Flame malware အကြောင်း သိထားသင့်သမျှ
========================================







လွန်ခဲ့တဲ့ငါးနှစ်ခန့်ကတည်းက ကွန်ပျူတာတွေထဲမှာ ပုန်းလျှိုးကွယ်လျှိုးဝင်ရောက်နေတဲ့ အဆိုပါ malware ဟာ အချက်အလက်ခိုးယူခြင်း၊ စကားပြောဆိုမှုများကို ခိုးယူနားထောင်နိုင်ခြင်း၊ instant message အပြန်အလှန်ပြောဆိုမှုများကို screen ပေါ်မှဖမ်းယူနိုင်ခြင်း၊ တိုက်ခိုက်ခံရသူများကို အန္တရာယ်ပေးနိုင်ခြင်း စတာတွေကို လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။ ဒါကြောင့် Flame malware ရဲ့အန္တရာယ်ကြီးမားပုံကို အဆိုပါ malware ကိုရှာဖွေတွေ့ရှိခဲ့တဲ့ Kaspersky ကုမ္ပဏီမှ လုံခြုံရေးသုတေသီတစ်ဦးဖြစ်သူ Roel Schouwenberg ရဲ့ပြောကြားချက်များကို ဖော်ပြလိုက်ပါတယ်။

Flame ဆိုတာ ဘာလဲ။
Flame ဆိုတာဟာ ကွန်ပျူတာတွေပေါ်မှာ backdoor တစ်ခု (ဒါမှမဟုတ်) Trojan တစ်ခုကိုထားပြီး ကွန်ပျူတာ worm တစ်ခုလိုမျိုး local network တစ်ခုကတစ်ဆင့် ပြန့်ပွားစေနိုင်တဲ့ ခေတ်မီဆန်းပြားပြီး ရှုပ်ထွေးတဲ့ attack toolkit တစ်ခုဖြစ်ပါတယ်။ ၎င်းဟာအရေးပါတဲ့ Windows လုံခြုံရေးအားနည်းချက်ကိုအသုံးချပြီး ၀င်ရောက်တယ်လို့ Kaspersky Lab ကသံသယရှိစေမယ့် အတည်ပြုနိုင်ခဲ့ခြင်းမရှိဘူးလို့ Kaspersky blog post မှဖော်ပြခဲ့ပါတယ်။ Flame ဟာ network လမ်းကြောင်းကို ရှာဖွေဖော်ထုတ်နိုင်ခြင်း၊ screenshot ဖမ်းယူနိုင်ခြင်း၊ စကားပြောဆိုမှုများနဲ့ keystroke များကို မှတ်သားထားနိုင်ခြင်း၊ အနီးအနားမှာရှိတဲ့ ရှာဖွေမှုပြုလုပ်နိုင်တဲ့ Bluetooth device များမှ အချက်အလက်များကိုစုဆောင်းခြင်း၊ ကူးစက်ခံရတဲ့ကွန်ပျူတာကို ရှာဖွေနိုင်တဲ့ Bluetooth device တစ်ခုအသွင်ပြောင်းလဲခြင်း စတာတွေကို လုပ်ဆောင်နိုင်ပါတယ်။ တိုက်ခိုက်သူများဟာ ပိုမိုပြီးအသုံးချနိုင်တဲ့ အပိုဆောင်း module များကို upload လုပ်နိုင်ပြီး အဆိုပါတိုက်ခိုက်သူတွေပြုလုပ်ထားတဲ့ module ၂၀ ခန့်ကို သုတေသီများက ရှာဖွေတွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ ၎င်း module package မှာ code လိုင်းပေါင်း ၃,၀၀၀ ကျော်ပါဝင်ပြီး ၂၀ megabytes နီးပါးရှိတဲ့အပြင် database ကို ကျွမ်းကျင်စွာ ကိုင်တွယ်ဖလှယ်မှုများ၊ encryption အတွက်နည်းလမ်းများနဲ့ batch scripting များပါဝင်တယ်လို့ ဆိုပါတယ်။

Flame malware ဘယ်လို ကူးစက်ပျံ့နှံ့သလဲ။
Flame ဟာ USB thumb drive များနဲ့ network share များ၊ share လုပ်ထားတဲ့ printer spool လုံခြုံရေးအားနည်းချက်တို့ကနေတစ်ဆင့် ကွန်ရက် (network) အတွင်းကူးစက်ပျံ့နှံ့ပါတယ်။ ဒါပေမဲ့ ကူးစက်ပျံ့နှံ့မှုဟာ တိုက်ခိုက်သူများမှ ညွှန်ကြားတဲ့အခါမှသာ ဖြစ်ပေါ်တယ်လို့ဆိုပါတယ်။

Flame ပေါ်တာ ဘယ်လောက်ကြာပြီလဲ။
ပထမဦးဆုံး အတည်ပြုသတင်းဖော်ပြချက်အရ Flame ကို ၂၀၁၀ ခုနှစ်က တွေ့ရှိခဲ့တယ်လို့ဆိုကြပေမယ့် အခြားသော သက်သေအထောက်အထားများရဲ့ ဖော်ပြချက်အရ ၎င်း malware ဟာ ၂၀၀၇ ခုနှစ်ကတည်းက ပေါ်ပေါက်ခဲ့တယ်လို့သိရပါတယ်။ လွန်ခဲ့တဲ့ရက်သတ္တပတ်မှာတော့ အပြည်ပြည်ဆိုင်ရာဆက်သွယ်ရေးအဖွဲ့က အီရန်ရေနံဌာနမှာရှိတဲ့ ကွန်ပျူတာများရဲ့ အရေးကြီးအချက်အလက်များကို ဖျက်ဆီးခြင်းနဲ့ ခိုးယူခြင်းတို့ကိုပြုလုပ်တဲ့ Wiper လို့ခေါ်တဲ့ malware ကိုရှာဖွေရန်အတွက် Kaspersky Lab မှသုတေသီများကို အကူအညီတောင်းခဲ့ရာမှ အဆိုပါ Flame malware ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။

Flame နဲ့ Wiper ဘယ်လိုဆက်စပ်မှုရှိလဲ။
Wiper ဟာ တိုက်ခိုက်သူများမှ ကွန်ပျူတာထံမှ အချက်အလက်ကို ဖျက်လိုတဲ့အခါ ပစ်မှတ်ထားခံရတဲ့စက်ထံ upload ပြုလုပ်လိုက်တဲ့ Flame ရဲ့ module တစ်ခုဖြစ်နိုင်ပါတယ်။ Flame နဲ့ Wiper တစ်ခုနဲ့ တစ်ခုချိတ်ဆက်ခြင်းအတွက် သက်သေအထောက်အထားမရှိပေမယ့် ကူးစက်ပျံ့နှံ့မှုများဟာ တစ်ချိန်တည်း တစ်နေရာတည်းမှာ အချိန်ကိုက်ဖြစ်ပေါ်နေတယ်လို့ Schouwenberg ကပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အီရန်ရဲ့ အမျိုးသားကွန်ပျူတာအရေးပေါ်တုံ့ပြန်မှုအဖွဲ့ (CERT) က Maher လို့ခေါ်တဲ့ ဆော့ဖ်ဝဲရဲ့ရှာဖွေတွေ့ရှိချက်အရ Flame ကို မေလအစောပိုင်းက နိုင်ငံအတွင်းရှိ ကုမ္ပဏီများထံ ပေးပို့စေလွှတ်ခဲ့ပြီး ယခုအခါမှာ အဆိုပါ malware ကိုဖယ်ရှားမယ့် tool ကလည်း အဆင်သင့်ဖြစ်နေပြီလို့ဆိုပါတယ်။ အီရန်အာဏာပိုင်များကတော့ Wiper နဲ့ Flame ဟာ ဆက်စပ်မှုရှိတယ်လို့ သံသယရှိနေကြပါတယ်။

ဘာကြောင့် Flame ကို အစောပိုင်းက တွေ့ရှိခဲ့ခြင်းမရှိတာလဲ။
Flame ဟာ အစိုးရကထောက်ပံ့ပေးထားတဲ့ ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ စီမံကိန်းတစ်ခုဖြစ်သလို code ရေးသားရာမှာလည်း အထူးကြိုးပမ်းကာ ပြုလုပ်ထားတဲ့အတွက် စုံစမ်းရှာဖွေမှုများကို ရှောင်လွှဲနိုင် တယ်လို့ Schouwenberg ကပြောပါတယ်။ Stuxnet ကိုရှာဖွေတွေ့ရှိတဲ့အခါမှာ ကြီးမားတဲ့ကူးစက်ပျံ့နှံ့မှု ဖြစ်ပေါ်နေပေမယ့် Flame ကတော့ အဝေးထိန်းစနစ်နဲ့ ညွှန်ကြားမှုပြုလုပ်ပြီးနောက်မှသာ ကူးစက်ပျံ့နှံ့တဲ့အသွင်ဖြင့်သာ လှုပ်ရှားနေခြင်း၊ rootkit နည်းပညာကို အသုံးပြုထားခြင်းမရှိတဲ့အတွက် အခမဲ့ anti-rootkit tool များဖြင့် ရှာဖွေနိုင်မှုမရှိခြင်း စတာတွေကြောင့် ရှာဖွေတွေ့ရှိမှု နှောင့်နှေးခဲ့ရခြင်းဖြစ်ပါတယ်။

ဒီ malware ကို ဘယ်သူဖန်တီးတာလဲ။
Flame malware ကို ဘယ်သူရေးဆွဲပြီး ဘယ်သူဖြန့်ဝေတယ်ဆိုတာကို အသေအချာမသိရသေးပေမယ့် အဆိုပါ malware ကို နိုင်ငံတစ်နိုင်ငံ ဒါမှမဟုတ် နိုင်ငံတစ်နိုင်ငံမှ ငှားရမ်းထား သူတစ်စုံတစ်ဦးက ပြုလုပ်ခြင်းဖြစ်တယ်လို့ သုတေသီများက ယုံကြည်နေကြပါတယ်။ ဒါ့အပြင် code များကို အင်္ဂလိပ်ဘာသာဖြင့်သာ ရေးဆွဲထားသည့်အတွက် Stuxnet ကဲ့သို့ပင် အမေရိကန် (သို့မဟုတ်) အစ္စရေးက အဆိုပါ malware ရဲ့နောက်ကွယ်မှာရှိတယ်လို့ ထင်မြင်ကြောင်း Schouwenberg ကဆိုပါတယ်။

Stuxnet နဲ့ Duqu ရော ဆက်စပ်မှုရှိသလား။
Flame ဟာ ပစ်မှတ်ထားထားတဲ့ အရေးကြီးတဲ့ အခြေခံအဆောက်အဦးစနစ်များကို တိုက်ခိုက်တဲ့အခါမှာ အချို့သော ၀ိသေသလက္ခဏာများဟာ ယခင် malware အမျိုးအစားနှစ်ခုဖြစ်တဲ့ Stuxnet နဲ့ Duqu တို့ မှာ အသုံးပြုထားတဲ့နည်းပညာနဲ့ တူညီတယ်လို့ဆိုပါတယ်။ ဥပမာအနေနဲ့ Flame နဲ့ Stuxnet နှစ်မျိုးစလုံးဟာ Autorun နည်းလမ်းကိုအသုံးပြုပြီး USB drive ကနေတစ်ဆင့် ပျံ့နှံ့ပုံခြင်းတူညီသလို directory တစ်ခုကိုဖွင့်လိုက်တဲ့အခါမှာလည်း .LNK ဖိုင်ကိုဖွင့်လိုက်ပုံခြင်းလည်း တူညီပါတယ်။ ဒါ့အပြင် Stuxnet ကအသုံးချထားတဲ့ Windows အခြေခံ share လုပ်ထားတဲ့ printer ရဲ့အားနည်းချက်ကိုအသုံးပြုပြီး local network များမှတစ်ဆင့် အချက်အလက်ကူးယူနိုင်ပါတယ်။ နောက်ပြီး Flame ရဲ့အရွယ်အစားဟာ ရှုပ်ထွေးအဆန်းပြားဆုံး malware ဖြစ်ခဲ့တဲ့ Stuxnet ထက် အဆ ၂၀ ပိုမိုကြီးမားတယ်လို့ ဆိုပါတယ်။

ဘယ်နိုင်ငံတွေက Flame malware ရဲ့ပစ်မှတ်ထားခြင်းကို ခံနေရသလဲ။
အများဆုံး ကူးစက်ပျံ့နှံ့ခံနေရတဲ့နိုင်ငံကတော့ အီရန်ဖြစ်ပြီး အစ္စရေး/ပါလက်စတိုင်း၊ ဆူဒန်၊ ဆီးရီးယား၊ လက်ဘနွန်၊ ဆော်ဒီအာရေဗျနဲ့ အီဂျစ်နိုင်ငံတို့ကလည်း အသီးသီးကူးစက်ခံနေရတယ်လို့ Kaspersky က ဖော်ပြခဲ့ပါတယ်။ Symantec ကတော့ အဓိကပစ်မှတ်များမှာ ပါလက်စတိုင်းအနောက်ဘက်ကမ်းခြေ၊ ဟန်ဂေရီနဲ့ လက်ဘနွန်တို့ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

Flame malware ဘယ်လောက်အထိ ပျံ့နှံ့နိုင်သလဲ။
လက်ရှိမှာတော့ Flame malware ကူးစက်ပျံ့နှံ့ခံရတဲ့ ကွန်ပျူတာ ၃၀၀ မှ ၄၀၀ အတွင်းရှိပြီး ကမ္ဘာတစ်ဝန်းမှာ ကွန်ပျူတာ ၁,၀၀၀ ကျော်အထိပျံ့နှံ့နိုင်တယ်လို့ သုတေသီများက သုံးသပ်ပြောကြားခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာတော့ ကူးစက်ပျံ့နှံ့မှုအနည်းငယ်ရှိခဲ့ပြီး ၎င်းတို့ဟာ အရှေ့အလယ်ပိုင်းဒေသမှ တစ်စုံတစ်ယောက်က အမေရိကန်အခြေစိုက် virtual private network တစ်ခုကိုအသုံးပြုခြင်းကြောင့် ဖြစ်တယ်လို့ Shouwenberg ကပြောကြားခဲ့ပါတယ်။

ကူးစက်ပျံ့နှံ့မှုကို ဘယ်လိုကာကွယ်မလဲ။
ယခုအခါမှာ antivirus ဆော့ဖ်ဝဲအများစုဟာ Flame ကို ရှာဖွေစုံစမ်းနိုင်လျှက်ရှိတာကြောင့် အသုံးပြုနေတဲ့ security ဆော့ဖ်ဝဲကို update လုပ်ခြင်းဖြင့်ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် အဆိုပါ malware ဖယ်ရှားမှုနည်းလမ်းကိုလည်း Kaspersky ကဖော်ပြပေးထားပါတယ်။ နောက်ပြီး Flame ကို ဘဏ္ဍာရေးအချက်အလက်များခိုးယူရန်အတွက် ရေးဆွဲထားခြင်းမဟုတ်တာကြောင့် သုံးစွဲသူများကို ပစ်မှတ်ထားခြင်းမရှိတဲ့အတွက် အများကြီးစိုးရိမ်စရာမလိုပါဘူး။

ရေးသားသူ -ဘမ်ဘီ(internetjournal)

Posted by စိမ့်စမ်းရေ on Friday, December 21, 2012

0 comments

Post a Comment