာကို အတော်ကလေး စိတ်ပျက် သွားပေမယ့် ပုံမှန်လည်ပတ်မှု တစ်နေ့တာကိုတော့ မရပ်တန့်မိချေ။
ဖြစ်ပေါ်နေတဲ့ သဘာဝတရားကို အံတုလို့ သမိုင်းပေးတာဝန်ကို ကျေပွန်ဖို့ ဒေါ်အေးမိ နေ့စဉ်ထမ်းဆောင်ရပါတယ်။  နံနက်ခင်း ဝေယျာဝစ္စများအပြီးသတ်လုပ်ဆောင်ပြီးချိန်မှာတော့ အာရုဏ်ကျင်းရောင်နီက ထွက်ပေါ်လာချေပြီ။ ညကတည်းက အသင့်ပြင်ထားတဲ့ ဈေးရောင်းပစ္စည်းတွေကို ခြင်းတောင်းထဲ အသာစီထည့်လိုက်ပါတယ်။ အပေါ်ရုံ ခပ်ပါးပါးကို အတင်းလွှမ်းခြုံ လိုက်ပြီဆိုတာနဲ့ လက်ဆွဲတော် ခြင်းတောင်းလေးက ထက်ထဲသို့ ပါလာခဲ့လေပြီ။ ခြင်ထောင်ထဲ အိပ်ပျော်ကျန်ရစ်ခဲ့တဲ့ သမီးငယ်ကို စိတ်မချနိုင်စွာ တစ်ချက်လှည့်ကြည့်ရင်းက ဦးဘမောင် ပြောတဲ့ စကားတစ်ခွန်းကို ရင်ထဲအောင့်သက်သက်ဖြစ်စွာနဲ့ သတိရလိုက်မိပါတယ်။
နံနက် ၅ နာရီခွဲချိန်ဆို ဒေါ်အေးမိတစ်ယောက်ကို ပုံမှန်မြင်တွေ့ရမှာဖြစ်ပါတယ်။ တရွေ့ရွေ့၊ တလှုပ်လှုပ်နဲ့ လှုပ်ရှားနေ ပေမယ့် အေးနေတဲ့ရာသီဥတုနှင့်တော့ လိုက်ဖက်လွန်းနေသည်။ ဆိုင်ဟုဆိုနိုင်သော ဒေါ်အေးမိဈေးရောင်းရာနေရာလေးသို့ သူကပုံမှန်လမ်းလျှောက်လာနေကျ၊ သူနှင့်အတူပါလာတဲ့ ကွမ်းယာပစ္စည်းမျိုးစုံတို့ကလည်း အချင်းချင်း တွန်းတွန်း တိုက် တိုက်နှင့်။ တိုးညှင်းစွာထွက်ပေါ်နေတဲ့ လမ်းလျှောက်သံနဲ့ ဗူးသံပုလင်းသံတို့က သူ့တွက်တော့ ပုံမှန်စည်းချက် ၀ါးချက်များပင်။
လူတစ်ယောက် မတ်တပ်ရပ်စရာနေရာပေမယ့် ဆိုင်ခုံပေါ်မှာလည်း နေရာကျအောင်ထားရသည်။ ဆွဲခြင်းထဲက ထုံးအိုးကို ထုတ်ယူချိန်မှာတော့ ဦးဘမောင်စကားကိုပင် ပြန်ကြားယောင်မိပြန်သည်။ ဘာလို့များ ရင်ထဲရောက်နေပါလိမ့်လို့ ခေါင်းတစ်ချက်ခါကာ အတွေးတို့ တွန်းထုတ်လိုက်ပေမယ့် ကိုင်ထားတဲ့ ထုံးအိုးလေးက ခြင်းတောင်းထဲက မထွက်လာနိုင်ခဲ့။
“ အို..မဖြစ်သေးပါဘူး၊ ငါ့အလုပ်ပျက်တော့မှာပဲ.”
လုပ်ဆောင်စရာ ကိစ္စတွေကို ခပ်သွက်သွက်လှုပ်ရှားလိုက်တော့မှ မူလအခြေအနေသို့ ပြန်ရောက်သွားတော့သည်။
ကွမ်းယာရောင်းတာ အစောကြီးဘာလုပ်ဖို့လဲဟု မေးလာသမျှတွေကို ဒေါ်အေးမိ ပြန်မဖြေဖြစ်ခဲ့ပေ။ ခပ်စောစော ပြင်ဆင်လို့ အဆင်သင့်ထုပ်ပိုးထားမှသာ သမီးလေးကို ထားခဲ့ရချိန် ခဏလေးမှာ သူ့အတွက်အဆင်ပြေသည်။ လုံလောက်တဲ့ ပြင်ဆင်မှုပြီး ချိန်မှာတော့ အနားကဈေးလေးမှာ ဈေးသည်များလည်း စုံလောက်ပြီလေ။ တစ်နေ့စာတွက် ချက်ပြုတ်မှုကို သမီးလေးဆိုင်လာ ထိုင်ပေးချိန်မှာ ဒေါ်အေးမိအားလုံးပြီးအောင် လုပ်ရသည်။ ဒါက နေ့စဉ်လိုလိုပင်။
“ဟဲ့ အေးမိ၊ ဘာငေးနေတာလဲ”
“အော် ဦးဘမောင်၊ လမ်းလျှောက်ထွက်လာပြီလား”
အိမ်နီးနားချင်းဖြစ်တဲ့ ဦးဘမောင် တစ်ယောက် လမ်းလျှောက်ထွက်လာချိန်ဆို နံနက် ၆ နာရီခွဲပင်။ ဟိုနားဒီနား လမ်းလျှောက်ပြီးရင်တော့ ဆိုင်ကိုခဏ၀င်နားတတ်သည်။ ခင်ပွန်းသည်ရှိစဉ်က တည်းက မိသားစုချင်းရင်းနှီးနေတဲ့ ဦးဘမောင်ကို သမီးလေးကလည်း အဖိုးတစ်ယောက်လို၊ အဘတစ်ယောက်လို ခင်မင်သည်။ ဦးဘမောင် လမ်းလျှောက်ပြီးလို့ ဒေါ်အေးမိဆိုင်မှာခဏနားချိန်ဆို သမီးလေးကလည်း ဆိုင်ထိုင်ချိန်ပင်။ နေ့စဉ် ပုံမှန်မဟုတ်ပေမယ့် အရွယ်ရောက်စပြုနေတဲ့ သမီးလေးတစ်ယောက်တည်းဆိုင်မှာရှိချိန်ဆို  ကြည့်မကောင်းဟုဆိုကာ ဦးဘမောင်တို့ မိသားစုက အလှည့်ကျ လာလာနေပေးတတ်သည်။ ဖေးဖေးမမရှိတဲ့ ဒီပတ်ဝန်းကျင်လေးကြောင့်လည်း ဒေါ်အေးမိ တစ်ယောက် ခုလို ရပ်တည်နေနိုင်ခြင်းပင်။ ဘာပဲဖြစ်ဖြစ် ဦးဘမောင်တို့ တစ်မိသားစုလုံးကို ကျေးဇူးတင်သင့်တာတော့ အမှန်ပင်။
ကားဂိတ်နဲ့နီးတဲ့ ဒေါ်အေးမိဆိုင်လေးမှာ နံနက်မလင်းခင်ကတည်းက ကျဲတောက်ကျဲတောက်နှင့် ရောင်းရပေသည်။ ကိုယ့်အနီးမှာ ဆိုင်ပြိုင်မရှိတာကိုပင် ဒေါ်အေးမိ ကျေးဇူးတင်နေရသည်။ မကြာခင်ရောက်လာမည့် သမီးလေးကိုစောင့်ရင်း အသင့်စားအထုပ်ကလေးတွေကို ပြင်ဆင်နေမိသည်။
ဆုံးပါးသွားတဲ့ ခင်ပွန်းသည်ရဲ့ လက်ငုတ်လက်ရင်းလေးဖြစ်တဲ့ ဒီနေရာ၊ ဒီဆိုင်လေးကို ဒေါ်အေးမိ သိပ်ကိုကျေးဇူးတင်ရပါတယ်။ ၀မ်းဝရုံထက်ပင်ပိုသာတဲ့ ၀င်ငွေလေးတစ်ခု ဖန်တီးပေးခဲ့တဲ့ ခင်ပွန်းသည်ကိုလည်း ကျေးဇူးတင်ရပါတယ်။ လောကအလယ်မှာ တစ်ကောင်ကြွက်ဘ၀နဲ့ မျက်နှာမငယ်စေခဲ့ပါ။ ရိုးသားစွာနဲ့ ရှာဖွေစားသောက်ရသည်ကပင် တစ်မျိုးကံကောင်းနေသည် မဟုတ်ပါလား။
“ ဟဲ့ အေးမိ၊ နင့်သမီး မလာသေးပါလား။”
“ ဟုတ်ပါရဲ့ ဦးဘမောင်ရယ်၊”
“ နင်၊ ငါပြောထားတာလည်း ခေါင်းထဲထည့်ထားဦးနော်။ ငါက နင့်သမီးလေးအတွက် ပြောတာပါ။”
“ကျွန်မ သဘောပေါက်ပါတယ် ဦေးလးရယ်။ နားလည်း နားလည်ပါတယ်။ စေတနာတွေကိုလည်း သိပါတယ်။ ကျွန်မ တဖြည်းဖြည်းချင်း သွန်သင်ပါ့မယ်။”
သမီးလေးလမ်းလျှောက်လာတာကို အဝေးကပင် လှမ်းမြင်ရတာမို့ ကျွန်မတို့ စကားစကို ရပ်လိုက်ရပါတယ်။ သားအမိချင်းကြားထဲ မ၀င်ကောင်းပေမယ့် အတော်ရင်းနှီးလို့သာ ဦးဘမောင်က ဒီစကားကိုပြောထွက်ခဲ့တယ်ဆိုတာလည်း ဒေါ်အေးမိ သိပါတယ်။
“သမီးလေး၊ ဘာလို့နောက်ကျနေတာလဲ။ နေတောင်အတော်မြင့်နေပြီ၊ ဘာစားခဲ့ပီလဲ သမီး”
မျက်နှာစူပုပ်လို့ ဆိုင်ထဲဝင်လာတဲ့ သမီးကို ဒေါ်အေးမိ စကားစပြောလိုက်ပေမယ့်။ သမီးဖြစ်သူက ဘာတစ်ခွန်းမှ ပြန်ပြောခဲ့ပေ။ အရာရာကိုပေကပ်ကပ်နိုင်လွန်းတဲ့ ဒီသမီးကို တစ်ခါတစ်လေ စိတ်ပျက်မိသည်။ ကလေးတို့သဘာဝ လူချစ်လူခင်ပေါရမည် ဖြစ်သော်လည်း သမီးလေးမှာ အဲ့လိုမရှိခဲ့ပေ။ စကားပြောလည်းမတက်၊ အပေါင်းအသင်းလည်းမဆန့်။  ပြန်မပြော ၊ နားမထောင်ဆိုသလို ဖြစ်နေတဲ့သမီးအကြောင်းကို ဒေါ်အေးမိသာ အသိဆုံးမဟုတ်လား။
လိုတာထက်ပို၍ ကပ်စေးနှဲသည့် သမီးငယ်က ငယ်ငယ်ကလေးဘ၀ကတော့ ချစ်စရာကောင်းခဲ့သည်။ အိမ်နီးနားချင်းများက ချစ်စနိုးဖြင့် ထုံးအိုးလေးဟုပင် ခေါ်ခဲ့ကြသည်။ ထိုအဓိပ္ပါယ်ကို ဒေါ်အေးမိ သဘောမပေါက်ခဲ့ပါ။ မိမိက ကွမ်းယာရောင်းနေလို့သာ အသားဖြူဖွေးပြီး ၀၀ကစ်ကစ်နှင့် ချစ်စရာကောင်းသည့် သမီးငယ်ကို ထုံးအိုးလေးနှင့်တူ၍ဟုသာ သဘောပေါက်ခဲ့မိသည်။
ယခုတော့ အဲ့လိုအဓိပ္ပါယ်မဟုတ်ခဲ့ပေ။ ငယ်ငယ်ကတည်းက ဘာတောင်းတောင်း ဟင့်အင်း၊ ဟင့်အင်း ဆိုသံလေးကို နားဝင်ချို ခဲ့ပေမယ့် ယခုတော့ အဲဒီအကျင့်က သမီးလေးမှာ ပါလာခဲ့လေပြီ။

“ကဲ၊ ဦးဘမောင် ကျွန်မ အိမ်ပြန်ပြီး ချက်လိုက်ပြုတ်လိုက်ဦးမယ်။”
“သမီးလေး၊ ဆိုင်ကိုသေချာကြည့်ထားနော်။ အနားမှာ ဘဘရှိနေပေးလိမ့်မယ်။”
ဆိုင်ကို ခဏထားခဲ့လို့ ဒေါ်အေးမိ ခပ်သုတ်သုတ်လေး ပြန်ရပါတယ်။ အနားက ဈေးလေးမှာ ဟင်းချက်စရာဝယ်ပြီး အိမ်ပြန်ချက်ရုံသာ၊ မနက်ကထည်းကထမင်းအိုးတစ်လုံးတည်းတည်ပြီးသားဆိုတော့ အဆင်ပြေသည်။ သားအမိနှစ်ယောက်စာ ၀ယ်စားလို့ အဆင်ပြေတယ်ဆိုပေမယ့် အိမ်ထမင်းအိမ်ဟင်းလောက်တော့ ဘယ်ဟာမှ စားမကောင်းပေ။
နံနက်စာချက်ပြုတ်ပြီး၊ လျှော်ဖွပ်၊ ဆေးကြောလို့ အားလုံးပြင်ဆင်ပြီးချိန်မှာတော့ 10 နာရိခွဲသာရှိသေးသည်။ ဆွမ်းလောင်းဖို့နဲ့ ကိုယ်စားဖို့အတွက်ပါထည့်လို့၊ နေ့လည်စာ၊ ညနေစာ ခွဲခြမ်းပြင်ဆင်ပြီးရင်တော့ ဒေါ်အေးမိဆိုင်ကို တစ်ခါပြန်ရပေပြီ။ နံနက်ထဲက ထုပ်ပိုးထားတဲ့ ကွမ်းယာအထုပ်လေးတွေက ဒီချိန်လောက်ဆို ကုန်သလောက်ဖြစ်နေပေလိမ့်မည်။ ဆိုင်မှာ မျှော်နေမည့် သမီးငယ်ဆီသို့စိတ်ကရောက်သွားတော့ ကမန်းကတန်းခြေလှမ်းတို့ သွက်ရပေတော့သည်။
ဆိုင်ကိုရောက်လျှင်ရောက်ချင်း- “သမီး။ ဘာလုပ်နေတာလဲ အဲဒါ”
“အမေ၊ အမေ့ထုံးအိုး အသစ်လဲဦး”
“ဘာဖြစ်လို့လဲသမီးရဲ့၊ အမေ လဲထားတာမှ မကြာသေးတာ”
“ အ၀က တဖြည်းဖြည်းကျဉ်းကျဉ်းလာပြီ။ အဲဒါ သမီး ထိုင် ခွာနေတာ။”
“အလုပ်မရှိအလုပ်ရှာ သမီးရယ်၊ သွား ပြန်တော့။ ကျောင်းနောက်ကျနေမယ်။ အမေ အကုန်ပြင်ဆင်ခဲ့ပြီးပြီ။”
“ဟုတ်”
 ဒေါ်အေးမိရဲ့ တစ်နေ့တာလှုပ်ရှားမှုက ဒါအကုန်ပါပဲ။ နေ့လည်ခင်း ဈေးရောင်းပါးချိန်ဆိုလည်း ဒီဆိုင်လေးထဲမှာပဲ၊ သမီးငယ်ညနေကျောင်းဆင်းလို့ ဆိုင်ကူသိမ်းပြီးမှ သားအမိနှစ်ယောက် အိမ်ပြန်ရောက်၊ ညနေစာစားလို့ တစ်နေ့တာအတွက် ကုန်ဆုံးရပါတယ်။
ပုံမှန်လည်ပတ်နေတဲ့ ဒီအချိန်တွေက သမီးငယ်လေးကို အတန်းကြီးလာစေပါတယ်။ ဒေါ်အေးမိကို အသက်ကြီးလာစေပါတယ်။ နေ့စဉ်ရက်ဆက် ရက်ပျက်မရှိတဲ့ သူ့လုပ်ငန်းခွင်လေးက သူ့ရဲ့အားထားရာ ကမ္ဘာတစ်ခုဆိုလည်းမမှားခဲ့ပေ။  ကမ္ဘာကြီးထဲက ကမ္ဘာငယ်လေးဖြစ်တဲ့ သမီးလေးရဲ့ ဘ၀တစ်ခုလုံးကို အလှပဆုံးပုံဖော်မည်ဟု ငယ်ငယ်ကတည်းက ကြုံးဝါးခဲ့ဖူးသည်။ မုဆိုးမသမီးပေမယ့် အလိမ္မာ၊ အယဉ်ကျေှးဆုံး ဖြစ်စေရမည်ဟုလည်း ဆုံးဖြတ်ချက်ချခဲ့ဖူးသည်။
သမီးငယ်လေးရဲ့ လေ့လာသင်ယူနေတဲ့ကာလတွေမှာ အကောင်းဆုံးသင်ယူသူအဖြစ် ဒေါ်အေးမိ ဖြစ်စေချင်ခဲ့ပါတယ်။ ဟိုမရောက် ဒီမရောက်အရွယ်မှာက အဓိကက နားလည်သိတတ်မှုလိုအပ်တယ်ဆိုတာ ဒေါ်အေးမိ နားလည်ပါတယ်။ မိဘရဲ့ တစ်နေ့တာ လည်ပတ်မှုနဲ့ဝင်ငွေအကြောင်းကို သမီးလေးနားလည်ပေမယ့် တခြားသူငယ်ချင်းအပေါင်းအသင်းများနဲ့ကတော့ သမီးလေး အတော်ညံ့ပါတယ်။
“ဟဲ့. အေးမိ၊ နင့်သမီးကိုလည်း သေချာသွန်သင်ပါဦး၊ ဟိုနေ့ကများ အမေကိုပြန်ပြောနေလိုက်တာ ငါကြားလိုက်ရတယ်နော်။ တော်ကြာ နင့်သမီး နင်ရောင်းတဲ့ ကွမ်းယာဆိုင်ပေါ်က ထုံးအိုးလို တဖြည်းဖြည်း အ၀ကျဉ်းကျဉ်းလာမယ်”
စေတနာစကားဆိုပေမယ့် ရင်ထဲတော့ စိတ်မကောင်းခဲ့ပါ။ ဘာပဲပြောပြော ကိုယ့်သားသမီးအကြောင်း အမေသာအသိဆုံးမဟုတ်လား။
 တိုက်တိုက်ဆိုင်ဆိုင် မနေ့ကမှ ပြောလာတဲ့ ဦးလေးကိုဘမောင်ရဲ့ ပြောစကားကို ဒေါ်အေးမိ ပြန်လည်အမှတ်ရလိုက်ပါတယ်။ လူ့ပတ်ဝန်းကျင်က ဖယ်ကျဉ်ထားရတဲ့ သူတစ်ယောက်အဖြစ်တော့ ကျွန်မ သမီးလေးကို မဖြစ်စေချင်တာအမှန်ပါ။  ဒီနေ့ညနေတော့ဖြင့် ကျွန်မသမီးလေးကို ထုံးအိုးလေး နမူနာထားလို့ သွန်သင်ပေးဖို့ရာ အခြေအနေလေးတစ်ရပ်တော့ ဖန်တီးရပေတော့မည်။
***-----***-----***-----***-----***-----***-----
အဲဒိနေ့ရဲ့ ညနေစာထမင်းစားချိန်လေးအပြီးမှာတော့ စာလုပ်နေတဲ့ သမီးလေးအနားသို့ ကျွန်မ အသာကပ်ထိုင်လိုက်ရင်းက စကားများစွာပြောဖြစ်ခဲ့လေသည်။ ဂရုတစိုက်နားထောင်ပေးတဲ့ သမီးလေးအတွက် အသိပညာတွေ ရစေချင်လို့ ပြောပြနေတယ်ဆိုတာ သမီးလေး နားလည်ပေးလို့ အထူးကျေနပ်ခဲ့ရပေသည်။
“သမီးလေး…မနက်ကထုံးအိုးလေးကိုမြင်ကြည့်စမ်း၊ အမေတို့ရဲ့ထုံးအိုးလေး တဖြည်းဖြည်း အ၀ကျဉ်းကျဉ်း လာတယ်နော်။ ထုံးအိုးရဲ့သဘာဝက ဒီလိုဆိုပေမယ့်။ လူတွေရဲ့သဘာဝကျတော့ ထုံးအိုးလို ကျင့်လို့မရဘူး။
အသက်အရွယ်ရလာတာနဲ့အမျှ လူမှုနယ်ပယ်၊ ပတ်ဝန်းကျင်မှာ တဖြည်းဖြည်း ၀င်ဆန့်လာရတယ်။ ကိုယ့်ရဲ့ အပြုအမူ၊ စရိုက်၊ အပြောအဆိုကစလို့ အစစအရာရာ ထိန်းထိန်းသိမ်းသိမ်းနေရတယ်။
ဟော၊ ခုပဲကြည့် အ၀ကျဉ်းလာတဲ့ထုံးအိုးကို သမီးလေးတောင် စိတ်ကျဉ်းကျပ်တယ်မလား။ အဲ့လိုပဲပေါ့။ လူ့ပတ်ဝန်းကျင်မှာလည်း လူသားတိုင်းက ထုံးအိုးလိုလူသာဆိုရင် ဘယ်အဆင်ပြေလိမ့်မလဲကွယ်။ ဒါကို သမီးလေး နားလည်တယ်မလား။ ”
“် အမေ့ သမီးလေးက နားလည်သိတတ်ပါတယ်ကွယ်”
“ဟုတ် အမေ”

တစ်ခွန်းတည်းသာပြောလို့ တိတ်ဆိတ်သွားတဲ့သမီးလေးကိုကြည့်ပြီး သမီးငယ်တွက် နမူနာလေးတစ်ခုတော့ဖြင့် မျက်လုံးထဲပြန်မြင်ယောင်နိုင်ပါစေလို့  ကျွန်မ တွေးလိုက်မိပါတယ်။  မိဘတိုင်းကတော့ သားသမီးတိုင်းကို ကောင်းစေချင်ကြချည်းပဲမဟုတ်လား။ ကျွန်မ စေတနာ၊ မေတ္တာတွေကို သမီးလေးနားလည်လာမှာပါဟုသာ။
ကျွန်မရဲ့ သမီးလေးဟာ ကျွန်မရောင်းတဲ့ ကွမ်းယာဆိုင်ပေါ်က ထုံးအိုးလေးလို ဘယ်တော့မှ မဖြစ်စေရဘူးလို့ ဆုံးဖြတ်ချက် ချလိုက်ရင်းက အဓိပ္ပါယ်ပေါင်းများစွာ ပြည့်နေတဲ့ ဒီနေ့ရက်မြတ်လေးတစ်ရက် ကို ကျွန်မတသက်လုံး အမှတ်ရစေတာ့မည်ဟု။

စိမ့်စမ်းရေ
29.1.2014

http://www.takkathoyahanpyo.blogspot.com/
တက္ကသိုလ်ရဟန်းပျိုဓမ္မစာစောင် အတွဲ(၂) ၊ အမှတ် (၆) စာမျက်နှာ 54 တွင်လည်း ဖတ်ရှုအားပေးနိုင်ပါတယ်။

Posted by စိမ့်စမ်းရေ on Wednesday, March 19, 2014

0 comments

Post a Comment