ရှိခိုးတတ်စေ ... ယဉ်ကျေးစေ




ဗုဒ္ဓဘာသာဝင်အများစုသည် မိရိုးဖလာအဆင့်မျှသာရှိကြသည်။ အချို့ ဆိုလျှင် မိရိုးဖလာအဆင့်ပင် မရှိ။ နာမည်ခံ သက်သက်သာဖြစ်သည်။ ဗုဒ္ဓဘာသာဝင်ဟု အမည်ခံထားပါလျက် ဘုရားမသိ၊ တရားမသိဖြစ်နေသည်မှာ များစွာဝမ်းနည်းဖွယ် ကောင်းလှပါသည်။ ဗုဒ္ဓရဲ့ အကြောင်း၊ ဗုဒ္ဓရဲ့ ဝါဒ၊ ဗုဒ္ဓရဲ့ လမ်းစဉ်တွေ သိဖို့ မဆိုထားနှင့်။ အထူးသဖြင့် ရှိခိုးသည်ကိုပင် ထိခြင်း ငါးပါးဖြင့်ပင် ထိအောင်ရှိမခိုးတတ်။ ရဟန်းသံဃာကိုလည်း စကားမပြောဆိုတတ်။ရုပ်ရှင်ဗွီဒီယိုတချို့ တွင် မင်းသမီးအများစုသည် ဆံပင်ဖားလျားချလျက် ရှိခိုးတတ်သေးသည်။ ထိုသို့ ဆံပင်ဖားလျားနှင့်ဖြစ်၍ ရှိခိုးသောအခါ ထိခြင်းငါးပါးနှင့်ဝေးစွ လက်ချောင်း များကိုပင် ကြမ်းပြင်နှင့်ထိမှာစိုးရွံ့ သည်အလား အပြုအမူဆိုးများကို တွေ့ နေရသည်။
သူများဘာသာ သူများအကြောင်းကို ပြောနေခြင်းထက် မိမိဘာသာ မိမိလူမျိုးအပြောမခံရအောင် တင်ပြခြင်းသာဖြစ်ပါ သည်။ စင်စစ် ရှိခိုးရာတွင် မိမိသန္တာန်ရှိ မာန်မာနတရားတို့ ကို ဖယ်ရှားကာ ၀ပ်ချခြင်းဖြစ်၍ မာန်လျော့ သည်ဟုဆိုနိုင်ပါသည်။ ထို မာန်လျော့ နိုင်ခြင်းသည်ပင် မင်္ဂလာတစ်ပါးဖြစ်သည်။
ဘုရားပစ္စေကာ မြတ်သံဃာနှင့်
ဆရာမိဘ ယောက္ခမဆို
အစ်ကိုအစ်မ ဂုဏ၀ုဃို သက်ကြီးဘိနှင့်
ကိုယ်၏လင်သား ဆယ့်သုံးပါးကို
မမှားမှန်စွာ ပူဇော်ရာသည်။
အထက်ပါ ၁၃ ပါးသောသူတို့ သည် ရှိခိုးထိုက်သူများဖြစ်ပါသည်။
ရှိခိုးရာတွင်လည်း ခြေ လက် နဖူး တံတောင် ဒူး ဟူသော ငါးပါးဖြင့် ထိအောင် ရှိခိုးရသည်။ ရှိခိုးခြင်းတွင်
-ကိုယ်ဖြင့်ရှိခိုးခြင်း(ရတနာသုံးပါး ၊ မိဘ၊ ဆရာသမားတို့ ၏ ဂုဏ်ကျေးဇူးကို အာရုံပြု၍ ထိခြင်းငါးပါးဖြင့်ရှိခိုးခြင်း)
-နှုတ်ဖြင့်ရှိခိုးခြင်း(ရတနာ၃ ပါး ၊ မိဘ၊ ဆရာသမားတို့  ၏ဂုဏ်ကျေးဇူးကို နှုတ်ဖြင့် ထုတ်ဖော်ရွတ်ဆိုခြင်း)
-စိတ်ဖြင့်ရှိခိုးခြင်း(ရတနာသုံးပါး ၊ မိဘ၊ ဆရာသမားတို့ ၏ ဂုဏ်ကျေးဇူးကို စိတ်ထဲမှာ အဖန်တလဲလဲအောက်မေ့ခြင်း) တို့ ဖြစ်ပါသည်။
လူသားတို့ နေထိုင်ကြရာတွင် ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းဖြင့် နေထိုင်ကြရသည်။ သင့်လျော်သော လူမူကျင့်ဝတ်များနှင့် အတူ ဗုဒ္ဓဘာသာ၏အခြေခံ သရဏဂုဏ်ကိုတည်စေလျက် နေထိုင်သင့်ပါသည်။
တိုးတက်လာနေသော လူနေမှုအဖွဲ့ အစည်းအတွင်းတွင် မိမိ၏ရိုးရာ ဗုဒ္ဓဘာသာကျင့်ဝတ်၊ စည်းကမ်း၊ ယဉ်ကျေးမှုအပြု အမူများတွင် တာဝန်သိစွာ ထိန်းသိမ်းသင့်သည်။ ရဟန်းသံဃာမဆိုနှင့်။ ကိုယ်ထက် အသက်ဝါကြီးသူနှင့်တွေ့ လျှင် လက်အုပ်ချီ နှုတ်ဆက်တတ်ခြင်းသည် ရှက်စရာမဟုတ်ပါ။ ပြုသင့်သည့် လူ့ ယဉ်ကျေးမူလေးဖြစ်၏။ တစ်ရက်တစ်မနက်ပင်ကြီးသူဖြစ်ပါစေ ထိုသူသည် သင့်ထက် လူလောကတွင် စတင်ခြေချခွင့်ရသူဖြစ်၍ သီလအားဖြင့် ပိုမြင့်သူသာဖြစ်သည်။
လူကြီးမိဘကပေးလျှင် လက်နှစ်ဘက်ဖြင့်ခံယူတတ်ရမည်ဖြစ်သလို ၄င်းတို့ ရှေ့ ဖြတ်လျှောက်လျှင်လည်း ခါးညွှတ်၍ သွားသင့်သည်။ ထိုအပြုအမူလေးများသည် ပင်ပန်းသော အပြုအမူများမဟုတ်ပါ။ယဉ်ကျေးသော က္ကနြေ္ဒဖြစ်စေသည့် လိုက်နာ ရမည့် လူငယ်တို့ ၏ ၀တ်လေးများဖြစ်ပါသည်။ထိုသို့  ဦးညွှတ်နှုတ်ဆက်သင့်သူကို ဦးညွှတ်သင့်သလို ပြုံး၍နှုတ်ဆက်သင့်သူကို ပြုံး၍နှုတ်ဆက်သင့်ပါသည်။
မြန်မာဆိုသည်မှာ ယဉ်ကျေးသောလူမျိုးများဖြစ်ခဲ့သည်မှာ ရှေးယခင်ကတည်းကဖြစ်ပါသည်။ ယခုရေးသားသောအပြု အမူများသည် ငယ်စဉ်ကတည်းက သိရှိပြီးသားဖြစ်သော်ငြား လိုက်နာတတ်သော အကျင့်လေးများမှာမူ ယနေ့ လူငယ်အများစု တွင် ပျောက်ကွယ်နေ၍ ရေးသားခြင်းဖြစ်သည်။
တက္ကသိုလ်ဝန်းကျင်တ၀ိုက်တွင် ဆရာမကိုပင် ဆိုင်ကယ်နှင့်တိုက်လုမတတ် သွားလာနေမှုများ၊ ဆရာက စာအုပ်ပေး တာကိုပင် ဖြတ်ခနဲဆွဲလုသလို အပြုအမူများ၊ မိသားစုတွင်လည်း ဘိုးဘွားမိဘကို မချေမငံပြန်လှန်နှုတ်ထိုးနေမှုများ၊ ရဟန်း သံဃာများရှေ့ တွင် မသင့်လျော်သည့်အပြောအဆိုများသည် မိမိတို့ ပြုပြင်သင့်သည့်အရာများဖြစ်သည်။
စကားပြောဆိုရာတွင် မိကောင်းဖခင် သားသမီးပီသစွာ ရိုင်းပျသော စကားအသုံးအနှုန်းတို့ ကို ရှောင်ကြဉ်သင့်၏။ မယဉ်ကျေးသောခေတ်က လူရိုင်းများအတွက် ယဉ်ကျေးမှုဆိုသည်မှာ မည်မည်ရရ မရှိခဲ့သော်လည်း တိုးတက်လာသော ဤခေတ်အခြေအနေတွင် ကျွန်ုပ်တို့ တွက် ယဉ်ကျေးခြင်းအမူအရာသည် များစွာမှ အရေးပါလာပါသည်။
မိမိယဉ်ကျေးမှုအမူအရာသည် မိမိတွက်သာမက မိဘဘိုးဘွားနှင့် နိုင်ငံထိပင် သက်ဝင်စေသည်။ ထို့ ကြောင့် သားစဉ် မြေးဆက် ယဉ်ကျေးခြင်းနှင့်အတူ ဗုဒ္ဓဘာသာပီပီ ရှိခိုးတတ်စေဖို့ အမြဲမပြတ် သတိထား ထိန်းသိမ်းသင့်ပါသည်။

Posted by စိမ့်စမ်းရေ on Friday, January 11, 2013

0 comments

Post a Comment