ကျွီ………………။
ဝေါကနဲထိုးရပ်လာတဲ့ လိုင်းကားပေါ်ကနေ အတင်းတိုးဝှေ့ပြီး ဆင်းလာတဲ့ လူအုပ်ကြီးက မနည်းပါ။ ဆင်းတဲ့လူတွေ အတင်းတိုးဆင်းသလို တက်တဲ့သူတွေကလည်း အတင်းကိုတိုးတက်ကြတော့ပဲ။ မျက်စိရှေ့
မြင်နေရတော့လည်း မကြည့်ချင်လဲကြည့်ပေတော့ပေါ့။ ကိုယ်စီးရမယ့်ကား မလာမချင်းတော့ ခုလိုပဲ ဟိုကြည့်ဒီကြည့်နဲ့ စောင့်နေရပါတယ်။ သူလိုကိုယ်လို အကြောင်းပေါင်းစုံနဲ့ လှုပ်ရှားသွားလာနေကြတာ
ကိုယ်တစ်ယောက်တည်းမှ မဟုတ်တာပဲလေ။ ကိုယ့်ဘာသာဖြေသိမ့်စကားဆိုလိုက်ရင်း...
ရုတ်တရက်……ရိပ်ခနဲ မြင်လိုက်ရတဲ့အရိပ်……
ခင်… ခင်ခင်…ဟုတ်ပါတယ်.. ခင်…ပါ။ အရမ်းကို လှပနေတဲ့ခင်…။
ကားလမ်းမတစ်ဖက်ကနေ လမ်းသွယ်ထဲချိုးဝင်သွားတဲ့ တစ်ချိန်ကသူငယ်ချင်းဖြစ်ခဲ့သူခင့်ကို ကျွန်မလှမ်းမြင်လိုက်တာကြောင့် လည်ပင်းကလေးထောင်မတ်၊ ခြေထောက်ကလေးကြွပြီး အသာပဲလှမ်းကြည့်လိုက်ရပါတယ်။ တ၀ီဝီသွားနေတဲ့ကားကြားထဲကနေ အတင်းပြေးလိုက်ရင်တောင် ကျွန်မ ခင့်ကို မှီမယ်မထင်။ အော်ပဲခေါ်လိုက်ရမလား။ လပ်ခုပ်တီးပြီးပဲ ခေါ်လိုက်ရမလား ဘေးဘီဝဲယာကို အသာငဲ့ကြည့်လိုက်ရင်း ဝေခဲမရစိတ်တွေက ခင့်ကို အဝေးရောက်သွားစေခဲ့လေပြီ။
*****-----*****-----*****-----
“နင်နောက်ကျလိုက်တာ…”
“အေးဟာ.. ကားတွေအရမ်းကြပ်နေလို့…။”
အိမ်ကိုရောက်ရောက်ချင်း နီလာရဲ့စိုးရိမ်သံ အရင်ထွက်လာပါတယ်။ နေ့တိုင်းပြောနေကျစကားဆိုပေမယ့် ဒီစကားလေးကိုပဲ ပြောစေချင်ကြတာမဟုတ်လား။ နီလာနဲ့ကျွန်မ အလုပ်ချိန်က ရှေ့ဆင့်နောက်ဆင့်ပါ။
 ရောက်နေကျအချိန်ထက် နဲနဲလေး နောက်ကျပြီဆိုရင်တော့ လည်ပင်းတဆန့်ဆန့်နဲ့ကို မျှော်နေတတ်ကြပြီ။ ညီအမရင်းသဖွယ်ဖြစ်နေကြတော့လည်း အသေးအဖွဲ့ကအစ ဂရုတစိုက်နဲ့ ကြည့်နေတတ်ကြပြီလေ။ ဘာလိုလိုနဲ့ ကျွန်မတို့ နေလာတာ ခုဆို ၃ နှစ်ကျော်ရောပေါ့။

“ငါတို့အလုပ်နားမှာ ခင့်ကို တွေ့လိုက်သလားလို့…………..”
“ဟုတ်လို့လားဟယ်…မျက်စိမှားတာနေမှာပါ။”
“ငါလဲအဲဒါပဲစဉ်းစားနေတာ….. ငါ..တစ်ခေါက်လောက်တော့ ရှာကြည့်ချင်သေးတယ်။”
“တော်ပါတော့ဟယ်…. ပထမတစ်ခါတုန်းကလည်း သူ့အမေကိုသနားလို့သာ….ငါတို့တွေ ဘယ်လောက်အရှက်ရခဲ့လဲ။ အလကား တန်ဖိုးမဲ့တယ်… အတူတူနေခဲ့တာကိုမှမထောက် လုပ်ရက်လိုက်တာ။
ငါကတော့တွေ့လဲ လုံးဝကိုမခေါ်ဘူး… ဒီကပြောင်းသွား တာကို ကျေးဇူးတောင်တင်ရဦးမယ်”
“နီလာကလည်းဟယ်…အေးပါအေးပါ…နင်မခေါ်ပါနဲ့..ငါပဲခေါ်ပါ့မယ်…ဟုတ်ပီလား..ကဲပါ…လာလာ…
ထမင်းစားကြမယ်”

နီလာ့ရင်ထဲက ဒေါသစိတ်ကလေး ပြေးထွက်ခဲ့လေပြီ။ မထွက်ပဲလဲမခံနိုင်တော့ပေ။ ခင့်ကိုအပြစ်မပြောရက်သလို နီလာ့ကိုပဲ နားလည်ပေးလိုက်တော့သည်။ ခင်နဲ့ပတ်သတ်ပြီး စိတ်ဆိုးနေတဲ့ နီလာကတော့ ဒီကိစ္စကို လုံးဝမေ့မယ်မထင်။ ခင်နဲ့ အဆက်အသွယ်ပြတ်သွားတာ 2 နှစ်ကျော်လောက်ရှိခဲ့ပါပြီ။ ခင့်ရဲ့နောက်ဆုံးပုံရိပ်အချို့ ကျွန်မတို့မှာကျန်ခဲ့ပေမယ့် သိမ်းထားလို့ မကောင်းတဲ့ အရာတွေဆိုတော့ မေ့မေ့ပျောက်ပျောက်ပဲ
နေခဲ့ကြပါတယ်။ ခုတော့ အတွေးတို့က တစ်ဖန်သစ်လေပြီ။ ဘာတွေဖြစ်ဦးမယ်မသိ။ ခင်တစ်ယောက်တော့  အလုပ်ကောင်း၊ နေရာကောင်းလေးမှာ အဆင်ပြေနေမှာပါဟုသာ………………။
*****------*****----*****-----
“ မိခင်ခင်….ညည်း..အမိုက်မ….ဘယ်နှယ့်အေ.. လူကြားလို့မကောင်း ဒီလိုအလုပ်မျိုးလုပ်ရတယ်လို့
ငါသေတောင် ညည်းပြန်မလာနဲ့………”
“လာပါ  အန်တီမေရယ်….. လာပါ”
“နီလာ…နီလာ… လာလာ..အန်တီိ့ကိုလာခေါ်…..”
ဘေးဘီဝဲယာကို အသာငဲ့စောင်းကြည့်လိုက်ရင်း ကျွန်မမျက်နှာတွေထူပူလို့နေပါပြီ။ ဒေါသကြောင့်
တစ်ကိုယ်လုံးတုန်နေတဲ့ အန်တီမေ့ကို နီလာ့ဆီပို့ပေးခဲ့ပြီး ကျွန်မ ခင့်ဆီအပြေးကလေးပြန်ဝင်လာခဲ့ပါတယ်။
နေရာသစ်တစ်ခုမှာ အလုပ်အဆင်ပြေပါတယ်ဆိုတဲ့ခင်က ကာလာစုံမျက်နှာနဲ့။ နဂိုရည်လေးနဲ့ယဉ်စစခင်က  ခုတော့ ပုံစံပြောင်းနေခဲ့ပြီ။ မတွေ့ရတဲ့အချိန်အတွင်းမှာ ကျေးဇူးတင်ရမှာက လိပ်စာအတိအကျပေးထားခြင်းပင်။ မိဘတွေကို အဆက်အသွယ်ဖြတ်ထားပြီး လွတ်လပ်စွာနေလိုတဲ့ခင်က သူဌေးမလေးကဲ့သို့ပင်။ ခင်တို့လို ၀န်ထမ်းတွေက အများသားမို့ ပြူတစ်ပြူတစ် ထွက်ကြည့်နေကြတာကလည်းရှိသေးသည်။

ဘယ်အခန်းထဲ ၀င်သွားမှန်းမသိတဲ့ခင့်ကို ကျွန်မမျက်နှာပူပူနဲ့ပဲ အခန်းပေါက်စေ့မေးမြန်းရပါတယ်။ အခန်းတိုင်းလိုလို အ၀တ်ပုံတွေနဲ့.အမှိုက်သရိုက်တွေနဲ့. လေ၀င်လေထွက်ကလည်းမကောင်းပေ။ ပုံစံတူ
အခန်းတွေထဲမှာ တစ်ခန်းကို ၂ယောက်စီ။ မူးနောက်အောင် ရှုတ်ရှက်ခတ်နေတဲ့ အ၀တ်တန်ဆာပလာတွေ
ကြားထဲမှာတော့ ခင်..

“….ခင်…ခင်ခင်…. နင် ဘယ်လိုလုပ်လိုက်တာလဲ…. ကိုယ့်အမေတစ်ယောက်လုံးလိုက်လာတာ
ကိုတောင်…..”
“နင် ငါ့ကို အရှက်လာခွဲတာလား.. ငါဘာပြောထားလဲ င့ါဆီမလာကြပါနဲ့ဆိုတာကို….တော်ပြီ နင်တို့လဲမလာနဲ့ င့ါအမေကိုလည်း နောက်တစ်ခါခေါ်မလာနဲ့…သွား..ထွက်သွားကြ..”

နားနှစ်ဖက်ကိုလက်နဲ့ပိတ်ရင်းအော်နေတဲ့ ခင်..
ရှက်ခြင်း၊ကြောက်ခြင်းတွေရင်ထဲကိုဒိန်းခနဲနေအောင်ခံစားလိုက်ရတဲ့ကျွန်မ..
စပ်စုတတ်တဲ့လူတွေရဲ့အကျင့်နဲ့ခင့်ပတ်ဝန်းကျင်ကလူတွေ……
ကာလာစုံမျက်နှာပေးတွေက လူကိုမခံချင်စရာ။

……အန်တီမေ့ ကို တွဲကူထားတဲ့ နီလာက စိတ်တွေတို…။

မမေ့နိုင်ပါ..ဘယ်တော့မှမေ့ပျောက်မရပါ။ ဒါတွေက အတိတ်တဲ့လား….. အတိတ်ကဆိုရင်ကျန်ခဲ့ပြီလား.. ဟင့်အင်း မကျန်ခဲ့ပါဘူး ကျွန်မတို့နဲ့ ခုထိထပ်တူရှိနေဆဲပါ။ ကုန်လွန်ခဲ့တာနေ့ရက်တွေကြားမှာ အကြောင်းတရားတွေက နောက်ကလိုက်နေဆဲပါ။ မမေ့နိုင်တဲ့အရိပ်တွေလည်း ရှင်သန်နေမြဲဖြစ်မှာပါ…………။

*****-----*****-----*****
သူဇာ…သူဇာ… လာ လာ…မြန်မြန်…
နီလာ…ဘာလဲ..ဘာဖြစ်လာတာလဲ….အရေးတကြီးနဲ့………
လာလာ. အ၀တ်အစားမလဲနဲ့တော့….. လာလာ……

"တက္ကစီ……တက္ကစီ…."
"ငါ့ကိုလည်းသေချာပြောပြပါဦးဟယ်…. ဟူး….မောလိုက်တာ….အိမ်ပေါ်တောင်မရောက်သေးဘူး"
"ဟိုရောက်တော့ နင်သိရမယ်"

“တောက်……..”
တောက်တစ်ချက် ခေါက်လိုက်သံကြောင့် ကျွန်မ နီလာ့ကို လှည့်ကြည့်မိလိုက်ပါတယ်။ မခံမရပ်နိုင်ခြင်း
အံ့သြခြင်းအခြင်းအရာတွေ အထင်းသားပေါ်နေပေမယ့် အကြောင်းစုံကိုမေးလည်း ခုချိန်ပြောမည်မဟုတ်။ နီလာပြောတဲ့နေရာသာ မြန်မြန် ရောက်ပါစေ လို့သာ ရင်ထဲကျိတ်ပြီး ဆုတောင်းနေရုံကလွဲလို့ ဘာများတက်နိုင်ဦးမည်နည်း.။

“ကားဆရာ…ရှေ့နားနဲနဲ….” “ရပြီ…. ရပြီ”
"သူဇာ မဆင်းနဲ့.. ဒီကနေပဲ…..ကြည့်…"
စားသောက်ဆိုင်တစ်ခုရဲ့ ခပ်လှမ်းလှမ်းက ရပ်ထားတဲ့ကားထဲမှာတော့ကျွန်မတို့နှစ်ယောက်၊ နီလာညွှန်ပြရာမှာတော့ ဘာမှမမြင်…. အလျိုအလျိုသွားနေကြတဲ့လူတွေ.. ဘာများထူးခြားနေလို့ပါလိမ့်…အကြောင်းမဲ့ သက်သက်တော့ နီလာ ဒီကိုခေါ်ခဲ့မှ မဟုတ်။

“ဟယ်.. ခင်ခင်….ဟိုမှာ ဟိုမှာ…နီလာ.. ဟိုမှာခင်ခင်….”
“အေး…ကြည့်နေ….ဟော..ဟော… မြင်ပြီမဟုတ်လား”

 “ဟင်း……………….”

“ သက်ပြင်းမချနဲ့မမ….ငါကသိနေတာကြာပြီ။ မသေချာမှာစိုးလို့ နင့်ကိုမပြောတာ. တခင်ခင်လုပ်မနေနဲ့။
ခု မြင်ပြီမလား။ ဟိုက  ပျော်နေတာ မိုးမမြင် လေမမြင်”

“အေးဟာ….ခုလိုပေါ်တင်ကြီးကတော့ ဘယ်ကောင်းမလဲ။ အန်တီမေကို ငါတို့ဘယ်လိုပြောရမလဲ။
ခင်တော့ နာမည်ပျက်ပါပြီဟယ်၊ စားသောက်ဆိုင်မှာ သီချင်းဆိုတယ်ဆိုလဲ ခပ်ရိုးရိုးဆိုပေါ့။ တွဲချင်တယ်ဆိုလည်း ကြည့်တွဲပေါ့။ ဒီလောက်ကြီးနဲ့များတွဲရတယ်လို့…. တွဲစရာဒီလောက်တောင်ရှားလားမသိဘူး..။
“ပွစိ ပွစိ ပြောမနေနဲ့ လာပြန်မယ်”

စကားသံတို့ တိတ်ဆိတ်သွားရင်း….. အိမ်အပြန်လမ်းလေး အဓိပ္ပါယ်ပည့်စုံခဲ့ပြီ။ ဆိုဖာခုံကို မှီပြီးမျက်လုံး
မှိတ်ထားပေမယ့် ခင့်ပုံရိပ်တွေ ဖျောက်လို့မရခဲ့။ ဘေးဘီဝဲယာကပုံရိပ်တို့တရိပ်ရိပ်နဲ့ကျန်နေခဲ့ပေမယ့် ခင်ရဲ့ပုံရိပ်အချို့ကို ကျွန်မဘယ်ချိန်မှ မေ့ပျောက်နိုင်ပါ့မလဲ။ စားသောက်ဆိုင်ထဲ တွဲသွားတဲ့ခင်.. ရယ်ကာမောကာနဲ့ နင်..တစ်ကယ်ပျော်နေတာလား၊ မရေရာတဲ့ဒီဘ၀ကြီးမှာ နင် ဘယ်လောက်ထိပျော်နေနိုင်မလဲဆိုတာ ငါတို့အသက်ရှိသရွေ့တော့ မြင်ချင်ပါသေးတယ်။

ခင်ရေ….. နင်ကတော့ နင်ဖြစ်ချင်တဲ့ဘ၀ကို ရအောင်ကြိုးစားလိုက်တာ။ တော်လိုက်တာလို့ ငါတို့မပြောဘူးနော်။ ဒီလိုပြည့်စုံမှုအတွက် အားရ၀မ်းသာမျက်လုံးတွေ နင့်အမေမှာ မရှိဘူးဆိုတာ နင်သိလောက်ပါရဲ့။
ခင်….
တစ်ချိန်က ငါတို့ပြောခဲ့ကြတဲ့ ကြိုးစားမှုက ဒီလိုမဟုတ်ဘူးလေ။ နင်ပြောတော့ ရိုးသာမှကြီးပွားတာဆို….
နင်ဖြစ်ချင်တဲ့ဆန္ဒတွေ တစ်ကယ်ဖြစ်လာတဲ့အခါ နင့်ဘ၀ကြီး လှပသာယာလာမယ်ဆိုတာ
နင်…. ယုံကြည်နိုင်ပါစေလို့ ဆုတောင်းပေးရုံကလွဲလို့ ငါတို့ဘာများ တက်နိုင်ဦးမလဲဟယ်……..။

စိမ့်စမ်းရေ
130410

Posted by စိမ့်စမ်းရေ on Sunday, August 11, 2013

0 comments

Post a Comment