သာသနာ့အလံနှင့်ပါတ်သက်၍ ဗဟုသုတ
***************************



မြန်မာနိုင်ငံ နှင့် သာသနာ့အလံ
==================
သာသနာ့အလံတော်ကို သီဟိုဠ် ဂိုဏ်းချုပ် ဆရာတော် အရှင်သီရိ သုမင်္ဂလာထေရ် သည် ၁၉၅၀ ပြည့်နှစ်တွင် သီဟိုဠ်နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အဖွဲ့ကြီး၏ ဥက္ကဌ ဒေါက်တာဂျီပီမာလာ
ဆေထေရ် ၏ ဆန္ဒအရ ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အစည်းအဝေးကြီးကို ဖိတ်ခေါ်၍ အစည်းအဝေးပြုလုပ် ခဲ့သည်။ မြန်မာနိုင်ငံတွင် (၁၉၅၆) ခုနှစ် ဆဌသင်္ဂါယနာ တင်သည့်နေ့မှစ၍ အထက်ပါ ကမ္ဘာ့ ဗုဒ္ဓသာသနာ့အလံတော် ကို သာသနာ့အလံတော်ကြီး အဖြစ် အောင်မြင်စွာ
အတည်ပြုလွှင့်ထူနိုင်ခဲ့လေသည်။ ၁၉၈၀ပြည့်နှစ်တွင် ကျင်းပသည့် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဂိုဏ်းပေါင်းစုံ သံဃအစည်းအဝေးမှလည်း ဗုဒ္ဓသာသနာ့ အလံတော်နှင့် ပတ်သက်၍ အညီအညွတ်ဆုံးဖြတ်ပြီး သံဃနာယက လက်စွဲကျမ်းတွင် ပြဋ္ဌာန်း ခဲ့သည်။

အလံတော် အဓိပ္ပါယ်
============
သာသနာ့အလံတော်ကြီးသည်
ငြိမ်းချမ်းသာယာခြင်း၊
သည်းခံခြင်း၊
စိတ်ထားဖြူစင်ခြင်း
တို့၏ အထိမ်းအမှတ် အဖြစ်
သရုပ်ဖော်ထားပြီး
ဗုဒ္ဓဘာသာဝင်တို့သည်
ဘုရားရှင်အားအထူးကြည်ညိုကြသဖြင့်
ဘုရားရှင်၏
ရောင်ခြည်တော် ခြောက်သွယ်
ကွန့်မြူးကာ တရားတော်များ
ဟောကြားနေတော်မူခဲ့သည်ကို
ရည်ညွန်းကြခြင်းဖြစ်၏။
ထို့ကြောင့် ရောင်ခြည်တော် ခြောက်သွယ်
အရောင်ကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်း
ဖြစ်ပါသည်။

အရွယ်အစား/အရောင်
=============
• အကြီး = အလျား - ၉ပေ x အနံ - ၅ပေ
• အလတ် = အလျား - ၄ပေ ၆လက်မ x အနံ - ၂ပေ ၆လက်မ
• အလတ် = အလျား - ၂ပေ ၃လက်မ x အနံ - ၁ပေ ၃လက်မ
• အသေး = အလျား - ၉လက်မ x အနံ - ၅လက်မ ဟူ၍ လေးမျိုး သတ်မှတ်ထားသည်။

ရောင်ခြည်တော် ခြောက်သွယ် သတ်မှတ်ပြဋ္ဌာန်း ထားသည့်အတိုင်း အလံတော်တိုင်ဘက်မှ စတင်၍ သတ်မှတ်ရသည်ရှိသော်
=================
1. နီလ = အပြာရင့်ရောင်
2. ပီတ = အ၀ါရင့်ရောင်
3. လောဟိတ = အနီရောင်
4. သြဒါတ = အဖြူရောင်
5. မဉ္ဇီဋ္ဌ = ပန်းနုရောင် ထိုအရောင်(၅)မျိုးကို ဒေါင်လိုက်ထားရှိပြီးလျှင်-
6. ပဘဿရ = ပြိုးပြိုးပြက်ပြက် တစ်ခဲနက် ထွက်နေသော အရောင် အဖြစ်
အလံတော်၏ အစွန်အဖျား(အထက်)အပေါ်ဘက်မှ နေ၍ အပြာ၊ အ၀ါ၊ အနီ၊ အဖြူ၊ ပန်းနုရောင်
တို့ကိုပင် အစဉ်အတိုင်း အောက်ဖက်သို့ ထားရှိချုပ်လုပ်ရမည်။

အသုံးပြုပုံ
======
မြန်မာနိုင်ငံရှိ နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့သည် အလံတော်ကို သံဃနာယက လက်စွဲ၊
အပိုဒ်(၅)၊ အခန်း(၂၉) ၌ သာသနာ့အလံတော် အခန်း အပိုဒ်(၃၅၅)၌ အသုံးပြုရမည့်နေ့ရက်များ သတ်မှတ်ထားသည်မှာ-

(က)အခါကြီး ရက်ကြီးများ
1. ကဆုန်လပြည့် (ဗုဒ္ဓနေ့)
2. နယုန်လပြည့် (မဟာသမယနေ့)
3. ၀ါဆိုလပြည့် (ဓမ္မစကြာနေ့)
4. ၀ါခေါင်လပြည့် (မေတ္တာ အခါတော်နေ့)
5. တော်သလင်းလပြည့် (ဂရုဓမ္မ အခါတော်နေ့)
6. သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့)
7. တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့ )
8. တပို့တွဲလပြည့် (သြ၀ါဒ ပါတိမောက် အခါတော်နေ့)

(ခ)ပွဲတော်နှင့် အခမ်းအနားများ
=================
1. ၀ါဆိုပွဲတော် အခမ်းအနား
2. အဘိဓမ္မာအခါတော်နေ့
3. ကထိန်ပွဲတော်
4. ရဟန်းခံရှင်ပြုပွဲ
5. ဆွမ်းကြီးလောင်းလှူပွဲ
6. စာပြန်ပွဲ နှင့် ဘွဲ့နှင်းသဘင်
7. နိကာယစာမေးပွဲ၊ တိပိဋကစာမေးပွဲနှင့် ပူဇော်ပွဲ
8. ခွင့်ပြုချက်ရရှိပြီးသည့် တရားပွဲများ
9. ဘုရားထီးတင်ပွဲ
10. ဗုဒ္ဓပူဇနိယပွဲတော်
11. အသံမစဲ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ
12. သံဃာ့အစည်းအဝေး
13. သံဃ၀ိနိစ္ဆယအဖွဲ့ စစ်ဆေး ဆုံးဖြတ်ရာဌာန
14. ဘာသာရေး၊ သာသနာရေးနှင့် စပ်ဆိုင်သော သင်တန်းများတို့ တွင် အသုံးပြုနိုင်သည်။

(ဂ)လွှင့်ထူ အသုံးပြုနည်း၊
===============
အပိုဒ်(၃၅၈) အထိမ်းအမှတ်အလံအားလုံး၏ အလယ်တွင် ဖြစ်စေရမည်။
လက်ယာအစွန်းမှ အရောင်ငါးမျိုး ရောယှက်ရောင်တွင် အပြာရင့်ရောင်သည် အပေါ်တွင်လက်ျာဘက်ရှိနေစေရမည်။
မော်တော်ယာဉ်တွင် စိုက်ထူပါက ကားကြီးများ၏ အမိုးအရှေ့ပိုင်းတွင် ဖြစ်ရမည်။
ကားငယ်များတွင် လက်ယာဘက် အရှေ့ပိုင်းတွင် ဖြစ်ရမည်။
သံဃာများကို ကြိုဆိုသည့်အခါ သံဃာပါလာသည့်အခါတွင်သာ တပ်ဆင်ရမည်ဟူ၍ ဖော်ပြ ထားသကဲ့သို့၊

(ဃ)ရှောင်ကြဉ်ရမည့်အချက်များ၊ အပိုဒ်(၃၉၅)
===========================
1. ရဟန်းသံဃာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ မည်သည့်ဘုရားဖူးယာဉ်တွင်မှ မသုံးစွဲရ။
2. လမ်းဘေး၊ လမ်းခွ၊ ယာဉ်ဆိပ်၊ သင်္ဘောဆိပ်များတွင် မသုံးရ။



Wikipedia မှတိုက်ရိုက်ဘာသာပြန်
====================
သမိုင်း
====
အလံတော်ကို ၁၈၈၅ ခုနှစ်မှာ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့မှာ ကိုလံဘိုကော်မတီက ဒီဇိုင်းရေးဆွဲခဲ့ပါတယ်။ ကော်မတီမှာ Ven. Hikkaduwe Sri Sumangala Thera (ဥက္ကဌ), Ven. Migettuwatte Gunananda Thera, Don Carolis Hewavitharana (အနာဂါရိက ဓမ္မပါလအရှင် ရဲ့ဖခင်), Andiris Perera Dharmagunawardhana (အရှင်အနာဂါရိက ဓမ္မပါလအရှင် ရဲ့ မိခင်ဘက်က အဖိုး), William de Abrew, Charles A. de Silva, Peter de Abrew, H. William Fernando, N. S. Fernando and Carolis Pujitha Gunawardena (အတွင်းရေးမှုး) တို့ ပါဝင်ပါတယ်။

အလံတော်ကို ၁၈၈၅ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ထုတ် Sarasavi Sandaresa သတင်းစာမှာ စတင်ပုံနှိပ်ဖြန့်ချိခဲ့ပြီး Vesak Day (ကျွန်မတို့ရဲ့ ကဆုန်လပြည့်နေ့) ဖြစ်တဲ့ ၁၈၈၅ ခုနှစ် မေလ ၂၈ ရက်နေ့မှာ Kotahena အရပ်မှာရှိတဲ့ Dipaduttamarama မှာ Ven. Migettuwatte Gunananda Thera က လူထုမြင်ကွင်းမှာ ပထမဆုံးလွှင့်တင်ခဲ့ပါတယ်။ အဲဒီနေ့ဟာ ဗြိတိသျှတို့အုပ်စိုးတဲ့ကာလမှာ ပထမဆုံး Vesak ပြည်သူ့ရုံးပိတ်ရက် ဖြစ်ခဲ့ပါတယ်။

Theosophical အဖွဲ့အစည်းရဲ့ ဥက္ကဌဖြစ်တဲ့ အမေရိကန် ဂျာနယ်လစ် ဗိုလ်မှူးကြီး ဟန်နရီစတီးလ်အိုလ်ကော့တ်က အလံတော်ရဲ့ ရှည်လျားတဲ့ အတန်းလိုက်ပုံသဏ္ဍာန်ဟာ နေရာတိုင်းမှာ အသုံးပြုလို့ အဆင်မပြေနိုင်ဘူးလို့ ထင်မြင်တာကြောင့် ပြောင်းလဲပြင်ဆင်ဖို့ အကြံပေးခဲ့ပါတယ်။ ဒါကြောင့် အလံတော်ရဲ့ အရွယ်အစားနဲ့ ပုံသဏ္ဍာန်ဟာ နိုင်ငံတော်အလံတွေအတိုင်း ဖြစ်လာပါတယ်။ အဲဒီနောက် ပြုပြင်မှုတွေကို သင့်တော်သလိုပြုလုပ်ခဲ့ပါတယ်။ အသစ်ပြင်ဆင်ထားတဲ့ အလံတော်ကို ၁၈၈၆ ခုနှစ် ဧပြီလ ၈ရက်နေ့မှာ Sarasavi Sandaresa သတင်းစာမှာပဲ ပုံနှိပ်ဖြန့်ဝေခဲ့ပြီး ၁၈၈၆ ခုနှစ် Vesak Day (ကဆုန်လပြည့်နေ့) မှာ လူထုမြင်ကွင်းမှာ လွှင့်တင်ခဲ့ပြန်ပါတယ်။

၁၈၈၉ ခုနှစ်မှာ အနာဂါရိက ဓမ္မပါလအရှင်နဲ့ အိုလ်ကော့တ်တို့က ဂျပန်ဘုရင်ကို အလံတော်ပြသပြီး ဂျပန်နိုင်ငံနဲ့ စတင်မိတ်ဆက်ပေးခဲ့ပြီး နောက်တဆက်ထဲ မြန်မာနိုင်ငံကိုလည်း ဆက်လက်မိတ်ဆက်ပေးခဲ့ပါတယ်။

၁၉၅၀ ခုနှစ် မေလ ၂၅ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဗုဒ္ဓဘာသာဝင်များ ညီလာခံ (Conference of the World Fellowship of Buddhists) ဖွင့်ပွဲမှာ တည်ထောင်သူ ဥက္ကဌ ပါမောက္ခကြီး G P Malasekera က အလံတော်ကို ကမ္ဘာတဝှမ်းမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အလံတော်အဖြစ် ရွေးချယ်သတ်မှတ်ဖို့ အဆိုပြုပါတယ်။ ဒီအဆိုပြုချက်ကို တညီတညွှတ်ထဲ အဆင့်ဆင့်ဖြန့်ဝေကြပြီး ပျံ့နှံ့သွားပါတယ်။


အရောင်များ
=======
အလံတော်မှာပါဝင်တဲ့ အရောင်ငါးမျိုးဟာ မြတ်စွာဘုရားရှင် သဗ္ဗညုတဥာဏ်တော်ကို ရရှိချိန် ကိုယ်တော်ကနေ ကွန့်မြူးထွက်ပေါ်တဲ့ ရောင်ခြည်တော် ခြောက်သွယ်ကို ကိုယ်စားပြုပါတယ်။

ပြာသောရောင်ခြည် (နီလ) = ကရုဏာ၊ ငြိမ်းချမ်းမှု နှင့် စကြာဝဠာသို့ ဖြန့်ကျက်သော မေတ္တာတော်။
ဝါသောရောင်ခြည် (ပီတ)= အလယ်အလတ်လမ်းစဉ် ~ အစွန်းရောက်ခြင်း၊ သတိလက်လွတ်နေခြင်းများကို ရှောင်ကျဉ်ခြင်း။
နီမောင်းသောရောင်ခြည်(လောဟိတ)= လက်တွေ့ကျင့်ကြံခြင်း၏ အကျိုးကျေးဇူးများ ~ အောင်မြင်ခြင်း၊ အသိဥာဏ်၊ သီလ၊ ကံနှင့် စောင့်စည်းမှု။
ဖြူသောရောင်ခြည် (သြဒါတ)= တရားဓမ္မ၏ စင်ကြယ်ခြင်း ~ အချိန်၊ နေရာ အကန့်အသတ်တို့ကို လွန်မြောက်၍ သံသရာဝဋ်ဆင်းရဲမှာ လွတ်မြောက်အောင် လမ်းပြခြင်း၊
လိမ္မော်ရောင်ခြည် (မဉ္ဖိဋ္ဌ)= ဗုဒ္ဓ၏ဟောကြားဆုံးမမှုများ ~ အသိဥာဏ်ပညာ။

အလံတော်ပေါ်က ခြောက်ခုမြောက် ဒေါင်လိုက်လိုင်းကို ကျန်တဲ့အရောင်ငါးမျိုးရဲ့ လေးထောင့်လိုင်းလေးတွေနဲ့ ပေါင်းစပ်ပြုလုပ်ထားပြီး အဲဒီလိုင်းဟာ ရောင်ခြည်တော်ထဲက အရောင်ငါးမျိုးပေါင်းစုံမှုကို ကိုယ်စားပြုပါတယ်။ အဲဒီ ပေါင်းစပ်မှုအရောင်ဟာ “ပဘဿရ” (အလင်းရဲ့အဓိက အနှစ်ချုပ်) ကို ရည်ညွှန်းပါတယ်။

တိဗက်မှာတော့ အလံတော်ထဲက လိုင်းတွေဟာ (ကမ္ဘာတလွှားက) ဗုဒ္ဓဘာသာဘုန်းတော်ကြီးများရဲ့ သက္ကန်းအရောင်မျိုးစုံကို အောင်လံတံခွန်တစ်ခုထဲမှာ တစုတစည်းထဲ ဖော်ညွှန်းပါတယ်။ တိဗက်ဘုန်းတော်ကြီးများရဲ့ သက္ကန်းဟာ ကြက်သွေးရောင် ဖြစ်ပါတယ်။ ဒါကြောင့် အလံတော်မူရင်းပုံစံထဲက လိမ္မော်ရောင်ကို တခါတရံ ကြက်သွေးရောင်နဲ့ အစားထိုးတတ်ကြပါတယ်။

ဂိုဏ်းဂဏဆိုင်ရာ မူကွဲများ
===============
ဂိုဏ်းဂဏခွဲခြားမှု မရှိတဲ့ ဗုဒ္ဓဘာသာအလံတော်ကတော့ ဘုန်းတော်ကြီးကျောင်းပေါင်းများစွာရဲ့ အထက်မှာ တလူလူ လွင့်နေပါတယ်။ ဒါပေမယ့် တချို့နေရာတွေမှာတော့ သူတို့ရဲ့ ဟောကြားသင်ပြတဲ့ ပုံစံကို အသားပေး အလေးထားတဲ့အနေနဲ့ အလံတော်ရဲ့အရောင်တွေကို ပြောင်းလဲထားတာတွေ ရှိပါတယ်။

~ ဂျပန်နိုင်ငံက ရှင်းဗုဒ္ဓဘာသာကျောင်းရဲ့ အလံတော်ပေါ်က လိမ္မော်ရောင်လိုင်းကို ပန်းရောင်လိုင်းနဲ့ အစားထိုးပါတယ်။
~ နိပေါနိုင်ငံက တိဗက်ဗုဒ္ဓဘာသာဝင်တွေကတော့ လိမ္မော်ရောင်လိုင်းကို သပြေမှည့်ရောင်နဲ့ အစားထိုးပါတယ်။
~ မြန်မာနိုင်ငံက ထေရဝါဒဗုဒ္ဓဘာသာဝင်တွေကတော့ လိမ္မောရောင်လိုင်းကို အစိမ်းပုတ်ရောင်နဲ့ အစားထိုးပါတယ်။
~ ဂျပန်နိုင်ငံက Soka Gakkai ကတော့ အပြာ၊ အဝါနဲ့ အနီရောင်သုံးမျိုးစပ်ကို အသုံးပြုပါတယ်။

အပြာသဒ္ဓါ၊ အ၀ါမြင့်မြတ်
နီမှာပညာ၊ ဖြူရောင်ဝင်းဝင်း စင်ကြယ်ခြင်းတည်း
တဏှာကင်းပြောင်း လိမ္မော်ရောင်နှင့်
ရောင်စဉ်ဖြာဖြာ သင်္ကေတာမှာ
အရိယာ၏ ဖော်ညွှန်းဂုဏ်ရည်
စာသွန်းစီသည် လ၀န်းရောင်ခြည်
ဓမ္မစေတီ။

*********************************
သာသနာ့အလံကို အကျိုးရှိစွာ အသုံးချနိုင်ကြပါစေရန်
စုစည်းတင်ပြပါသည် ။
Admin (MyanmarDaily.net)

Ref : ရွှေပြည်သူ (ShwePyiThu)
Ref : http://en.wikipedia.org/wiki/Buddhist_flag
Ref : http://www.dhammayaungchi.com/2010/06/blog-post_02.html

Posted by စိမ့်စမ်းရေ on Monday, August 26, 2013

0 comments

Post a Comment